ကုန်စည်များ မြန်မာဘာသာအညွှန်းမတပ်ပါက ငွေဒဏ်သိန်း၂၀၀ အထိ ချမှတ်မည်

Photo - Moe Kyaw Lwin

ရန်ကုန်၊ နိုဝင်ဘာ၂

စားသုံးသူအကာအကွယ်ပေးရေးဥပဒေကြမ်းအရ ကုန်စည်များတွင် မြန်မာစာအညွှန်းမတပ်ပါက ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ကျပ်သိန်း ၂၀၀ ချမှတ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ပြောကြားသည်။

အဆိုပါ ပြစ်ဒဏ်ပါဝင်သည့် ဥပဒေကြမ်းကို နိုဝင်ဘာ ၁၂ ရက်တွင် ပြန်လည် စတင်မည့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ထံ တင်ပြ၍ မတ်လတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

ယခု ပြင်ဆင်သည့်ဥပဒေမှာ ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စားသုံးသူအကာ အကွယ်ပေးရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း ဖြစ်သည်။

“အခုဥပဒေက တိုင်မှ အရေးယူလို့ ရတယ်။ မတိုင်ရင် အရေးယူလို့ မရဘူး။ နောက်ဥပဒေကျတော့ မတိုင်လည်း စိစစ်တွေ့ရှိရင် အရေးယူလို့ ရတယ်။ ဥပဒေထွက်လာရင်တော့ ၂၀၁၄ ဥပဒေကို အစားထိုးတာဖြစ်တဲ့အတွက် နောက်ဥပဒေနဲ့ ထပ်ပြီးတော့ စိစစ်မယ်”ဟု ဦးရဲထွဋ်နိုင်က ပြောကြားသည်။

လက်ရှိတွင် ထုတ်ကုန်များကို အညွှန်းမတပ်ပါက ၂၀၁၄ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေအရ ပုဒ်မ ၁၉ဖြင့် အရေးယူမည်ဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်မှာ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“Supplier ဘက်က ရိုက်ပေးနိုင်တဲ့ ဆေးဝါးတွေကို Supplier ဘက်က ရိုက်မှာပါ။ တချို့ Supplier က မရိုက်ပေးနိုင်ရင် ပြည်တွင်းမှာ ရိုက်နှိပ်မှာပါ။ အဆင်ပြေပါတယ်။ Volume နည်းရင် သီးသန့် ဝန်ထမ်းထပ်ခန့်ဖို့ မလိုပါဘူး။ Supplier တွေဘက်က ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲဆွေးနွေးရမှာ ဖြစ်ပါတယ်”ဟု AA  Medical Product Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာဦးဇော်မိုးခိုင်က ပြောကြားသည်။

ကုန်စည်များတွင် ပါဝင်သည့် ပါဝင်ပစ္စည်းအညွှန်းများ မှန်ကန်မှု ရှိ မရှိကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စစ်ဆေးမည်ဖြစ်ပြီး စတင်အရေးယူသည့် ကာလတွင် စာအညွှန်းပါဝင်ခြင်း ရှိ မရှိကို ပြည်နယ်နှင့် တိုင်းအလိုက် ဖွဲ့စည်းထားသည့် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အောက်ရှိ စစ်ဆေးရေး အဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ပြောကြားသည်။

ပြည်တွင်းမှထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကိုပါ အညွှန်းတပ်ဆင်ရမည်ဖြစ်ကြောင်း စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီက အောက်တိုဘာ ၂၆ရက်က အမိန့်ကြေညာစာထုတ်ပြန်ထားသည်။

အမိန့်ကြေညာစာအရ စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များ ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်သည့်ကုန်စည်များတွင် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုး စသည့်အချက်များ ပါဝင်ရမည်ဖြစ်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *