“မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အသည်းကင်ဆာဖြစ်ပွားမှုအများဆုံး လေးနိုင်ငံထဲမှာ ပါပါတယ်”

ဓာတ်ပုံ - မေသက်ဇင်

မြန်မာနိုင်ငံ၌ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးမှတစ်ဆင့် အသည်းကင်ဆာ ဖြစ်ပွားမှုနှုန်းနှင့် စနစ်တကျကာကွယ်ကုသနိုင်သည့် အခြေအနေများကို မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ပြုံးကြည်နှင့်တွေ့ဆုံမေးမြန်းထားပါသည်။

The Voice Journal – မြန်မာနိုင်ငံမှာ အသည်းကင်ဆာဖြစ်ပွားမှုနှုန်း ဘယ်လောက် ရှိနေပါသလဲ။

Dr.KPK – အသည်းကင်ဆာဆို မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အသည်းကင်ဆာဖြစ်ပွားမှုအများဆုံး လေးနိုင်ငံထဲမှာ ပါပါတယ်။ တော်တော်မြင့်ပါတယ်။ အသည်းကင်ဆာ ဘာကြောင့်ဖြစ်လဲဆိုရင် ဘီပိုး၊ စီပိုးအဖြစ်များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘီပိုးအတွက်ဆိုရင် ကာကွယ်ဆေး အရမ်းကောင်းတာရှိပါတယ်။ ကုသတာတော့ ကြာတယ်။ ဒါပေမဲ့ ကုသနေရင် ရောဂါတန်း မဖြစ်တော့ဘူး။ အသည်းခြောက်ရောဂါ၊ ကင်ဆာမဖြစ်အောင် ဒီဆေးကိုသောက်ရင် ရတယ်ပေါ့နော်။

The Voice Journal -ဘီပိုး၊စီပိုးက ဘယ်လိုကူးစက်ပါသလဲ ဆရာမ။

Dr.KPK – ဘီပိုး၊စီပိုးက သွေးနဲ့ ကိုယ်တွင်းရည်ကနေ ကူးစက်တယ်။ ဒါကြောင့် ဆရာမတို့က သိပ်မကြောက်ပါနဲ့၊ မကူးလွယ်ဘူးလို့ တစ်နည်း အားဖြင့်ပြောတာ။ ဘယ်လိုကူးလဲဆိုတာသိရင်  အဲဒီလိုမကူးအောင် ကာကွယ်ရင်ရတယ်။ အိမ်မှာ မိသားစုတွေအတူနေရင် ကူးလွယ်တယ်လို့ ပြောတာ သူက တုပ်ကွေးလို၊ နှာစေးချောင်းဆိုးလို့ ကူးတာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ သွေးနဲ့ ကိုယ်တွင်းရည် ကိုယ့်ဆီမရောက်အောင် ကာကွယ်နိုင်ဖို့ လိုတယ်။ တစ်အိမ်တည်းနေတဲ့သူတွေက  တချို့ပစ္စည်းတွေကို အတူသုံးတယ်။ သွားတိုက်တံ အတူသုံးတယ်။ လက်သည်းညှပ် အတူတူသုံးတယ်ဆိုရင်သွေးက ကျန်ရစ်ခဲ့တယ်။ ဒီသွေးက ခြောက်သွားပေမယ့် ပိုးကမသေဘူး။ တစ်လလောက်တောင် ဒီပိုးက မသေဘူး။ လက်သည်းထိပ်လောက်ပဲရှိတဲ့ သွေးမှာ ပိုးက သန်းနဲ့ချီပြီးရှိတယ်။ အိမ်မှာ ပိုးရှိတဲ့သူရှိရင် ကာကွယ်ဆေးထိုးရမယ်။ ရောဂါလက္ခဏာမပြတော့ ကြောက်ဖို့ကောင်းတယ်။ ခေါင်းရိတ်တဲ့ ဓားက သူ့ကိုရှသွားရင် ခေါင်းရိတ်ဓားမှာ ပိုးရှိရင် ကူးသွားရော။ သူက ပိုးဖြတ်နိုင်ရင် သူလည်း မသေဘူး။ တခြားကူးသူလည်း မသေဘူး။ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းရိတ်တဲ့ ဓား၊ သွားတိုက်တံ၊ လက်သည်းညှပ် ဒါလေးတွေက ဈေးလည်းမကြီးတော့ ကိုယ့်ဟာကိုယ် သီးသန့်သုံးသင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ အပြင်မှာလည်း သွေးသွင်းရင် ကူးတယ်။ သွေးသွင်းရင်လည်း ဘီပိုး၊ စီပိုးစစ်ပြီးမှ သွင်းသင့်တယ်။ မြန်မာနိုင်ငံမှာ အမြဲတော့ စစ်ပါတယ်။ ဆေးထိုးအပ်ကလည်း တစ်ခါသုံးနဲ့ပဲ သုံးကြပါတယ်။ ဆေးသမားတွေကတော့ မသိဘူးပေါ့။ အဲဒါကြောင့် စီပိုးကို ဆေးသမားတွေက အများဆုံးဖြစ်တယ်။ စီပိုးက ဝင်သွားရင် ၆၀ ကနေ ၈၉ ရာခိုင်နှုန်းအထိ တိုးသွားတယ်။ ရောဂါတိုးသွားတာပေါ့။ နည်းနည်းတော့ ကြာတယ်။ ဘီပိုးက ကလေးဘ၀မှာ ကူးသွားတယ်။ မိခင်ကနေ ကလေးကို ကူးတာပေါ့။  ကလေးဘ၀မှာကူးရင် ၉၀ ရာခိုင်နှုန်း ရောဂါတိုးသွားတာပေါ့။ လူကြီး ဘ၀မှာ ကူးရင်တော့ ၉၀ ရာခိုင်နှုန်းက ပျောက်ပြီး  ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ်။ ဘီပိုးက တော်တော်များများ ပြန်ပျောက်တယ်။ စီပိုးကတော့ ကိုယ်ထဲ ကျန်ခဲ့တယ်။ သူ့ကို အသံတိတ်လူသတ်သမားလို့တောင် ခေါ်တယ်။ နှစ် ၂၀၊ ၃၀ ရောဂါလက္ခဏာမပြဘူး။ သွေးအန်မှ အသည်းခြောက်တာ သိတာတို့၊ ဗိုက်နာလို့ အယ်လ်ထရာဆောင်းရိုက်မှ ကင်ဆာဖြစ်နေတာတို့ ဒါကြောင့်မို့လို့ သွေးက စစ်ကြည့်သင့်တယ်။

The Voice Journal – ဘီပိုး၊ စီပိုးကို ဘယ်လိုကာကွယ်ကုသလို့ ရပါသလဲ။

Dr.KPK – အဓိက မြန်မာနိုင်ငံမှာ အသည်းကင်ဆာဖြစ်တာ ဘီပိုး၊ ဒုတိယက စီပိုးပေါ့။ ဘီပိုးကာကွယ်ဆေးထိုးထားရင် ဘီပိုးကို ၉၀ ရာခိုင်နှုန်းကာကွယ်တယ်။ ဘီပိုးက ကာကွယ်ဆေးထိုးလိုက်ရင် တော်တော်ကောင်းသွားတယ်။ စီပိုးကတော့ ကာကွယ်ဆေးတော့ မရှိဘူး။ ဒါပေမဲ့ သူက ကုသလို့ရတယ်။ ဟိုတုန်းကဆို စီပိုးကုသမယ်ဆိုရင် သိန်း၂၀၀၊ ၃၀၀  ကုန်တယ်။ ပျောက်ကင်းနှုန်းက ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်။ အခုဆို စီပိုးကုသဖို့ သောက်ဆေး သုံးလပဲသောက်ရတယ်။ ပျောက်ကင်းတဲ့နှုန်းကလည်း ၉၅ ရာခိုင်နှုန်းလောက် ပျောက်ကင်းနိုင်တယ်။ စီပိုးနဲ့ ဘီပိုးမရှိရင် မြန်မာနိုင်ငံမှာ အသည်းကင်ဆာ လုံးဝကျဆင်းသွား မယ်။ နည်းသွားမှာပေါ့နော်။ ဒါကိုရည်ရွယ်ပြီးတော့ ကာကွယ်ဆေးထိုးတာတွေလည်း လုပ်တယ်။  ကုသမှုတွေလည်းလုပ်တယ်။ ရောဂါရှိတယ်ဆိုတာ သိအောင်လုပ်ဖို့လိုတယ်။ ဒါကြောင့် ဘီပိုး၊ စီပိုးကို အတတ်နိုင်ဆုံးစစ်ကြပါ။ ဘီပိုး၊ စီပိုးက အခုဖြစ် အခုချက်ချင်းပဲ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်တာမဟုတ်ဘူး။ ၁၀ နှစ်၊ အနှစ် ၂၀၊ တချို့ဆို အနှစ် ၃၀ မှ ဖြစ်တာ။ အဲဒီလိုမဖြစ်ခင် အသည်းကို မထိခင်၊ ဘီပိုး ဒီလူမှာရှိတယ်ဆိုတာကို သိရင် ပိုးသတ်ဆေး သောက်လိုက်ရင် ထိန်းလို့ရတယ်။ စီပိုးဆို သုံးလနဲ့ ပျောက်တယ်။ ကုန်ကျစရိတ်ကလည်း အခုဆို ၁၀ သိန်းဝန်းကျင်ပဲ ရှိတယ်။ အစိုးရကလည်း အခုဆို အခမဲ့ကုပေးနေတယ်။ ဖောင်ဒေးရှင်းကလည်း ကုပေးနေတယ်။ တခြားဖောင်ဒေးရှင်းတွေလည်း ရှိပါတယ်။ ဘီပိုး၊ စီပိုး ရှိလား၊ မရှိလား သိအောင်လုပ်ပါ။ ရှိရင်လည်း မကြောက်ပါနဲ့။ ရှက်လည်း မရှက်ပါနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ပါ။

The Voice Journal -အသည်းကင်ဆာဖြစ်စေတဲ့ ဘီပိုး၊ စီပိုးကာကွယ်ကုသမှုတွေကို ဖောင်ဒေးရှင်းအနေနဲ့ ဆောင်ရွက်ပေးနေ တာတွေ ရှိပါသလား။

Dr.KPK – ဆရာမတို့ မြန်မာအသည်းဖောင်ဒေးရှင်းက ကူညီပြီး ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုး တာဆိုရင်လည်း ၂၀၀၃ ခုနှစ်ကတည်းက ဆေးသုံးလုံး ထိုးပေးနေတယ်။ ဆရာမတို့လည်း လွန်ခဲ့တဲ့ ခြောက်နှစ်ကနေ အခုထိဆိုရင် ဆေးတွေ အများကြီးပဲ လှူကြတာ။ ကျေးဇူးလည်းတင်ပါတယ်။ နိုင်ငံခြားက အလှူငွေနဲ့ရော ကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးမှုနဲ့ပါ ဒီခြောက်နှစ် အတွင်းမှာ လူဦးရေငါးသိန်းလောက်ကို ကာကွယ်ဆေးသုံးလုံးစီ ထိုးပေးနိုင်ခဲ့တယ်။ ငါးသိန်းက ဆရာမတို့အသင်းနဲ့ နယ်ကအသင်းခွဲ တွေနဲ့ရော၊ တခြားပရဟိတအသင်းတွေနဲ့ရော ပူးပေါင်းဆောင်ရွက်တာအပြင် ကျန်းမာရေး ဝန်ကြီးဌာနက ကာကွယ်ဆေးကို မွေးကင်းစကလေးတွေကို ထိုးပေးနေတယ်။ ဆရာမတို့က ငါးနှစ်အထက်ကနေ လူကြီးတွေ ရောဂါဖြစ်ပွားနေတဲ့သူတွေရော၊ ကျန်းမာရေးဝန်ထမ်း တွေပါတယ်။ မိဘမဲ့ဂေဟာတွေပါတယ်။ သီလရှင်ကျောင်းတွေနဲ့ တခြားထိုးချင်တဲ့သူတွေ တောင်းဆိုရင် ဆရာမတို့ ထိုးပေးပါတယ်။  ဆရာမတို့ သံစစ်ကုသိုလ်ဖြစ်ဆေးခန်း ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်မှာ ဖွင့်ထားပါတယ်။ အဲဒီမှာ စာရင်းလာပေးထားရင် အလှည့်နဲ့ ကုသွားပေးမယ်။ ဘီပိုးကတော့ ကာကွယ်ဆေးထိုးပါ။ ဆေးသောက်တာနဲ့ တစ်ရက်ကို တစ်လုံးနဲ့ နှစ်လလောက်သောက်လိုက်ရင် ပိုးက သုညလောက်ဖြစ်သွားမယ်။ ဒါပေမဲ့ ဖြတ်လို့ မရဘူး။ ဖြတ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြတ်ရမယ်။

The Voice Journal – အသည်းရောဂါတွေနဲ့ ပတ်သက်ပြီး တခြားလုပ်ငန်းတွေရော ရှိပါသေးလား။

Dr.KPK – မြန်မာနိုင်ငံမှာ မြန်မာအသည်းဖောင်ဒေးရှင်းရဲ့ ဦးတည် ချက်ဖြစ်တဲ့ အသည်းရောဂါတွေနဲ့ ပတ်သက်တဲ့ ဖြစ်ပွားမှုနှုန်း၊ အသည်းရောဂါတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် သေဆုံးမှုတွေပေါ့နော် ဒါတွေကို ကျဆင်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ နယ်တွေရော၊ ရန်ကုန်မှာရော လစဉ် ပညာပေးဟောပြောပွဲတွေလုပ်တယ်။ ဘီပိုး၊ စီပိုးတွေအခမဲ့ စစ်ပေးတယ်။ ကာကွယ်ဆေးတွေ အခမဲ့ထိုးပေးတယ်။ အခုဆို မြန်မာ နိုင်ငံမှာအသည်းရောင် အသားဝါ ဘီပိုးရော၊ စီပိုးရော အခမဲ့ကုသပေးနေပြီ။ စီပိုးဆို အခမဲ့ကုတာကနေ အားလုံး ကောင်းနေတာ နှစ်ထောင် နီးနီးရှိပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသည်းရောင်အသားဝါ ထိန်းချုပ်ရေးဌာနမှာလည်း ဆရာမတို့ ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီလုပ်ငန်းတွေကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းစဉ်တွေအတိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *