ရန်ကုန်တိုင်းအစိုးရ နာခံပါ၏လော

ဓာတ်ပုံ - မိုးကျော်လွင်

သမ္မတညွှန်ကြားချက်အတိုင်း ရန်ကုန်တိုင်းအစိုးရ လုပ်ဆောင်မည်လော စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

Weekly Eleven ဂျာနယ်ရေးသားမှုနှင့် ပတ်သက်၍ သတင်းမီဒီယာဥပဒေအရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားရန် ညွှန်ကြားချက်ထွက်လာပြီး လဝက်ခန့်အကြာ နိုဝင်ဘာလ ၁ရက်နေ့အထိ တရားစွဲဆိုထားဆဲ ဖြစ်သည်။

သို့သော် ဖမ်းဆီးတရားစွဲဆိုထားသည့် Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်အပါအဝင် သုံးဦးကိုမူ ယင်းညွှန်ကြားချက်ထွက်လာပြီး ကိုးရက်ခန့်အကြာတွင် အာမခံပေးလိုက်သည်။

“ညွှန်ကြားချက် အနှစ်သာရအားဖြင့်တော့ ရန်ကုန်တိုင်းအစိုးရက မလိုက်နာဘူးလို့ ပြောရမှာပေါ့”ဟု မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က မှတ်ချက်ပေးသည်။

သမ္မတ၏ ညွှန်ကြားစာတွင် သတင်းမီဒီယာကောင်စီသို့ တိုင်ပြီး ကောင်စီက နှစ်ဖက်ညှိုနှိုင်းပေးမှုကို မကျေနပ်လျှင် တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် ညွှန်ကြားထားသော်လည်း ရန်ကုန် တိုင်းအစိုးရက အမှုကို လက်ရှိအချိန်ထိ ပိတ်သိမ်းခြင်း မရှိသေးပေ။

ယင်းသို့ စနစ်တကျ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီး အခြေအနေများကို ပြန်လည်တင်ပြရန် သမ္မတလမ်းညွှန် မှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားစာထုတ်ခြင်း ဖြစ်သည်။

ညွှန်ကြားချက်ထဲက တစ်ချက်ဖြစ်သည့် ကောင်စီသို့တိုင်ကြားဆိုသည့် အချက်ကိုသာ လုပ်ဆောင်ပြီး အမှုမရုပ်သိမ်းသေးသဖြင့် အနှစ်သာရအားဖြင့် မလိုက်နာဟု ပြောဆိုရခြင်ြး ဖစ်ကြောင်း ဦးမြင့်ကျော်က ရှင်းပြသည်။ အမှုမရုပ်သိမ်းသဖြင့် ကောင်စီကလည်း ဖြေရှင်းပေး၍ မရသည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ကောင်စီက ဖြေရှင်းလို့မရတဲ့ အနေအထားဆိုတော့ သမ္မတညွှန်ကြားချက်အတိုင်း တကယ်လိုက်နာမယ်ဆိုရင်တော့ အမှုကို ရုပ်သိမ်းရမှာပေါ့လေ”ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့် ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ’ သတင်းသုံးသပ်ချက် ဆောင်းပါးကြောင့် တိုင်းအစိုးရက တရားစွဲဆိုခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရသည် Weekly Eleven ဂျာနယ်အယ်ဒီတာချုပ် အပါအဝင် သုံးဦးကို သတင်းမီဒီယာ ဥပဒေနှင့်အညီ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခြင်းမဟုတ်ဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ကာ လူသိများနေသည့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေဝင်းတို့ကို အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးတရားစွဲမှုကြောင့် ဝေဖန်သံများမြင့်တက်လာပြီးနောက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် သမ္မတလမ်းညွှန်မှုဖြင့် ထုတ်ပြန်သည့် ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက် ထွက်လာခြင်းဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာဥပဒေနှင့်အညီ ဆောင်ရွက်ရန် သမ္မတ၏ ညွှန်ကြားချက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က လိုက်လုပ်ရန်လိုကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ညွှန်ကြားချက်တွေကတော့ ညွှန်ကြားထားတယ်။ ဝန်ကြီးချုပ်တွေက သမ္မတကို တာဝန်ခံရတယ်။ တာဝန်ခံရတဲ့အတွက် သူတို့လုပ်သွားမယ်လို့ ယုံကြည်တယ်။ အခု လောလောဆယ် Elevenနဲ့ သူတို့ညှိနေတယ်လို့ အကြမ်းဖျင်းသိရတယ်”ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်သည် သမ္မတကို တာဝန်ခံရမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

သမ္မတ၏ ညွှန်ကြားစာမှာ အမှုကို ပိတ်သိမ်းကာ သတင်းမီဒီယာကောင်စီတို့ တိုင်တန်းရမည့် သဘောဖြစ်ကြောင်း ဥပဒေပညာရှင်အချို့က ထောက်ပြသည်။

Weekly Eleven ဂျာနယ်အယ်ဒီတာချုပ်အပါအဝင် သုံးဦးကို သတင်းမီဒီယာဥပဒေဖြင့် အရေးယူရမည်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်တရားစွဲခြင်းမှာ ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါဂျာနယ်ဘက်က လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုသည်။

“ပြည်ထောင်စုအစိုးရကသာ မပါရင် ဥပဒေနှင့်အညီ လုပ်လိမ့်မယ်လို့ မမြင်မိဘူး” ဟု ၎င်းက ပြောကြားသည်။

သမ္မတ၏ ညွှန်ကြားချက်သည် ရန်ကုန်တိုင်းအစိုးရက Weekly Eleven ဂျာနယ်အယ်ဒီတာအဖွဲ့ဝင် သုံးဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုမှုသည် ဥပဒေနှင့် အညီမဟုတ်ဟု ပြောဆိုထားခြင်းမျိုးဖြစ်ကြောင်း ဦးကြီးမြင့်ဆိုသည်။

“သမ္မတက သူ့လက်အောက်က ဝန်ကြီးချုပ်ကို မင်းအရေးယူမယ်ဆိုရင် ဒါတွေနဲ့ အရေးယူလို့ရတယ်လို့ ပြောလိုက်တာ။ ဥပဒေမညီဘဲ လုပ်ထားတာတွေကို ပြန်ရုပ်သိမ်းပေးပြီး ဥပဒေနဲ့ အညီလုပ်ရမှာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုသည်။

သမ္မတ၏ ညွှန်ကြားချက်အတိုင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဦးအောင်ကျော်ခိုင်က တိုင်ကြားပြီးနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးအောင်ကျော်ခိုင်နှင့် Eleven Media Group မှ တာဝန်ရှိသူတို့ကို အောက်တိုဘာလ ၁၉ ရက်က အဆိုပါကောင်စီရုံးခန်းတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

တရားရုံးသို့ ရောက်ရှိနေသည့် အမှုများကို သတင်းမီဒီယာဥပဒေအရ ဝင်ရောက်ဖြေရှင်းနိုင်ခြင်းမရှိဘဲ သတင်းမီဒီယာကောင်စီကို လာရောက်တိုင်ကြားထားသော်လည်း အမှုပိတ်သိမ်းပြီးမှသာ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ကောင်စီက ရန်ကုန်တိုင်းအစိုးရကို တုံ့ပြန်ခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဦးအောင်ကျော်ခိုင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့ လာရောက်ခဲ့စဉ်။
(ဓာတ်ပုံ – မိုးကျော်လွင် )

သို့သော် ယင်းကဲ့သို့ အမှုပိတ်သိမ်းရန်အတွက် ရန်ကုန်တိုင်းအစိုးရတွင် အခက်အခဲအချို့ကလည်း ရှိနေကြောင်း ဥပဒေအကြံပေးတစ်ဦးက ပြောဆိုသည်။

“Eleven မီဒီယာကို ၅၀၅ (ခ) နဲ့ အရေးယူတဲ့အခါမှာ ဖြစ်သင့်ဖြစ်ထိုက်တာထက် ဥပဒေကို လွန်လွန်ကျွံကျွံ အသုံးပြုထားတာတွေရှိတယ်။ အမှုရုပ်သိမ်းရင် အပြစ်မရှိလို့ ရုပ်သိမ်းတဲ့ သဘောမျိုး ဖြစ်သွားတယ်။ Eleven မီဒီယာက အဲဒါကို ရာဇဝတ်ကြောင်းအရ ပြန်တရားစွဲ ဆိုနိုင်တယ်”ဟု ၎င်းက ထောက်ပြသည်။

ထို့အပြင် အမှုရုတ်သိမ်းပြီးပါက Weekly Eleven ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်သုံးဦးကို နောက်ထပ်တရားစွဲခွင့် မရှိတော့ကြောင်း အဆိုပါဥပဒေအကြံပေးက ပြောဆိုသည်။

“အမှုကို ရုပ်သိမ်းလိုက်မယ်ဆိုရင် နောက်ထပ်တရားစွဲခွင့် မရှိဘူး။ တရားစွဲခွင့်မရှိရင် အပြစ်မရှိလို့၊ ပြစ်မှုမမြောက်လို့ ရုပ်သိမ်းတဲ့ သဘောမျိုး ဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် အောက်တိုဘာ ၂၆ ရက်နေ့က အဆိုပါအမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ သုံးဦးကို ကျပ်သိန်းသုံးရာဖြင့် အာမခံပေးထားသည်။

စွပ်စွဲခံထားရသူသုံးဦးသည် တစ်သက်တစ်ကျွန်းချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲထားခြင်း မဟုတ်ဘဲ နေရာအတည်တကျရှိပြီး ထွက်ပြေးနိုင်စရာအကြောင်း မရှိခြင်း၊ သက်သေများကို မလျှော်ဩဇာမလွမ်းမိုးနိုင်ခြင်း စသည့် အချက်များဖြင့် ၎င်းတို့ကို အာမခံပေးခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီးက ပြောဆိုသည်။

“သတင်းသမားတွေကို အာမခံပေးလိုက်တယ်ဆိုတာ ဥပဒေအရ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါလည်း ဥပဒေနဲ့အညီ ဖြစ်ပါတယ်”ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောဆိုသည်။

သမ္မတညွှန်ကြားချက်ထွက်လာပြီးနောက် အာမခံရခြင်းမှာ တိုက်ဆိုင်နေသည်။ အာမခံလျှောက်ပြီး နောက်တစ်ပတ် ရုံးချိန်းတွင် အားမခံပေးလိုက်ခြင်း ဖြစ်သည်။ တပ်မတော်နှင့် အစိုးရအဖွဲ့အစည်းတို့က ယခင်စွဲဆိုသည့် အမှုများတွင် အာမခံရလေ့ မရှိပေ။

၂၀၁၆ ခုနှစ်က Eleven မီဒီယာကို ရန်ကုန်တိုင်းအစိုးရက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုရာတွင် အာမခံလျှောက်ထားမှုကို တရားရုံးက အကြိမ်ကြိမ်ပယ်ချခဲ့သည်။ Eleven မီဒီယာက တိုင်းအစိုးရကို တောင်းပန်ပြီးနောက်တွင် အာမခံရခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များကို အောက်တိုဘာလ ၂၉ ရက်က ကန်တော့သည့် ပွဲအပြီးတွင် Weekly Eleven ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်သုံးဦးကို တရားစွဲထားသည့်အမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

သို့သော် သတင်းစာရှင်းလင်းပွဲလုပ်မည့်mအချိန်ကို တိတိကျကျပြောကြားခဲ့ခြင်း မရှိပေ။

လက်ရှိအချိန်တွင် အဆိုပါအမှုကို ရုပ်သိမ်းခြင်း၊ မရုပ်သိမ်းခြင်းကို လူအများက စိတ်ဝင်စားနေပြီး ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စုအစိုးရလမ်းညွှန်ချက်ကို လိုက်နာမည်လောဆိုသည်ကိုလည်း စောင့်ကြည့်နေကြသည်။

“ကောင်စီကို အသိပေးခြင်း၊ တိုင်ကြားခြင်း မရှိဘဲနဲ့ ချက်ချင်းအမှုဖွင့်လိုက်တော့ သမ္မတညွှန်ကြားချက် ရောက်လာတဲ့အခါကျတော့ လုပ်စရာတစ်ခုပဲ ရှိတော့တယ်။ ဒီအမှုကို ရုပ်သိမ်းလိုက်မှပဲ ကောင်စီက ဆက်လက်ဆောင်ရွက်လို့ ရမှာပေါ့” ဟု ဥပဒအကြံပေး ဦးခင်မောင်မြင့်က ပြောဆိုသည်။

အဆိုပါအမှုနှင့် လာမည့် နိုဝင်ဘာလ ၉ ရက်နေ့ ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။

“လက်ရှိအနေအထားကတော့ လာမယ့်ရုံးချိန်းကို စောင့်ကြည့်ရမှာပေါ့။ လာမယ့်ရုံးချိန်းမှာ အမှုကို မရုပ်သိမ်းဘူးဆို ဆက်ရင် ဆက်သွားမှာပေါ့” ၎င်းက ပြောဆိုသည်။

သမ္မတ၏ ညွှန်ကြားချက်ထွက်လာပြီး လဝက်ခန့်အကြာ နိုဝင်ဘာလ ၁ ရက်နေ့အထိ တိုင်းအစိုးရက တရားစွဲဆိုထားဆဲဖြစ်သည်။

ဥပဒေလမ်းကြောင်းအရ သတင်းမီဒီယာကောင်စီမှတစ်ဆင့် ဦးစွာဖြေရှင်းရန်ဆိုသဖြင့် အမှုကို ပိတ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုသည်။

မူလကပင် ၅၀၅ (ခ) ဖြင့် တရားမစွဲဘဲ သတင်းမီဒီယာဥပဒေဖြင့် စွဲသင့်ကြောင်း ၎င်းက ဆိုသည်။ သမ္မတ၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားစာအပေါ် ရန်ကုန်တိုင်းအစိုးရ လုပ်ဆောင်နေမှုကိုလည်း ၎င်းက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ညွှန်ကြားထားတာကို မလုပ်တာ တိုင်းအစိုးရအနေနဲ့ နည်းနည်း အယူအဆလွဲနေတယ်”

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *