ရန်ကုန် – မန္တလေး အနီးမြင် အဝေးမြင်

နှစ်များစွာဆီကပင် ‘ရန်ကုန်သားနဲ့ မန္တလေးသူ’ သီချင်းကို နာမည်ကျော် တေးရေး၊ တေးဆို စန္ဒယားလှထွဋ်က ရေးစပ်ခဲ့သည်။ မြန်မာလှုမှုအဖွဲ့အစည်းတွင် အဆိုပါတေးသီချင်းက လွန်စွာမှပင် နာမည်ကြီးပါသည်။

ထိုခေတ်ကိုလွန်သော် J me ၏ ‘ဟိုတယ်ကြီးတွေနဲ့ ဟီးနေတာ… ရန်ကုန်၊ နောက်ဆုံးပေါ် အမိုက်စားကားတွေ စီးနေတာ… ရန်ကုန်၊ မော်ဒယ်လ်မင်းသမီးတွေ နာမည်ကြီးနေတာ… ရန်ကုန်’ ဟူသည့် တေးသီချင်းမှာ ပေါ်ထွက်လာသည်။

မန္တလေးမှ တေးဆိုဗထူးကလည်း ‘အနုပညာတွေ အပျံစားရှိနေတဲ့… ငါတို့ရဲ့ မန္တလေး၊ ဆိုင်ကယ်အပျံစားတွေ စီးနေတဲ့ … ငါတို့ရဲ့ မန္တလေး၊ အတိတ်နိမိတ်နဲ့ ပေါ်ထွန်းခဲ့တဲ့… ငါတို့ရဲ့ မန္တလေး’ အစချီ၍ ဆိုပြန်သည်။

ဤသို့အားဖြင့် ရန်ကုန်၊ မန္တလေးသည် ကိုယ့်ဂုဏ်ကိုယ်ဖော်ခဲ့ကြသည်မှာ ခေတ်အဆက်ဆက်ကပင် ဖြစ်ခဲ့သည်။ ယခုအခါ ရန်ကုန်၊ မန္တလေးသည် သူ့ချည်းသာ မဟုတ်တော့ပေ။

အဓိက ဇာတ်ကောင်ဖြစ်သည့် ‘ကွီးဖြိုးနှင့် ဒေါက်ဇော်’တို့လည်း ပါဝင်လာကြသည်။

အဆိုပါ ခေါ်စရာ အမည်သညာများကိုလည်း မြို့နေများက သူတို့၏ ဝန်ကြီးချုပ်ကို ချစ်စနိုး ပေးထားခြင်းသာ ဖြစ်သည်။ အမှန်တွင် ရန်ကုန်၊ မန္တလေးမှသည် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဖြစ်လာသည်။ ဝန်ကြီးချုပ်နှစ်ဦးကို နှိုင်းယှဉ်ကြသည်။ ၎င်းတို့၏ စီမံအုပ်ချုပ်မှုကို နှိုင်းယှဉ်ကြသည်။ ၎င်းတို့စီမံအုပ်ချုပ်ရာ မြို့ကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ကြသည်။

နှိုင်းယှဉ်၍သာ နှိုင်းယှဉ်နေခြင်းဖြစ်ပြီး ဝန်ကြီးချုပ်နှစ်ဦး မူလဘူတပင်စည်ကမူ NLD ပါတီပင် ဖြစ်သည်။ သို့သော်လည်း ရလဒ်များကား တူပါ၏လော။

လူမှုစီးပွားခက်ခဲသည့် အခြေအနေတွင် ပြည်သူများက ဝန်ကြီးချုပ်နှစ်ဦးကို နှိုင်းယှဉ်ပြောဆိုခြင်းဖြင့် အားမလိုအားမရ ရသေ့စိတ်ဖြေနေကြရခြင်း ဖြစ်သည်။ ကိုယ့်ဝန်ကြီးချုပ်အတွက် ဂုဏ်ယူလိုကြခြင်းဖြစ်သည်။ ထို့ကြောင့် နှိုင်းယှဉ်သည်။ ‘ဖမ်းဟယ်၊ ဆီးဟယ်’မလုပ်လျှင် ဝေဖန်ကြမည်။

ဤသည်ပင် မြန်မာ့ဒီမိုကရေစီခေတ်ဦး၏ အသီးအပွင့်ဖြစ်တော့သည်။

ရန်ကုန် Vs မန္တလေး

ရန်ကုန်တိုင်းကို ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း စတင်တာဝန်ယူပြီးနောက် စီမံကိန်းများစွာ လုပ်ဆောင်ခဲ့သည်။

စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များကို ပိတ်လိုက်သည်။ အထပ်မြင့်စစ်ဆင်ရေး စသည်။ လုပ်ငန်းရှင်များ ညည်းညူကုန်၏။ ကျူးကျော်များကို တိုက်ပေါ်တင်မည် ဆိုသည်။ ယခုတိုင် အကောင်အထည် မပေါ်သေး။

‘မထားသင့်’ဟု ပြည်သူများက နာမည်ပြောင်ပေးထားသည့် မထသကို YRTA သို့ ပြောင်းလဲသည်။ ထို့နောက် ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် (YBS) ကို စတင်သည်။

ညဈေးတန်း အကောင်အထည်ဖော်သည်။ ညဈေးတန်းမှာလည်း လမ်းဘေးဖုန်များ၊ သဲများ၊ ကားများ ဥဒဟိုဖြတ်သန်းနေသည့် အန္တရာယ်ဇုန်တွင် အသင်ငင်နေပြန်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကဲ့သို့ စီမံကိန်းကြီးများလည်း ရှိသေးသည်။ ဝေဖန်ခံရပြန်သည်။ ကျောင်းကားကိစ္စတွင်လည်း ထို့အတူပင်။ ယခုတိုင် အကောင်အထည်ဖော်ရေး လုံးပမ်းနေရဆဲ ဖြစ်သည်။

ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ယခင်ဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက်က စတင်ခဲ့သည့် Traffic Control Center မှာလည်း ယနေ့အထိ ပြီးစီးခြင်း မရှိသေးပေ။

ဤသို့ဤနှယ် ဝေဖန်မှုခံရသည့် စီမံကိန်းများ၊ လက်စမသတ်နိုင်သည့် လုပ်ငန်းပေါင်းက များစွာရှိသည်။ ထို့ ကြောင့် ဝေဖန်ခံရသည်။ ဝေဖန်မှုများတွင်လည်း ရန်ကုန်တွင် မီဒီယာအား ကောင်းခြင်း၊ လွှတ်တော်အားကောင်းခြင်းနှင့် ပညာတတ်ပေါများခြင်းတို့ကြောင့်လည်း အချက်တစ်ခုအနေနှင့် ပါဝင်သည်။ ရန်ကုန်လွှတ်တော်သည် ထိန်းချုပ်မှုအချို့ရှိသော်လည်း အလွန်အကျွံမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာထုတ်ပြန်ခြင်းမျိုးကဲ့သို့ လုပ်ရပ်များကို ရန်ကုန်လွှတ်တော်က လုပ်ပြနိုင်ခဲ့သည်။ မန္တလေးတွင်မူ ထိုသို့မရှိ။

ရန်ကုန်တိုင်းအစိုးရ၏ စေတနာ၊ လုပ်ချင်ကိုင်ချင်စိတ်နှင့် စိတ်အားထက်သန်မှုအပေါ် မည်သူမှ သံသယမရှိသော်လည်း ရလဒ်ကိုမူ ပြည်သူများက ဝေဖန်လေ့ရှိကြသည်။

ဥပမာဆိုရလျှင် ‘ပြာသော်လည်း ဖွဲမထွက်’။

ရလဒ်များ၏အလွန်တွင် ရန်ကုန်တိုင်းအစိုးရသည် မည်သည့်ပညာရှင်များထံမှ အကြံဉာဏ်များ ရယူလုပ်ကိုင်နေပါသနည်း။ သို့မဟုတ် ပညာရှင်များ၊ တတ်သိပညာရှင်များနှင့် တိုင်ပင်ပါ၏လော စသည့်မေးခွန်းများ ရှိသည်။

“မြို့အနေအထားမတူတာလည်း ပါပါတယ်။ ရန်ကုန်အနေအထားကျတော့ ယခင်က မြို့တော်ကြီး ဖြစ်တယ်။ ကျယ်ပြန့်တယ်။ တိုင်းဝန်ကြီးချုပ်ရဲ့ အကြံပေးတွေက ဘယ်လိုလူမျိုးတွေဆိုတာ တို့ မသိဘူး။ သူ့ဘေးမှာ ဝန်းရံနေတဲ့ တချို့ကျတော့လည်း စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာ ကြားသိရတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းထွန်းဦးက ပြောသည်။

ရန်ကုန်စီးပွားရေးသည် တစ်နိုင်ငံလုံး၏ စီးပွားရေး မဟုတ်သော်လည်း ရန်ကုန်ကောင်းလျှင် တစ်နိုင်ငံလုံး၏ စီးပွားရေးအပေါ် ကြီးမားသောသက်ရောက်မှုရှိသည်က အမှန်ပင်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ၎င်း၏ရုံးခန်းတွင် လုပ်ငန်းရှင်များနှင့် နေ့စဉ်ပင် တွေ့ဆုံနေရသည်။ ရန်ကုန်ရှိ လုပ်ငန်းရှင်များသည် နိုင်ငံနှင့်ချီ စီးပွားရေးလုပ်နေကြခြင်း ဖြစ်သည်။ ဆိုရလျှင် ‘ကျွမ်းကျင်သော ငွေလိုက်မုဆိုးများ’ဟုပင် တင်စားနိုင်သည်။

ဥပမာပြရလျှင် မလေးရှား MLM လောကနှင့် လောင်းကစားလောကတွင် ထင်ရှားသော Mr.Ong Kean Swan က ရန်ကုန်တိုင်းအစိုးရထံသို့ ကျပ်သိန်း ၂၀၀ လှူသွားခြင်းမျိုးဖြစ်သည်။ ထိုကိစ္စကြောင့်လည်း ဝေဖန်ခံရသေးသည်။ အလှူငွေဖြစ်သော်လည်း ထိုငွေလမ်းကြောင်းမှာ MLM နှင့် လောင်းကစားကို မြစ်ဖျားခံနေခြင်းကြောင့်ပင်။

ထို့ကြောင့် ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံရှိ အတော်ဆုံးသော စီးပွားရေးသမားများနှင့် ဉာဏ်ချင်းပြိုင်နေရသည်ဟု ဆိုရမည်။ ထိုအခါ ပြည်သူကိုအကျိုးပြုမည့် ငွေလိုက်မုဆိုးများကို ရွေးချယ်တတ်ရန် လိုသည်။ ထိုသို့ရွေးချယ်ရန် ဝန်ကြီးချုပ်တစ်ဦးကောင်းဖြင့် မရ။ အင်အားတောင့်တင်းသော နောက်ခံပညာရှင်အစုအဖွဲ့ လိုသည်။ ရန်ကုန်ကသာ လိုအပ်မည်ဆိုလျှင်၊ ပညာရှင်များကို နေရာပေးမည်ဆိုလျှင် လုပ်ပေးမည့်ပညာရှင်က ရှားမည် မဟုတ်ပေ။ ဤသည်မှာလည်း ပညာရှင်များက နိုင်ငံအတွက် တတ်သည့်ပညာဖြင့် အလုပ်အကျွေးပြုမည့်သဘောပင် ဖြစ်သည်။

မန္တလေးကမူ ရန်ကုန်နှင့်မတူ။

ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ရေးကို ဦးတည်လုပ်ဆောင်နေရသော်လည်း မန္တလေးတွင် ယင်းပြဿနာက မရှိသလောက်ဟုပင် ဆိုရမည်ဖြစ်သည်။

ယာဉ်ကြောကျပ်တည်းမှု မရှိသေးသော်လည်း မန္တလေးရှိ မီးပွိုင့်များတွင် အာရုံခံစနစ် (Sensor)သုံးစွဲလျက်ရှိသည်။ ယင်းစနစ်ကြောင့် မီးပွိုင့်တွင် ရောက်ရှိနေသည့် ယာဉ်အနည်းအများကို လိုက်၍ မီးနီ၊ မီးစိမ်း အလိုအလျောက် ပြသပေးပြီး မီးပွိုင့်တစ်ခုနှင့် တစ်ခုလည်း ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သည်။

သို့သော်လည်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်လက်ထက်တွင် ခွင့်ပြုထားသည့် စီမံကိန်းတစ်ခုမျှ မရှိသေးပေ။ ပြီးခဲ့သည့် အစိုးရလက်ထက်က ဆောင်ရွက်နေသည့် စီမံကိန်းများကိုသာ စိစစ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုထားသည်။

ဆိုရလျှင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အထနှေးသည့် ကစားသမားနှင့် တူသည်။ သို့သော်လည်း သေချာသည့်သဘော။ ‘Slow and Sure’၊ ‘ဖြည်းဖြည်းလုပ် သေချာပါစေ’ ဟူသည့်အတိုင်း ကျင့်သုံးဟန် ရှိသည်။

မန္တလေးတွင် ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံသားများ တရားမဝင်ဆေးကုသခြင်း၊ ညစ်ညမ်းဓာတ်ပုံနှင့် စာသားများ ဖြန့်ဝေခဲ့ခြင်းကြောင့် တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင်ကို တရားစွဲဆိုခဲ့မှုတွင် ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့သည်။

ယင်းအပြင် စာချုပ်ပါ စည်းကမ်းဖောက်ဖျက်မှုကြောင့် ဆေးရုံအဆောက်အအုံကို စည်ပင်က သိမ်းယူခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ပြည် ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချ မှတ်အပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆေးရုံကို ပြန်လည်ဖွင့်လှစ်ခဲ့ရာတွင် မန္တလေးတိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်းကိုလည်း ဝေဖန်မှုများပြားခဲ့သေးသည်။

မန္တလေးတိုင်းအစိုးရ ဆက်လက်လုပ်ကိုင်နေသည့် စီမံကိန်းများတွင် မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်း၊ တောင်သမန်ကျေးလက်အပန်းဖြေစီမံကိန်း၊ အမရပူရ မြို့သစ်စီမံကိန်း၊ ၊ စက်သုံးဆီအတင်အချဆိပ်ကမ်း စီမံကိန်းစသည်တို့မှာ ထင်ရှားသည်။

တန်ဖိုးအကြီးဆုံး ရင်းနှီးမြုပ်နှံထားသည့် စီမံကိန်းမှာ ဧရာဝတီမြစ်ကို အမှီပြုကာ မန္တလေးတိုင်းအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Mandalay Business Capital City Development (MBCCD) ကုမ္ပဏီတို့က ပူးတွဲအကောင်အထည်ဖော်ခြင်း ဖြစ်သည်။

MBCCD သည် မြန်မာနိုင်ငံ၏ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်၏ ကုမ္ပဏီဖြစ်ပြီး အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်(ကျပ် ၅၅ ဘီလီယံခန့်) ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။

ဖော်ပြပါစီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၏ ဝေဖန်မှုအချို့မှအပ အသံသိပ်မကြားရ။

ရန်ကုန်နှင့်မတူသည်က မန္တလေးလွှတ်တော်သည် အားမကောင်းပေ။ ထို့ပြင် မန္တလေးလွှတ်တော်တွင် ထိန်းချုပ်မှုကဲသည်။ မီဒီယာနှင့် လွှတ်တော်သည် တိုင်းအစိုးရကို ကောင်းစွာမထိန်းကျောင်းနိုင်။

“ဥပမာ- ဘူတာကြီးရွှေ့ဖို့အတွက် မေးခွန်းတွေ မေးတော့ မီးရထားနဲ့ ညှိနှိုင်းနေပါတယ်ဆိုပြီး လက်မခံတာတွေ ရှိတယ်။ အဆိုတွေ ဘာတွေ တင်ချင်ရင်လည်း အဲဒီအဆိုကို ထောက်ခံသူရမှ ဖြစ်နိုင်တာဆိုတော့ ကျွန်တော့်ကို ထောက်ခံမယ့်သူက မရှိသလောက်ပဲ”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် မန္တလေးဦးကျော်ဇေယျ၊ မန္တလေး ဒေါ်စန္ဒာမင်းတို့ မရှိ။  မီဒီယာသည်လည်း မန္တလေးကို အာရုံမကျ။ ဒေါက်တာညိုညိုသင်းကဲ့သို့ လွှတ်တော်ပြင်ပနိုင်ငံ့အရေးလုပ်သူများကိုလည်း မတွေ့ရ။ ဤသည်လည်း ဝေဖန်မှုမခံရခြင်းတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ မန္တလေးတိုင်းအစိုးရ၏ လုပ်ရပ်များ တော်တည့်မှန်ကန်သောကြောင့်ဟု ယူဆလိုက ယူဆနိုင်စရာ ရှိသည်။ ဤသို့ ဆိုနိုင်စရာ အချက်များလည်း ရှိသည်။

ဓာတ်ပုံ – မိုးကျော်လွင်

မန္တလေးတိုင်းအစိုးရအဖွဲ့၏ အကြံပေးများ၊ ပညာရှင်များအများစုမှာ မြို့ခံ များဖြစ်သောကြောင့် မြို့အနေအထားကို ကောင်းစွာသိရှိသူများဖြစ်သည်။ ပညာရှင်များတွင် သင့်ဘ၀ဦးတင်မောင် သန်းကဲ့သို့  အကြံပေးများပါသကဲ့သို့ လက်ရှိ စည်ပင်ကော်မတီဝင်ဖြစ်သူများတွင် စာရေးဆရာ ကျော်ရင်မြင့်နှင့်  အိုင်တီပညာရှင်ဦးရဲမြတ်သူတို့လည်း ပါဝင်သည်။

“မြို့ရဲ့ ဖွဲ့စည်းပုံချင်းတွေ မတူဘူး။ အကြံပေးမှုတွေ မတူဘူး။ အကြံပေးများသည် မြို့ခံဟုတ် မဟုတ် ကွာခြားတဲ့အတွက် ဒီလိုဖြစ်တယ်လို့ မြင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းထွန်းဦးက သူ့အမြင်ကို ပြောပြသည်။

အကြွေးပြိုင်တောင်းကြရာဝယ်

တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ပြီးခဲ့သည့်အစိုးရလက်ထက် တာဝန်ရှိသူများက ပေးကြရမည့် အကြွေးများ ကျန်ရှိသည်။ မန္တလေးတိုင်းတွင်လည်း ကျပ်သုံးဘီလီယံကျော် ရှိသည်။ ကနဦးတွင် အစိုးရအဖွဲ့ဟောင်းက မပေးနိုင်ဟု ပြောဆိုခဲ့သော်လည်း အရစ်ကျဖြင့် ပြန်ဆပ်မည်ဟု ဖြစ်သွားသည်။ အဘယ်ပုံ၊ အဘယ်နည်း ကြွေးတောင်းလိုက်၍ မည်သို့ပြန်ဆပ်ကြရသည်ကို အစိုးရအသစ်နှင့် အဟောင်းနှစ်ဖက်စလုံးက ပြောဆိုခြင်း မရှိပေ။

လက်ရှိတွင် ပထမအရစ်အဖြစ် ကျပ်သန်း ၅၀၀ ရရှိပြီးဖြစ်ကာ ထိုငွေများကို ဘဏ်တွင် အပ်နှံ၍ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် သတ်မှတ်သုံးစွဲသွားရန်ရှိကြောင်း မန္တလေးတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

အကြွေးအားလုံးကို ၂၀၁၉ ခုနှစ် မတ်လကုန်အပြီး ပေးသွင်းမည်ဟု အစိုးရဟောင်းက ပြောဆိုထားသည်။

ရန်ကုန်တိုင်းတွင်မူ အစိုးရအဖွဲ့ဟောင်းထံမှ အကြွေးရရန် ရှိ မရှိ၊ ပြန်တောင်းခံခြင်းများ မကြားသိရပေ။

“မတူဘူးလေ အခြေအနေက၊ အရင်ဝန်ကြီးချုပ်ဟောင်းက ဒုတိယသမ္မတ ဖြစ်သွားတာကိုး” ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

သို့သော် တိုက်ရိုက်စွပ်စွဲခြင်းမဟုတ်ဘဲ ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကြွေးမတောင်းသဖြင့် အကြွေးရရန် မရှိ၍လားဟူသည့် မေးခွန်းကိုမူ  “ဒါတွေက အများကြီး ရှိတာပေါ့။ အန်ကယ့်ဒေသမှာ ရှင်စောပုကားဝင်းငှားခတွေ ပါမလာတော့ဘူးလေ။ စာရင်းစစ်ချုပ် အစီရင်ခံစာထဲမှာ။ ၂၀၁၅-၂၀၁၆ ထဲမှာ ပါသလိုလိုနဲ့ အခုကျတော့ ရပ်နားလိုက်ရတယ်။ ကားတွေကို အပြင်ထုတ်ပြီး YBS ကားတွေ ထည့်လိုက်တယ်” ဟု ဦးကျော်ဇေယျာက ပြောဆိုသည်။

“အနှစ်သာရ ပြောရရင် မန္တလေးလည်း ပြန်ရတယ်၊ မကွေးလည်း ပြန်ပေးရတာပဲ။ ရန်ကုန်တိုင်းကတော့ ပိုဆိုးတာပေါ့။ တကယ်တမ်းကျ အစဆွဲရင် ပိုဆိုးတာပေါ့”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

စည်ပင်နှင့် ၎င်းတို့၏ ဥသျှောင်များ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ လက်ထက် ၂၀၁၄ ခုနှစ်ကမူ ဒီမိုကရေစီ နည်းကျ စည်ပင်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ မန္တလေးက ၂၀၁၅ ရောက်မှသာ ကျင်းပနိုင်ခဲ့သည်။ ယခု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းလက်ထက်တွင် ရန်ကုန်က စည်ပင်ရွေးကောက်ပွဲ မကျင်းပနိုင်။ မန္တလေးကမူ ကျင်းပပြီးစီး သွားပြီဖြစ်သည်။

ကွာခြားချက်မှာ YCDC တွင် ပြည်သူရွေးကောက်သည့် ကိုယ်စားလှယ်များမပါဝင်ဘဲ MCDC တွင် ပြည်သူရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်နေခြင်းဖြစ်သည်။ ထို့ကြောင့်ပင် မန္တလေးရှိ MCDC စာရင်းဝင် ခြောက်မြို့နယ်အတွက် စီမံအုပ်ချုပ်သူ ၁၅ ဦးရှိပြီး ရန်ကုန် YCDC စာရင်းဝင် ၃၃ မြို့နယ် အတွက် ငါးဦးဖြင့် လည်ပတ်နေရခြင်း ဖြစ်သည်။

ဤသို့ဖြစ်ရခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းကြောင့် ဖြစ်သည်။ ဒီမိုကရေစီ ကြွေးကြော်သံဖြင့် တက်လာသည့် NLD အစိုးရလက်ထက်တွင် ရန်ကုန်မြို့သည် ဒီမိုကရေစီအရသာ ရွေးကောက်ပွဲ ငတ်နေကြရသည်။

“မျက်နှာက တော်တော်ကို ပူလို့ ဒီကိစ္စနဲ့ ပတ်သက်ရင် မပြောချင်တော့တာ ကြာပြီ”ဟု အစိုးရသစ်တက်ပြီးနောက် စည်ပင်ရွေးကောက်ပွဲ မကျင်းပနိုင်သေးခြင်းအပေါ်  ကျောက်တံတားမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

မြို့တော်ဝန်နှစ်ဦးကို ရှုပါ။

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်သည် နာမည်ကြီးသည့် မျက်စိအထူးကုဆရာဝန်ကြီး ဖြစ်သည်။ ဆေးကုသရာတွင် ငွေတောင်းကြမ်းသည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့် ၎င်းကို မြို့တော်ဝန်အဖြစ် ခန့်အပ်စဉ်က ဝေဖန်မှုများ ခံခဲ့ရသေးသည်။

ဒေါက်တာရဲလွင်မှာ Facebook ပေါ်တွင် Cele(ထင်ရှားသူ) ဖြစ်သည်။ မြို့အတွက် လုပ်ဆောင်ချက်များကို သူ့ အကောင့်တွင် တင်ပြီး မြို့မေတ္တာ ခံယူသည်။ Comment များမှတစ်ဆင့် တိုင်ကြားမှုများကိုလည်း အရေးယူဆောင်ရွက်ပေးသည်။ မန္တလေးစည်ပင် တာဝန်ရှိသူများသည် Viber Group များ ဖွဲ့ ထားသည်။ အချင်းချင်း ဆက်သွယ်ကြသည်။ ထိုမျှမကသေး။ မြို့တော်ဝန် နိုင်ငံခြားခရီးထွက်သည့်အခါများတွင်လည်း Online မှတစ်ဆင့် အစည်းအဝေးများ လုပ်ကြသေးသည်။

Photo by Ye Lwin FB

မန္တလေးသည် နည်းပညာအခြေခံစီမံခန့်ခွဲမှုဆီသို့ ဦးတည်နေပြီဖြစ်သည်။ e-Government စနစ်တွင်လည်း မန္တလေးသည် တက်ကြွသည်။ MCDC အဖွဲ့ဝင် အိုင်တီပညာရှင် ဦးရဲမြတ်သူကဲ့သို့ ပုဂ္ဂိုလ်များ၏ တွန်းအားကြောင့်လည်း ဖြစ်နိုင်သည်။

ရန်ကုန်မြို့တော်ဝန်သည်လည်း ခေသူမဟုတ်ပေ။ ဦးမောင်မောင်စိုးသည် ရန်ကုန်တိုင်း၏ အခြားဝန်ကြီးများနှင့် နှိုင်းယှဉ်လျှင် အလုပ်ပိုကြိုးစားသည့် ဟန် ရှိသည်။ ပြည်သူ့အသံကို အရေးတယူနားထောင်တတ်သည်။ ရန်ကုန်မြို့လမ်းမများထက် မြင့်သည့် ပလက်ဖောင်းများအကြောင်း Facebook ပေါ်တက်လာပြီးနောက် ပြန်လည်ပြင်ဆင်ခဲ့သူ ဖြစ်သည်။ ရန်ကုန်မြို့တော်ဝန်ကား စကားကို တုတ်ထိုးအိုးပေါက် ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသူ။

မန္တလေးမြို့တော်ဝန်ကမူ စကားပြောလျှင် အသံတိုးသည့်အပြင် စကားလုံးကွဲပြားခြင်းလည်း သိပ်မရှိ။ မန္တလေးမြို့တော်ဝန်ကား ဦးခေါင်းထက်တွင် ဗောက်များရှိသော်လည်း ဝတ်ပုံစားပုံမှာ Smart ကျလှသည်ဟု သတင်းထောက်ရပ်ဝန်းတွင် နာမည်ကြီးသည်။ ဤနေရာတွင် ရန်ကုန်မြို့တော်ဝန်ကြီးကား မည်သို့မှ လိုက်မမီ။ လွှတ်တော်သို့လည်း တစ်ခါတစ်ရံ ဘိုသီဘတ်သီဖြင့် ဒရောသောပါး ရောက်လာကာ ဖြေလေ့ရှိသည်ဟု လွှတ်တော်သတင်းထောက်များက ဆိုပြန်သည်။ ရန်ကုန်မြို့တော်ဝန်ကြီး လှိုင်သာယာစက်ရုံ မီးလောင်ရာသို့ အမျိုးအစားမတူသည့် ဘယ်ဖိနပ်၊ ညာဖိနပ်စီးသွားသည့်ကိစ္စမှာ Facebook တွင် ကျော်ကြားသွားသည်။

မြို့တော်ဝန်နှစ်ဦးအနက် ရန်ကုန်မြို့တော်ဝန်ကြီးမှာ ကောင်းစွာလှုပ်ရှားခွင့် မရချေ။ အကြောင်းမှာ မြို့တော်ဝန်ကြီး၏ အသက်အရွယ်ကို ငဲ့ညှာသောကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကိစ္စအားလုံးတွင် သူကိုယ်တိုင် လုပ်ကိုင်နေခြင်း ဖြစ်ဟန်တူသည်။ ဥပမာအားဖြင့် ရန်ကုန်ညဈေးတန်း အကောင်အထည်ဖော်သည့် ကိစ္စမျိုးဖြစ်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ကား ထိုသို့ မဟုတ်ချေ။ မြို့တော်ဝန်ဒေါက်တာရဲလွင်နှင့် တာဝန်ခွဲဝေမှုများ ရှိသည်။ ထို့ကြောင့် ဒေါက်တာရဲလွင်မှာ အလုပ်လုပ်ရလေသည်။ နှစ်နှစ်ခွဲအတွင်း မန္တလေးမြို့သည် သိသာထင်ရှားစွာ ပြောင်းလဲနိုင်ခဲ့ပြီး မြို့တော်ဝန်၏ ဆောင်ရွက်ချက်များသည် ဝန်ကြီးချုပ်နှင့် တိုင်ပင်သည်ဟု ယူဆနိုင်သော်လည်း ဝန်ကြီးချုပ်က မစွက်ဖက်။ သီးခြားဖြစ်သည်။

ရန်ကုန်စည်ပင်၊ မန္တလေးစည်ပင် တူညီသည့်အချက်မှာ စည်းကမ်းဖောက်သူများကို အရေးမယူနိုင်သည့် ကိစ္စဖြစ်သည်။ စည်ပင်နှစ်ခုလုံးသည် ဤကိစ္စတွင် အားနည်းလျက် ရှိသော်လည်း မန္တလေးစည်ပင်က အနည်းငယ် ပိုမိုဖိဖိစီးစီးလုပ်နိုင်သည်ဟုဆိုရမည်။

အကြောင်းမှာ မန္တလေးကျုံးအတွင်း ငါးဖမ်းသူများကို သက်သေခံ ငါးနှစ်ကောင်နှင့်အတူ လက်ပူးလက်ကြပ် ဖမ်းမိအရေးယူနိုင်ခဲ့ကာMCDC Facebook မှတစ်ဆင့် ပြည်သူထံသို့ တင်ပြနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့၏ ဝန်ကြီးချုပ်

ဝန်ကြီးချုပ်နှစ်ဦးဖြစ်သည့် ဦးဖြိုးမင်းသိန်းနှင့် ဦးဇော်မြင့်မောင်တို့ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၎င်းတို့ နှစ်ဦးသည်NLD က အားထားရသူများဖြစ်သည်။

အသက် ၆၇ နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ဖြစ်သည်။ နိုင်ငံရေးအသိုင်းအဝိုင်းများက လေးစားရသူဖြစ်ကာ အတိုင်ပင်ခံကိုယ်တိုင်ကပင် ဆရာဇော်ဟု ခေါ်ဆိုသူ ဖြစ်သည်။ အတွေ့အကြုံနှင့်အသက်အရွယ်အရ အရာရာကို ချိန်ဆလုပ်တတ်သူ ဖြစ်သည်။

ချစ်စနိုးခေါ်ကြသည့် ကွီးဖြိုး(ဝါ) ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကမူ NLD ပါတီခေါင်းဆောင်များ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းထိန်တို့နှင့် ဒေါက်တာဇော်မြင့်မောင်နီးပါး ရင်းနှီးသည့် ဆက်ဆံရေး တစ်ခုရှိထားသူဟု မီဒီယာများတွင် ဖော်ပြသည်။

ဦးဖြိုးမင်းသိန်းသည် ကြံ့ခိုင်ရေးအမာခံဟု ကင်ပွန်းတပ်ခံရသည့် ကွယ်လွန်သူ ဦးအောင်သောင်းနှင့်ပင် ပထမ အကြိမ်ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် တွဲဖက်လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။

နိုင်ငံတကာသို့ ရန်ကုန်လေဆိပ်မှ တစ်ဆင့် အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်ရသည့်အခါတွင် အတိုင်ပင်ခံအနီးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တွေ့ရတတ်သည်။ အတိုင်ပင်ခံက ရန်ကုန်လမ်းများ မကောင်းဟု မှတ်ချက်ပြုပြီးနောက် ရက်မဆိုင်းဘဲ လမ်းများကို ကွန်ကရစ်လောင်း၍ အသစ်ခင်းခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အလွန် ဆက်ဆံမည့်သူဟုလည်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြခြင်းခံရသူဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ၎င်း၏စီမံကိန်းများကြောင့် လွှတ်တော်ကိုယ်စားများနှင့် ပြည်သူများ၏ ဝေဖန်မှုကို ခံနေရသူ ဖြစ်သည်။

သို့သော် ဝန်ကြီးချုပ်နှစ်ဦးအနက် ဒေါ်အောင်ဆန်းစုကြည်ကမူ ဒေါက်တာဇော်မြင့်မောင်ကို ပို၍ ဆုံးမသည်။ ပြီးခဲ့သည့် ပုပ္ပါးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆရာဇော် ကျန်းမာပါစေဟု ပရိသတ်များက ဆုတောင်းပေးသည့်အခါ “ဆရာဇော် ကျန်းမာပါစေလို့ ပြောရမှာ မဟုတ်ဘူး။ ဆရာဇော် လိမ္မာပါစေလို့ ပြောရမှာ” ဟု ပရိသတ်များကို ဟာသနှော၍ ပြောဆိုခဲ့သည်။

ပခုက္ကူခရီးစဉ်တွင်လည်း ဝန်ကြီးချုပ်များကို ပြည်သူများက ခိုင်းရမည် ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုနှင့် တွဲဖက်၍ ပြောဆိုဆုံးမခဲ့သေးသည်။

ရန်ကုန်ကိစ္စများတွင် အတိုင်ပင်ခံ ပါဝင်ပြောဆိုလေ့မရှိသော်လည်း နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာဟု အခြေခံဥပဒေက ဖော်ပြထားသော သမ္မတကိုယ်တိုင် ပါဝင် ပြောဆိုရသည်များ ရှိသည်။ ဥပမာဆိုရလျှင် Weekly Eleven ဂျာနယ်ကို ရန်ကုန်တိုင်းအစိုးရ တရားစွဲသောအမှုတွင် နည်းလမ်းတကျဖြစ်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ချက် ထုတ်ခဲ့ခြင်းမျိုး ဖြစ်သည်။

ဦးဖြိုးမင်းသိန်းလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်စီးပွားရေး တိုးတက်မှုမျှော်မှန်းချက်သည် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၈ ဧပြီမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင် ၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်လက်ထက် မန္တလေးစီးပွားရေးတိုးတက်မှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈ ဧပြီမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်။

ယင်းဖော်ပြချက်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက်များသာ ဖြစ်သည်။ ပကတိမြေပြင်အရှိတရားကိုမူ ဝန်ကြီးချုပ်နှစ်ဦးက ပြည်သူ့အသံ နားထောင်ရပေလိမ့်မည်။

ရန်ကုန်၊မန္တလေး ပြည်သူ့မှန်ပြောင်း

ရန်ကုန်မြောက်ဥက္ကလာပတွင် နေထိုင်သည့် ဆောင်းပါးရှင် ဒေါ်မိုးသိင်္ဂီဇော်က ပြည်သူတစ်ဦးအနေနှင့် အစိုးရ၏ အတွင်းပိုင်းလုပ်ဆောင်နေမှုများကို မသိရသော်လည်း အပေါ်ပိုင်း မြင်တွေ့ရသလောက်မူ ပေါ်ပင်လုပ်ဆောင်နေမှုများဟု ယူဆသဖြင့် အားမရဟု ဆိုသည်။

“ဝန်ကြီးချုပ်က ရန်ကုန်တိုင်းမှာ ဒုစရိုက်ကို ထိန်းချုပ်နိုင်ပြီလို့ ပြောတယ်။ ဘယ်နား ထိန်းချုပ်တာလဲ မသိဘူး။ အကြမ်းဖက်မှုတွေက နေရာတိုင်းမှာ ပိုပိုပြီးတောင် ဖြစ်လာတာ” ဟု စာရေးဆရာမ မိုးသိင်္ဂီဇော်က ထပ်လောင်းပြောဆိုသည်။

ထို့အတူ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် NGO ဝန်ထမ်း ဒေါ်နန့်မေသဉ္ဇာကလည်း အစိုးရ၏ လုပ်ဆောင်ချက်များ၊ အထူးသဖြင့် စီမံခန့်ခွဲမှုကောင်းမရှိသည့် စည်ပင်၏ လုပ်ဆောင်ချက်များကို သဘောမကျဟု ဆိုသည်။

လုံခြုံရေးပိုင်းအနေဖြင့်မူ မန္တလေးက မြို့ကျဉ်းသော်လည်း ရန်ကုန်၊ မန္တလေး နှစ်မြို့စလုံးသည် လုံခြုံမှုမရှိဟု ဒေသခံများက ဆိုကြသည်။

မန္တလေးသည် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ သိသာမြင်သာသော်လည်း မမြင်နိုင်သည့် အခက်အခဲများရှိနေသေးသည်ဟု မန္တလေးမြို့ခံ တက်ကြွလှုပ်ရှားသူ ဦးခင်မောင်ထွန်းက မှတ်ချက် ပြုသည်။

ယင်းမှာ ဝန်ထမ်းအချို့၏ အကျင့်ပျက်ခြစားမှုများ ရှိနေသေးခြင်း၊ ယခင် အစိုးရလုပ်ခဲ့သည့် စီမံကိန်းအမှားများကို ဆက်လုပ်သင့်၊ မလုပ်သင့် အဖြေမထုတ်နိုင်သေးခြင်းတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်က ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ ရောက်ဖူးသူတစ်ဦးအနေဖြင့် ယနေ့ ရန်ကုန်သို့ ပြန်သွားသော် ထူးခြားသည့် ပြောင်းလဲမှုများကို တွေ့မြင်ရမည်မဟုတ်ဘဲ ယာဉ်ကြောရှုပ်ထွေးမှု၊ အမှိုက်နှင့် ရေမြောင်း စသည့်ပြဿနာများကို ယခင်ကဲ့သို့ တွေ့နေရဦးမည်ဖြစ်ပြီး မန္တလေးမြို့သို့ လာရောက်လျှင်မူ လမ်း၊ ရေမြောင်း၊ အမှိုက်၊ လမ်းမီး စသည်တို့၏ အပြောင်းအလဲများကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ရန်ကုန်သည် စီးပွားရေးမြို့တော် ဖြစ်သည်။ မြန်မာ့စီးပွားရေးအင်ဂျင်ဟုလည်း ဆိုနိုင်သေးသည်။ Multiculture ဖြစ်သည်။ ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ပျော်ဝင်လွယ်သော မြို့ဖြစ်သည်။ မန္တလေးကမူ မြန်မာဘုရင်တို့၏ နောက်ဆုံး မင်းနေပြည်တော်၊ ယဉ်ကျေးမှုမြို့တော်၊ တစ်ထီးတစ်နန်းဆန်သည်။

ထိုထက်ပို၍ ဆိုရလျှင် အဆိုပါ ဂုဏ်ဒြပ်တို့သည် အရေးကြီးသည်မှန်သော်လည်း ရလဒ်အခြေပြုခေတ်ကြီးတွင် နောက်ဆုံးတိုင်းတာကြသည်က အလုပ်ပြီးမြောက်မှုပင်ဖြစ်ရာ မန္တလေးမြို့ခံ တက်ကြွလှုပ်ရှားသူ ဦးခင်မောင်ထွန်းက ယခုလိုဆိုသည်။

“အသံ ပိုထွက်တာကတော့ ရန်ကုန်က ပိုထွက်တယ်။ အလုပ်ပြီးခြင်းကတော့ မန္တလေးက ပိုတယ်ဗျ။ Smart City တို့ ဘာတို့တောင် ရွေးချယ်ခံရတော့လေ”

မြတ်(ကလေး)၊ ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *