ဖူကူယားမား၏ မြန်မာ့အမှတ်အသား သရုပ်ကောက်ကြောင်း

ဖရန့်စစ်ဖူကူယားမားကို ရန်ကုန်မြို့ရှိ ဟောပြောပွဲတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - မြင့်မိုးညို)

မြန်မာပြည်၏ လက်ရှိအခြေအနေမှာ အံ့ဩစရာ မကောင်းလှပါကြောင်း ဖရန့်စစ်ဖူကူယားမားက ဆိုသည်။ သို့သော် သူ့အတွက် မျှော်လင့်မထားသည့်အချက်မှာ ဒီမိုကရေစီ၏ အန္တရာယ်သည် ခိုင်မာပြီးသား ဒီမိုကရေစီနိုင်ငံများအတွင်းမှပင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာကျော်နိုင်ငံရေးဘောဂဗေဒပညာရှင်နှင့် အမေရိကန်ပြည်ထောင်စု စတန်းဖို့တက္ကသိုလ်၏  ပါမောက္ခ ဖရန့်စစ် ဖူကူယားမားက ၎င်း၏နောက်ဆုံးထွက် စာအုပ်အမှတ်အသားသရုပ် (Identity) တွင် ထိုသို့ ညွှန်းဆိုထားခြင်း ဖြစ်သည်။

၎င်း၏ နောက်ဆုံးထွက်စာအုပ်  Identity ၏ အခြေခံဆွေးနွေးချက်များ အပေါ် အခြေတည်၍ မြန်မာနိုင်ငံ၏ အခြေအနေကို The Voice Weekly နှင့် တွေ့ဆုံမေးမြန်းစဉ် ဖူကူယားမားက အနှစ်ချုပ်သုံးသပ်ထားသည်။

(က)

၁၉၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော ‘သမိုင်းနိဂုံးနှင့် နောက်ဆုံးလူသား’  (The End of History and the Last Man) စာအုပ်ဖြင့် ဖူကူယားမား ကမ္ဘာကျော်လာခဲ့သည်။ လစ်ဘရယ်ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက်စနစ်တို့ ကမ္ဘာတစ်လွှားသို့ ပျံ့နှံ့လာပြီး ယင်း  စနစ်သည်ပင်လျှင် လူသားမျိုးဆက်အတွက် ‘မှတစ်ပါး အခြားမရှိသော’  နောက်ဆုံးရွေးချယ်စရာ စီမံအုပ်ချုပ်ပုံ ဖြစ်လာတော့မည်ဟု ထိုအချိန်က ဟောကိန်းထုတ်လာခြင်း ဖြစ်သည်။

ထိုအဆိုမှာ မှန်သင့်သလောက် မှန်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း၊ အရှေ့ဥရောပနိုင်ငံများ ဒီမိုကရေစီ အသွင်ကူးပြောင်းလာခြင်း၊ ဘာလင်တံတိုင်းပြိုခြင်း၊ တရုတ်နိုင်ငံက လွတ်လပ်သော ဈေးကွက်ရွေးချယ်လာခြင်း စသည်တို့မှာ ကြီးမားသော အပြောင်းအလဲများ  ဖြစ်ခဲ့သည်။

သို့သော် ယနေ့ခေတ်တွင် သမိုင်း၏  လှည့်ကွက်များ တစ်ကျော့ပြန်လာလေပြီ။

ဒီမိုကရက်တစ်စံနှုန်းများအတွက် မေးခွန်းထုတ်စရာဖြစ်သော ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခြင်း၊ ဒီမိုကရေစီဘိုးအေနိုင်ငံဟုဆိုနိုင်သော ဗြိတိန်က ဥရောပသမဂ္ဂမှ ခွဲထွက်ရန် မဲပေးဆုံးဖြတ်ခဲ့ခြင်းတို့သည် ဖူကူယားမားအတွက် တုန်လှုပ်စရာ ဖြစ်ခဲ့သည်။

ထိုနည်းတူ ၎င်းညွှန်းဆိုသော ဒီမိုကရေစီ နောက်ပြန်လှည့်သော၊ သို့မဟုတ် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ အချင်းချင်း အထိန်းအထပြုခြင်းကို နောက်တန်းပို့လာသော နိုင်ငံများမှာ ရုရှား၊ တူရကီ၊ ပိုလန်၊ ဟန်ဂေရီနှင့် ဖိလစ်ပိုင်တို့  ဖြစ်သည်။

ထိုကြောင့် မြန်မာအပါအဝင် အချို့သောနိုင်ငံ (ယူကရိန်း၊ တူနီးရှား) တို့ ဒီမိုကရေစီစနစ် အသက်သွင်းရေး ရုန်းကန်နေရခြင်းကို မအံ့ဩ၊ သို့သော် ဒီမိုကရေစီနိုင်ငံများ ကိုယ်၌က နောက်ပြန်လှည့်လာခြင်းမှာ တုန်လှုပ်စရာဖြစ်ကြောင်း ဖူကူယားမားက မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

လူသားတို့သည် ကျိုးကြောင်းဆင်ခြင်စွာ စဉ်းစားတတ်သည်၊ ကိုယ့်အကျိုးအများဆုံးရရှိရေးအပေါ် မူတည်၍  စဉ်းစားရွေးချယ်ဆုံးဖြတ်ကြသည် ဟူသော အခြေအပေါ် အထိုင်တည်၍ ခေတ်သစ်စီးပွားရေးသီဝရီများကို ဖော်ထုတ်ထားကြသည်။

သို့သော် ရုတ်တရက်ဆိုလျှင် မေ့နေလေ့ရှိသောအချက်မှာ လူသားတို့ သမိုင်းစဉ်အဆက် တိုက်ခိုက်ရုန်းကန်လာခဲ့သော အသိအမှတ်ပြုခံလိုစိတ် ဖြစ်သည်။

ထိုသို့သော ဇာတိပုညဂုဏ်မာနကြောင့်ပင် စစ်သူရဲကောင်းများက ရှေးယခင်ကတည်းက အသက်စွန့်စစ်တိုက်ခဲ့ကြသည်ဟု ဖူကူယားမားက ဆိုသည်။

ယင်းအပြင် ခေတ်သစ်ကမ္ဘာကြီးပေါ်ထွန်းလာရေး လူ့သမိုင်းစဉ်တစ်လျှောက်  အဓိကတွန်းအားမှာ လူသားဂုဏ်သိက္ခာ (ဇာတိပုညဂုဏ်မာန) အရေး ရုန်းကန်တိုက်ပွဲဝင်မှုများ ဖြစ်ကြောင်း အတွေးအခေါ်ပညာရှင်ဟေဂယ်ကို ရည်ညွှန်းပြောဆိုထားသည်။

အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာသူများကြောင့် အမေရိကန်ရှိ လူဖြူလုပ်သားအင်အားစုများက ၎င်းတို့ အခွင့်အလမ်းများ ဆုံးရှုံးသည်ဟု ထင်လာသည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့အတွက် မဟုတ်တော့ဟု ထင်လာသည်၊ ထို့ကြောင့် အမေရိကန်သည် အမေရိကန်အတွက်  ဖြစ်ရေး စည်းရုံးသော ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် မဲပေးလိုက်ကြသည်။

ထိုနည်းတူပင် ဗြိတိန်သည် ဥရောပသမဂ္ဂအတွင်း နေရသဖြင့် ဗြိတိန်သားတို့က အခွင့်အလမ်း ဆုံးရှုံးသည်ဟု ထင်သည်။  အခြားဥရောပသားများက ၎င်းတို့ အခွင့်အလမ်းကို လာလုနေသည်ဟု ထင်သည်။  ထို့ကြောင့် ဥရောပသမဂ္ဂနှင့်ခွဲမည်ဟု  (အထူးသဖြင့် အင်္ဂလိပ်နှင့် ဝေးလ်တို့က) မဲပေးလိုက်ကြသည်။

ထိုသို့ဖြစ်လာခြင်း၏ အဓိကအကြောင်းရင်းမှာ အမှတ်အသားသရုပ်ကို အခြေခံသော နိုင်ငံရေး (Identity Politics)  ဟု ဖူကူယားမားက ရေးသည်။

Identity Politics တွင် အခြားသွင်ပြင်များလည်း ပါဝင်ပါသေးသည်။

ကမ္ဘာကြီးတွင် ခေတ်စားလာသော ကျားမရေးရာ တန်းတူညီမျှရေး၊ လိင်တူလက်ထပ်ခွင့်ရရေး၊ အမျိုးသမီးအခွင့်အရေး (#MeToo လှုပ်ရှားမှု)၊ ISIS၊ အားလုံးတန်းတူညီမျှပါဝင်ခွင့်ရရှိရေး (Inclusion) စသည်တို့လည်း ပါဝင်သည်။

ထိုသို့သော Identity Politics များမှာ လူတို့ စိတ်သန္တာန်အတွင်းရှိ ‘ဂုဏ်မာန’ ထံမှ အရင်းခံလာခြင်းဖြစ်ကြောင်း ဖူကူယားမားက ကောက်ချက်ဆွဲသည်။  ဖူကူယားမားကမူ ဂရိစကားလုံး Thymos ဟု သုံးနှုန်းသည်။

ထိုသို့သော ဂုဏ်မာနမှာတန်ဖိုးထားမှု အတိုင်းအဆမှ အရင်းခံလာခြင်း ဖြစ်သည်။ တစ်စုံတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ပတ်သက်၍ အကောင်းမြင်တန်ဖိုးထားပါက ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ အဆိုးမြင်တန်ဖိုးမထားပါက ရှက်ဖွယ် သို့မဟုတ်  ဒေါသဖြစ်ဖွယ် ဖြစ်သည်။

ထိုသို့ မည်သည့်လူမျိုးဖြစ်ခြင်း၊ မည်သည့် လိင်/ကျား/မ ဖြစ်ခြင်း၊ မည်သည့်အုပ်စုဝင် ဖြစ်ခြင်းတည်း အစရှိသော ဂုဏ်မာနသည် လူသားတို့ သဘာဝတစ်လျှောက်  အမြဲတမ်း ဖြစ်နေမည့်အရာဟု ဆိုသည်။

ယင်းဂုဏ်မာနအပေါ် အခြေခံ၍  ယနေ့ခေတ်သစ်အမှတ်အသားသရုပ်ကို အခြေခံသောနိုင်ငံရေး ကမ္ဘာတစ်လွှား ထွန်းပေါ်လာခြင်းဖြစ်ကြောင်း ဖူကူယားမားက ဆွေးနွေးတင်ပြထားသည်။

(ခ)

အချို့သော အမှတ်အသားသရုပ်ကို အခြေခံသော နိုင်ငံရေးက ဒီမိုကရေစီကို ဘေးသင့်စေနိုင်ဖွယ်ဟု ကောက်ယူထားသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ တစ်မျိုးဘာသာ ဖြစ်သည်။

အမှတ်အသားသရုပ်ကို အခြေခံသော နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတို့အတူ ယှဉ်တွဲဖြစ်ပေါ်နေသည်။ တိုင်းရင်းသားလူမျိုးတို့၏ အမျိုးသားရေးလက္ခဏာ (တစ်နည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုအရေး) နှင့် ဒီမိုကရေစီအရေးတို့ အတူတကွ ပန်းတိုင်ရောက်ရေး နည်းလမ်းရှာနေရသည့် အချိန်ဖြစ်သည်။

မြန်မာနိုင်ငံအခြေအနေမှာ အမေရိကန်ပြည်ထောင်စုနှင့် မတူခြားနားကြောင်း ဖရန့်စစ်ဖူကူယားမားက မှတ်ချက်ပြုသည်။

“ခင်ဗျားတို့မှာက အားကောင်းအခြေတည်နေပြီးဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေ ရှိတယ်။ သူတို့မှာ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်နယ်မြေတွေ ရှိတယ်”ဟု ၎င်းက ပြောကြားသည်။

အင်္ဂလန်ရှိ ဘရစ္စတိုတက္ကသိုလ်က စီစဉ်သော ဟောပြောပွဲတစ်ရပ်တွင်  The Voice Weekly နှင့် တွေ့ဆုံစဉ် ထိုသို့မှတ်ချက်ပြုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် အာဏာခွဲဝေကျင့်သုံးရေး၊ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အပေါ် အခြေတည်ညှိနှိုင်းတည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက  ဆိုသည်။

ဓာတ်ပုံ – မြင့်မိုးညို

“ဘယ်လို အုပ်ချုပ်မှုပုံစံ ဖြစ်စေကာမူ နိုင်ငံရေးပုံစံက Identity ကို အခြေခံတဲ့ ပုံစံ ဖြစ်ရမယ်” ဟု ဖူကူယားမားက သုံးသပ်သည်။

တပ်မတော် အစိုးရလက်ထက် အသုံးပြုခဲ့သော ဗဟိုချုပ်ကိုင်အုပ်ချုပ်ရေးပုံစံ၊  ဗဟိုက သွတ်သွင်းသော အုပ်ချုပ်ရေးစနစ်အလုပ် မဖြစ်ကြောင်း ၎င်းက အကြံပြုသည်။

မြန်မာနိုင်ငံအကြောင်း အသေအချာအနီးကပ်လေ့လာခြင်းမရှိပါဟု ဖူကူယားမားက ဝန်ခံပြောဆိုသော်လည်း သူနှင့် မြန်မာသည် လုံးဝအစိမ်းသက်သက်ကြီး မဟုတ်လှပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီက မြန်မာနိုင်ငံသို့ ရောက်ရှိဖူးပြီး ‘ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင်ခြင်း’ အမည်ရဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့ဖူးသည်။

ဒီမိုကရေစီအင်စတီကျူးရင်းများ၏ အရေးပါပုံ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနှင့် (ရွေးကောက်ပွဲနိုင်ပြီးနောက်) အစိုးရဖြစ်လာပြီး နောက်ပိုင်း စိန်ခေါ်မှုပိုများလာနိုင်ကြောင်း သူက ပြောဆိုခဲ့သည်။

ဒီမိုကရေစီနည်းကျရွေးကောက် တင်မြှောက်ခံရသော အစိုးရအနေနှင့် တိုင်းပြည်စီမံခန့်ခွဲတတ်ရန် အရေးပါပြီး ချမှတ်ကျင့်သုံးမည့် မူဝါဒများအသင့်ရှိရန်လည်း အရေးကြီးကြောင်း လွန်ခဲ့သောသုံးနှစ်ကျော်က ဖူကူယားမားက ပြောဆိုခဲ့သည်။

ယင်းအပြင် တိုင်းပြည်တည်ဆောက်ရေးပညာတတ်များ၏ အခန်းကဏ္ဍကိုလည်း အင်ဒိုနီးရှား (ဘာကလေအုပ်စု)နှင့် ချီလီနိုင်ငံ (ချီကာဂိုအုပ်စု) တို့ကို ဥပမာပေး ပြောဆိုခဲ့သည်။

ထိုသို့သော စိန်ခေါ်ချက်များကို ကြိုမြင်ခြင်းကြောင့်ပင်လျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လက်ရှိမအောင်မြင်မှုများအပေါ် အံ့ဩတကြီးမရှိလှကြောင်း ပြီးခဲ့သည့် စက်တင်ဘာလက ထွက်ရှိခဲ့သည့် Identity စာအုပ်တွင် ညွှန်းဆိုပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ တိုင်းရင်းသားလူမျိုးစုအမှတ်အသားသရုပ်၊ ဒီမိုကရေစီနှင့် အခြား လိင်/ကျား/မ၊ အားလုံးပါဝင်မှုအစရှိသော အမှတ်အသားသရုပ်ပုံစံတို့ကို ပေါင်းစည်းဖြေရှင်း ချီတက်ရမည့် အခြေအနေ ဖြစ်သည်။

မြန်မာနိုင်ငံတွင် (ဥပမာအားဖြင့် ငါတို့အားလုံးသည် အမေရိကန်၊ ငါတို့အားလုံးသည် ထိုင်း၊ ငါတို့ အားလုံးသည်  စင်ကာပူကဲ့သို့သော) တစ်မျိုးသားလုံးအတွက် ဘုံအမှတ်အသားသရုပ် (National Identity) တစ်ရပ်ပေါ်ထွန်းရေး ဖြစ်နိုင်ဖွယ်ရှိပါ၏လော။

The Voice Weekly ၏ ထိုမေးခွန်းကို ဖူကူယားမားက အောက်ပါအတိုင်း ဖြေဆိုသည်။

“အဲဒါ အတော့်ကို ခက်ပါတယ်။  ကျွန်တော့်အထင် အတော်ခက်ပါတယ်။  ခင်ဗျားတို့မှာက မတူခြားနားတဲ့ လူမျိုးစု၊  အုပ်စုတွေအလိုက် အတူတကွ ယှဉ်တွဲနေထိုင်နေကြတယ်လေ”

ခွန်းသု 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *