ဒီမိုကရက်ထိပ်သီးများသို့ လိပ်မူထားသော ပါဆယ်ဗုံး ဇာတ်လမ်း

အမေရိကန်တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ အစရှိသော ဒီမိုကရက်တစ်ပါတီက ထိပ်သီးခေါင်းဆောင်များထံ ပါဆယ်ဗုံးများ ပေးပို့ခံခဲ့ရသည်။ ကံကောင်းထောက်မစွာပင် ပါဆယ်ဗုံးများမှာ လိုရာမရောက်မီ အချိန်မီရှာဖွေတာဆီးနိုင်ခဲ့ရာ ပေါက်ကွဲမှုမဖြစ်ခဲ့သလို ဒဏ်ရာရသူလည်းမရှိခဲ့။ အောက်တိုဘာ ၂၆ ရက်နေ့တွင်မူ ပါဆယ်ဗုံးပို့သူကို အမေရိကန်အစိုးရက ဖမ်းဆီးခဲ့ပြီး အမှုငါးမှုဖြင့် တရားစွဲဆိုခဲ့သည်။ စာအိတ်ဖြင့် ပါဆယ်ဗုံးပို့သူမှာ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော အသက် ၅၆ နှစ်အရွယ် စေဇာစေးယော့ခ်ဆိုသူဖြစ်သည်။

ပစ်မှတ်များ

အမေရိကန်အစိုးရက ပေါက်ကွဲစေတတ်သောပစ္စည်းများထည့်ထားသည့် စာအိတ် ၁၄ အိတ်ကို ကြားဖြတ်ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ပါဆယ်ဗုံးပို့သည့် ပစ်မှတ်များမှာ ဝါရှင်တန်မြို့ရှိ အမေရိကန်သမ္မတဟောင်း အိုဘားမား၏ နေအိမ်ကို လိပ်မူထားပြီး ထောက်လှမ်းရေးက စာအိတ်ကို စက်ဖြင့်စကင်ဖတ်စဉ် တွေ့ရှိဖော်ထုတ်နိုင်ခဲ့သည်။ ထို့ပြင် နယူးယောက်မြို့ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီထံကိုပေးပို့သည့် ပါဆယ်ဗုံးကိုလည်း ထောက်လှမ်းရေးက အချိန်မီတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဟီလာရီနေထိုင်သည့်နေရာမှာ နယူးယောက်မြို့ ချာပါကွာအရပ်ဖြစ်သော်လည်း လိပ်စာမှာ နယူးယောက်မြို့ ဝက်ချက်စတာကောင်တီကို လိပ်မူထားခြင်းလည်းဖြစ်သည်။

ပါဆယ်ဗုံး၏ နောက်ပစ်မှတ်တစ်ခုမှာ ကမ္ဘာကျော်သူဋ္ဌေးကြီးလည်းဖြစ် ဒီမို ကရက်တစ်ပါတီ၏ အဓိကအလှူရှင်တစ်ဦးဖြစ်သည့် ဂျော့ဆိုးရော့စ်ဖြစ်သည်။ နယူးယောက်ရှိ သူ၏နေအိမ်ကို ပါဆယ်ဗုံးရောက်ရှိသွားခဲ့သော်လည်း ရဲကိုအကြောင်းကြားခဲ့သဖြင့် အသက်အန္တရာယ် မကြုံခဲ့ရခြင်းလည်းဖြစ်သည်။

ထို့ပြင် ရှေ့နေချုပ်ဟောင်း အဲရစ်ဟိုလ်ဒါကို လိပ်မူထားသော ပါဆယ်ဗုံးကို ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တစ်ဦး၏လိပ်စာဖြင့် ပေးပို့ခဲ့သည်။ နောက်တစ်ဦးမှာ နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် ရောဘတ်ဒီနီပင်။ သူ၏ ရုပ်ရှင်ကုမ္ပဏီရှိရာ နယူးယောက်မြို့ မက်ဟက်တန်ရပ်ကွက်ရှိရုံးကို ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုပါဆယ်ဗုံးမှာမူ ရဲကိုအကြောင်းကြားခဲ့သဖြင့် တစ်စုံတစ်ရာ ပေါက်ကွဲမှုမဖြစ်ခဲ့ခြင်းဖြစ်သည်။

စီအိုအေ ဒါရိုက်တာဟောင်း ဂျွန်ဘရန်နန်ထံကိုမူ နယူးယောက်မြို့ရှိ CNN သတင်းဌာနရုံးကို လိပ်မူ၍ ပေးပို့ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဒု-သမ္မတဟောင်း ဂျိုးဘစ်ဒင်ကိုပို့သည့် ဗုံးကိုမူ ဒယ်လာဝဲယား ပြည်နယ်စာတိုက်တွင် ကြားဖြတ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာဟောင်း ဂျမ်းစ်ကလပ်ပါ နှင့် CNN သတင်းဌာနကို လိပ်မူထားသော ပါဆယ်ဗုံးကို နယူးယောက်မြို့တော်စာတိုက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

ထို့ပြင် အခြားသော ထင်ရှားသည့် ဒီမိုကရက်တစ်လွှတ်တော်အမတ်များနှင့် ဒီမိုကရက်တစ်ပါတီအလှူရှင်တို့အပါအဝင် ပါဆယ်ဗုံး အပို့ခံရသူ စုစုပေါင်း ၁၂ ဦးထိ ရှိခဲ့သည်။

တရားခံဘယ်သူလဲ

စာအိတ်မှတစ်ဆင့် တွေ့ရှိသည့် DNA (မျိုးဗီဇ) ကို ခြေရာခံစုံစမ်းခဲ့ရာ တရားခံမှာ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သော စေဇာစေးယော့ခ်ဆိုသူဖြစ်ကြောင်းသိရှိခဲ့ရသည်။ သူ၏ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ခြေရာခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နေ့တွင် တရားခံ စေဇာစေးယော့ခ်ကို သူ၏အိမ်မှ မိုင် ၂၀ အကွာရှိ ဖလော်ရီဒါပြည်နယ် ပလန်တေးရှင်းမြို့တွင် ဖမ်းဆီးရမိခဲ့လေသည်။ သူနှင့် သူပိုင် ဗင်ကားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ယင်းဗင်ကားတွင် သမ္မတဒေါ်နယ်ထရမ့်နှင့် ဒု-သမ္မတ မိုက်ပန့်တို့၏ ရုပ်ပုံများ၊ ‘သုံးစားမရသည့် CNN’ ဆိုသည့်စတစ်ကာများ ကပ်ထားသည်ဟု ဆိုသည်။

စေဇာစေးယော့ခ်မှာ မိဘများ၏ နှင်ချခံထားရသူဖြစ်ပြီး အဆိုပါဗင်ကားကို အိမ်အဖြစ် နေထိုင်နေသူဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြား သည်။ ဗင်ကားထဲမှ စာအိတ်ခေါင်းများ၊ စာအိမ်များ၊ ပရင်တာများ စသည့်ပစ္စည်းပစ္စယများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စေးယော့ခ်ကို ပြစ်မှုငါးမှုဖြင့် တရားစွဲဆိုထားကြောင်း အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ပြောကြားခဲ့သည်။ ၎င်းကို ပေါက်ကွဲစေတတ်သောပစ္စည်းများ ပြည်နယ်ချင်း သယ်ယူပို့ဆောင်မှု၊ တရားဥပဒေနှင့်မညီညွတ်သော ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ စာတိုက်မှတစ်ဆင့် ပို့ဆောင်မှု၊ အမေရိကန်သမ္မတဟောင်းနှင့် တခြားသူများကို ခြိမ်းခြောက်မှု၊ ပြည်နယ်ချင်းဆက်သွယ်ရေးကို ခြိမ်းခြောက်မှု၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားအစိုးရအရာရှိများကို စော်ကားမှုဟူသော ပြစ်မှုငါးမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ အဆိုပါ ပြစ်ဒဏ်များသည် ထောင်ဒဏ် ၄၈ နှစ်ထိ ချမှတ်ခံရနိုင်သည်။

တရားခံ စေးယော့ခ်မှာ ဖလော်ရီဒါ ပြည်နယ်၏ ပြစ်မှုမှတ်တမ်းတွင် နာမည်ပေါက်ထားသူတစ်ဦးလည်း ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ဖလော်ရီဒါပြည်နယ်၏ လျှပ်စစ်စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော ‘Florida Power and Light’ ကုမ္ပဏီကို ဗုံးခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသူဖြစ်သည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသာ အမှန်တကယ်ဖြစ်ပွားခဲ့ပါက ၉/၁၁ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုထက် ပိုကြီးနိုင်ကြောင်း မိုင်ယာမီရဲတပ်ဖွဲ့ က ပြောကြားထားသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မည့်ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ၎င်းကို ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရသည်။ စေးယော့ခ်သည် ခိုးမှု၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါးတွေ့ရှိမှု စသည့်ပြစ်မှုများဖြင့် စုစုပေါင်းရှစ်ကြိမ်ထိ အဖမ်းခံခဲ့ရဖူးသူလည်းဖြစ်သည်။

ပါဆယ်ဗုံး ဘယ်ကလာ

ပါဆယ်ဗုံးအများစုမှာ ဖလော်ရီဒါပြည်နယ် အိုပါလော့ကာစာတိုက်မှ လာခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူနှစ်ဦးက ပြောကြားသည်။ ဗုံးအားလုံးမှာ ပုံစံတူများဖြစ်ကြပြီး စာအိတ်ထဲတွင် ၆ လက်မခန့်ရှည်သော PVC ပိုက်တစ်ချောင်း၊ နာရီငယ်တစ်လုံး၊ ဘက်ထရီ၊ ဝါယာကြိုး၊ စွမ်းအင်ဆိုင်ရာ ပစ္စည်းကိရိယာများ ထည့်သွင်းထားသည်။ ထို့ပြင် ပေးပို့ခံရသူ၏ ဓာတ်ပုံကို အနီရောင်ကြက်ခြေခတ်ထားသည့် ဓာတ်ပုံကိုလည်း ထည့်သွင်းထားသည်။

လောလောဆယ်တွင် ဟီလာရီ ကလင်တန်၊ အိုဘားမား၊ CNN သတင်း ဌာနရုံးများကို ပေးပို့ခဲ့သည့် ပါဆယ်ဗုံးကို အက်ဖ်ဘီအိုင် ဓာတ်ခွဲခန်းတွင် စစ်ဆေးလျက်ရှိသည်။ သူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်ထံသို့ ပေးပို့ခဲ့သည့်ဗုံးတွင် ထိန်းချုပ်စနစ်တံဖြုတ်နိုင်သည့် ပစ္စည်းပါသော်လည်း တခြားဗုံးများမှာ မည်သို့ပြုလုပ်ထားသည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပါဆယ်ဗုံးနှင့် ပတ်သက်သော စစ်ဆေးချက်များကို လာမည့်ရက်ပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။

ဘာကြောင့် ပို့

ယခုကဲ့သို့ အလွန်ထင်ရှားသည့် ဒီမိုကရက်တစ်ခေါင်းဆောင်များကို ပါဆယ်ဗုံးပို့ရသည့်အကြောင်းရင်းကိုလည်း အခုချိန်ထိ မသိရေသေးပေ။ တရားခံ စေးယော့ခ်နေအိမ်အဖြစ် အသုံးပြုသည့် ဗင်ကားတွင် လက်ရှိသမ္မတ ထရမ့်ကို ချီးကျူးထောက်ခံသည့် စတစ်ကာများ၊ တွေ့ရသလို ထရမ့်ကို ဝေဖန်လေ့ရှိသည့် CNN သတင်းဌာနကို တိုက်ခိုက်ထားသည့် စာတန်းစတစ်ကာ ကပ်ထားသည်များကိုကြည့်ပါက စေးယော့ခ်မှာ ဒီမိုကရက်တစ်ပါတီကို ဆန့်ကျင်သူတစ်ဦးအဖြစ် ယူဆနိုင်မည်ဖြစ်သည်။ ထို့ပြင် သမ္မတထရမ့်ကို လှောင်ပြောင်လေ့ရှိသည့် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ရောဘတ် ဒီနီရိုလိုလူမျိုးကို ပစ်မှတ်ထားတိုက်ခိုက်သည်ကိုကြည့်ပါက ပါဆယ်ဗုံးသမား စေးယော့ခ်မှာ ထရမ့်ကို ထိုးနှက်နေသူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ယူဆနိုင်မည်ဖြစ်သည်။ အနိမ့်ဆုံးအားဖြင့် ပါဆယ်ဗုံးသမား စေးယော့ခ်မှာ ထရမ့်ဘက်တော်သား ဟော့ဟော့ရမ်းရမ်း လူတစ်ဦးအဖြစ် ယူဆရမည်ဖြစ်ပါတော့သည်။ 

စာညွှန်း။ ။ 5 days, 14 potential bombs and lots of questions. Here’s what we know (CNN)

 

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *