တုံ့ဆိုင်းနေဖို့ အချိန်မရှိပါ

လတ်တလော စိတ်ထဲရောက်နေတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ လက်စ်တာဘောလုံးအသင်းပိုင်ရှင် ရဟတ်ယာဉ်ပျက်ကျပြီး အသက်သေဆုံးသွားတဲ့ကိစ္စပါ။ လက်စ်တာဘောလုံးအသင်းဆိုတာ မြန်မာဘောလုံးပရိသတ်တွေနဲ့ သိပ်မစိမ်းပါဘူး။ ဟိုတစ်နှစ်ကမှ ထူးထူးခြားခြား အသင်းကြီးတွေကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလား ယူထားတဲ့အသင်း။ ပိုင်ရှင်ဖြစ်သူရဲ့ King Power လုပ်ငန်းဆိုတာကလည်း ထိုင်းလေဆိပ်တွေမှာ တွေ့နေမြင်နေကျ။ သူက ထိုင်းနိုင်ငံရဲ့ ငါးယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်လို့လည်း သိရတယ်။ သူ့အသင်းရဲ့ ပွဲစဉ်တွေကို ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ လာပြီးကြည့်ရှုအားပေးနေကျ။ ခုလည်း အဲဒီလိုလာအားပေးရင်းနဲ့ အပြန်မှာ ပျက်ကျပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေက မကြာခဏ ကြားမိနေပေမယ့် ခုလိုလူသိထင်ရှား ပုဂ္ဂိုလ်တစ်ယောက်၊ ချမ်းသာအောင်မြင်နေတဲ့လူတစ်ယောက် ရုတ်တရက် လူ့လောကထဲကနေ ထွက်ခွာသွားတဲ့ကိစ္စဖြစ်လို့ ပိုပြီးမှ အံ့ဩရပါတယ်။ ဟိုတစ်လောကလည်း နိုင်ငံကျော်မင်းသားတစ်လက် တကယ့်ကို ရုတ်တရက်ကြီး ဆုံးပါးသွားတယ်။ အရွယ်ကောင်း၊ အောင်လည်း အောင်မြင်နေတယ်၊ အလုပ်တွေလည်း အများကြီးလုပ်လို့ ကောင်းသေးတဲ့အရွယ်မှာ ဖြစ်သွားရတာ။ စိတ်မကောင်းလည်း ဖြစ်ရသလို လူ့ဘ၀နဲ့ပတ်သက်ပြီးလည်း တွေးနေမိတယ်။

တချို့က ဒါတွေကို နမူနာပေးပြီး သေခြင်းတရားက လက်တစ်ကမ်း မှာ၊ အသင့်ပြင်ထား၊ အောင်မြင်မှုတွေ၊ ငွေကြေးတွေဆိုတာ သေတော့လည်း ဘာမှယူသွားလို့ ရတာမဟုတ်ဘူး။ မှန်တော့မှန်တာပဲ။ ဒါပေမဲ့ ယူသွားလို့မရဘူးဆိုတာနဲ့ ကျွန်တော်တို့ ဘာမှမကြိုးစားတော့ဘူးလား၊ ဒီအတိုင်းပဲ ထိုင်နေကြမှာလား၊ အဲဒီလိုတော့လည်း မဖြစ်ပြန်ဘူး။ ကြိုးတော့ ကြိုးစားရမယ်ပေါ့၊ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက်။ ဒါမှလည်း အဆင့်မြင့်မြင့် နေနိုင်မယ်၊ အဆင့်မြင့်မြင့် ထားခဲ့နိုင်မယ်လေ။ ဒါကြောင့် ‘ယူသွားလို့မရဘူး’ ဆိုတာ ‘သိပ်ပြီး စွဲလမ်းတပ်မက်မနေနဲ့’ လို့ပဲ ဆိုလိုတာ၊ ‘မရယူရဘူး’ ဆိုတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ဘူးလို့ပဲ ထင်မိတယ်။

ဒါပေမဲ့ အဲဒီလိုကြိုးစားနေတဲ့တစ်ချိန်တည်းမှာလည်း ဘ၀ကို တန်ဖိုးရှိအောင်နေနိုင်ဖို့ လိုပါတယ်။ စဉ်းစားမိတယ်။ လေယာဉ်တစ်စင်း ပျက်ကျလို့ ခရီးသည်တွေ ဆုံးပါးသွားတယ်။ ရုတ်တရက် နှလုံးထိခိုက်ပြီး သေသွားတယ်။ အပြင်သွားလို့ ရန်ဖြစ်ရင်း လက်လွန်ပြီး သေဆုံးခဲ့ရတယ်။ အဲဒီလူတွေဟာ သူတို့ ဒီလေယာဉ်ပေါ် မတက်ခင်၊ အိမ်အပြင်ကို ပျော်ပျော်ပါးပါး မထွက်ခင်တော့ ဒီခရီး၊ ဒီနေ့၊ ဒီညဟာ သူတို့ရဲ့ နောက်ဆုံးခရီး၊ နောက်ဆုံးညပါလားလို့ ဘယ်သိခဲ့ကြပါ့မလဲ။ သူတို့ ဘ၀မှာ လုပ်ချင်တဲ့အရာတွေကို မလုပ်မိလိုက်တာ၊ မလုပ်ဖြစ်သေးတာတွေ ရှိကြမှာပဲ။ သူတို့ရင်ထဲမှာ ပြောပြချင်ပေမယ့် မပြောရသေးတဲ့ ကျေးဇူးတင်စကားတွေ၊ ချစ်တယ်ဆိုတဲ့စကားတွေ၊ ဆုတောင်းစကားလေးတွေလည်း ရှိဦးမှာပဲ။ ခဏလေးပဲ ရလိုက်တဲ့ဘ၀ကို အဓိပ္ပာယ်ရှိအောင် အသုံးချလိုက်နိုင်ဖို့အတွက် လုပ်သွားချင်တဲ့အရာတွေ၊ အစီအစဉ်တွေလည်း အများကြီးကျန်ဦးမှာပါပဲ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ မျှော်လင့်မထားတဲ့ အဖြစ်ဆိုးတစ်ခုအောက်မှာ ပျောက်ပျက်သွားခဲ့ရပါတယ်။

ကြားဖူးတဲ့စကားလေးရှိတယ်။ လောကမှာ အံ့ဩစရာအကောင်းဆုံးကိစ္စကတော့ လူတွေဟာ ကိုယ်တစ်နေ့သေရမှာကို သိရက်နဲ့ မေ့နေ ကြတဲ့ကိစ္စပဲတဲ့။

ဟုတ်တယ်၊ ကျွန်တော်တို့တွေဟာ သိနေကြတယ်။ ဒါပေမဲ့ အဲဒီ ကိုယ်သိထားတာကိုပဲ တစ်ခါတစ်ခါမှာ မေ့မေ့သွားတတ်ကြတယ်။ အဲဒီတော့ ကောင်းတာ အကျိုးရှိတာ တစ်ခုခုလုပ်ဖို့အတွက် အချိန်ဆိုင်းနေတတ်ကြတယ်။ နောက်မှလုပ်လည်း ရပါတယ်ဆိုပြီး။ ကိုယ်တစ်နေ့ စွန့်လွှတ်ရမယ်ဆိုတာကို မေ့ပြီး အမြဲတမ်းပိုင်ဆိုင်နေတော့မှာလို ထင်လာတော့ စွန့်လွှတ်လိုစိတ်တွေ နည်းလာတယ်။ ကိုယ်ကျိုးရှာလိုစိတ်တွေ များလာတယ်။ ဒေါသတွေ မာန်မာနတွေ တုတာပြိုင်တာတွေ ပါလာတယ်။ အမုန်းတရားတွေ ထားလာတယ်။

ကျွန်တော်တို့လူတွေဟာ မသိခြင်းငါးပါးနဲ့ ရှင်သန်နေရတယ်။ ကိုယ်ဘယ်အသက်အရွယ်မှာ သေမယ်၊ ဘာကြောင့်သေမယ်၊ ဘယ်အချိန် သေမယ်၊ သေပြီးဘယ်မှာ မြှုပ်နှံသင်္ဂြိုဟ်ခံရမယ်၊ သေပြီးတဲ့နောက် ဘယ်ဘ၀ရောက်မယ်ဆိုတာ မသိကြဘူး။ အဲဒီတော့ အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရားအတွက် အကောင်းဆုံးပြင်ဆင်ထား နိုင်ကြဖို့ လိုတယ်။

ကျွန်တော်တို့တွေ ကိုယ်နေတဲ့မြို့ကနေ တခြားတစ်နေရာရာကို ခရီးထွက်ဖူးကြမှာပါ။ အဲဒီလို အလည်အပတ်သွားကြတဲ့အခါ သေချာတာက ဘယ်သူမှတော့ ဟိုတယ်မှာပဲ နေ့နေ့ညညနားပြီး ပြန်မလာချင်ဘူး ဆိုတာပါပဲ။ အဲဒီလို စားလိုက် အိပ်လိုက်လုပ်နေရင်လည်း ဒီလိုမျိုးခရီး ထွက်ရတာ ဘယ်တန်ပါ့မလဲ။

ဒါဆို တန်အောင် ဘယ်လိုလုပ်မလဲ။

ငါတို့ဒီမြို့ကို ရောက်ရင် ဘယ်တွေသွားလည်မယ်၊ ဘာတွေလုပ်မယ်၊ ဘယ်လိုအစားအစာတွေ စားမယ်ဆိုတဲ့ စာရင်း (Checklist) ရှိရပါ တယ်။ အဲဒါတွေကို ကိုယ်အချိန်ရတဲ့ ရက်ပိုင်းလေးအတွင်း လုပ်ခဲ့နိုင်မှ ဒီခရီးကို လာရတာတန်မယ်။

တကယ်တော့ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ လူ့ဘ၀ထဲကိုရောက်လာတယ်ဆိုတာလည်း မြို့တစ်မြို့ကို ခရီးထွက်လာတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ ဒီကမ္ဘာကြီးတည်နေသရွေ့ နေခွင့်မရဘူး။ အခိုက်အတန့်ပဲ နေလို့ရမယ်။ ခရီးထွက်သလို ရက်ပိုင်းလောက်တော့ မဟုတ်ဘူး။ နှစ်နဲ့ချီ လည်ပတ်ခွင့်ရမယ်။ သို့သော် တစ်ဖက်မှာလည်း ခရီးထွက်တာက ဘယ်နှရက်နေမယ်၊ ဘယ်နေ့ပြန်မယ်ဆိုတာ သတ်မှတ်ထားလို့ရတယ် ဆိုပေမယ့် လူ့ဘ၀ကျ ဘယ်လောက်နေရမယ်၊ ဘယ်နေ့ပြန်ရမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ကိုယ်က ရွေးချယ်လို့မရဘူး။

ခရီးသွားတဲ့အခါ ဘယ်သူမှ ဟိုတယ်လေးမှာပဲတည်းပြီး ပြန်မလာချင်သလို၊ လူ့လောကကြီးထဲကို ရောက်ပြီးမှလည်း အိပ်လိုက်၊ စားလိုက်၊ အလုပ်လေးလုပ်လိုက်နဲ့ လူမသိ သူမသိ ပြန်ထွက်သွားရတယ်ဆို ဘယ်တန်ပါ့မလဲ။ ဒါကြောင့် ကျွန်တော်တို့မှာ လူဖြစ်တုန်းအခိုက်အတန့်၊ လူ့ဘ၀ ဆိုတဲ့နေရာကို အလည်အပတ်ရောက်တုန်း အခိုက်အတန့်မှာ ငါ ဘာတွေလုပ်သွားမယ်ဆိုတဲ့ Checklist ရှိဖို့လိုပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်တော့ တူမှာမဟုတ်ဘူး။ တစ်ယောက်က ပိုက်ဆံတွေရှာပြီး ကိုယ့်မျိုးဆက်ကို ချမ်းချမ်းသာသာ ထားသွားချင် တယ်။ နောက်တစ်ယောက်က တိုင်းပြည်အကျိုးလုပ်သွားချင်တယ်။ တစ်ယောက်က အများအကျိုး သယ်ပိုးသွားချင်တယ်။ စာရေးဆရာ၊ ဆရာဝန်၊ အဆိုတော်၊ အနုပညာရှင်၊ ဒါမှမဟုတ်လည်း ဘာသာရေး ယုံကြည်ချက်အရ တစ်စုံတစ်ရာ ဖြစ်သွားချင်တယ်ဆိုတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ နောက်ပြီး ဘယ်နေရာတွေ ရောက်ဖူးချင်တယ်၊ ဘယ်လိုပုံစံမိသားစုဘ၀လေး ပိုင်ဆိုင်ချင်တယ်၊ မိဘကို လုပ်ကျွေးနိုင်တဲ့သူ ဖြစ်ချင်တယ် စသဖြင့်လည်းဖြစ်ချင်တာတွေ ကွဲပြားနိုင်တယ်။ ဘယ်ဟာ အကောင်းဆုံးရယ်လို့မရှိဘဲ ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ အဓိကဆိုင်တယ်။ ဒါပေမဲ့ သေချာတာက ဒီလို Checklist လေးတစ်ခုတော့ ကျွန်တော်တို့မှာ ရှိရမယ်။

ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ၊ ခုချိန်သေရမယ်ဆို သေဖို့အတွက် အဆင်သင့်ဖြစ်ပြီလားလို့။ ဒီဘ၀မှာ အများအကျိုးအတွက် ဘာမှဖြစ်ဖြစ် မြောက်မြောက် မလုပ်ရသေးဘူး၊ ကိုယ် ဒီလောကကြီးထဲရောက်လာပြီး နေထိုင်အသက်ရှင်ခဲ့ကြောင်း အထောက်အထားအမှတ်အသားကောင်းတစ်ခုခု ချန်မထားနိုင်ခဲ့သေးပါဘူး။ တစ်နေ့တစ်နေ့ အရေးမပါတာတွေလုပ်ရင်း စားလိုက်အိပ်လိုက်နဲ့ပဲ အချိန်ကုန်နေသေးတယ်ဆိုရင်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ပဲ ဖြေရမှာပါ။

ကျွန်တော်တို့ချစ်သူခင်သူတွေနဲ့ရော ခွဲခွာရဖို့ အဆင်သင့်ဖြစ်ပြီလား။ ဆုံတွေ့ခြင်းတစ်ခုဟာ ‘ခေါင်း’ ဆိုရင် ခွဲခွာခြင်းဆိုတာ ‘ပန်း’ ပါပဲ၊ အမြဲတွဲလျက်ပါနေတယ်။ ခေါင်းပဲလိုချင်တယ်၊ ပန်းမလိုချင်ဘူး လုပ်လို့မရသလို ဆုံတွေ့ရတာကိုပဲ ပျော်တယ်၊ ခွဲခွာရမှာကို မခံစားနိုင်ဘူး လုပ်လို့မရပါဘူး။ ခွဲခွာခြင်းဆိုတာဟာ ကျွန်တော်တို့ ရွေးချယ်နိုင်တဲ့အရာ မဟုတ်ဘူး။ ကျွန်တော်တို့ရွေးချယ်လို့ရတာက ဆုံတွေ့နေရတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံကြမလဲဆိုတာပါပဲ။ နောင်တစ်ချိန် အကြောင်းတစ်ခုခုကြောင့် ခွဲခွာရတော့မယ်ဆိုတဲ့အချိန်မှာ ငါသူ့ကိုဒီလိုပြောခဲ့မိတဲ့အတွက် နောင်တရနေတာမျိုး၊ ငါသူ့ကိုချစ်တယ် ခင်တယ်၊ ကျေးဇူးတင်တယ်ဆိုတဲ့ စကားလေး မပြောမိလိုက်ဘူးဆိုတာမျိုး ရှိမနေစေဖို့၊ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားချစ်ခင်ကြဖို့ လိုအပ်ပါတယ်။

တန်ဖိုးရှိတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ တွေဟာ ‘တန်ဖိုး’ ထားတတ်ကြရမယ်။ ဒီဘ၀မှာ လူလာဖြစ်ရတဲ့ ကိုယ့် ဘ၀ကို တန်ဖိုးထားတတ်ရမယ်။ အဲဒီတန်ဖိုးရှိတဲ့ ကိုယ့်ဘ၀ကို အကျိုးရှိရှိ အသုံးချသွားရမယ်။ ဒါကြောင့် Checklist လေးတစ်ခုတော့ ရှိရမယ်။ ကိုယ်ပိုင်ဆိုင်ခွင့်မရတဲ့၊ ဆုံးရှုံးလိုက်ရတဲ့အရာတွေအတွက် ကြေကွဲဝမ်းနည်းနေမယ့်အစား ကိုယ့်ဆီမှာရှိတဲ့အရာတွေကို တန်ဖိုးထားတတ်ရမယ်။ ကိုယ့်မိသားစု၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ကို ကျေးဇူးပြုခဲ့ဖူးသူတွေကို တန်ဖိုးထားကြရမယ်၊ ချစ်ခင်ကြရမယ်။ တစ်နေ့တာချင်းစီကို တန်ဖိုးထားရင်း တန်ဖိုးရှိရှိနေသွားနိုင်ကြဖို့ လိုပါတယ်။ ဒါဆို မမျှော်လင့်ဘဲရောက်လာနိုင်တဲ့ အရာတစ်ခုအတွက်လည်း တစ်စုံတစ်ရာ အသင့်ပြင်ပြီးသား ဖြစ်နေပါလိမ့်မယ်။

ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ အကျိုးရှိတာတစ်ခုခုလုပ်ဖို့ကို တုံ့ဆိုင်းနေစရာ အချိန်မရှိပါဘူး။ 

 

ဒေါက်တာဖြိုးသီဟ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *