မူးယစ်ဆေးပပျောက်ရေး ဂါထာမန္တန်အသစ်

မကောင်းဆိုးဝါး ပပျောက်စေရန် ဂါထာမန္တန် ရွတ်ဖတ်ရသည်။ အဘယ်ကြောင့်နည်း။

ဘုန်းတော်ကြီးကျောင်းများတွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိသည်။ သံဃာပါဝင်သည့် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်နေကြ ခြင်းဖြစ်သည်။

“မူးယစ်ဆေးသုံးစွဲတဲ့နေရာတွေ ပိုတောင်ပေါလာတယ်။ ခင်ဗျားတို့ သတိထားမိမှာပါ။ နောက်ဆုံး ဘုန်းကြီးကျောင်းနှစ်ကျောင်းထဲက ကျွန်တော်တို့ မိတယ်ဗျ။ ကိုင်း…” ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မချိတင်ကဲ ဆိုလိုက်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် မန္တလေးခရိုင် ဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သူများကို ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အရင်တုန်းက အဲဒီနေရာတွေ မရှာရဲဘူးဗျ။ အခု သတင်းပေးတယ်။ သတင်းရတယ်။ ဝင်ရှာတယ်။ မိတယ်။ ပြောချင်တာက နေရာဌာနအားလုံးဟာ ဝိသမလောဘသားတွေရဲ့ နေရာတွေ ဖြစ်လာပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လူငယ်တွေဘ၀ကို ခြိမ်းခြောက်နေတာ” ဟု ဒေါက်တာ ဇော်မြင့်မောင်က စိုးရိမ်စိတ်ဖြင့် ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ချမ်းမြအောင်စည်ရိပ်သာဝင်းတွင် သီတင်းသုံးသည့် အရှင်အာစိဏ္ဏထံမှ မူးယစ်ဆေးဝါးများဖမ်းမိခဲ့သည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

၎င်းနေထိုင်သည့် အိမ်ခန်းအတွင်းနံရံတွင် ချိတ်ထားသည့် ဘုန်းကြီးလွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၃ ပြား၊ ငွေကျပ်ငါးသောင်းကျော်၊ ဖုန်းတစ်လုံးတို့နှင့်အတူ သာသနာဝင်စိစစ်ရေးကတ်ပြားကို တွေ့ရှိခဲ့ပြီး ထပ်မံရှာဖွေရာ စာအုပ်စင်၊ သစ်သားဘီရိုအံဆွဲ၊ ဘီရိုပေါ်ရှိ ဆောင်းဘောက်တို့အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၂၀၀ ပြားကို တွေ့ရှိခဲ့သည်။

ယင်းကြောင့် အသက် ၅၂ နှစ်အရွယ် ဦးအေးကျော် (ခ) အရှင်အာစိဏ္ဏ (၁၃ ဝါ) ကို လူဝတ်လဲစေပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်းက အရေးယူခဲ့သည်။

ထိုမျှမကသေး။ အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း သံဃာပါဝင်သည့် မူးယစ်ဆေးရောင်းချနေမှုကို ဖမ်းမိခဲ့သေးသည်။

ပုသိမ်ကြီးမြို့ ရန်ကင်းတောင်ပတ်လမ်း သတိပဋ္ဌာန်ကျောင်းတိုက် သီရိရတနာရန်အောင်မြေ ကျောင်းဆောင်တွင် သီတင်းသုံးသည့် ဦးစန္ဒောဘာသသည် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲကြောင်း သတင်းပေးတိုင်တန်းမှုအရ ရှာဖွေဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

ရှာဖွေရှာတွင် အသက် ၄၉ နှစ် အရွယ် ဦးစန္ဒောဘာသ (ခ) ဦးစိုးမိုး (၁၈ ဝါ) နှင့်အတူ အားချန်(ခ) မျိုးမြင့် (၄၉ နှစ်)၊ ဦးအောင်လတ် (၂၈ နှစ်) တို့ကို ပန်းရောင်စိတ်ကြွဆေးပြား ၂၉၈ ပြား၊ ဘိန်းဖြူ ၇၃ ဂရမ်၊ စုစုပေါင်း ကျပ်သိန်းခြောက်ဆယ်တန်ဖိုးကို ဖမ်းဆီးရမိခဲ့သည်။ ယင်းအပြင် မူးယစ်ဆေးရောင်းရငွေ ကျပ်နှစ်သိန်းကျော်ကိုလည်း တွေ့ရှိခဲ့ရသည်။

ကျွန်တော်တို့ သတင်းထဲတောင်မှ သင်္ကန်းဝတ်လို့ ထည့်ထားတာပေါ့။ တကယ့်ကို ဝိနည်းနဲ့အညီ ဟုတ် မဟုတ် ဆိုတာ သူတို့ကိုယ်တိုင်မှ သိမှာပေါ့။ ငယ်ဖြူမဟုတ်ဘဲနဲ့ ကြီးမှဝတ်တဲ့ သင်္ကန်းဝတ်လို့ ဖြေရမှာပေါ့။ နှစ်မှုစလုံး အတူတူပါပဲ” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောဆိုသည်။

၎င်းတို့ကို စစ်ဆေးချက်အရ ရောင်းချရန် လာရောက်အပ်နှံထားခြင်းဖြစ်ပြီး လာအပ်သူ၏ နေရပ်လိပ်စာကို အတိအကျမသိရှိဟု ထွက်ဆိုကြကြောင်း ခရိုင်ရဲမှူးက ဆက်လက်ပြောဆိုသည်။

မန္တလေးမြို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုများပြားသည့် ဒေသတစ်ခုဖြစ်သည်။ မူးယစ်ဇုန်ဟု နာမည်ထွက်သည့် ကမ်းနားလမ်းနှင့် ဇီးအုပ် စသည့်နေရာများကို ရဲတပ်ဖွဲ့က အင်အားဖြင့် ဝင်ရောက်စီးနင်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

သို့သော် အမြစ်ပြတ်သည်အထိတော့ မပြုလုပ်နိုင်သေး။ ဩဂုတ်လအတွင်းက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့်နေရာများကို ရဲတပ်ဖွဲ့က စီးနင်းသည့်အခါ မူးယစ်သားကောင်တို့အတွက် သုံးစွဲရန်နေရာပျောက်သွားပြီး ကျောက်ဆည်မြို့နယ်ဘက်တွင် အယောက် ၈၀ နီးပါး ဖမ်းမိကာ အချုပ်ခန်းမဆံ့သဖြင့် အခြားမြို့နယ်များသို့ ပို့ဆောင်ခဲ့ရသည်။

၎င်းတို့သည် ကျောက်ဆည်မှ မဟုတ်ဘဲ မူးယစ်ဆေးသုံးစွဲရန် မန္တလေးဘက်မှလာသူများဟု ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ပြောဆိုခဲ့သည်။

ယင်းအပြင် အုပ်စုဖွဲ့၍ မူးယစ်ဆေးသုံးစွဲမှုများ ပြုလုပ်နိုင်သည့် ကျူးကျော်တဲများကိုလည်း ရဲတပ်ဖွဲ့နှင့် စည်ပင်တို့က ပူးပေါင်း၍ ရှင်းလင်းမှုများ ပြုလုပ်နေသည်။

ထိုသို့သော အကြောင်းခြင်းရာများကြောင့် မူးယစ်ဆေးဝါးစားကျက်သည် ဘုန်းကြီးကျောင်းများဘက်သို့ လှည့်သွားဟန်ရှိသည်။

“ဘုန်းကြီးကျောင်းတွေမှာ မူးယစ်ဆေးနဲ့ လောင်းကစား စတဲ့ တရားမဝင်တဲ့အလုပ်တွေ မရှိစေရေးအတွက် ဟိုးအရင်ကတည်းက စည်းကမ်းသတ်မှတ်ထားတာရှိတယ်။ လိုက်စစ်ဆေးတာ ရှိတယ်။ အခုလည်း စက်တင်ဘာလ ၂ ရက်နေ့ကနေ ပြန်ပြီးတော့ စစ်ဆေးနေတာ ရှိတယ်” ဟု ချမ်းအေးသာစံမြို့နယ် သာသာနာထိန်းသိမ်းရေးအဖွဲ့ဝင် ဆရာတော် ဦးကဝိန္ဒက မိန့်ကြားသည်။

စစ်ဆေးသည့်ရက်မှ ငါးရက်အတွင်း လောင်းကစားဒိုင်များ၊ ဘုန်းကြီးကျောင်းနှင့် မအပ်စပ်သည့် လုပ်ငန်းများ မရှိစေရန်အတွက် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဆရာတော်က မိန့်သည်။

ဘုန်းတော်ကြီးကျောင်းများတွင် ဥပဒေနှင့် မလွတ်ကင်းသောပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ စီးပွားဖြစ် ကုန်ပစ္စည်းများ သိုလှောင်ထားခြင်း၊ စီးပွားရေးလုပ်ငန်းများ လက်ခံထားရှိခြင်း၊ စီးပွားရေးလုပ်ကိုင်နေသည့် လူပုဂ္ဂိုလ်များ အမြဲနေထိုင်မှုနှင့် ကျောင်းဝင်းအတွင်း လူနေအိမ် များကိုဖယ်ရှားရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားထားပြီး ဖြစ်သည်။

မန္တလေးမြို့တွင် ဘုန်းတော်ကြီး ကျောင်းပေါင်း ၂၆၀၀ ကျော်ရှိသည်။ ကျောင်းတိုက်ပေါင်းက ၈၀၀ ကျော်ရှိ သည်။ ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို သံဃာအဖွဲ့အစည်းများက ညွှန်ကြားချက်များ ထုတ်ပြန်ပေးနေပြီး မိမိတို့ကလည်း အဖွဲ့အစည်းများဖြင့် လိုက်လံစစ်ဆေးပေးခြင်းများ ပြုလုပ်ပေးသည်ဟု မန္တလေးတိုင်းသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က ဆိုသည်။

“သတင်းရရင် သွားရောက်စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ သစ်သိုလှောင်တာတွေ မကြာခဏမိတယ်” ဟု ၎င်းကပြောသည်။

ဘုန်းကြီးကျောင်းဝင်းများသို့ သွားရောက်စစ်ဆေးသတိပေးခြင်းများကို မိမိတို့မြို့နယ်တစ်ခုတည်းကသာ လုပ်ဆောင်နေပြီး အခြားမြို့နယ်များကပါ လိုက်လံလုပ်ဆောင်နိုင်လျှင် ဘုန်းကြီးကျောင်းဝင်းများအတွင်း သန့်ရှင်းသွားမည်ဟု ချမ်းအေးသာစံမြို့နယ် သာသာနာထိန်းသိမ်းရေးအဖွဲ့ဝင် ဆရာတော် ဦးကဝိန္ဒက မိန့်ဆိုသည်။

မကြာခဏ သွားရောက်စစ်ဆေးမည်ဖြစ်ပြီး ဘုန်းကြီးကျောင်းနှင့် မအပ်စပ်သည့်လုပ်ငန်းများ လုပ်ကိုင်နေလျှင် ကျောင်းတိုက်အမည်၊ ဆရာတော်ဘွဲ့၊ ဓာတ်ပုံ စသည်တို့ကို သတင်းစာများတွင် ထည့်သွင်းမည်ဟု ဆရာတော်က ထပ်လောင်းမိန့်ဆိုသည်။

မူးယစ်ဆေးဝါး၊ လောင်းကစား စသည့်အလုပ်များကို ဘုန်းတော်ကြီးကျောင်းဝင်းများတွင် မပြုလုပ်လျှင် အကောင်းဆုံးဟု ဆရာတော်က ထပ်မံ မိန့်သည်။

“ဘုန်းကြီးကျောင်းတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ သံဃနာယကတို့၊ သာသနာရေးတို့နဲ့ ပေါင်းပြီးတော့ ဥပဒေနဲ့မညီတဲ့အလုပ်ကို ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူမှာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ခိုင်မာတဲ့သတင်းတော့ ရှိဖို့လိုတာပေါ့” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင် က ပြောသည်။

သို့သော် လွယ်ကူသည်တော့ မဟုတ်။ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်အမှုကို ဖမ်းမိရန် ခက်ခဲသည်။ ပစ္စည်းနှင့် တွဲလျက်ဖမ်းမိရန် ပို၍ ခက်ခဲသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ရဟန်းသံဃာနှင့် ပတ်သက်၍လည်း အထူးသတိထားရသည်။ မလိုလားသည့် အဖြစ်အပျက်များဖြစ်မည်ကို စိုးရိမ်ရသည်။ အုပ်ချုပ်မှုလျော့နည်းနိုင်သော ဖြစ်စဉ်ဖြစ်မည်ကိုလည်း စိတ်ပူရသည်။ တရားခံကို ဖမ်းဆီးသည့်အခါ ခုခံကာကွယ်မည်ကိုလည်း ဂရုစိုက်ရသည်ဟု ခရိုင်ရဲတပ် ဖွဲ့မှူးက ရဲတို့၏ အခက်အခဲကို ရှင်းပြသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးနှင့် ပတ်သက်၍ ပြည်သူများပူးပေါင်းပါဝင်မှုမရှိဟု ဝန်ကြီးချုပ်က မကြာခဏ ပြောလေ့ရှိသည်။ သို့သော် လက်ရှိတွင်မူ သတင်းပေးမှုများ ရှိလာပြီဟု ၎င်းက ဝမ်းမြောက်ဝမ်းသာ ပြောသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ်ဆေးဖမ်းမိခြင်းမှာလည်း သမ္မတရုံးက ဖွဲ့စည်းထားသည့် မူးယစ်သတင်းတိုင်ကြားနိုင်သည့်ဌာနသို့ ပေးပို့သည့် တိုင်ကြားစာများမှတစ်ဆင့် ဖမ်းဆီးနိုင်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်လာပြီ။ ဘုန်းကြီးကျောင်းများတွင်လည်း မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လုပ်ငန်းများမလုပ်ရန် ဆောင်ရွက်နေကြပြီ။ မူးယစ်ဆေးပပျောက်ရန် သံဃာတော်များပင် ပူးပေါင်းဆောင်ရွက်လာသည့် အနေအထားပင်။

သို့ဆိုလျှင် မူးယစ်ဆေးကိစ္စ ပပျောက်နိုင်တော့မည်လား။

“မူးယစ်ဖမ်းမိမှု အလွန်များပါတယ်။ ပြီးမလား မပြီးနိုင်ပါဘူး။ လူငယ်မျိုးဆက်သစ်တွေ ပေါ်လာဦးမှာပဲ။ စီးပွားရှာတဲ့သူတွေရှိနေတာ၊ အလွယ်တကူ ဖြတ်လမ်းလိုက်မယ့်သူတွေ ရှိနေတာ။ ဒါတွေကိုတားဖို့က အမျိုးသားရေးတာဝန်၊ အားလုံးမှာ တာဝန်ရှိတာပဲ” ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဆိုလေသည်။

မန္တလေးမြို့တွင်တော့ သံဃာတော်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများပူးပေါင်းကာ ဂါထာမန္တန်အသစ်ဖြင့် မူးယစ်ဆေးကို မောင်းထုတ်နေပြီ ဖြစ်သည်။

 

မြတ် (ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *