မလုံခြုံသေးသည့် ဧရာဝတီအပိုင်စားများ

ဦးတင်မြို့တွင် လင်းပိုင်မိတ်ဆွေသုံးကောင်ရှိသည်။ ကုပ်မကြီး၊ လည်ဝိုင်းမနှင့် ရွှေညီကိုတို့ဖြစ်သည်။ လည်ကုပ်ခုံးနေသဖြင့် ကုပ်မကြီးဟု အမည်ပေးခြင်းဖြစ်ပြီး လည်ပင်းတွင် ပလတ်စတစ်စွပ်နေသကဲ့သို့ အရစ်ရှိနေသဖြင့် လည်ဝိုင်းမဟု အမည်ပေးခြင်းဖြစ်သည်။

ဦးတင်မြို့သည် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေတွင်ပါဝင်သည့် မန္တလေးတိုင်း မတ္တရာမြို့နယ် မြေစွန်းကျေးရွာက ရေလုပ်သားဖြစ်သည်။

ငါးဖမ်းရာတွင် ကူညီပေးသည့်ကုပ်မကြီးသည် ဧရာဝတီမြစ်ထဲရှိ လင်းပိုင်များထဲတွင် အကြီးဆုံးဖြစ်သည်။ နှစ် ၂၀ ကျော် ငါးဖမ်းရာတွင် ကူညီပေးခဲ့သည့် ကုပ်မကြီးသည် ၂၀၁၅ ခုနှစ်တွင် သေဆုံးပြီး ဘက်ထရီရှော့ခ်ကြောင့် သေဆုံးသည်ဟုယူဆကြောင်း ဦးတင်မြို့က ပြောဆိုသည်။

ခြောက်နှစ်ခန့် ကူညီပေးခဲ့သည့် လည်ဝိုင်းမမှာလည်း ၂၀၁၇ ခုနှစ်တွင် သေဆုံးကြောင်း ၎င်းကဆိုသည်။

ယင်းလင်းပိုင်နှစ်ကောင်သေပြီးနောက် လက်တွဲလိုက်သည့် ရွှေညီကိုမှာ လက်ရှိငါဖမ်းရာတွင် ကူညီပေးနေသူ ဖြစ်သည်။ ရွှေကဲ့သို့ တန်ဖိုးထားသဖြင့် ရွှေညီကိုဟု အမည်ပေးခြင်းဖြစ်ကြောင်း ဦးတင်မြို့က ပြောဆိုသည်။

မန္တလေးနှင့် ကျောက်မြောင်းကြားတွင် ကျက်စားသည့် ရွှေညီကိုအကူအညီဖြင့် ငါးဖမ်းနေပြီး ယင်းသို့ အကျိုးပြုသည့် ဧရာဝတီလင်းပိုင်များ မျိုးမသုဉ်းရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဦးတို့မှာ တစ်သက်လုံး ငယ်ငယ်ကတည်းက လင်းပိုင်တွေနဲ့ နေလာတာ။ အကျိုးပြုလာတာ။ လင်းပိုင်တွေ ရှိနေမှ ဖြစ်မယ်” ဟု ဦးတင်မြို့က ပြောဆိုသည်။

၎င်းသည် ၂၀၀၂ ခုနှစ်က စတင်သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်သူလည်းဖြစ်သည်။ ဦးတင်မြို့ကဲ့သို့ ရေလုပ်သားများ ငါးဖမ်းရာတွင် အကူအညီပေးနေခြင်းဖြစ်သည်။ ကမ္ဘာကျော်သည့် ဧရာဝတီလင်းပိုင်များ မြန်မာ့မြေတွင် ဘေးကင်းပါ၏လော။

မျိုးမသုဉ်းစေရေး

ဝါကျင့်ကျင့်မြစ်ရောင်ပေါ်တွင် တံလျပ်အလား အရိပ်မည်းမည်းလေး လှုပ်ရှားနေသည်။ မြင်းကွင်းမှ ပေါ်လိုက် ပျောက်လိုက်နှင့်။ မျက်လုံးချဲ့ကာ သေချာကြည့်လိုက်ချိန်တွင် ဧရာဝတီမြစ်ထဲတွင် ရှင်သန်နေထိုင်သော လင်းပိုင်များ ဦးခေါင်းထိုးထွက်ကာ ရေပြင်ပေါ်မေးတင်ပြီး အသက် ရှူနေခြင်းပင်။

ထိုဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းစောင့်ရှောက်လာကြသည်မှာ ၁၆ နှစ်ရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များစွာက ဂရုမပြုမိသည့် ဧရာဝတီလင်းပိုင်များ သက်တမ်းရှည်စွာနေနိုင်ရေးအတွက် ထိန်းသိမ်းကူညီမည့်သူများ ရောက်ရှိလာခဲ့သည်။ ၂၀၀၂ ခုနှစ်ဝန်းကျင်တွင် ဧရာဝတီလင်းပိုင်အကောင်ရေ ၁၀ ကောင် ကျော်သာရှိခဲ့ရာမှ ယခုနှစ်တွင် ၇၀ ကျော်အထိ ရှိနေပြီ ဖြစ်သည်။

ပထမဆုံး လင်းပိုင်ထိန်းသိမ်းရေးဧရိယာကို ၂၀၀၅ ခုနှစ်တွင် မန္တလေးတိုင်း မင်းကွန်းမှ ကျောက်မြောင်းအထိ သတ်မှတ်ထားသည်။ ယင်းနောက်တွင်မူ ဧရာဝတီလင်းပိုင်များ ကျယ်ပြန့်စွာရှင်သန် နေထိုင်နိုင်ရေးအတွက် ထိန်းသိမ်းရေးဧရိယာတိုးချဲ့လိုက်သည်။

ဧရာဝတီမြစ်တစ်လျှောက် မန္တလေးမှ ဗန်းမော်အထိ ကီလိုမီတာ လေးရာခန့်အတွင်း ဧရာဝတီလင်းပိုင်များ အပိုင်စားရထားသည့် နေရာသုံးခုရှိသည်။ မင်းကွန်းမှ ကျောက်မြောင်းအထိ ၇၂ ကီလိုမီတာ၊ ထီးချိုင့်မြို့နယ်မှ ရွှေကူမြို့အကြား ၁၁၈ ကီလိုမီတာ၊ ဗန်းမော်မြို့နယ် ဆင်ခန်းရွာမှ ဗန်းမော်မြို့အကြားတွင် ၅၀ ကီလိုမီတာ ဖြစ်သည်။

ရေချိုတွင်သာ ရှင်သန်ပေါက်ဖွားသည့် မြန်မာ့မျိုးစိတ်ဖြစ်သော နို့တိုက်သတ္တဝါ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးသက်တမ်း ၁၆ နှစ်အတွင်း တိုးတက်လာသည်။ ယခုနှစ် စာရင်းကောက်ယူမှုများအရ ဧရာဝတီလင်းပိုင်အကောင်ရေ ၇၆ ကောင် ရှိပြီဖြစ်သည်။

သို့ရာတွင် ခြိမ်းခြောက်ခံရမှုက ရှိနေဆဲပင်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ ဧရာဝတီလင်းပိုင်သည် တစ်နှစ်လျှင် သုံးကောင်ခန့် သေဆုံးနေကြောင်း မြေစွန်းကျေးရွာမှ ရေလုပ်သား ဦးတင်မြို့က ပြောဆိုသည်။

လက်ရှိတွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာအသစ်ဖြစ်သည့် ဧရာဝတီမြစ် (ထီးချိုင့်မြို့မှ ရွှေကူမြို့) ကြားတွင်နေထိုင်သည့် ဒေသခံများကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်မည်ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) ထံမှ Ayeyawaddy Landscape Coordinator ဦးနိုင်လင်း က ပြောကြားသည်။

ယင်းဧရိယာတစ်လျှောက်တွင် မြန်မာ့မျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်မျိုးစိတ်များ ပိုမိုရှင်သန်နေထိုင်နိုင်ရေး လုပ်ဆောင်မည်ဖြစ်ပြီး သုတေသနလုပ်ငန်းများလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် လက်ရှိကျင့်သုံးနေသည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းစီမံချက် (Management Plan) ကို ပြည့်စုံအောင်လုပ်ဆောင်မည်ဟု ၎င်းက ပြောဆိုသည်။ ၂၀၀၂ ခုနှစ် နောက် ပိုင်းမှသာ ယင်းစီမံချက်ကို စတင်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ပူးပေါင်းပြီး ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးနှင့် နည်းစနစ်ပိုင်းများ ထောက်ပံ့ပေးကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ စီမံကိန်းမန်နေဂျာ ဦးကျော်လှသိန်းက ပြောကြား သည်။

ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းရှိသည်။ ကင်းလှည့်ခြင်းနှင့် အသိပညာပေးခြင်းဖြစ်သည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့များပါဝင်ကာ တစ်လလျှင် နှစ်ကြိမ်ကင်းလှည့်ပြီး တရားမဝင်ငါးဖမ်းမှု ဘက်ထရီရှော့ခ်တိုက်သူများကို ဖမ်းဆီးကြောင်း ဦးကျော်လှသိန်းက ပြောဆိုသည်။

ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကလေးများပါဝင်နိုင်ရန် ရည်ရွယ်ကာ ဒေသခံရေလုပ်သားများပါမက ဒေသခံကလေးများကိုပါ ဧရာဝတီလင်းပိုင်အကြောင်း၊ ငါးလုပ်ငန်းဥပဒေအကြောင်း အသိပညာပေးကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် ရှားပါးလာသည့်လင်းပိုင်အကြောင်း ရေးသားထားသည့် ဗလာစာအုပ်များကိုလည်း ဖြန့်ဝေကြောင်း ဦးကျော်လှသိန်းက ဆက်လက်ပြောဆိုသည်။

“လက်ဆင့်ကမ်းထိန်းသိမ်းရမယ့် အဖိုးတန်သဘာဝအမွေအနှစ်ကို ကျောင်းသားသူငယ်တွေ စိတ်ထဲမှာ ထိန်းသိမ်းရကောင်းမှန်းသိအောင် လုပ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါလုပ်ငန်းများကို မန္တလေးနှင့် ကျောက်မြောင်းကြားရှိ ကျေးရွာ ၈၀ တွင် ပြုလုပ်ထားသည်။ ယင်းအနက် ကျေးရွာခြောက်ရွာက ရေလုပ်သားများသည် လင်းပိုင်နှင့် ငါးဖမ်းသည့် ဓလေ့များရှိသည်။ လင်းပိုင်နှင့် လက်ပွန်းတတီးရှိသည့် ရေလုပ်သားများလည်းရှိပြီး လင်းပိုင်များ ကိုလည်း ထိန်းကျောင်းနိုင်သည်။

ငါးဖမ်းရာတွင် ကူညီသည့် လင်းပိုင်များတွင် ရိုက်လင်းပိုင်နှင့် တိုက်လင်းပိုင်ဟု ရှိကြောင်း လင်းပိုင်နှင့် အကျွမ်းတဝင်ရှိသည့် မြေစွန်းကျေးရွာက ရေလုပ်သား ဦးတင်မြို့က ပြောဆိုသည်။

ရေနက်ပိုင်းအတွင်းက ငါးများ ရေလုပ်သားများထံ ရောက်ရှိလာရေးအတွက် လမ်းကြောင်းပေးသည့် လင်းပိုင်ကို တိုက်လင်းပိုင်ဟု ခေါ်သည်။ ငါးများရောက်ရှိသည်ကို လင်းပိုင်က အမြီးကို ရေပေါ်ပုတ်ပြကာ အချက်ပြလေ့ရှိကြောင်း ဦးတင်မြို့က ဆိုသည်။ ယင်းနောက် ရေလုပ်သားများက ကွန်ပစ်ကာ ငါးဖမ်းခြင်းဖြစ်သည်။

လင်းပိုင်အုပ်စုတွင် လင်းပိုင်အစ်မများက ယင်းသို့ရိုက်ပုတ်အသိပေးတတ်ပြီး အထီးက ဘေးကစောင့်ရှောက်ပေးကြောင်း ၎င်းကပြောဆိုသည်။

“ဦးတို့ လုပ်ငန်းပြီးပြီဆို သူလည်း ညောင်းပန်းနေပြီဆို သူ့သားသမီးနဲ့သူ ကပ်နေတယ်။ အပန်းဖြေတယ်။ လင်းပိုင်တွေကို အချိန်တိုင်း ချော့ခိုင်းလို့မရဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ငါးဖမ်းရာတွင် နေ့ခင်းဘက်ကူညီပေးသည့် နေ့လင်းပိုင်နှင့် ညဘက်တွင်ကူညီပေးသည့် ညလင်းပိုင်ဟုရှိပြီး ယင်းလင်းပိုင်များကို ရေလုပ်သားများက ခွဲခြားတတ်ကြောင်း ၎င်းက ရှင်းပြသည်။ ယင်းသို့ လင်းပိုင်များက ရေလုပ်သားနှင့်အတူ ငါးဖမ်းခြင်းဖြင့် အပြန်အလှန် အကျိုးပြုနေထိုင်ကြသည်။ ရင်းရင်းနှီးနှီး ရှိကြသည်။ မိတ်ဆွေကောင်းများ ဖြစ်သည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းကို ၂၀၀၂ ခုနှစ်တွင် စတင်ရာ ဧရာဝတီလင်းပိုင်အကောင်ရေ ၁၀ ကောင် ကျော်သာရှိသည်။ ယင်းကြောင့် မျိုးသုဉ်းပျောက်ကွယ်နိုင်မည်ကို စိုးရိမ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ၂၀၀၂ ခုနှစ်အတွင်း ငါးလုပ်ငန်းဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ ရန်ကုန်တက္ကသိုလ်နှင့် အခြားသော အစိုးရဌာနများပါဝင်ကာ ဧရာဝတီမြစ်တစ်လျှောက် လေ့လာခဲ့ကြောင်း မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်ဝင်းက ပြောဆိုသည်။

ယင်းကာလများက တပ်မတော် အစိုးရလက်ထက်ဖြစ်၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိသည်။ ထို့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိ စာတင်တောင်းဆိုရကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

ယင်းအပြင် လင်းပိုင်နှင့် ရေလုပ်သားများ ငါးဖမ်းသည့်ဓလေ့ မပျောက်မပျက်သွားအောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်ဝင်းက ဆိုသည်။

ဧရာဝတီဟု အမည်ပေးထားသည့် လင်းပိုင်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘော ဒီးယားနှင့် ထိုင်းနိုင်ငံ စသည့်နိုင်ငံများတွင်လည်း ရှိသည်။ သို့သော်လည်း ယင်းလင်းပိုင်ကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိသဖြင့် ဧရာဝတီလင်းပိုင်ဟု ယင်းနိုင်ငံများက ခေါ်ဝေါ်သုံးစွဲရသည်။

“ဧရာဝတီလင်းပိုင်ကို ကမ္ဘာပေါ်မှာလည်း ဒီနာမည်ပဲ သုံးတယ်။ ဧရာဝတီမြစ်မှာ ဧရာဝတီလင်းပိုင် ပျောက်ပျက်သွားမှာ စိုးရိမ်လို့ ထိန်းသိမ်းရေးလုပ်တာ” ဟု ဦးဟန်ဝင်းက ပြောကြားသည်။

ကမ္ဘာကျော်များ ကျက်စားရာ

ဧရာဝတီလင်းပိုင်များသည် ကမ်းရိုးတန်း ရေတိမ်ပိုင်းတွင် ကျက်စားသည်။ ကမ္ဘာ့နိုင်ငံများ၌လင်းပိုင်အရေး ဆွေးနွေးရာတွင် ဧရာဝတီလင်းပိုင်ဟုသာ သုံးစွဲကြသဖြင့် ဧရာဝတီဟူသည့် အမှတ်အသားကို ထိန်းသိမ်းရမည်။

အေဒီ ၈ ရာစုကတည်းက ဧရာဝတီမြစ်ထဲတွင် ဧရာဝတီလင်းပိုင်များကျက်စားသည်ဟု တရုတ်တန်မင်းဆက်သမိုင်းအရ တွေ့ရှိရသည်ဟု သားငှက်ထန်းသိမ်းရေး အဖွဲ့ (WCS) ထံမှ သိရသည်။

သက်သေအထောက်အထားများဖြင့် မှတ်တမ်းဝင်သည့် အချိန်က ၁၉ ရာစု တွင်ဖြစ်သည်။ သဘာဝဗေဒပညာရှင် ဂျွန်အန်ဒါဆင်က ဧရာဝတီမြစ်အတွင်း တွေ့ရှိခဲ့ရာမှ ဧရာဝတီလင်းပိုင် (Irrawaddy Dolphin) ဟု ကမ္ဘာ့စာရင်းဝင်သည်။ သိပ္ပံအမည်မှာ Orcaella brevirostris  ဖြစ်သည်။

ဧရာဝတီလင်းပိုင်များသည် ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်ကြာမြင့်သဖြင့် သုံးနှစ်ကြာပြီးမှ တစ်ကောင်သာ မွေးဖွားနိုင်သည်။ နို့တိုက်သတ္တဝါ ဧရာဝတီလင်းပိုင်၏ သက်တမ်းမှာ နှစ် ၃၀ မှ ၅၀ ကြား ရှိသည်။

မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ်ကြောင်း (မန္တလေးမြို့မှ ဗန်းမော်)၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင်လည်း တွေ့ရသည်။ ယင်းအပြင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတွင်လည်း ကျက်စားသည်။

ဧရာဝတီလင်းပိုင်များသည် မန္တလေး မြို့မှ ကျောက်မြောင်းအကြားတွင် ၂၆ ကောင်၊ ထီးချိုင့်မြို့နယ်မှ ရွှေကူမြို့အကြားတွင် ၃၇ ကောင်၊ ဆင်ခန်းမှ ဗန်းမော်အကြားတွင် ၁၃ ကောင် စုစု ပေါင်း ၇၆ ကောင် ရှင်သန်ကျက်စားသည်။

ခြိမ်းခြောက်ခံနေရသည်

မွေးဖွားနှုန်းနည်းသည့် ဧရာဝတီလင်းပိုင်များတွင် ခြိမ်းခြောက်ခံရမှုများ ရှိနေသည်။ ယင်းက ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းဖြစ်သည်။
ဧရာဝတီလင်းပိုင်များ သေဆုံးမှုတွင် ပိုက်ကွန်များတွင် ငြိခြင်း၊ ဘက်ထရီရှော့ခ်တိုက်ခြင်းတို့ကြောင့် သေဆုံးမှုများကြောင်း၊ ဘက်ထရီရှော့ခ်တိုက်ရာတွင်လည်း ဘက်ထရီသာမက မီးစက်များဖြင့် ရှော့ခ်တိုက်သည်အထိ ရှိလာကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးခင်မောင်မော်က ပြောကြားသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေရင်းပင် ယခုနှစ်တွင် တရားမဝင်ငါးဖမ်းဆီးမှု (ဘက်ထရီ ရှော့ခ်တိုက်မှု) ကြောင့် ဧရာဝတီလင်းပိုင်သုံးကောင် သေဆုံးခဲ့သည်။

တရားမဝင် ငါးဖမ်းနေခြင်းများကို တွေ့ရှိပါက တိုင်းနှင့် ပြည်နယ်ဥပဒေများအရ တရားစွဲအရေးယူကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောဆိုသည်။

ဧရာဝတီလင်းပိုင်များ ခြိမ်းခြောက်ခံနေရမှု ကာကွယ်နိုင်ပြီး ဒေသခံများကိုယ်တိုင် အကျိုးခံစားရမည့် ဧရာဝတီလင်းပိုင်ဂေဟခရီးသွားလုပ်ငန်း (Ecotourism) ကို ၂၀၁၄ ခုနှစ်က အကောင်အထည်ဖော်ခဲ့သည်။

နိုင်ငံခြားသား တော်တော်များများက ဧရာဝတီလင်းပိုင်များကို ကြည့်ရှုရန် စိတ်ဝင်စားကြပြီး ဧရာဝတီလင်းပိုင်ဂေဟခရီးသွားလုပ်ငန်း မလုပ်ခင်ကပင် လာရောက်ကြည့်ရှုကြကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ထံမှ သိရသည်။

အဆိုပါ ခရီးစဉ်တွင် ဧရာဝတီလင်းပိုင်များနှင့် ရေလုပ်သားများအတူ ငါးဖမ်းပြကြောင်း ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာလူထုအခြေပြုသဘာဝ အခြေခံခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ မြေစွန်းကျေးရွာမှ ရေလုပ်သား ဦးတင်မြို့က ပြောဆိုသည်။

ယင်းသို့ ပြုလုပ်ခြင်းမှာ ဧရာဝတီလင်းပိုင်များ သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းက ထိန်းသိမ်းခြင်းပင်ဖြစ်သည်။

လင်းပိုင်များနှင့်ပတ်သက်၍ ဦးတင်မြို့က အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“လင်းပိုင်တွေမှမရှိရင် လုပ်စားစရာမရှိဘူး” 

 

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *