လူကုန်ဈေးကွက် လားရာ

ဓာတ်ပုံ - မိုးကျော်လွင်

ကျေးလက်ဒေသများတွင် နို့သောက်နှင့် တုတ်ထောက်သာ ကျန်တော့သည်ဟု ပြောဆိုရမည့် ကိန်းဆိုက်နေသည်။

အရွယ်ကောင်းလူငယ်များနှင့်အလုပ် လုပ်ကိုင်နိုင်သည့် အသက်အရွယ်၄၀ကျော် အထိ ပြည်ပနိုင်ငံများတွင် ဝမ်းရေးအတွက် သွားရောက်လုပ်ကိုင်မှုများပြားခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပြီး ဖွံ့ဖြိုးမှုအနိမ့်ဆုံး ကျေးလက်ဒေသများတွင် ဖြစ်သည်။

အလုပ်အကိုင်ရှားပါးမှု၊ လုပ်ကိုင်နေရသည့်အလုပ်တွင်လည်း ဝင်ငွေနည်းပါးမှုတို့ကြောင့် မိသားစုအသိုင်းအဝိုင်းနှင့် နေရပ်ကို စွန့်ခွာကာ ပြည်ပနိုင်ငံများသို့ ရေကြည်ရာမြက်နုရာ သွားကြခြင်း ဖြစ်သည်။

လတ်တလောတွင် မြန်မာတို့သွားရောက်လုပ်ကိုင်မှုအများဆုံး နိုင်ငံမှာ အိမ်နီးချင်းထိုင်း ဖြစ်သည်။ မလေးရှားမှာ ဒုတိယလိုက်သည်။ အလားအလာကောင်း လာမည့် ပြည်ပအလုပ်အကိုင်ဈေးကွက်မှာ ဂျပန်ဖြစ်နေသည်။ မြန်မာများအတွက် ပြည်ပအလုပ်အကိုင်ဈေးကွက် မည်သည့်အခြေအနေ ရှိသနည်း။

“အများဆုံးစေလွှတ်နေတာ နံပါတ် တစ်က ထိုင်း၊ နံပါတ်နှစ်က မလေးရှား။ နောက်ပိုင်းအလားအလာကောင်းနေတာက ဂျပန်ပေါ့။ ဈေးကွက်အသစ်ချဲ့ထွင်လာတာက ဂျော်ဒန်ပေါ့”ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်က ပြောကြားသည်။

ထိပ်ဆုံးက ထိုင်းဈေးကွက်

ထိုင်းဈေးကွက်သည် မြန်မာအလုပ်သမားများ အများဆုံးသွားရောက်လုပ်ကိုင်သည့် ဈေးကွက် ဖြစ်သည်။

ယခုနှစ် အစိုးရထုတ်ပြန်ထားသည့်စာရင်းအရ တရားဝင်လမ်းကြောင်းဖြင့် သွားရောက်လုပ်ကိုင်သူ လစဉ်တစ်သောင်းခွဲကျော် ရှိနေသည်။ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU ရေးထိုးကာ အေဂျင်စီများက အလုပ်သမားပို့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် MoU စနစ်ဟု ခေါ်ကြသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း မြန်မာအလုပ်သမားတစ်သိန်းခွဲကျော် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်လုပ်ကိုင်ကြသည်။ ယင်းပမာဏမှာ ဒုတိယအများဆုံး သွားရောက်လုပ်ကိုင်သည့် မလေးရှားထက် ၁၀ ကျော် ပိုများသည်။

တရားဝင်လမ်းကြောင်းအရဆိုလျှင် ထိုင်းတွင် သွားရောက်လုပ်ကိုင်ရန် မြန်မာဘက်က ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို ကျပ်တစ်သိန်းခွဲဝန်ဆောင်ခပေးရပြီး ထိုင်းဘက်တွင် ဘတ်တစ်သောင်း ဖြတ်တောက်ခံရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်သူ တဖြည်းဖြည်း မြင့်တက်လာပြီး အကျိုးဆောင်ပေးသည့် အေဂျင်စီမှာလည်း များပြားလာကာ ထိုင်းသို့ အလုပ်သမားပို့ခွင့်လိုင်စင် ယူထားသည့် အေဂျင်စီတစ်ရာခန့် ရှိနေပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်လုပ်ကိုင်သူများ၊ အထောက်အထားမပြည့်စုံသူများကို ဖမ်းဆီးကာ ဥပဒေသစ်အရ ပေးမည့် ထောင်ဒဏ်၊ ငွေဒဏ်တို့မှာ ကြီးမားသဖြင့် မြန်မာသိန်းနှင့် ချီ ပြည်တော်ပြန်လာကြသည်။

ယင်းသို့ ပြန်လာသူများလည်း MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်ကြသဖြင့်  MoU စနစ်ဖြင့် တရားဝင်သွားရောက်မှု တဖြည်းဖြည်းပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း အေဂျင်စီများထံမှ သိရသည်။

“တရားမဝင်လမ်းကတော့ ပပျောက်သလောက်ရှိတယ်ဆိုပေမယ့် သူ့နည်း သူ့ဟန်နဲ့ အဲဒီမှာတော့ နဂိုတုန်းက သွားနေကြလူတွေက သွားမြဲသွားတာပေါ့နော်။ နောက်ပိုင်းကတော့ ပျောက်သွားမှာပါ။ ဟိုဘက်မှာလည်း ထိုင်းက တော်တော်လေးတင်းကျပ်လာပါတယ်”ဟု တိမ်ပန်းချီပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မြင့်က မှတ်ချက်ပေးသည်။

ထိုင်းက စက်ရုံလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မြန်မာအလုပ်သမား အဓိကခေါ်ယူပြီး စိုက်ပျိုးရေးအတွက် ခေါ်ယူသော်လည်း နည်းပါးကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရသည်။

နှစ်နိုင်ငံအစိုးရ စက်တင်ဘာလက သဘောတူလိုက်သည့် အလုပ်အကိုင်မှာ ရေလုပ်သားဈေးကွက် ဖြစ်သည်။ မြန်မာရေလုပ်သားခြောက်သောင်း တရားဝင်ခေါ်ယူရန် ထိုင်းဘက်က ကမ်းလှမ်းမှုကို မြန်မာအစိုးရ လက်ခံလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသည့် ရေလုပ်သားနှစ်သောင်းကျော် သုံးသောင်းခန့်ကို မြန်မာပြည်သို့ ပြန်ခေါ်ကာ MoU စနစ်ဖြင့် မူလလုပ်ငန်းသို့ ပြန်ပို့ရန် လုပ်ဆောင်နေကြောင်း၊ ယင်းအပြင် မြန်မာရေလုပ်သားအသစ်လေးသောင်းကျော်ခေါ်ယူရန်လည်း အလုပ်ခေါ်စာ ရထားကြောင်း MOEAF ထံမှသိရသည်။

အဖျက်ခံခဲ့ရသည့် မလေးရှားဈေးကွက်

မလေးရှားသို့ အလုပ်သမားပို့ခွင့် တစ်နှစ်ကျော်ရပ်ဆိုင်းလိုက်သဖြင့် ဈေးကွက်ပျက်လုနီး ဖြစ်ခဲ့ရသည်။

မောင်တောဒေသတွင် ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟု စွပ်စွဲကာ မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ် ဦးဆောင်ကာ ဆန္ဒပြပြီးနောက် မြန်မာများအပေါ် အန္တရာယ်ကျရောက်နိုင်သည်ဟုဆိုကာ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းမတိုင်ခင် ခွင့်ပြုထားသူများကိုမူ ဆက်လက်ပို့ဆောင်ခွင့်ပေးခဲ့သည်။

ယင်းသို့ ရပ်ဆိုင်းထားချိန် မလေးရှားဈေးကွက်တွင် ဘင်္ဂလားဒေ့ရှ်က အဓိကနေရာရသွားပြီး နီပေါလည်း ပိုမိုဈေးကွက်ရသွားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။ အလုပ်သမားပို့ခွင့်ရပ်ဆိုင်းပြီး တစ်နှစ်ကျော်အကြာ ယခုနှစ်မတ်လတွင် ပြန်လည်ပို့ခွင့်ရကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဖွင့်ဖွင့်ချင်းမှာ ဘယ်လိုဖြစ်လဲဆိုတော့ အရင်တုန်းက ပိတ်ထားခဲ့တဲ့အတွက် Market (ဈေးကွက်) ပျက်သွားတယ်”ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ ဥက္ကဋ္ဌ ဦးပီတာညွန့်မောင်က ပြောဆိုသည်။

အလုပ်သမားပို့ခွင့် မရပ်ဆိုင်းခင်က လေးလတွင် တစ်လလျှင် မြန်မာအလုပ်သမား နှစ်ထောင်ကျော် မလေးရှားသို့ ပို့နိုင်ခဲ့သည်။ ပိတ်ဆို့ပြီးနောက်ပိုင်းတွင် ၁၀ ဆခန့် လျော့ကျကာ တစ်လလျှင် နှစ်ရာကျော်သာ ပို့နိုင်တော့သည်။

အလုပ်သမားပြန်ပို့ခွင့်ရပြီးနောက် တစ်လလျှင် မြန်မာအလုပ်သမားတစ်ထောင်  ကျော်အထိ ပြန်လည်ပို့နိုင်ခဲ့ပြီး ယခုနှစ်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် သုံးထောင်ကျော်အထိ မြင့်တက်လာသည်။

“ဈေးကွက်ဖွင့်ဖွင့်ချင်း အတော်ရှားသွားတယ်။ Demand သိပ်မရဘူး။ အခုတော့ တော်တော်ပြန်ရလာပြီ”ဟု ဦးပီတာညွန့်မောင်က ပြောဆိုသည်။

မဟာသီယာမိုဟာမက်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဝန်ကြီးချုပ်နာဂျစ်ရာဇတ်နှင့် ဆက်နွှယ်ပတ်သက်မှုများကို ပိတ်ပင်ရာ ဘင်္ဂလားဒေ့ရှ်ပိတ်ပင်ခံရပြီး နီပေါကိုလည်း ပိတ်ထားသဖြင့် မြန်မာဈေးကွက် ပြန်ရလာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

ထို့ကြောင့် မြန်မာများအတွက် မလေးရှားဈေးကွက် ပြန်လည်ပွင့်လာသည်။ မလေးရှားနိုင်ငံက ကုမ္ပဏီအချို့သည် မြန်မာနိုင်ငံက အလုပ်သမားများကိုခေါ်ယူရာတွင် အလုံးစုံကုန်ကျခံသည့်  Zero Cost စနစ်ဖြင့်ခေါ်သဖြင့် မြန်မာအလုပ်သမားများ စရိတ်ငြိမ်းသွားခွင့်ရလာကြောင်း အေဂျင်စီများထံမှ သိရသည်။

“အေဂျင်စီတချို့တော့ Zero Cost တော်တော်ရလာပြီ။ Zero Cost ဆိုရင် အလုပ်သမားက တစ်ပြားမှ အိတ်မစိုက်ရဘူး။ လေယာဉ်လက်မှတ်ကအစ အကုန်ခံတယ်။ အလုပ်သမားက တော်တော်လေးသက်သက်သာသာနဲ့ သွားရတယ်”ဟု ဦးပီတာညွန့်မောင်က ပြောဆိုသည်။

ယင်းသို့ Zero Cost ဖြင့် မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီငါးခုခန့်ကသာ လုပ်ကိုင်ခွင့်ရသေးပြီး ကျန်အေဂျင်စီများမှာ Zero Cost မရသေးသဖြင့် ယခင်အတိုင်းအလုပ်သမားထံမှ ဝန်ဆောင်ခယူနေရသေးကြောင်း အေဂျင်စီများထံမှသိရသည်။

အစိုးရခွင့်ပြုထားချက်အရ မလေးရှားသွားမည့် အလုပ်သမားထံမှ လေယာဉ် လက်မှတ်အပါအဝင် အပြီးအစီးဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၈၅၀ ယူခွင့် ရှိသည်။ မြန်မာကျပ်ငွေဖြင့်ဆိုလျှင် ၁၃ သိန်းကျော် ဈေးပေါက်သည်။

သို့သော်လည်း ဈေးကွက်တွင် အပြိုင်အဆိုင်ဖြစ်မှု၊ အေဂျင်စီအချို့မှာ Zero Cost ဖြင့် ပို့ဆောင်နိုင်မှုတို့ကြောင့် ဒေါ်လာ ၈၅၀ ထက် လျော့ယူသူများလည်းရှိကြောင်း အေဂျင်စီအချို့ကို မေးမြန်းချက်အရ သိရသည်။

မလေးရှားသို့ Zero Cost ဖြင့် စက်ရုံလုပ်ငန်းသို့ အလုပ်သမား ၂၀၀ခန့်ကို ပို့ဆောင်ထားပြီး နောက်ထပ်တစ်ရာခန့်ပို့ရန် လုပ်ဆောင်နေကြောင်း၊ နောက်ပိုင်းတွင် Zero Cost စနစ်ဖြစ်လာမည်ဟု ယူဆကြောင်း ဦးအောင်ကျော်မြင့်က ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်ကြသော်လည်း Zero Cost စရိတ်ငြိမ်းစနစ် ဖြစ်လာလျှင် မလေးရှားဘက်သို့ ဈေးကွက်ပိုမိုဦးတည်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

အလားအလာကောင်းသည့် ဈေးကွက်

ဂျပန်ဈေးကွက်မှာ မြန်မာများအတွက် အလားအလာကောင်းနိုင်သည်ဟု သုံးသပ်နေကြသည်။

ဂျပန်တွင် မွေးဖွားနှုန်းကျဆင်းကာ သက်ကြီးရွယ်အိုများပေါများနေပြီး အလုပ်သမားအင်အား မလုံလောက်မှုနှင့် ကြုံတွေ့နေရ၍ နိုင်ငံခြားသားအလုပ်သမား ခေါ်ယူရာတွင် ဖြေလျှော့မှုများလုပ်လာသဖြင့် ပြည်ပကို အလုပ်သမားစေလွှတ်သည့် မြန်မာကဲ့သို့ နိုင်ငံများအတွက် အခွင့်ကောင်း ဖြစ်လာနိုင်သည်။

လုပ်ခလစာမြင့်မားခြင်း၊ ကာကွယ်စောင့်ရှောက်မှုကောင်းမွန်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုပါ တစ်ပါတည်းရလာနိုင်ခြင်းတို့ကြောင့် အခွင့်ကောင်းဟု ဆိုရခြင်းဖြစ်သည်။ ဂျပန်သည် ၂၀၃၀ ပြည့်နှစ်တွင် လုပ်သားလိုအပ်ချက် ၆ ဒသမ ၄ သန်း ရှိမည်ဟု Chuo တက္ကသိုလ်နှင့် Persol သုတေသနနှင့် အတိုင်ပင်ခံကုမ္ပဏီတို့က ထုတ်ပြန်သောသုတေသနစစ်တမ်းတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံတွင် အလုပ်သမားရှားပါးမှုပြဿနာကြုံတွေ့နေရသောကြောင့် ၂၀၁၉ ခုနှစ် ဧပြီလမှစတင်၍ နိုင်ငံခြားသားအလုပ်သမားများကို ဗီဇာအမျိုးအစားနှစ်မျိုးပေးအပ်ရန် လုပ်ဆောင်နေသည်။

နိုင်ငံခြားသားအလုပ်သမားများသည် ဘာသာစကားနှင့် လုပ်ငန်းကျွမ်းကျင်ခြင်း စစ်ဆေးမှုအောင်မြင်ပြီးသူ သို့မဟုတ် နည်းပညာပိုင်းဆိုရာသင်တန်းသုံးနှစ်တက်ရောက်ပြီးသူကို ပထမအဆင့်ဗီဇာပေးမည် ဖြစ်သည်။ ယင်းဗီဇာသည် ငါးနှစ်နေထိုင်ခွင့်ရမည်ဖြစ်သော်လည်း မိသားစုဝင်ခေါ်ခွင့် မရှိပေ။

ဒုတိယအဆင့်ဗီဇာမှာ အဆင့်မြင့်စာမေးပွဲများအောင်မြင်ပြီးသူ၊ ကျွမ်းကျင်မှုမြင့်မားသည့် အလုပ်သမားများအတွက် ပေးမည်ဖြစ်ပြီး မိသားစုပါခေါ်ခွင့်ရမည် ဖြစ်သည်။ ဗီဇာကိုလည်း ငါးနှစ်သက်တမ်း အကြိမ်ရေအကန့်အသတ်မရှိ တိုးနိုင်မည် ဖြစ်သည်။

ဂျပန်က မြန်မာများကို အလုပ်သင်အလုပ်သမားဗီဇာနှင့် အလုပ်ဗီဇာတို့ဖြင့် ခေါ်ယူကြောင်း၊ ယခင်က သင်တန်းသားအလုပ်သမားအဖြစ်ခေါ်သော်လည်း လက်ရှိ တွင် ယင်းသို့ ခေါ်ယူမှု မရှိတော့ကြောင်း ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။

အလုပ်သင်အလုပ်သမားဗီဇာဖြင့် အများဆုံးသွားရောက်လုပ်ကိုင်ကြပြီး ယင်း အလုပ်အတွက် ဂျပန်ဘာသာစကားကို  N4 Level အောင်မြင်ရန်လိုအပ်ကြောင်း၊ဂျပန်ဘာသာစကားတွင် N5 မှ N1 အထိရှိပြီး N1 မှာအမြင့်ဆုံးဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အလုပ်ဗီဇာမှာ အလုပ်သင်အလုပ်သမားထက် လုပ်အားခ ပိုမိုမြင့်မားပြီး အင်ဂျင်နီယာ၊ အိုင်တီကျွမ်းကျင်သူ၊ ဘွဲ့ရထားသူများသာ သွားရောက်ခွင့်ရှိပြီး ဘာသာစကားတွင်လည်း N2 အထိ တတ်မြောက်ရန်လိုအပ်ကြောင်း အေဂျင်စီများထံမှ သိရသည်။

“ဂျပန်စာကျွမ်းကျင်မှုက အရမ်းမြင့်သွားတယ်။ ရတဲ့ လခများတယ်။ မိသားစုလည်း ခေါ်ခွင့်ရှိတယ်။ အဲဒီလို ကွာတာပေါ့”ဟု ဦးပီတာညွန့်မောင်က ပြောဆိုသည်။

အလုပ်သင်အလုပ်သမားများမှာ သုံးနှစ်သာအများဆုံးဗီဇာရပြီး လက်ရှိတွင် သုံးနှစ်ပြည့်ခါနီးလျှင် ကျွမ်းကျင်မှုစာမေးပွဲဖြေကာ ၂နှစ်သက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်း၊ ငါးနှစ်ပြည့်လျှင် နောက်ထပ်စာမေးပွဲဖြေကာ အလုပ်အကိုင်ဗီဇာသို့ ပြောင်းလဲနိုင်မည့် အခွင့်အရေးရှိလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့မှာ အလုပ်သမားလိုအပ်ချက်က အရမ်းများတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလုပ်သင်အလုပ်သမားဗီဇာနှင့် အလုပ်အကိုင်ဗီဇာတို့အတွက် ခရီးစရိတ်အပါအဝင် အပြီးအစီး ဝန်ဆောင်ခအမေရိကန်ဒေါ်လာ ၂၈၀၀ (ကျပ်သိန်း၄၀ ခန့်) ကောက်ခံရန် အစိုးရက ခွင့်ပြုထားကြောင်း၊ မြန်မာအများစုမှာ အလုပ်သင်အလုပ်သမားဗီဇာဖြင့်သာ သွားကြကြောင်း အေဂျင်စီများထံမှ သိရသည်။

အလုပ်သင်အလုပ်သမားဗီဇာကိုင်ဆောင်သူများမှာ တစ်နာရီလျှင် ဂျပန်ယန်းခုနစ်ရာမှ တစ်ထောင်ကျော်အထိရရှိကြပြီး အလုပ်အကိုင်ဗီဇာများမှာ တစ်လလျှင် အနည်းဆုံး ယန်း၁၈၀,၀၀၀ (ကျပ် ၁၈ သိန်းခန့်) ရကြောင်း ဦးပီတာညွန့်မောင်က ဆိုသည်။

အလုပ်အကိုင်ဗီဇာမှာ တဖြည်းဖြည်းလစာလည်း တိုးရပြီး အလုပ်ရှင်နှင့် အဆင်ပြေလျှင် ဗီဇာလည်း အကန့်အသတ်မရှိ တိုးသွားနိုင်ကာ အလုပ်လည်း တရားဝင်ပြောင်းနိုင်ကြောင်း၊ အလုပ်သင်ဗီဇာမှာ အလုပ်ပြောင်းခွင့်မရှိကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ အကျိုးခံစားခွင့်ကွာဟသော်လည်း မြန်မာအများစု မသွားကြသည့် အကြောင်းအရင်း ရှိသည်။

နိုင်ငံသားကို ဦးစားပေးသည့်စနစ်ကြောင့် အလုပ်သင်အလုပ်သမားဗီဇာ တွင် ၁၀ ဦး ရှိသည့် အလုပ်တွင် နိုင်ငံခြားသားတစ်ဦးခေါ်ခွင့်ရှိသော်လည်း အလုပ်အကိုင်ဗီဇာမှာ ကုမ္ပဏီတစ်ခုလျှင် ငါးဦးခန့်ထက် ပိုခန့်၍ မရကြောင်း ၎င်းက ရှင်းပြသည်။

“ဘာလို့လဲဆိုတော့ရတဲ့ Demand အများကြီးကွာတယ်။ Work Visa က Demand နည်းတယ်”

ယင်းအပြင် ဘာသာစကား N2 မှာ၂နှစ်ခန့် အချိန်ပေးကာ ကြိုးကြိုးစားစားလေ့လာရမည်ဖြစ်ပြီး N2 မှာ နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းပြီးသူများ အဆင့်ကဲ့သို့ ရှိကြောင်း၊ အလုပ်သင်အလုပ်သမားဗီဇာမှာ ဂျပန်စကားပြောဆိုတတ်လျှင် ရပြီး ဘွဲ့မရသူများလည်း သွားနိုင်ကြောင်း ဦးပီတာညွန့်မောင်က ဆိုသည်။

“ဘွဲ့မရလည်း ရတယ်။ လေးငါးတန်းအောင်လည်း ရတယ်။ ဘာသာစကား  N5 လောက် အောင်ရမယ်။ ဂျပန်စကားပြော တတ်ရမယ်။ ဒီကောင်က အရည်အချင်းနိမ့်တော့ အဲဒီမှာ လူများတာပေါ့”

ဂျပန်သည် မြန်မာအလုပ်သမားများလုပ်ငန်းကျွမ်းကျင်မှုကြောင့် သဘောကျနှစ်သက်သော်လည်း အလုပ်က ထွက်ပြေးပြီး အခြားအလုပ်သို့ပြောင်းရွှေ့မှုကြောင့် မကြိုက်ကြောင်း အေဂျင်စီများထံမှ သိရသည်။

“ဂျပန်ကို ပို့တဲ့အရေအတွက်က ဒီထက်မက တိုးသင့်တာ။ ဟိုဘက်ကလည်း ဂျပန်နိုင်ငံရဲ့ အနာဂတ်အလုပ်သမားအတွက် မှန်းထားတာက ဗမာကို မှန်းထားတယ်။ ဗမာက IQ မြင့်ပေမယ့် Character Lost ဖြစ်နေတယ်။ အဓိက ထွက်ပြေးတာပဲ”ဟု ဦးပီတာညွန့်မောင်က ပြောဆိုသည်။

ယခုနှစ်တွင် စက်တင်ဘာလအထိ ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမား ၂၆၀၀ကျော် ပို့ဆောင်ထားသည်။ ထို့ကြောင့် တစ်လလျှင် ပျမ်းမျှသုံးရာခန့်ပို့နိုင်သည့်သဘော ဖြစ်သည်။

ဂျပန်က အလုပ်ခေါ်ရာတွင် အနည်းဆုံးခြောက်လကြာမြင့်ပြီး အချို့မှာ တစ်နှစ်ထက်ကြာမြင့်စွာလည်း စောင့်ဆိုင်းရကြောင်း အေဂျင်စီများထံမှ သိရသည်။

ဂျပန်သည် နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှုနည်းပါးသဖြင့် လက်ရှိတွင် ဈေးကွက်ရရှိမှု နည်းနေသေးကြောင်း၊ ယင်းအပြင် ဂျပန်အလုပ်အကိုင်မှာ ငွေကြေးတတ်နိုင်သူများသာ သွားရောက်လုပ်ကိုင်နိုင်သည့်အခြေအနေဖြစ်ကြောင်း ဦးအောင်ကျော်မြင့်က ပြောဆိုသည်။

“ဂျပန်ကတော့ ငွေကြေးပမာဏတတ်နိုင်တဲ့ သူလောက်ပဲ။ တော်ရုံတန်ရုံကတော့ ငွေကြေးမတတ်နိုင်တဲ့ ကလေးကျတော့ မလေးရှားတို့ ထိုင်းတို့လောက်ပဲ သွားတယ်”ဟု ၎င်းက ဆိုသည်။

ဂျပန်ဈေးကွက်အတွက် အလားအလာကောင်းသည့် ဈေးကွက်မှာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ၊ မသန်စွမ်းစောင့်ရှောက်ရေးဂေဟာတို့တွင် ပြုစု စောင့်ရှောက်ပေးရမည့် လုပ်ငန်းဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ အလုပ်သမားပို့ဆောင်နေသည့် အေဂျင်စီများထံမှ သိရသည်။

ယင်းအလုပ်အတွက် အလုပ်သင်အလုပ်သမားခေါ်နေပြီး အခြားအလုပ်သင်အလုပ်သမားထက် တစ်နာရီလျှင် ယန်း၅၀၊ ၆၀ ခန့် ပိုရမည်ကြောင်း ဦးပီတာညွန့်မောင်က ပြောဆိုသည်။

“အဲဒါက အဓိက မိန်းကလေးခေါ်တယ်။ ဟိုဘက်က သူရဲ့တစ်နိုင်ငံလုံးလိုအပ်ချက်က အနည်းဆုံး သုံးသိန်းလောက် ရှိတယ်”ဟု၎င်းက ဆိုသည်။

ယင်းလုပ်ငန်းသို့ ပို့ဆောင်ရန် အစိုးရကလည်း ခွင်ပြုထားပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းအတွက် ဂျပန်တစ်ခုတည်းကိုသာ ခွင့်ပြုသေးခြင်းဖြစ်ပြီး အောင်မြင်လျှင် စင်ကာပူ၊ ဟောင်ကောင်စသည်တို့ကို ထပ်မံခွင့်ပြုရန် အစီအစဉ်ရှိကြောင်း အေဂျင်စီများထံမှ သိရသည်။

ကံစမ်းမဲ ကိုရီးယားဈေးကွက်

အလုပ်ရှင်က စိတ်ကြိုက်ရွေးချယ်ခေါ်ယူသည့် တောင်ကိုရီးယားအလုပ်အကိုင်မှာ သွားလိုသူတိုင်း သွားခွင့်မရသေးပေ။

မြန်မာနှင့် တောင်ကိုရီးယားနှစ်နိုင်ငံအစိုးရသဘောတူညီမှုဖြင့် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုတည်းက အကျိုးဆောင်ပေးသည့် ယင်းလုပ်ငန်းမှာ လစာမြင့်မားမှုအပါအဝင် အကျိုးခံစားခွင့်ကောင်းမွန်မှု၊ ကုန်ကျစရိတ်သက်သာမှုတို့ကြောင့် မြန်မာများ သွားရောက်လုပ်ကိုင်လိုမှု မြင့်မားသည်။

ကုန်ကျစရိတ်မှာ အပြီးအစီးအမေရိကန်ဒေါ်လာ ၅၄၅ ဖြစ်ပြီး အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီသို့ ဝန်ဆောင်ခကျပ်ရှစ်သောင်းခွဲသာ ပေးသွင်းရသည်။ ထို့ကြောင့် ကုန်ကျစရိတ်မှာ ကျပ်ကိုးသိန်းဝန်းကျင်သာ ရှိသည်။

ကုန်ကျစရိတ်သက်သာသည့်အပြင် လစာမှာလည်း မြင့်မားသည်။ အနည်းဆုံးအခြေခံလစာဝမ် ၁၅ သိန်းကျော်သည်။ မြန်မာကျပ်ငွေဖြင့်ဆိုလျှင် ၁၈ သိန်းဝန်းကျင်ရှိပြီး အချိန်ပိုလုပ်ရလျှင် ကျပ်သိန်း ၂၀ ကျော်သည်။ ၂၀၁၉တွင်လည်း ဝမ် ၁၇သိန်းသို့ လစာတိုးမြှင့်ဦးမည် ဖြစ်သည်။

ယင်းစနစ်တွင် ကိုရီးယားဘာသာစကားကျွမ်းကျင်မှုဦးစွာ ဖြေဆိုရပြီး အောင်မြင်သူများသည် အလုပ်အတွက်လျှောက်ထားခွင့် ရှိသည်။ ယခုနှစ်ပိုင်းတွင် အခြေခံကျွမ်းကျင်မှု၊ လုပ်ကိုင်ရည်စွမ်းရည်တို့ကို ထပ်မံစစ်ဆေးပြီး အောင်မြင်မှသာ လျှောက်ထားနိုင်သည်။

အလုပ်သမားကို အလုပ်ရှင်က ရွေးချယ်ခေါ်ယူသဖြင့် ယင်းသို့ စာမေးပွဲအောင်ပြီးသူတိုင်းလည်း သွားရောက်လုပ်ကိုင်ခွင့်ရရှိရန် အာမခံချက် မရှိပေ။ ထို့ကြောင့် ကံစမ်းမဲဟု အလုပ်သမားအချို့က ဆိုကြသည်။

ယခုနှစ်တွင် အလုပ်သမားငါးထောင်ခန့်စေလွှတ်ပြီးဖြစ်ပြီး အလုပ်လျှောက်လွှာတင်ကာ စောင့်ဆိုင်းနေသူ တစ်ထောင်ကျော်ရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ခံ ဒေါ်သင်းသင်းလွင်က ပြောဆိုသည်။

ကိုရီးယားဘာသာစကားအရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုသူသုံးသောင်းကျော်ရှိသည့်အနက် ယခုနှစ်တွင် အများဆုံးအဖြစ် တစ်သောင်းကျော် အအောင် ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်က လေးထောင်ကျော်သာပေးကြောင်း ၎င်းက ဆိုသည်။

အလုပ်လျှောက်လွှာတင်ကာ စောင့်ဆိုင်းသူ၏ ၈၀ရာခိုင်နှုန်းခန့်မှာ သွားရောက်လုပ်ကိုင်ခွင့်ရကြောင်း ဒေါ်သင်းသင်းလွင်က ပြောဆိုသည်။

တောင်ကိုရီးယားအလုပ်အကိုင်ကို အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီတာဝန်ယူပြီးနောက် ၂၀၁၁ ခုနှစ်မှ ယခုနှစ်အထိ အလုပ်သမားသုံးသိန်းခွဲခန့် စေလွှတ်နိုင်ခဲ့သည်။ တစ်နှစ်လျှင်ပျမ်းမျှ လေးထောင်ကျော်သာ စေလွှတ်နိုင်သည်။

ကိုရီးယားဘာသာစကားစစ်ဆေးမှုမှာ တစ်နှစ်လျှင် တစ်ကြိမ်အနည်းဆုံးရှိပြီး တစ်ကြိမ်လျှင် သောင်းနှင့်ချီ လာရောက်လျှောက်ထားကြသည်။ ထို့ကြောင့် သွားလိုသူများသော်လည်း ဈေးကွက်က မပေးနိုင်သည့်အနေအထား ဖြစ်နေသည်။

ရေပန်းမစားတော့သည့် စင်ကာပူ

တစ်ခေတ်တစ်ခါက ရေပန်းစားလူကြိုက်များသည့် စင်ကာပူအလုပ်အကိုင်မှာ ခေါ်ယူမှုနည်းလာသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့်ကာလတွင် စင်ကာပူက နိုင်ငံခြားသားအလုပ်သမား ခေါ်ယူမှုများပြားကာ ခေတ်ကောင်းခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် စင်ကာပူက အလုပ်အကိုင်ခေါ်ယူမှု အလွန်နည်းပါးသွားကြောင်း အေဂျင်စီများထံမှ သိရသည်။

“မရှိသလောက်ကို နည်းသွားပြီ”ဟု ဦးပီတာညွန့်မောင်က ဆိုသည်။

ယခုနှစ် စက်တင်ဘာလအထိ စင်ကာပူသို့ မြန်မာအလုပ်သမား ၄၃၄ ဦး သာ သွားရောက်လုပ်ကိုင်ခွင့်ရပြီး တစ်လလျှင် ပျမ်းမျှ ၄၈ ဦးခန့်သာ သွားရောက် လုပ်ကိုင်ခွင့်ရသည်။ ၂၀၁၇ ခုနှစ်က ယင်းထက်ပင် နည်းသေးသည်။ တစ်လလျှင် ၃၀ ဦးခန့်သာ သွားရောက်လုပ်ကိုင်ခွင့် ရခဲ့သည်။

“ဟိုးအရင်က မလေးရှားရယ်၊ စင်ကာပူရယ်ပဲ။ အခုနောက်ပိုင်းကျတော့ စင်ကာပူက နည်းသွားတယ်။ စင်ကာပူက ကန့်သတ်ချက်လည်း တော်တော်များလာတယ်”ဟု ဦးအောင်ကျော်မြင့်က ဆိုသည်။

အိမ်အကူလုပ်ငန်းကို ခွင့်မပြုသော်လည်း မြန်မာနိုင်ငံက အလည်ဗီဇာဖြင့် သွားရောက်လုပ်ကိုင်နေကြသည့် ဈေးကွက်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

မြန်မာအစိုးရက ခွင့်မပြုသော်လည်း လေယာဉ်ကွင်းတွင် နေ့စဉ်နှင့်အမျှ မြန်မာအိမ်အကူများ ရောက်နေသည်ဟု စင်ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူအချို့က ပြောဆိုသည်။

ဈေးကွက်အချို့

မြန်မာနိုင်ငံက အလုပ်သမားများ သည် ဂျော်ဒန်၊ ယူအေအီး၊ မကာအို၊ ကာတာ၊ ဟောင်ကောင်စသည့် နိုင်ငံများသို့လည်း သွားရောက်လုပ်ကိုင်ကြသည်။ သို့သော်လည်း ပမာဏနည်းပါးသည်။

ယခုနှစ် စက်တင်ဘာလအထိ ယူအေအီးသို့ မြန်မာ ၁၄၄ ဦး ၊ ကာတာသို့ ၇၂ ဦး၊ ဂျောဒန်သို့ ၃၁၃ ဦး၊ မကာအိုသို့ ကိုးဦးသာ သွားရောက်လုပ်ကိုင်ခွင့်ရသေးသည်။

ဂျော်ဒန်ဈေးကွက်သစ်မှာ အထည်ချုပ်လုပ်ငန်းအတွက် အလုပ်သမားခေါ်ယူခြင်းဖြစ်ပြီး ကနဦးပို့ထားသူများ အဆင်ပြေ မပြေ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ဦးပီတာညွန့်မောင်က ဆိုသည်။

ယင်းဈေးကွက်အတွက် ယခုနှစ်တွင် အလုပ်သမားထောင်ဂဏန်းလိုပြီး နောက်ပိုင်းတွင်လည်း အရေအတွက်အများအပြားခေါ်ရန်ရှိကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားလေးသန်းခန့်ရှိသည်ဟု ခန့်မှန်းကြပြီး မလေးရှားတွင် ငါးသိန်းခန့်ရှိသည်ဟု ခန့်မှန်းကြသည်။ လူဦးရေ ၅၂သန်းကျော်ရှိသည့် မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်မှာ ပြည်ပတွင် ရောက်နေသည်ဟု ပြောဆိုကြသည်။

ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးသဖြင့် မြန်မာများ ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်မှုမှာ မြင့်မားနေဆဲဖြစ်သည်။ အချို့မှာ တရားဝင်လမ်းကြောင်းဖြင့် သွားကြပြီး အချို့မှာ အောက်လမ်းဟု ခေါ်သည့် တရားမဝင်လမ်းကြောင်း သွားကြသည်။

ထို့ကြောင့် ကျေးလက်ဒေသတွင် နို့သောက်၊ တုတ်ထောက်များသာ ရှိနေတော့မည့် ကိန်းဆိုက်နေသည်။

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *