ခလုတ်များပေါ်က လူသတ်သမား

ဓာတ်ပုံ - မြင့်မိုးညို

လွန်ခဲ့သောရက်ပိုင်းက တက်သစ်စအမျိုးသားမော်ဒယ်လ်တစ်ဦးသည် ၎င်း၏နေအိမ်တွင် ဘာမီတွန်ဆေးများစွာသောက်သဖြင့် ဆေးရုံသို့ အရေးပေါ်ရောက်ရှိခဲ့သောသတင်းမှာ လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။

ထိုမော်ဒယ်လ်အမျိုးသားထိုကဲ့သို့ ပြုလုပ်ရခြင်းအကြောင်းမှာအခြားမဟုတ်။

သူ၏ဖေ့စ်ဘွတ်ခ်အကောင့်ကို အခြားသူတစ်ယောက်က ဝင်ရောက်ခိုးယူပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်အချို့ကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လူသိများကျော်ကြားသော ဖျော်ဖြေရေးပညာရှင်များ၏ ဖေ့စ်ဘွတ်ခ်အကောင့်များ ခိုးယူခံနေရပြီး ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခံရသည်မှာ မဆန်းတော့သည့်ကိစ္စကဲ့သို့ ဖြစ်နေသည်။

သို့သော် ယခုပြသနာတွင်တော့ ကာယကံရှင်အမျိုးသားမှာ ကံကောင်းသဖြင့် သေကံ မရောက်ခဲ့ပေ။

လူတစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်သည်ဆိုသော်လည်း ဖေ့စ်ဘွတ်ခ်ပေါ်မှ အန္တရာယ်သည် အသက်ကိုပင် ရန်မူလာနေသည်ကတော့ သေချာသည်။

ထိုကဲ့သို့ အဖြစ်မျိုးကို လွန်ခဲ့သည့်ခြောက်လခန့်က တက်သစ်စတေးသံရှင်မလေးတစ်ဦးလည်း ကြုံခဲ့ရဖူးသည်။

ထိုနေ့က သူမ Gym ကစားနေစဉ် ညီမဖြစ်သူထံမှ ဖုန်းဝင်လာ၏။

“ မမအကောင့်ကို ဖွင့်ကြည့်ပါဦး။ ဖွင့်လို့ ရသေးလား။ ဒီမှာ လူတစ်ယောက်က မမကို ဟက်ထားတယ်လို့ တင်ထားတယ်”

ဖုန်းချပြီးနောက် သူမ၏ ဖေ့စ်ဘွတ်ခ် အကောင့်ကို ဝင်ကြည့်သောအခါ လုံးဝဖွင့်မရတော့။

ဟန်နီ (အမည်လွှဲ)သည် အဆိုပြိုင်ပွဲတစ်ခုတွင် နာမည်ရလာခဲ့သည့် အဆိုတော်မလေးတစ်ဦးဖြစ်ပြီး မကြာမီလည်း စီးရီးတစ်ခွေထွက်ရှိတော့မည် ဖြစ်သည်။

Follower တစ်သိန်းနီးပါးခန့်ရှိသည့် သူမ၏ဖေ့စ်ဘွတ်ခ်အကောင့်ကို အခြားသူ တစ်ယောက်က ရရှိသွားပြီးသည့် နောက်ညီမဖြစ်သူ၏ အကောင့်မှတစ်ဆင့် ဟက်ခံရသည့် သူမအကောင့်၏ မက်ဆင်ဂျာသို့ ဆက်သွယ်ပြီး ထိုသူနှင့် စကားပြောဆိုရန် ကြိုးစားခဲ့သည်။

“ဇွန်လ ၅ ရက်နေ့မှာ အဟက်ခံရတယ်။ အဲဒီနေ့တစ်ညလုံးရော၊ နောက် ၆ ရက်နေ့မှာပါ သူ့ကို ချက်ဘောက်ကနေ ဆက်သွယ်တယ်။ ဘာမ ရီပလိုင်း မလာဘူး”

နောက်တစ်ရက်အကြာတွင်မူ ဟက်ထားသူက ညီမဖြစ်သူ၏ အကောင့်သို့ ဆက်သွယ်လာခဲ့သည်။

“အကောင့်ထဲမှာက ညီမတို့သမီး ရည်းစားချင်း စကားပြောထားတာတွေ ရှိတယ်။ သူက အဲဒါတွေကို စခရင်ရှော့ရိုက်ပြီးဖွလိုက်မယ်လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ အကောင့်ပြန်ရချင်ရင် သူပို့တဲ့ ဖုန်းနံပါတ်ကို ဝေ့ဖ်မန်းနီးကနေ ငွေဆယ်သိန်းလွှဲပေးရမယ်တဲ့”

အောင်မြင်မှုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းရမည့်အချိန်တွင် ထိုသို့ အရှက်တကွဲ အကျိုးနည်းရမည့်ကိစ္စများ ပရိသတ်အတွင်းပျံ့နှံ့သွားမည်ကို ဖျော်ဖြေရေးအနုပညာသမားတိုင်း စိုးရွံ့ကြသည်မှာ ဓမ္မတာပင်။

မဟန်နီသည် ထိုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် မိမိအကောင့်ကို ဟက်ထားသူအား ငွေဆယ်သိန်းလွှဲပေးရန် ဆုံးဖြတ်လိုက်မိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ ၁၈ သန်းရှိသည့်အနက် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အသုံးပြုသူမှာ လေးသန်းနီးပါးရှိပြီဟု ခန့်မှန်းကြသည်။

၂၀၀၈ ခုနှစ်ဝန်းကျင်ခန့်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲမှု ခေတ်စားလာခဲ့ပြီး မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များ ဈေးပေါများလာချိန်တွင် မြန်မာ့အင်တာနက်သုံးစွဲသူများအကြား ဖေ့စ်ဘွတ်ခ်သည် အဓိကဇာတ်ကောင်တစ်ခု ဖြစ်လာခဲ့သည်။

နိုင်ငံရေးသမားများ၊ ဖျော်ဖြေရေးအနုပညာသမားများ၊ ဖန်တီးမှုအနုပညာရှင်များ၊ စီးပွားရေးသမားများအတွက် ဖေ့စ်ဘွတ်ခ်သည် ဖော်လိုဝါခေါ် ပရိသတ်ရှာဖွေရာ ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။

ဖေ့စ်ဘွတ်ခ်ကို အသုံးချကာ အောင်မြင်ကျော်ကြားသွားသူများလည်း ရှိလာခဲ့သည်။

သာမန်ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ၏ နေ့စဉ်ဘ၀တွင်လည်း ဖေ့စ်ဘွတ်ခ်ပေါ်ရှိ သတင်းအချက်အလက်များ၊ မှတ်ချက်များ၊ ဝေဖန်ငြင်းခုန်ကြသည့်အကြောင်းအရာများက များစွာလွှမ်းမိုးထားနိုင်ခဲ့သည်။

ဓာတ်ပုံ – မြင့်မိုးညို

ထိုရေစီးကြောင်းနှင့်အတူပါလာသည်က ဟက်ကာဟု အမည်ခံထားသော နည်းပညာကျွမ်းကျင်သူ လူငယ်အချို့ ဖြစ်သည်။

“ကမ္ဘာမှာလည်း တကယ်ကျွမ်းကျင်တဲ့ ဟက်ကာတွေရှိသလို မြန်မာပြည်မှာလည်း တကယ်ကျွမ်းကျင်တဲ့ ဟက်ကာတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့က ဖေ့စ်ဘွတ်ခ်ပေါ်က အကောင့်တွေလောက်ကို လိုက်သိမ်းတဲ့လူတွေ မဟုတ်ဘူး။ တကယ့်အရေးပါတဲ့ Server ကြီးတွေကို ဟက်တာ။ဖေ့စ်ဘွတ်ခ်အကောင့်တွေကို Recover လုပ်ပြီး လိုက်ခိုးနေတဲ့သူတွေကို ဘယ်သူမှ ဟက်ကာလို့ မသတ်မှတ်ဘူး”

အိုင်တီနည်းပညာလောကတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ရပ်တည်နေခဲ့သည့် အမည်မဖော်လိုသူအိုင်တီကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

Recover နည်းဖြင့် ဖေ့စ်ဘွတ်ခ်အကောင့်ခိုးသူများသည် သူတို့ မကျေနပ်သည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို နည်းမျိုးစုံဖြင့် ဒုက္ခပေးတတ်လွန်းသဖြင့် စိတ်ညစ်မခံလိုသောကြောင့် အမည်မဖော်လိုခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်သည်။

Rနခသလနမ နည်းဆိုသည်မှာ တစ်ပါးသူ၏ဖေ့စ်ဘွတ်ခ်အကောင့်အား Password အမှားများ ရိုက်ထည့်ကာ Login ဝင်ပြီးနောက် Password အားမေ့သွားကြောင်း  Facebook Team ဆီသို့ ရှေးဦးစွာစာပို့ရသည်။

ထို့နောက် နိုင်ငံသားကတ်အတု၊ အိုင်ဒီကတ်အတုများ ထပ်မံပို့ပြီး ထိုအကောင့်သူ မိမိအကောင့်ဖြစ်ကြောင်း လိမ်ညာသက်သေပြကာဝင်ရောက်ပြီးနောက် Password ပြောင်းကာ ရယူလိုက်ခြင်းမျိုးဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

Recover နည်းဖြင့် ဖေ့စ်ဘွတ်ခ် အကောင့်ရယူသူများသည် အစပိုင်းတွင် အပျော်တမ်းသဘောဖြင့် ပြုလုပ်ကြခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖျော်ဖြေရေး အနုပညာသမားများကို ပစ်မှတ်ထားလာကြသည်။

ဖျော်ဖြေရေးအနုပညာရှင်များ၏ အကောင့်များကို ရယူပြီးနောက် ပရဟိတလုပ်ငန်းများအတွက် ငွေလှူရန်ဟုအကြောင်းပြကာ ငွေလွှဲခိုင်းတတ်ကြသည်။

၂၀၁၅၊ ၂၀၁၆ ဝန်းကျင်ကာလများတွင် တက်သစ်စမော်ဒယ်လ်များ၊ အဆိုတော်  များ၏ အကောင့်များစွာ ငွေညှစ်ခြင်းခံခဲ့ရသည်။

ထိုစဉ်ကပေါက်ကြေးမှာ အကောင့်တစ်ခုလျှင် ဆယ်သိန်းဖြစ်သည်။ သို့သော် အောင်မြင်မှုအနေအထားအလိုက် ဈေးအလျော့အတင်းလည်းရှိခဲ့သည်ဟု မဟန်နီက ဆိုသည်။

နောက်ပိုင်းတွင်မူ နာမည်ကျော်ဖျော်ဖြေရေးအနုပညာသမားများ၏ အကောင့်ပါ ဆက်တိုက်အခိုးခံခဲ့ရပြီး ၂၀၁၇ နိုဝင်ဘာလ ၂၂ရက်နေ့တွင် နာမည်ကျော် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေး၏ ဖေ့စ်ဘွတ်ခ်အကောင့် အခိုးခံရမှုသည် အထင်ကရဖြစ်ခဲ့သည်။

ထိုသို့အကောင့်ခိုးယူခံရမှုတွင် ငွေပေးပြီး ပြန်လည်ရယူခဲ့သူများရှိသကဲ့သို့ နည်းပညာသမားများ အကူအညီဖြင့် ပြန်လည်ရယူခဲ့သူများလည်း ရှိခဲ့သည်။

လုံးဝပြန်မယူတော့ဘဲ အကောင့်သစ်တစ်ခုဖွင့်သုံးသည့်သူများလည်း ရှိခဲ့သည်။

နိုင်ငံတကာမှ သတ်မှတ်ထားသော ဆိုက်ဘာရာဇဝတ်မှုများတွင် တရားမဝင်သီချင်းနှင့် ရုပ်ရှင်ဖိုင်များကို အခမပေးဘဲ Download ပြုလုပ်ခြင်း၊ အွန်လိုင်းပေါ်မှ အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်စာ (သို့) လိင်မှုသဘောပါသော စာကို Email မှတစ်ဆင့်ပေးပို့ခြင်း၊ ကွန်ပျူတာကွန်ရက်များ၊ လူမှုကွန်ရက်များအတွင်း ချိုးဖောက်ဝင်ရောက်ခြင်း၊ အသက် (၁၈)နှစ် မပြည့်ဘဲ အွန်လိုင်းအပြာဓာတ်ပုံများကို ကြည့်ရှုခြင်းစသည်တို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ပြဋ္ဌာန်းထားရှိပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လကုန်ပိုင်းအထိ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအဖွဲ့က သုတေသန ပြုလုပ်ထားသော စာရင်းများအရ ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက် နှစ်ခုစလုံးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို အသုံးပြုပြီး တရားစွဲဆိုမှုပေါင်း ၉၆ မှု အထိရှိသည်ဟု သိရသည်။

သို့သော်ငြား အဆိုပါအမှုများသည် လူမှုကွန်ရက်ပေါ်တွင် နိုင်ငံရေးနှင့် သက်ဆိုင်  သည့် ပို့စ်ရေးသားသူများ၊ လူမှုရေးဆိုင်ရာပို့စ်များ၊ စီးပွားရေးဆိုင်ရာ ပို့စ်များကြောင့် အရေးယူခြင်းများသာဖြစ်ပြီး သူတစ်ပါး၏လူမှုကွန်ရက်အတွင်းချိုးဖောက်ဝင်ရောက်ကာ ငွေညှစ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းစသည့် ဆိုင်ဘာပြစ်မှုများလုံးဝမပါဝင်သည်ကို တွေ့ရသည်။

“၆၆(ဃ)က အကောင့်ခိုးယူပြီး ငွေညှစ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှုတွေအတွက် အကာအကွယ်မပေးနိုင်ပါဘူး။ သွားတိုင်ပြီး အရေးယူခဲ့တဲ့အမှုဆိုတာကို မရှိဘူး။ တိုင်ကြားသူကိုယ်တိုင်က တရားခံကို အတိအကျသိနေရင်တော့ တစ်မျိုးပေါ့။ အကောင့်အတုနဲ့လုပ်ပြီး ဘယ်သူလုပ်မှန်းလည်း မသိရင် ရဲတွေ မရှာတတ်တော့ပါဘူး။ အဓိက က Cyber Law ရှိဖို့ လိုလာတာပါ။ Cyber Law ရှိမှ နည်းပညာကျွမ်းကျင်တဲ့ Cyber Police  ဆိုတာ ရှိလာနိုင်မယ်။ သူတို့က အကောင့်အတုသုံးပြီး ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်လိမ့်မယ်။ ၆၆(ဃ) ကတော့ ဘာမှလုပ်မရဘူး”ဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့မှ ကဗျာဆရာမောင်ဆောင်းခက ပြောကြားသည်။

အကောင့်ခိုးယူငွေညှစ်ခံရခြင်းအပြင် အင်တာနက်ပေါ်မှ အခြားသောဆိုက်ဘာပြစ်မှုများအတွက် Cyber Law တစ်ခုအမှန်တကယ် လိုအပ်နေသည်မှာ အချိန်ပင်လင့်နေပြီ ဖြစ်သည်။

“ဆိုက်ဘာဥပဒေ အတည်ပြုပြဋ္ဌာန်းဖို့ဆိုတာလိုအပ်ချက်တွေကတော့ ပြည်သူလူထုတွေ ကိုယ်တိုင် ဆိုက်ဘာဥပဒေအပေါ် နားလည်သဘောပေါက်မှု (Security Awareness) လည်း ရှိရမယ်၊ အစိုးရကနည်းပညာရှင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းတာတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတာတွေ၊ ဒေတာမိုင်းနင်းလို့ခေါ်တဲ့ ကျူးလွန်သူတွေရဲ့ အချက်အလက်ကို လျှို့ဝှက်စွာစုစည်းတဲ့ ပုံစံမျိုးတွေ အစိုးရဘက်က သေချာ လုပ်ဆောင်နိုင်မှ ရပါမယ်”ဟု နိုင်ငံတော်ဆိုက်ဘာလုံခြုံရေးအေဂျင်စီ National Cyber Security Agency မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးရဲကျော်သိန်းကလည်း ပြောပြသည်။

Cyber Law တစ်ခု ခိုင်ခိုင်မာမာမပေါ်ပေါက်သေးသော်လည်း နည်းပညာကျွမ်းကျင်မှုအပေါ် အခွင့်ကောင်းယူကာ အမြတ်ထုတ်နေသော ဖေ့စ်ဘွတ်ခ်ပေါ်မှ သူခိုးများကတော့ နယ်ပယ်အစုံအထိ တဖြည်းဖြည်းခြေလှမ်းကျယ်လာခဲ့သည်။

ဖျော်ဖြေရေးအနုပညာသမားများကိုသာ ပစ်မှတ်ထားခဲ့ရာမှ နာမည်ကျော်ပရဟိသမားများ၊ စာရေးဆရာများ၊ယဉ်ကျေးမှုထိန်းသိမ်းရေးဆိုင်ရာကိစ္စ တက်ကြွလှုပ်ရှားသူများ၏ ဖေ့စ်ဘွတ်ခ် အကောင့်များကိုပါ ပစ်မှတ်ထားလာကြသည်။

မကြာသေးမီက ပုဂံဒေသကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်ဝင်ရေးကြိုးစားနေသည့် ဒီဇိုင်းဦးမျိုးဆွေသန်း၏ ဖေ့စ်ဘွတ်ခ်အကောင့်မှာလည်း ဖေ့စ်ဘွတ်ခ်သူခိုးတို့၏ လက်ချက်မိခဲ့ရပြန်သည်။

သို့သော် လူမှုကွန်ရက်သုံးစွဲသူများ၏ ဝိုင်းဝန်းဖိအားပေးခဲ့မှုကြောင့် အကောင့်ပြန်ပေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါဖေ့စ်ဘွတ်ခ်သူခိုးများသည် သာမန်လူမှုကွန်ရက်သုံးစွဲသူ အမျိုးသမီးငယ်များကိုလည်း ငွေကြေးဆိုင်ရာ၊ လိင်ဆိုင်ရာကိစ္စများအတွက် အသုံးချလာမည်ကား စိုးရိမ်စရာ အခြေအနေတစ်ရပ် ဖြစ်သည်။

ထိုအခြေအနေမှ ကာကွယ်ရန် မိမိဖေ့စ်ဘွတ်ခ်အကောင့်လုံခြုံရေးကို တတ်နိုင်သမျှ မြှင့်တင့်ထားရန်မှတစ်ပါး အခြားအားကိုးစရာမရှိကြောင်းလည်း အမည်မဖော်လိုသူ အိုင်တီနည်းပညာရှင်က ဆိုသည်။

“ဖေ့စ်ဘွတ်ခ်သုံးသူတွေအနေနဲ့ တတ်နိုင်သလောက် ကိုယ့်မှတ်ပုံတင်တွေ၊ အိုင်ဒီကတ်တွေကို ဖေ့စ်ဘွတ်ခ်ပေါ်မတင်မိဖို့လည်း အထူးအရေးကြီးပါတယ်။ အဲ့ဒါတွေကိုလိုက်စုပြီး အကောင့်တုဖွင့်တာတွေ၊ ရီကာဗာလုပ်တာတွေ ရှိတတ်တယ်။ နောက်တစ်ခုကတော့ ဖေ့စ်ဘွတ်ခ်သုံးသူအများစုက G-Mail သုံးပြီး ဖွင့်တာများပါတယ်။  G-Mail လုံခြုံရေးအတွက် 2 Step လို့ ခေါ်တဲ့ဖုန်းနံပါတ်နဲ့ Approve ခံရပါမယ်။ ဒါမှ သူများက ကိုယ့် Password ကို သိသွားလို့ ဝင်ရင်တောင် ကိုယ့်ဖုန်းက ကုဒ်ကို ရမှ ဖြစ်မှာပါ။ နောက်တစ်နည်းက ဖေ့စ်ဘွတ်ခ်ရဲ့ Security မှာ Two Factor Authentication ဆိုတာလေးကို ဖုန်းနံပါတ်နဲ့ Approve ခံတဲ့ နည်းလည်း ရှိပါတယ်။ အဲဒါနဲ့လည်း စိတ်မချရသေးပါဘူး။ Setting Up Extra Security ထဲမှာ Trust Friend ဆိုပြီး ကိုယ်ယုံကြည်တဲ့ သူငယ်ချင်း ငါးယောက်ရဲ့ အကောင့်ကို ရွေးရပါတယ်။ ငါးယောက်လုံးထည့်ထားတဲ့အခါ ကိုယ့် အကောင့်ကို လာခိုးတဲ့သူက ကိုယ့်ကိုရီကာဗာလုပ်ရင် အဲဒီငါးယောက်ကိုပါ လုပ်နိုင်မှ အကောင့်ရနိုင်တာပါ။ ဒီနည်းက စိတ်ချရပါတယ်။ လွယ်လည်း လွယ်ကူပါတယ်”ဟုလည်း ၎င်းက အကြံပြုသည်။

ဆောင်းပါးအစတွင် ပါဝင်ခဲ့သည့် မဟန်နီကတော့ အကောင့်ခိုးယူသူကို ငွေဆယ်သိန်းပေးရန် ဆုံးဖြတ်ခဲ့သော်လည်း နည်းပညာကျွမ်းကျင်သည့် သူငယ်ချင်းတစ်ဦး၏ အကူအညီပေးမှုဖြင့် အကောင့်ပြန်ရခဲ့သည်ဟု ဆိုသည်။

“အဲဒီနောက်ပိုင်း နည်းနည်းလျှို့ဝှက်တဲ့ကိစ္စတွေကို ဖေ့စ်ဘွတ်ခ်မက်ဆေ့ဂျာက မပြောဖြစ်တော့ဘူး။ ဘယ်အရာကမှ စိတ်မချရဘူးဆိုတာ ညီမသိသွားပြီ”

ဖေ့စ်ဘွတ်ခ်သည် လူသားများ၏ နေ့စဉ်လူမှုဘ၀အပေါ် လွှမ်းမိုးမှုအားကြီးလာသည်ကတော့ ငြင်းမရသည့်အချက်ပင်။

သို့သော် ထိုအချက်အပေါ် အခွင့်ကောင်းယူကာ အမြတ်ထုတ်လိုသည့် နည်းပညာသူခိုးများ၏ အန္တရာယ်ကလည်း သတိပြုရမည့်ကိစ္စပင်။

ထိုသူတို့၏ အပြုအမူသည် တစ်ဖက်သား၏ ဘ၀နှင့်ပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက အသက်ကိုပင် ရန်ရှာလာနိုင်သည့်အခြေအနေ ဖြစ်လာပေပြီ။

ဖေ့စ်ဘွတ်ခ်ပေါ်က လူသတ်သမား ဖြစ်လာပေပြီ။

“ဒီမှာက နိုင်ငံရေးရေးတာလောက်ကိုပဲ အရေးယူတာ၊ အကောင့်ပိတ်သိမ်းတာတွေ လုပ်တယ်။ အင်တာနက်သုံးစွဲသူတွေအတွက် တခြား ဘာအာမခံချက်မှမရှိဘူး။ အကောင့်အခိုးခံရပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြိမ်းခြောက်ခံရလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေသူတွေတောင် ရှိနေပါပြီ။ နောက်လည်း ဒီထက်ပိုများလာဖို့ပဲ ရှိတယ်”

အိုင်တီလောကတွင် ဆယ်စုနှစ်နှစ်စုကျော်ကြာကျင်လည်ခဲ့သူတစ်ဦးက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။

ပိုင်စ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *