အမှတ်အသားသရုပ် (၃) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။

(၁)
ဂုဏ်သိက္ခာနိုင်ငံရေး

The politics of dignity

နှစ်ဆယ့်တစ်ရာစု၏ ဒုတိယဆယ်စု အလယ်လောက်အချိန်တစ်ခုတွင် ကမ္ဘာ့နိုင်ငံရေးမှာ သဘင်ဆန်ဆန် ပြောင်းလဲသွားခဲ့သည်။ ဇာတ်၏ အစကား ယခုလို …။

၁၉၇၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းမှ ၂၀၀၀ ပြည့်လွန်နှစ်များ၏ အလယ်အတွင်း ဆမ်မျူရယ်လ်ဟန်တင်တန်ကမ္ပည်းတင်ခဲ့သော ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်းအဖြစ် မျက်မြင်ဒိဋ္ဌတွေ့ခဲ့ရသည်မှာ ရွေးကောက်ပွဲဒီမိုကရေစီဟု သတ်မှတ်နိုင်သော နိုင်ငံများ၏ အရေအတွက်မှာ ၃၅ နိုင်ငံမှ နိုင်ငံပေါင်း ၁၁၀ ကျော်အထိ မြင့်တက်သွားခြင်းပင်ဖြစ်သည်။ ဤကာလရှည်ကြီးအတွင်း လစ်ဘရယ်ဒီမိုကရေစီမှာ ကမ္ဘာ့နိုင်ငံတော်တော်များများ၏ (လက်တွေ့မဖြစ်နိုင်သေးသည့်တိုင် ရည်မှန်းချက်တစ်ရပ်အဖြစ် အနိမ့်ဆုံးရှိနေသည့်) လိုအပ်သော အစိုးရပုံသဏ္ဌာန်တစ်ရပ် ဖြစ်လာခဲ့ပါသည်။

နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများ၏ ဆိုခဲ့ပါအပြောင်းအလဲနှင့် အပြိုင်လိုက်လျောညီထွေစွာ ဖြစ်ပေါ်လာသည်မှာ နိုင်ငံများကြား စီးပွားရေးဆိုင်ရာ အပြန်အလှန်အမှီသဟဲပြုရမှုများ တိုးပွားလာခြင်းပင် ဖြစ်သည်။ ဤသည်ကို ကျွန်တော်တို့တစ်တွေက ‘ဂလိုဘယ်လိုက်ဇေးရှင်း’ ဟု အနွတ္တအမည်ပေးထားသည်။ အဆိုပါဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးကို ကျောထောက်နောက်ခံပြုထားသည်မှာ နောင်တွင် ‘ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့’ (WTO) ဖြစ်လာမည့် ‘ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ အထွေထွေသဘောတူညီမှုအဖွဲ့’ (GATT) လို လစ်ဘရယ်စီးပွားရေးအင်စတီးကျူးရှင်းများဖြစ်ပါသည်။ အဆိုပါအင်စတီကျူးရှင်းများကို အားဖြည့်ပေးနေသည်မှာ ‘ဥရောပသမဂ္ဂ’ (EU) လို၊ ‘မြောက်အမေရိက လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှုအဖွဲ့ (NAFTA) လို ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များ ဖြစ်သည်။

ဤကာလကြီးအတွင်း နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တိုးတက်မှုနှုန်းမှာ ကမ္ဘာလုံးအတိုင်းအတာ GDP တိုးတက်မှုထက် ကျော်သွားရာ ဆိုခဲ့ပါအင်စတီကျူးရှင်းများနှင့်အဖွဲ့များမှာ ချမ်းသာကြွယ်ဝမှု၏ အဓိကမောင်းနှင်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်လာကြပါသည်။ ၁၉၇၀ မှ ၂၀၀၈ ခုနှစ်အတွင်း ကမ္ဘာ၏ ကုန်စည်နှင့် ဝန်ဆောင်မှုကုန်ထွက်မှာ လေးဆတိုးလာပြီး ဤတိုးတက်မှု မှာ ကမ္ဘာ့ဒေသအားလုံးနီးပါးသို့ ပျံ့နှံ့သွားခဲ့သည်။ ဤအချိန်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အလွန်အကျွံဆင်းရဲမှုတွင် အသက်ရှင်နေထိုင်ရ သောလူဦးရေမှာ ၁၉၉၃ ခုနှစ်က စုစုပေါင်းလူဦးရေ၏ ၄၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၁ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်းသို့ ကျသွားခဲ့ပါသည်။ အသက် ငါးနှစ်မပြည့်မီသေဆုံးကြရသော ကလေးငယ်များ၏ အရေအတွက်မှာလည်း ၁၉၆၀ ပြည့်နှစ်က ၂၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၅ ရာခိုင်နှုန်းအောက်ထိ လျှောကျသွားပါသည်။

သို့နှင့်တိုင် ဆိုခဲ့ပါလစ်ဘရယ်ကမ္ဘာ့အစီအစဉ်မှာ လူတိုင်းအတွက် အကျိုးများစေသည်တော့ မဟုတ်ပါ။ နိုင်ငံတော်တော်များများ၊ အထူး သဖြင့် ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံများတွင် ဆင်းရဲချမ်းသာကွာဟမှုမှာ သိသိသာသာ မြင့်မားလာသည်။ ဖွံ့ဖြိုးမှု၏ အကျိုးကျေးဇူးအများစုမှာ အခြေခံအားဖြင့် ပညာတတ်ပြီး ချမ်းသာသော အီလစ်အလွှာသို့သာ စီးဆင်းသွားတတ်သည်က များသည်။ ထို့ထက် ဖွံ့ဖြိုးမှုဆိုသည်မှာလည်း တိုးပွားလာသော ကုန်စည်များ၊ ငွေကြေးများ၊ လူများနှင့် ဆက်စပ်နေရာ ဤအရာများတစ်နေရာမှ တစ်နေရာရွေ့သွားခြင်းက ပုံမှန်အခြေအနေကို ပျက်ယွင်းစေသော လူမှုအပြောင်းအလဲများကို ဖန်တီးပေးလိုက်သလိုဖြစ်သွားသည်။ ယခင်က လျှပ်စစ်ဓာတ်အားမရှိသောအနေအထားတွင်သာ နေထိုင်ခဲ့ကြရသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျေးလက်သားတွေမှာ ယခုအခါ မြို့ကြီးများသို့ရောက်လာပြီး တီဗီတွေနှင့် ဖြစ်လာသည်။ ‘ခွေးလေးပျားများ တောအနှံ့’ ဆိုသလို ပေါချင်းတိုင်းပေါနေသော ဆဲလ်ဖုန်းများမှတစ်ဆင့် အင်တာနက်နှင့် ချိတ်ဆက်လာကြသည်။

ဤတွင် လုပ်အားဈေးကွက်က အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိလာရတော့သည်။ သန်းနှင့်ချီသော လူအုပ်ကြီးမှာ မိမိကိုယ်တိုင်နှင့် မိသားစုအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကိုရှာဖွေရန် နိုင်ငံတကာနယ်နိမိတ်များကို ဖြတ်ကျော်လာကြသည်။ သို့မဟုတ် မိခင်တိုင်းပြည်၏ သည်းမခံနိုင်သော အခြေအနေမှ ထွက်ပြေးလာကြတော့သည်။ ဤအချိန်မှာပင် တရုတ်လို၊ အိန္ဒိယလိုနိုင်ငံများတွင် လူလတ်တန်းစားသစ်များ အုံနှင့်ကျင်းနှင့် ပေါ်ထွက်လာပြီး ယခင်ဖွံ့ဖြိုးပြီးနိုင်ငံများမှ လူလတ်တန်းစားဟောင်းများ၏ အလုပ်တွေကို လုပ်ကိုင်လာကြသည်။ ထုတ်လုပ်ရေးလုပ်ငန်းများမှာလည်း ဥရောပနှင့် အမေရိကမှ အရှေ့အာရှနှင့် လုပ်အားခသက်သာသော ကျန်ဒေသများသို့ မှန်မှန်လေးရွှေ့လာကြသည်။ တစ်ချိန်တည်းမှာပင် ဝန်ဆောင်မှုလုပ်ငန်းများ တိုး၍ တိုး၍လာသော စီးပွားရေးသစ်ရှိ အမျိုးသားများ၏ နေရာတွင် အမျိုးသမီးများဖြင့် အစားထိုးလာကြသည်။ အရည်အသွေးနိမ့်အလုပ်သမားများနေရာတွင် ‘စမတ်မရှင်း’ များနှင့် အစားထိုးလာကြသည်။

၂၀၀၀ ပြည့်လွန်နှစ်များလောက်မှစ၍ ပို၍ပို၍ တံခါးပွင့်လာသော လစ်ဘရယ်ကမ္ဘာ့အစီအစဉ်၏ အရှိန်အဟုန်မှာ စတင်တုံ့ဆိုင်းလာပြီး ထိုသည်၏ နောက်တွင်မူ နောက်ပြန်ဆုတ်လာလေတော့သည်။ ဤ အပြောင်းအလဲမှာ ဘဏ္ဍာရေးအကျပ်အတည်းကြီးနှစ်ရပ်နှင့်လည်း ချိန်ခါသင့်တိုက်ဆိုင်လျက်ရှိသည်။ ပထမတစ်ခုမှာ အမေရိက၏ ‘စံချိန်စံညွှန်းမညီသည့် (ချေးငွေ) ဈေးကွက် (Subprime Market) မှ စတင်ပြီး နောက်ပိုင်းတွင် ‘ဂရိတ်ရီဆက်ရှင်း’ ထိ ဦးတည်သွားသည့် အကျပ်အတည်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ဂရိနိုင်ငံ လူမွဲအဖြစ်ခံလိုက်ခြင်းမှ စတင်ပြီး ဥရောပသမဂ္ဂနှင့် ယူရိုငွေကြေးပေါ်ကျရောက်သော ခြိမ်းခြောက်မှုမှ ပေါ်ထွက်လာသည့် အကျပ်အတည်းဖြစ်ပါသည်။ (၂၀၀၇-၀၈ ကမ္ဘာလုံးချီဘဏ္ဍာရေးအကျပ်အတည်းနှင့် ၂၀၀၉ ယူရို အကျပ်အတည်းတို့ဖြစ်ပါသည်။) အဆိုပါအကျပ်အတည်းနှစ်ရပ်လုံးမှာပင် အီလစ်များချမှတ်ခဲ့ကြသောပေါ်လစီများမှ ကြီးမားသောစီးပွားရေးကျဆင်းမှုများ၊ မြင့်မားသောအလုပ်လက်မဲ့နှုန်းများနှင့် ကမ္ဘာတစ်ဝန်းမှ သန်းနှင့်ချီသော သာမန်အလုပ်သမား၏ ဝင်ငွေကျဆင်းမှုများကို မွေးထုတ်ပေးသလိုဖြစ်ခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှာ လစ်ဘရယ်ဒီမိုကရေစီ၏ ဦးဆောင်နိုင်ငံကြီးများဖြစ်ကြရာ ဆိုခဲ့ပါအကျပ်အတည်းများမှာ တစ်ခုလုံးအနေနှင့် လစ်ဘရယ်ဒီမိုကရေစီ၏ နာမည်ဂုဏ်သတင်းကို အကြီးအကျယ်ထိခိုက်စေခဲ့ပါသည်။

ဆိုခဲ့ပါအကျယ်အတည်းအလွန် ကာလများ၏ ထူးခြားသည့်သွင်ပြင် လက္ခဏာများကို ဖော်ပြနိုင်ရန် ဒီမိုကရေစီသောတုဇနတစ်ဦးဖြစ်သူ ‘လာရီဒိုင်းမွန်း’ က ‘ဒီမိုကရေစီကျဆင်းမှု’ ဆိုသော ဝေါဟာရကို ဖော်ထုတ်ခဲ့သည်။ ဤကာလအတွင်း ဒီမိုကရေစီနိုင်ငံများ၏ စုစုပေါင်း အရေအတွက်မှာ ကမ္ဘာ့ဒေသအားလုံးနီးပါးရရှိပြီး ထိပ်ဆုံးအနေအထား မှ သိသိသာသာ လျှောကျလာခဲ့သည်။ ဤအချိန်တွင် တရုတ်နှင့် ရုရှားတို့ဦးဆောင်သော အာဏာပိုင်စနစ်ကျင့်သုံးသည့်နိုင်ငံများမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုပိုရလာပြီး ‘ငါသိငါတတ်ကြောင်း’ ပို၍ပို၍ ပြသလာကြသည်။ တရုတ်ပြည်ကဆိုလျှင် ဒီမိုကရေစီနှင့် လုံးဝပင်ကွဲပြားခြားနားသောဖွံ့ဖြိုးရေးနှင့် ချမ်းသာကြွယ်ဝရေးလမ်းကြောင်းတစ်ခုကို ဖော်ထုတ်ပြီး ‘တရုတ်မိုဒယ်’ ဟု ပရိုမိုးရှင်းလုပ်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ရုရှားကလည်း ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့၏ လစ်ဘရယ်ယိုယွင်းကျဆင်းမှုများကို တိုက်ခိုက်လာသည်။ ၁၉၉၀ ပြည့်လွန်နှစ်များလောက်က အောင်မြင်သော လစ်ဘရယ်ဒီမိုကရေစီနိုင်ငံဟု ဆိုနိုင်လောက်သော နိုင်ငံတော်တော်များများမှာ ပို၍အာဏာပိုင်စနစ် သဘောဆောင်သော နိုင်ငံများအဖြစ်သို့ နောက်ကြောင်းပြန်လှည့်လာခဲ့ကြသည်။ ဟန်ဂေရီ၊ တူရကီ၊ တိုင်းလင်းနှင့် ပိုလန်နိုင်ငံတို့ ဖြစ်ပါသည်။

၂၀၁၁ ခုနှစ်က ပေါ်ထွက်လာသော အာရပ်နွေဦးသည်လည်း အရှေ့အလယ်ပိုင်းတစ်ကြော၏ အာဏာပိုင်စနစ်ကို အလျဉ်ပြတ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့နှင့်တိုင် လစ်ဗျား၊ ယီမင်၊ အီရတ်နှင့် ဆီးရီးယားတို့ ပြည်တွင်းစစ်ထဲ ထိုးဆင်းသွားရာမှ ထိုဒေသကြီး၏ ကြီးမားကျယ်ပြန့်သော ဒီမိုကရေစီမျှော်လင့်ချက်မှာ အကြီးအကျယ် စိတ်ပျက်စရာကြုံခဲ့ရပြန်သည်။ အကြမ်းဖက်ဝါဒီတို့ တစ်ဟုန်ထိုးအား ကောင်းလာရာမှ ထွက်ပေါ်လာသော စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှုမှာလည်း အမေရိကမှ အာဖဂန်နစ္စတန်နှင့် အီရတ်ကို ဝင်တိုက်လိုက်ရုံမျှနှင့် လက်လျှော့အရှုံးပေးသွားကြသည်မဟုတ်။ ‘အစ္စလာမ်မစ် နိုင်ငံတော်’ အဖြစ် သန္ဓေပြောင်းသွားခြင်းသာဖြစ်သည်။ သည်လိုနှင့် လစ်ဘရယ်သဘောမဆောင်သော အကြမ်းဖက်အစ္စလာမ်မစ်လှုပ်ရှားမှုမှာ ကမ္ဘာနှင့် တစ်ဝန်း အချက်ပြမီးတိုင်တစ်ခုဖြင့် နက်ရှိုင်းစွာပေါ်ထွက်လာနေပြီဖြစ်ပါသည်။ အရေအတွက်အရ မနည်းလှသော မွတ်ဆလင်လူငယ်လူရွယ်များအနေနှင့် နှိုင်းယှဉ်ခြင်းအားဖြင့် တစ်စုံတစ်ရာ လုံခြုံစိတ်ချရသော အရှေ့အလယ်ပိုင်းနှင့် ဥရောပကို စွန့်ခွာပြီး မိမိတို့အရေးတော်အတွက် တိုက်ပွဲဝင်ရန် ဆီးရီးယားသို့ ထွက်ခွာသွားကြသည်ကို ကြည့်လိုက်လျှင်ပင် ISIS လှုပ်ရှားမှု၏ ဒူပေနာပေခံနိုင်မှုကို မှန်းဆနိုင်စရာရှိပါသည်။

ပို၍အံ့ဩစရာကောင်းရုံမျှက ပို၍လည်းအရေးကြီးလိမ့်မည်ဟု ယူဆရသည်မှာ ၂၀၁၆ ခုနှစ်အတွင်း ကြုံခဲ့ရသော ရွေးကောက်ပွဲကြီး နှစ်ခုနှင့် ဆက်စပ်နေသော ပြဿနာများဖြစ်ပါသည်။ ဗြိတိသျှမဲဆန္ဒရှင်များက ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြခြင်းနှင့် အမေရိကန်မဲဆန္ဒရှင်များက ဒေါ်နယ်-ဂျေ-ထရမ့်ကို အမေရိကန်ပြည်ထောင်စုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြခြင်းတို့ဖြစ်သည်။ ဤဖြစ်ရပ်နှစ်ခုလုံးမှာပင် မဲဆန္ဒရှင်များ၏ စိုးရိမ်ပူပန်မှုမှာ စီးပွားရေးပြဿနာများနှင့် ဆက်စပ်နိုင်ပါသည်။ အထူးသဖြင့် အလုပ်သမားလူတန်းစား ရင်ဆိုင်နေရသော အလုပ်အကိုင်ဆုံးရှုံးနိုင်မှုနှင့် စက်မှုလုပ်ငန်းတစ်ခုလုံးနှင့် ဝေးကွာလာနိုင်မှုတို့ဖြစ်သည်။ အဆိုပါ စီးပွားရေးပြဿနာနည်းတူ အရေးကြီးသော နောက်ထပ်ပြဿနာတစ်ခုမှာ အစုလိုက်အပြုံလိုက်တိုးဝင်လာကြသော နိုင်ငံခြားမှ ဝင်ရောက်အခြေချနေထိုင်သူများအရေးပင်ဖြစ်သည်။

ဤသို့ နိုင်ငံရပ်ခြားမှ ဝင်ရောက်အခြေချနေထိုင်သူများ တိုးဝင်လာသည့်အရေးမှာ ဒေသခံအလုပ်သမားတို့၏ အလုပ်တွေကို လုယူခံရမည့်အရေးလို ရှုမြင်လာကြသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ ကာလတာရှည်ကတည်းက ပြုစုပျိုးထောင်လာခဲ့သော ယဉ်ကျေးမှုဆိုင်ရာအမှတ်အသားသရုပ်များ တစ်စစဆုတ်ယုတ်ပျက်ပြားလာမည့်အရေး ဖြစ်သည်။ ဆိုခဲ့ပါအတိုင်း လူဝင်မှုကို ဆန့်ကျင်ရေးနှင့် အီးယူပါတီများကို ဆန့်ကျင်ရေးတို့မှာ ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများတွင် အားကောင်းနေခဲ့ပြီလည်းဖြစ်သည်။ အထူးသဖြင့် ပြင်သစ်မှ ‘အမျိုးသားတပ်ဦး’၊ နယ်သာလန်မှ ‘ဖရီးဒန်းပါတီ’၊ ဂျာမနီမှ ‘အော်လထာနေးတစ်’ နှင့် ဩစတြီးယားမှ ‘ဖရီးဒန်းပါတီ’ တို့ဖြစ်သည်။ ပြောကြစတမ်းဆိုလျှင် ဥရောပတစ်တိုက်လုံးသည်ပင် အစ္စလာမ်မစ်အကြမ်းဖက်ဝါဒကို ထိတ်လန့်ကြသည်များရှိနေသလို ‘အမှတ်အသားသရုပ်ပြဿနာ’ လည်းရှိနေသည်။ မွတ်ဆလင်အမျိုးသမီးများ၏ ခေါင်းမြီးခြုံအဝတ်လို မွတ်ဆလင်အမှတ်အသားသရုပ်ဖော်ထုတ်ခွင့်ကို ခွင့်ပြုသင့် မသင့် အငြင်းပွားရမှုများကို ရှောင်ကွင်းလိုကြဟန်လည်းရှိနိုင်ပါသည်။ ဤသို့သော အငြင်းပွားမှုများက လူမျိုးရေး၊ ဘာသာရေးတင်းမာမှုများသို့ ဦးတည်သွားနိုင်စရာရှိနေသည်။

ပြီးခဲ့သော ၂၀ ရာစုနိုင်ငံရေးမှာ စီးပွားရေးပြဿနာများဖြင့် သတ်မှတ်ဖွင့်ဆိုသော လက်ဝဲလက်ယာ သက်တန့်ရောင်စဉ်တစ်လျှောက် စည်းရုံးလှုပ်ရှားခဲ့ကြသည်။ လက်ဝဲဘက်က ပိုမိုမျှတသော တန်းတူညီမျှမှုကိုလိုချင်သလို လက်ယာဘက်မှ ပိုမိုကြီးမားသော လွတ်လပ်မှုကို တောင်းဆိုသည်။ တိုးတက်သောနိုင်ငံရေး (လက်ဝဲပါတီများ) က အလုပ်သမားများ၊ သူတို့၏ အလုပ်သမားသမဂ္ဂများနှင့် ဆိုရှယ်ဒီမို ကရက်တစ်ပါတီများကို ဗဟိုပြု၍ ပိုမိုကောင်းမွန်သော လူမှုစောင့်ရှောက်မှုနှင့် စီးပွားရေးပြန်လည်ခွဲဝေမှုကို ရှာဖွေသည်။ ဤအချိန်တွင် လက်ယာပါတီများကမူ အခြေခံအားဖြင့် အစိုးရအရွယ်အစားကို လျှော့ချရန် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ရန်တို့ကို စိတ်ဝင်စားလေ့ရှိကြသည်။

သည်လိုနှင့် ၂၁ ရာစု၏ ဒုတိယဆယ်စုသို့ရောက်သောအခါဆိုခဲ့ပါ သက်တန့်ရောင်စဉ်မှာ အမှတ်အသားသရုပ်ဖြင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုသည့်ဘက်သို့ ရွေ့လာသည်။ လက်ဝဲဘက်မှာ ကျယ်ပြန့်သော စီးပွားရေးတန်းတူညီမျှမှုကို သိပ်အာရုံမထားတော့ဘဲ ဘေးဖယ်ထုတ်ခံထားရသော လူမှုအုပ်စုအသီးသီး၏ အကျိုးစီးပွားများကို မြှင့်တင်ပေးဖို့ အားသန်လာသည်။ လူမည်းများ၊ နိုင်ငံခြားမှ လာရောက်အခြေချသူများ၊ အမျိုးသမီးများ၊ ဟစ်စပန်နစ်အနွယ်များ၊ လိင်တူချစ်သူအသိုင်းအဝိုင်းများ၊ ဒုက္ခသည်များ … စသည်တို့ ဖြစ်သည်။ ထိုအချိန်တွင် လက်ယာဘက်ကလည်း မိမိကိုယ်ကိုယ် မျိုးချစ်များအဖြစ် သတ်မှတ်ပုံဖော်ပြီး အစဉ်အလာအမျိုးသားအမှတ်အသားသရုပ်ကို ကာကွယ်စောင့်ရှောက်ကြဖို့ ကြိုးပမ်းလာကြသည်။ တိတိကျကျဆိုရလျှင် သူတို့ဖော်ထုတ်ကြသော အမှတ်အသားသရုပ်မှာ လူမျိုး၊ လူမျိုးစု၊ ဘာသာရေးတို့နှင့် တစ်နည်းနည်း ဆက်စပ်နေသည်က များပါသည်။

ရှည်လျားသော အစဉ်အလာဆိုရာတွင် အနိမ့်ဆုံးအားဖြင့် ကားလ်မာက္ခ်ခေတ်လောက်အထိ ပြန်သွားဖို့လိုပါလိမ့်မည်။ ‘နိုင်ငံရေး တိုက်ပွဲဆိုသည်မှာ စီးပွားရေးပဋိပက္ခများ၏ ထင်ဟပ်ချက်တစ်ရပ်သာဖြစ်သည်’ ဟု မာက္ခ်က မြင်ခဲ့သည်။ (မာက္ခ်၏စကားကို အနှစ်သာရကျကျ ဖော်ပြရလျှင် ‘ပိုင်မုန့်၏ ဝေစုအတွက် တိုက်ကြခိုက်ကြခြင်း’ ဟု ဆိုရပါလိမ့်မည်။) တကယ်တော့ ဤဇာတ်လမ်းမှာ ၂၀၁၀ ပြည့်လွန်နှစ်များလောက်အထိသာ ဆိုင်ပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်းက လူထု၏အရေးအပါဆုံးအစိတ်အပိုင်းကို တစ်ကမ္ဘာလုံးအတိုင်းအတာ ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုလုံးကို လွှဲအပ်ထားချိန်ဟု ဆိုရပါလိမ့်မည်။ ခရစ်နှစ် ၂၀၀၀ မှ ၂၀၁၆ ခုနှစ်ကြား အမေရိကန်လူထု၏ တစ်ဝက်လောက် က ‘သူတို့၏ အစစ်အမှန်ဝင်ငွေတွင် မည်သည့်တိုးတက်မှုမှမရှိ’ ဟု မြင်နေကြသည်။ အမေရိကန်လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးမှ ၁ ရာခိုင်နှုန်းသို့ရောက်သွားသော အမျိုးသားကုန်ထွက်၏ အချိုးအဆမှာ ၁၉၇၄ ခုနှစ်က GDP ၏ ၉ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းအထိ ရှိလာသည်။

သို့နှင့်တိုင် ရုပ်ပိုင်းဆိုင်ရာကိုယ်ကျိုးစီးပွားလိုပင် အရေးကြီးသော လူသားတို့အတွက် တွန်းအားတစ်ခုလည်းရှိပါသေးသည်။ ဤတွန်းအား သို့မဟုတ် စေ့ဆော်မှုကိုမူ ပစ္စုပ္ပန်၏ ‘ခြားနားလွန်းလှ၍ နှိုင်းယှဉ်မရနိုင်လောက်အောင် အရေးကြီးသော ဖြစ်ရပ်များ’ နှင့် ရှင်းပြသည်ကသာ ပို၍ကောင်းမည်ထင်ပါသည်။ ဤသည်ကို ‘မကျေနပ်မှု၏ နိုင်ငံရေး’ ဟု ခေါ်ကြမည်ထင်သည်။ 

 

ဆက်လက်ဖော်ပြပါမည်
ကျော်ဝင်း
၂၂ အောက်တိုဘာ၊ ၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *