စည်းဝါးညီ ကကွက်ပီမှ အကောင်အထည်ပေါ်မည့် နှစ် ၂၀ မြန်မာ့ရွှေအိပ်မက်

လက်ရှိအစိုးရသက်တမ်း တစ်ဝက်ကျော်ချိန်တွင် ရည်မှန်းချက်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှစ် ၂၀ စီမံကိန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်လိုက်သည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP) ဟု အမည်ရသော ယင်းစီမံကိန်းက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာဘီလီယံ ၂၂၀ ကို နှစ် ၂၀ အတွင်းရရှိရန် ရည်မှန်းထားသည်။

အဆိုပါစီမံကိန်းသည် ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ရေးဆွဲခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကို ပြန်လည်သုံးသပ်ကာ လက်ရှိအခြေအနေနှင့်ကိုက်ညီရန် ပြင်ဆင်ရေးဆွဲလိုက်ခြင်း ဖြစ်သည်။

မျှတပြီး ပွင့်လင်းမြင်သာသော ရင်းနှီးမြှုပ်နှံမှုဖြစ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် လိုအပ်သော အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အဦဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သော ဆက်စပ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖော်ဆောင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အမျိုးအမည်စုံထုတ်လုပ်နိုင်သော စက်မှုကဏ္ဍဖြစ်ရေးနှင့် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးဆိုသည့် ရည်မှန်းချက်ကြီးငါးခုဖြင့် MIPP ကို အကောင်အထည်ဖော်မည် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးရည်မှန်းချက်များ ရောက်ရှိရန် သွားရမည့်လမ်းလေးသွယ်ကိုလည်း ချမှတ်ထားသည်။

ယင်းတို့မှာ ပို့ကုန်ဦးစားပေးလုပ်ငန်း၊ ပြည်တွင်းဈေးကွက်ဦးစားပေးလုပ်ငန်း၊ သဘာဝရင်းမြစ်သယံဇာတ အခြေခံလုပ်ငန်းနှင့် နည်းပညာအတတ်ပညာ အရင်းပြုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် MIPP ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲချမှတ်ခဲ့သော စီမံကိန်းများစွာ ရှိသော်လည်း အများစုမှာ စာရွက်ပေါ်တွင်သာ လုပ်ကိုင်နေသည့် စီမံကိန်းများဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အစိုးရအဆက်ဆက် စီမံကိန်းအများအပြား ချမှတ်ခဲ့ကြသော်လည်း စီမံကိန်းအောင်မြင်မှု၊ ရည်မှန်းချက်ပြည့်မီမှုနှင့် အကောင်အထည်ဖော်နိုင်မှုတို့ကို အများပြည်သူသိရှိရန် ပြန်လည် ဆန်းစစ်တိုင်းတာထုတ်ပြန်မှု အားနည်းသည့်အတွက် စာရွက်ပေါ်တွင်သာ စီမံကိန်းများ လည်ပတ်နေခြင်းလောဟု ပြည်သူများက ယူဆကြသည်။

လက်ရှိအချိန်ထိ ထိုအမြင်ကို အစိုးရဘက်မှ ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။

“ကျွန်တော်တို့နိုင်ငံမှာ စီမံကိန်းတွေ အများကြီးကတော့ ထုတ်နေတာပဲ။ မရှိတာထက်စာရင်တော့ ကောင်းပါတယ်ပဲ ပြောရမှာပေါ့။ အဓိကက အကောင်အထည် ဖော်နိုင်ဖို့တော့ လိုတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်ဒေါက်တာစိုးထွန်းက ဆိုသည်။

ရည်မှန်းချက်ကြီးမားသော နှစ် ၂၀ MIPP စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ သတ်မှတ်ထားပြီး ယင်းနှစ် ၂၀ ကို ကာလတိုငါးနှစ်စီဖြင့် လေးပိုင်းပိုင်းကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ပထမ ငါးနှစ်ကာလဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ဒုတိယ ငါးနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅ ဘီလီယံခန့်၊ တတိယငါးနှစ်တွင် ၆၁ ဒသမ ၅ ဘီလီယံနှင့် စီမံကိန်း နောက်ဆုံးငါးနှစ်တွင် ၈၈ ဘီလီယံ ဝင်ရောက်ရန် မြန်မာ့ရင်းနှီးကော်မရှင်က မျှော်မှန်းထားသည်။

“ လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း ဘာတွေပဲဖြစ်ဖြစ် ရည်မှန်းချက်၊ မျှော်မှန်းချက်ဆိုတာ ရှိရမယ်။ ဒါမရှိရင် လေနှင်ရာလွင့်သလို ဖြစ်နေမယ်။ ဒါပေမဲ့ ဒါက မျှော်မှန်းချက်ပဲမို့ ဒီအိပ်မက် တကယ်ဖြစ် လာအောင်တော့ ကျွန်တော်တို့အားလုံး ကြိုးစားကြရမယ်” ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက မှတ်ချက်ပေးသည်။

အဆိုပါ MIPP စီမံကိန်းထွက်လာချိန်သည် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုပမာဏ နှစ်နှစ် ဆက်တိုက်ကျဆင်းချိန်နှင့် ကြုံနေသည်။

လက်ရှိအစိုးရသက်တမ်းနှစ်နှစ်ခွဲအတွင်း ခွင့်ပြုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၃ ဘီလီယံရှိပြီး ယင်းပမာဏမှာ ဦးသိန်း စိန်အစိုးရသက်တမ်း နောက်ဆုံးနှစ်နှစ်နှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆ ဘီလီယံခန့် လျော့နည်းနေသည်။

ယင်းသို့လျော့နည်းသွားရသည်မှာ စီးပွားရေးထက် ငြိမ်းချမ်းရေးကို ဦးစားပေးခဲ့သည့် အစိုးရ၏ မူဝါဒ၊ ရခိုင်ပြည်နယ်အရေးနှင့် စီးပွားရေးလုပ်ငန်း လုပ်သာကိုင်သာဝန်းကျင် မဖန်တီးနိုင်သည့် အချက်တို့က အဓိကအကြောင်းရင်းများ ဖြစ်သည်။

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရ လွယ်ကူမှု ရှိ၊ မရှိကို တိုင်းတာသည့် Ease of Doing Business အစီရင်ခံစာကို ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး မြန်မာနိုင်ငံ၏အဆင့်မှာ ငါးနှစ်အတွင်း သိသိသာသာ ထူးခြားပြောင်းလဲမှု မရှိသေးပေ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှာ နိုင်ငံတစ်ခုခုတွင် ရင်းနှီးမြှုပ်နှံမှု ပြုသင့်၊ မပြုသင့်ကို ချိန်ထိုးနှိုင်းယှဉ်ရာတွင် ယင်း အချက်ကိုလည်း ထည့်သွင်းစဉ်းစားလေ့ရှိရာ မြန်မာနိုင်ငံထက် အဆင့်သတ်မှတ်ချက်ပိုမိုကောင်းမွန်သော ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများ ပိုမိုရှိနေကြသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကိုင်ရအခက်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နိုင်ငံပေါင်း ၁၉၀ ရှိသည့်အနက် မြန်မာက အဆင့် ၁၇၁ တွင် ယမန်နှစ်ကအတိုင်း ဆက်ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏အထက်တွင် လာအိုက အဆင့် ၁၅၄၊ ကမ္ဘောဒီးယားက ၁၃၈၊ ဗီယက်နမ်က ၆၉ ဖြင့် အသီးသီးရပ်တည်နေကြသည်။

နိုင်ငံပေါင်း ၁၉၀ အနက် စင်ကာပူနိုင်ငံက အဆင့် ၂ နှင့် မလေးရှားနိုင်ငံက အဆင့် ၁၅ ဖြင့် အာဆီယံနိုင်ငံများအနက် စီးပွားရေးလုပ်ကိုင်ရအလွယ်ကူဆုံး ဖြစ်သည်။

စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံတည်ဆောက်ခွင့်ပြုခြင်းတို့တွင်မူ မြန်မာနိုင်ငံက အာရှ-ပစိဖိတ် ဒေသတွင်း အဆင့်သတ်မှတ်ချက်ထက် သိသိသာသာ ကျော်လွန်နေပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထက်ပင် ရမှတ်ပိုများသည်။

ထို့ကြောင့်ပင် ကမ္ဘာ့ဘဏ်က ချီးမြှင့်သည့် သိသာထင်ရှားစွာ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်သည့် Star Performer ဆုကို DICA ဌာနက ရရှိခဲ့သည်။

သို့သော် ငွေကြေးထောက်ပံ့ရရှိမှု၊ အနည်းစုရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးမှု၊ စာချုပ်စာတမ်းများ လက်တွေ့ အသက်ဝင်ဆောင်ရွက်နိုင်မှုနှင့် လူမွဲစာရင်းခံမှုအညွှန်းကိန်းတို့တွင်မူ ပြုပြင်ပြောင်းလဲရမည့် အချက်များစွာ ကျန်နေကြောင်း ကမ္ဘာ့ဘဏ်၏ Ease of Doing Business အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား နားလည်မှုလွဲခြင်းနှင့် ကမ္ဘာ့ဘဏ်၏ မေးခွန်းများကို ရှင်းလင်းစွာ သဘောပေါက်မှုမရှိခြင်းတို့ကြောင့်လည်း စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအဆင့်မှာ တက်မလာခြင်း ဖြစ်ကြောင်း DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနများဘက်မှ ပြုပြင်ပြောင်းလဲမှု၊ ဖြေလျှော့မှုများပြုလုပ်ထားပြီးဖြစ်သော်လည်း ယင်းအချက်ကို အချို့လုပ်ငန်းရှင်များမှမသိဘဲ မေးခွန်းလွှာတွင် မပြောင်းလဲသေးကြောင်း ဖြေဆိုမှုများ အမှန်တကယ်ရှိခဲ့ကြောင်း Ease of Doing Business အဆင့်တိုးတက်ရေးကော်မတီ၏ အတွင်းရေးမှူး ဦးအောင်စိုးကလည်း ဆိုသည်။

နိုင်ငံပိုင်မီဒီယာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှပြုလုပ်သော စီးပွားရေးစကားဝိုင်းတွင် အထက်ပါအတိုင်း ပြောကြားထားခြင်းဖြစ်သည်။

“ပြုပြင်ပြောင်းလဲမှုတော့ လုပ်လိုက်တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဒါကိုလုပ်ငန်းရှင်တွေက အကျိုးမခံစားရတာတွေလည်း ရှိတယ်။ အဲဒီအခါမျိုးမှာတော့ ကျွန်မတို့က ‘No’ လို့ ဖြေလိုက်တာတွေ ရှိပါတယ်” ဟု ကုန်သည်/စက်မှုအသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို ပုဂ္ဂလိကကဏ္ဍမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးမှုအပိုင်းတွင် အားနည်းခြင်းနှင့် ဌာနတစ်ခု၏ ပြုပြင် ပြောင်းလဲမှုကို ကျန်ဌာနများက သဟဇာတဖြစ်စွာ လိုက်ပါဆောင်ရွက်နိုင်မှုတွင် အားနည်းနေဆဲဖြစ်ကြောင်း မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဦးအောင်စိုးက ဝန်ခံပြောကြားသည်။

ဌာနတစ်ခုမှ ပြုပြင်ပြောင်းလဲမှုလုပ်လိုက်သော်လည်း ကျန်ဌာနတစ်ခုတွင် ကြန့်ကြာနေသည့်ကိစ္စများမှာ လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသေးသည့်အတွက် ပြုပြင်ပြောင်းလဲမှု၏ အကျိုးကျေးဇူးကို အမှန်တကယ်ခံစားရမှု မရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

စည်း၊ ဝါးမညီ သဟဇာတမဖြစ်၍ အလုပ်မတွင်ရသည့် အကြောင်းတစ်ချက် ဖြစ်သည်။

“လုပ်ငန်းတစ်ခုကို အချိန်တိုအတွင်း မှတ်ပုံတင်လို့ရတယ်ဆိုပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဟိုဌာန၊ ဒီဌာနဆီမှာ ခွင့်ပြုချက်လိုက်တောင်းရတဲ့ အချိန်ကြာနေရင် ဘာမှမထူးဘူးလေ။ ဥပမာ ထောက်ခံချက်လိုဟာမျိုး၊ ဌာနအချင်းချင်း လုပ်သွားရမယ့်ဟာတွေ၊ ဒါက လုပ်ငန်းရှင်ဆီက တောင်းရမှာ မဟုတ်ဘူး” ဟု ဒေါက်တာစိုးထွန်းက မှတ်ချက်ပေးသည်။

အစိုးရတာဝန်ရှိသူများဘက်မှလည်း ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွင် လုပ်ဆောင်ရန် ကိစ္စရပ်များစွာ ကျန်နေသေးကြောင်း အသိအမှတ်ပြုကြသည်။

MIPP ၏ ထူးခြားချက်တွင် မြန်မာနိုင်ငံ၏ အားနည်းချက်နှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို အတိအလင်းဖော်ပြထားခြင်းပင်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဓိကရင်ဆိုင်ရမည့်စိန်ခေါ်မှုများတွင် ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကြောင့် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရမည့် အခြေအနေ၊ ကမ္ဘာလုံးဆိုင်ရာပြောင်းလဲနေသော စီးပွားရေးအတက်အကျ စက်ဝန်းနှင့် သဘာဝဘေးအန္တရာယ်တို့ဖြစ်ကြောင်း MIPP တွင် ဖော်ပြထားသည်။

အားနည်းချက်များအဖြစ် နိုင်ငံရေးရှုထောင့်အရ လက်နက်ကိုင်ပဋိပက္ခနှင့် လူမျိုးရေးပြဿနာ၊ ချည့်နဲ့နေသော တိုင်းပြည်စီးပွားရေးအခြေအနေ၊ ခေတ်နောက်ကျန်ခဲ့သော စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေမူဘောင်များနှင့် အသိဉာဏမူပိုင်ခွင့်ကဲ့သို့ အသစ်ရေးဆွဲရန် လိုအပ်သော ဥပဒေများ၊ ဖြေလျှော့ရန် ကျန်ရှိနေသေးသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ဆောင်မှုအားနည်းခြင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေဆဲ အခြေခံအဆောက်အဦ၊ ကျွမ်းကျင်မှုနည်းပါးသော လုပ်သားအင်အားနှင့် အတောင်အလက်မစုံသေးသည့် ဘဏ်နှင့် ငွေရေးကြေးရေးကဏ္ဍတို့ ဖြစ်သည်။

“စီးပွားရေးလုပ်ရလွယ်သလား ဆိုတော့ ဟိုးအရင်ကတည်းက ပြောခဲ့သလိုပဲ မီးတောင် ခုထိ မှန်အောင် မပေးနိုင်သေးဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းသေးဘူး။ ဒါတွေ မရှိဘဲ လုပ်ရကိုင်ရ ပိုအဆင်ပြေလာဖို့က မလွယ်ဘူး” ဟု စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က မှတ်ချက်ပေးသည်။

စီးပွားရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သည့် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် မြေဧရိယာ အခြေခံအဆောက်အဦများကို အစိုးရဘက်မှ ပိုမိုထောက်ပံ့ပေးနိုင်မှသာ ရင်းနှီးမြှုပ်နှံမှုများ များပြားလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ရခိုင်ပြည်နယ်အရေး ဖိအားပေးမှုကြောင့် ယင်းနိုင်ငံများမှ လုပ်ငန်းကြီးအများစုမှာ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် အနည်းငယ်တုံ့ဆိုင်းနေခြင်း၊ မြန်မာ့ အနောက်ဘက် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမှု မူဝါဒ၊ မြန်မာ့စီးပွားဖက် တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမူဝါဒများပေါ်မူတည်ကာ မြန်မာ့စီးပွားရေးမှာ မလူးမလွန့်သာ လုပ်ကိုင်နေရဆဲဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

သို့သော် ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေးစစ်ပွဲ၊ အပြန်အလှန်အကောက်ခွန် တိုးမြှင့်ကောက်ခံမှုကို အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်ကာ အမိအရဆုပ်ကိုင်နိုင်လျှင် မြန်မာ့စီးပွားရေးအတွက် အကျိုးရှိနိုင် ကြောင်း ဦးမြတ်သင်းအောင်က အကြံပေး သည်။

“တရုတ်ထုတ်ကုန်တွေကို အခွန်တိုးကောက်ရင် မြန်မာဘက်ကို လာပြီး သူတို့ ထုတ်လို့ရတာပဲ။ နယ်စပ်မှာပဲ လုပ်လုပ်၊ ရန်ကုန်အထိလာပြီး စက်ရုံပဲ ထောင်ထောင် Made in Myanmar ဆိုပြီး တင်ပို့လို့ ရမယ်။ အလုပ်ရှင်၊ အလုပ်သမားပြဿနာကိုတော့ နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်မယ့် အစီအမံတွေ ရှိဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အိပ်မက်အကြီးကြီးရှိသလို မဟာဗျူဟာကျသည့် ပထဝီဝင်အနေအထား၊ လုပ်ခလစာအရ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုအများအပြား၊ ပေါများလှသည့် သဘာဝရင်းမြစ်၊ အဆက်မပြတ်လုပ်ဆောင်နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နှင့် သန်း ၆၀ ကျော် ပြည်တွင်းဈေးကွက်ဆိုသည့် အားသာချက်များလည်း ရှိသည်။

ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် အားနည်းချက်များ သိထားပြီးဖြစ်သလို အားသာချက်၊ အခွင့်အလမ်းများကိုလည်း ဆုပ်ကိုင်နိုင်မည်ဆိုလျှင် အိပ်မက်က အမှန်တကယ်ဖြစ်လာနိုင်ကြောင်း ဒေါက်တာမောင်မောင်လေးက ပြောသည်။

ယခင်အစိုးရလက်ထက်က ရင်းနှီးမြှုပ်နှံမှုအတွက် အနောက်ကြည့်မူဝါဒကို ကျင့်သုံးခဲ့သော်လည်း လက်ရှိအခြေအနေတွင်မူ အရှေ့မျှော်မူဝါဒကို ပြောင်းလဲကျင့်သုံးရမည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ဆိုသည်။

အစိုးရ၏ အရှေ့မျှော်မူဝါဒကျင့်သုံးမှုကိုလည်း သိသာထင်ရှားစွာ မြင်တွေ့နေရသည်။

ယခုနှစ်ပိုင်းအတွင်း အစိုးရတာဝန်ရှိသူများသွားရောက်ခဲ့သည့် အဓိကကျသော စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအများစုမှာ အရှေ့အာရှနိုင်ငံများဖြစ်ပြီး ယင်းနိုင်ငံများမှာ မြန်မာနိုင်ငံ၏ အဓိကကျသော စီးပွားရေးမိတ်ဖက်နိုင်ငံများလည်းဖြစ်သည်။

မကြာသေးမီကပင် ဂျပန်၊ တောင် ကိုရီးယား၊ ဟောင်ကောင်နှင့် မကာအိုတို့မှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံသားများကိုလည်း ဆိုက်ရောက် ဗီဇာခွင့်ပြုပေးခဲ့သည်။

ဂျပန်၊ ဟောင်ကောင်နှင့် မကာအို တို့မှ လုပ်ငန်းများစွာလည်း လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးမှုများရှိသလို အနောက်နိုင်ငံများဘက်မှ အကြီးစားလုပ်ငန်းအချို့ အဆိုပြုထားသည်များလည်း ကြားသိရကြောင်း ဒေါက်တာမောင်မောင်လေးက ဆိုသည်။

“လမ်း၊ မီး ကောင်းအောင်လုပ်မယ်၊ အလုပ်သမားအရေး ကောင်းကောင်း စီမံခန့်ခွဲနိုင်မယ်၊ အစိုးရဝန်ထမ်းတွေ လုပ်စရာရှိတာကို မဝံ့မရဲမဖြစ်ဘဲ ပြတ်ပြတ်သားသား လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ထင်တာထက်တောင် ပိုပြီး ကောင်းလာနိုင်တယ်” ၎င်းက မြန်မာ့စီးပွားရေးအနာဂတ်ကို အကောင်းရှုမြင်ထားသည်။         ။

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *