နှစ်ဝက်စာမေးပွဲအောင် ဝန်ကြီးသစ်

လူဦးရေ လေးသောင်းကျော်ကို ကိုယ်စားပြုသည့် ဝန်ကြီးတစ်ဦးကို အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့သည်။

မန္တလေးမြို့လမ်း ၈၀ ပေါ်ရှိ အ.ထ.က(၁၄) ကျောင်းတွင် အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်အတွက် မဲရုံဖွင့်လှစ်ထားသည်။ မဲရုံဖွင့်ပြီး သုံးနာရီအကြာ၊ နံနက် ၉ နာရီရှိပြီ ဖြစ်သော်လည်း မဲလာပေးသူက ဆယ်ဂဏန်းခန့်သာ ရှိသေးသည်။ ယင်းမှာ မန္တလေးမြို့ပေါ်တွင် လူဦးရေအများဆုံးမဲပေးရမည့် မဲရုံ၏ အခြေအနေ ဖြစ်သည်။

၉ နာရီနှင့် ၁၀ နာရီကြားတွင် တစ်ဦးစ၊ နှစ်ဦးစလာရောက်ပြီး ဆန္ဒမဲပေးကြသည်။ အချို့ကလည်း မဲပေးမည့်သူစာရင်းတွင် မိမိ ပါ မပါကို မသိကြ။ ရှမ်းပြည်နယ်အတွင်းရှိ မြို့တစ်မြို့မှဖြစ်ပြီး မန္တလေးသို့ ရောက်ရှိနေသဖြင့် လာရောက်မဲပေးလိုခြင်းဖြစ်ကြောင်း ပြောကာ ရောက်လာသည်။

ကော်မရှင်နှင့် မဲရုံတာဝန်ရှိသူများက သေချာစိစစ်ပြီးမှ နားလည်အောင် ရှင်းပြရသည်။ မန္တလေးတွင် နေထိုင်သူအချို့မှာလည်း မဲပေးမည့် နေ့ရက် ရောက်သည်အထိ မိမိနာမည် မဲစာရင်းတွင် ပါ မပါကို မသိကြ။

“မဲစာရင်းတွေ နှစ်ကြိမ် သုံးကြိမ်ကပ်ထားပေးတယ်။ မီဒီယာတွေကနေ ကြေညာပေးတယ်။ မဲပေးမယ့်နေ့ကျတော့လည်း မဲရုံစဖွင့်ချိန်ကနေ မဲရုံပိတ်ချိန်အထိ စောင့်ပေးရတယ်။ မဲလာပေးကြဖို့ တစ်အိမ်တက်ဆင်း လိုက်ပြောလို့တော့ မရဘူးပေါ့လေ”ဟု မဲပေးနိုင်သူ ရှမ်းလူမျိုး ၆၀၀ ကျော်ရှိသည့် အောင်နန်းရိပ်သာအရှေ့ရပ်ကွက် မဲရုံတာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသည် မန္တလေးတိုင်းရှိ ရှမ်းလူမျိုးများအတွက် အထူးအခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခဲ့ကြသည့် ရှမ်းလူမျိုးရေးရာ ကိုယ်စားလှယ် သို့မဟုတ် ရှမ်းလူမျိုးရေးရာဝန်ကြီးသည် ယခုနှစ် ဇန်နဝါရီလအတွင်းက ကွယ်လွန်ခဲ့သဖြင့် ၎င်းနေရာကို အစားထိုးနိုင်ရန် ရွေးကောက်ပွဲတွင် ထည့်သွင်းခဲ့သည်။

ယင်းနေရာအတွက် ပါတီလေးခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး၊ စုစုပေါင်းငါးဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

“ဒါဟာ၂၀၁၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးထားတဲ့ ရှမ်းလူမျိုးတွေအတွက် အခွင့်အရေးပဲဆိုတာ မဲဆန္ဒရှင်တွေကို ပြောပြရတယ်။ မဲပေးတဲ့သူ၊ အရွေးချယ်ခံမယ့်သူအကုန်လုံး ရှမ်း ဖြစ်ရမယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  (NLD) မှ ဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ်လောင်း ဦးစိုင်းပန်းဆိုင်က မဲဆွယ်စည်းရုံးရေးခရီးစဉ်များအတွင်း မဲဆန္ဒရှင်များကို ထိုသို့ ရှင်းပြသည်။

မဲစာရင်းများတွင် ရှမ်းလူမျိုး မဟုတ်သူများကိုလည်း တွေ့ရပြီး ယင်းစာရင်းများ မှန်ကန်စေရန်အတွက် လုပ်ဆောင်ခဲ့ရကြောင်း၊ ရှမ်းလူမျိုးကိုယ်စားလှယ်ကို ရှမ်းလူမျိုးများသာ မဲပေးရွေးချယ်စေလိုကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကိုယ်စားလှယ်လောင်း ဒေါ်နန်းထွေးမှုံက ဆိုသည်။

“ဒါကြောင့် မဲစာရင်းမှာ အပြောင်းအလဲတချို့ ဖြစ်ကုန်တယ်။ တချို့မဲရုံတွေမှာ လူနှစ်ရာကျော်လောက်အထိ ပြန်ဖယ်ခဲ့ရတာမျိုးတွေ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

ရှမ်းတိုင်းရင်းသားအများဆုံး မြို့နယ်တစ်ခုဖြစ်သည့် ပြင်ဦးလွင်တွင်လည်း မဲပေးသူအရေအတွက်မှာ ကျေနပ်လောက်ဖွယ် မရှိခဲ့။

ရှမ်းရွာကြီးတစ်ရွာဖြစ်သည့် ပန်းဦးတောင်ကျေးရွာတွင် မဲပေးနိုင်သည့် သူ ၈၅၀ ကျော်ရှိပြီး မဲရုံပိတ်ရန် သုံးနာရီခန့်အလိုအထိ မဲပေးပြီးသူ ၅၀၀ ဦး နီးပါးရှိသည်။

ကျေးရွာများတွင် မဲလာပေးသူမှာ မြို့ပေါ်ထက်များပြားကြောင်း ရွေးကောက်ပွဲပြုလုပ်သည့်နေ့တွင် ပြင်ဦးလွင်မြို့နယ်ရှိ မဲရုံများသို့ သွားရောက်လေ့လာခဲ့သည့် ဒေါ်နန်းထွေးမှုံက ပြောပြသည်။

မြို့ပေါ်ရပ်ကွက်များတွင်မူ မဲပေးရန် စိတ်ဝင်စားမှုအားနည်းခဲ့သည်။ ရပ်ကွက်ကြီး (၁) မဲရုံတွင် မဲပေးနိုင်သူ ၄၁၄ ဦး ရှိသည်။ သို့သော် မဲရုံပိတ်ခါနီးအချိန်အထိ ၆၅ ဦးကသာ မဲလာပေးသည်ဟု ယင်းမဲရုံမှ ကော်မရှင်အဖွဲ့ဝင် ဦးစောနောင်က ပြောသည်။

“ဒါတောင်မှ ကြိုတင်မဲက ခုနစ်မဲ ပါသေးတယ်။ လူတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တာလောက် စိတ်ဝင်စားမှု မရှိကြဘူး။ ရပ်ကျေးရွေးတုန်းကဆို ဒီခန်းမဝင်းကြီးတစ်ခုလုံး လူအပြည့်”ဟု လူဦးရေသုံးရာခန့်ဆံ့သည့် ခန်းမနှင့် ဝင်းကို ညွှန်ပြ၍ ဦးစောနောင်က ပြောပြသည်။

နိုင်ငံရေးပါတီတို့ဘက်ကလည်း မဲပေးရန် ပြောဆိုစည်းရုံးမှုအားနည်းသလို မဲဆန္ဒရှင်များကိုယ်တိုင်ကလည်း မဲတစ်ခု၏ တန်ဖိုးကို သိရှိမှုအားနည်းခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြော ဆိုသည်။

အခြားရပ်ကွက်များရှိ မဲရုံများတွင်လည်း ထိုနည်းနှင်နှင်ပင်။ မဲပေးနိုင်သူ၏ ထက်ဝက်အောက် အရေအတွက်ကသာ လာရောက် မဲပေးခဲ့ကြသည်။

ပြင်ဦးလွင် ရပ်ကွက်ကြီး (၁၈) တွင်မူ မဲလာရောက်ပေးမှုသည် ပြုံးစရာကောင်းခဲ့သည်။ အဆိုပါမဲရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရှမ်းလူမျိုးသုံးဦးရှိပြီး မဲရုံတာဝန်ရှိသူများ၏ မဲရေတွက်မှုအရ မဲပေးသူ သုံးဦးမှာ ပါတီသုံးခုကို တစ်ယောက် တစ်ခုစီ ပေးထားကြခြင်း ဖြစ်သည်။

မန္တလေးတစ်တိုင်းလုံးအနေဖြင့်မူ ရှမ်းလူမျိုးရေးရာကိုယ်စားလှယ်နေရာအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မြင်းခြံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် သပိတ်ကျင်းတို့တွင်လည်း ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး တစ်တိုင်းလုံးတွင် မဲပေးနိုင်သူ သုံးသိန်းတစ်သောင်းကျော် ရှိသည်။

ယင်းအနက် တစ်သိန်းသုံးသောင်းကျော်သာ မဲလာပေးခဲ့ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်သည်။

ရှမ်းလူမျိုးရေးရာကိုယ်စားလှယ်နေရာအတွက် မဲပေးနိုင်သည့် ရှမ်းလူမျိုး များမှာ ၄၂,၄၆၃ ဦး ရှိပြီး မဲလာပေးသည့် သူမှာ ၁၇,၉၄၆ ဦးသာ ရှိခဲ့သည်။ ယင်းအနက် ခိုင်လုံမဲမှာ ၁၇၆၀၆ မဲ ရရှိခဲ့သည်။

ဆန္ဒမဲအများဆုံးရရှိခဲ့သည့် ကိုယ်စားလှယ်လောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန် ဖြစ်ပြီး ၇၁၆၇ မဲ ရရှိခဲ့ကာ ၄၀ ဒသမ ၇၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။

“အနိုင်ရဖို့ မဲပေးရွေးချယ်ခဲ့ကြတဲ့ ရှမ်းတိုင်းရင်းသားတွေကို ကျေးဇူးတင်ပါတယ်။ ရှမ်းလူမျိုးတွေ အရေး ဦးစားပေးဆောင်ရွက်သွားမှာပါ”ဟု အနိုင်ရသည့် ရလဒ်များထွက်လာပြီး မကြာမီ The Voice ဂျာနယ်၏ဆက်သွယ်မေးမြန်းမှုကို ဦးစိုင်းပန်းဆိုင်က ဖြေကြားသည်။

အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးစိုင်းပန်းဆိုင်သည် မန္တလေးမြို့တွင် လူမှုရေးလုပ်ငန်းများဖြင့် ထင်ရှားသည့်သူ ဖြစ်သည်။ မန္တလေးအခြေစိုက်တိုင်းရင်းသားလူမျိုးအစုအဖွဲ့ ၁၅ ဖွဲ့၏ ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများသာရေးနာရေးအသင်း (မန္တလေး) တည်ထောင်ခဲ့သည့် ၁၉၈၉ ခုနှစ်မှစ၍ အတွင်းရေးမှူး၊ ဥက္ကဋ္ဌစသည့် တာဝန်များအပြင် လက်ရှိတွင်လည်း နာယကအဖြစ် တာဝန်ယူနေဆဲ ဖြစ်သည်။

ထိုမျှမကသေး မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေး) ဒုဥက္ကဋ္ဌ၊ မိုင်းဖုန်းဆရာတော်ဘုရား ကမ္ဘောဇဝုန်းစုမ့်ကျောင်း (မန္တလေး)ဂေါပကအဖွဲ့ဥက္ကဋ္ဌစသည့် တာဝန်များကိုလည်း ဆောင်ရွက်နေသည်။

ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း (မန္တလေး) ကို မှတ်ပုံတင်နိုင်ရန်အတွက် နှစ်ပေါင်း ၃၀ ခန့်အတွင်း အကြိမ်ကြိမ်ကြိုးစားသော်လည်း မရရှိခဲ့ပေ။ NLD အစိုးရတက်လာပြီး ၂၀၁၇ ခုနှစ်အတွင်း ပါတီ၏ အကူအညီဖြင့် မှတ်ပုံတင်နိုင်ခဲ့သဖြင့် တိုင်းရင်းသားများအရေးကို လုပ်ဆောင်ပေးမည့် ပါတီဟု ရည်မှတ်ပြီး ပါတီအတွင်းဝင်ရောက်ခဲ့ကာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ရှမ်းလူမျိုးတို့၏ သဘောတူညီချက်ဖြင့် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဦးစိုင်းပန်းဆိုင်က ရှင်းပြသည်။

“အခုလက်ရှိကတော့ တိုင်းရင်းသားစာပေယဉ်ကျေးမှုကိစ္စမှာ ချို့ယွင်းနေတာ ရှိတယ်။ ဒါကို လုပ်ဆောင်ပေးချင်တာရှိတယ်။ နောက်တစ်ခုက မှတ်ပုံတင်တို့၊ အိမ်ထောင်စုဇယားတို့ ရှိတယ်”ဟု မန္တလေးတိုင်းအတွင်းရှိ ရှမ်းလူမျိုးများ၏ လက်ရှိကြုံတွေ့နေရသည့်အခက်အခဲကို ၎င်းက ပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲအတွေ့အကြုံအရ မဲဆန္ဒရှင်စာရင်းသည် မြေပြင် ထက်စာရွက်ပေါ်တွင် ပိုများနေသည့် အနေအထားများကိုလည်း တွေ့ခဲ့ရသဖြင့် ယင်းကိုလည်း ပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“ရှမ်းလူထုကို မက်ဆေ့ခ်ျပေးတဲ့အချိန်မှာ ကျွန်တော်တို့က အခြေခံပဲ ရှင်းပြတယ်။ လူကြီးတွေကလည်း ရွေးကောက်ပွဲမှာ ကတိကဝတ်မပေးဖို့ မှာကြားထားတယ်။ ဒါထည့်ရင် ဒါရမယ် ဆိုတဲ့ အပေးအယူတော့ မလုပ်ခဲ့ဘူး။ ပြောလည်း မပြောခဲ့ဘူး”ဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။

သို့သော် တိုင်းဒေသကြီးအတွင်းရှိ ရှမ်းရွာများတွင် ရှမ်းဘာသာစကားသင်ကြားသည့်ကိစ္စအတွက် လိုအပ်နေသည့် ဆရာ၊ ဆရာမများ၊ နွေရာသီအချိန် စာပေယဉ်ကျေးမှုကိစ္စများကို လုပ်ဆောင်ပေးရန် စဉ်းစားထားသည်ဟု ၎င်းက ပြောသည်။

“အခုက ရွာတွေမှာ၂၅ရာခိုင်နှုန်းလောက်ပဲ ရှိဦးမယ် ထင်တယ်။ တစ်တိုင်းလုံးပေါ့။ တစ်တိုင်းလုံးဆိုပေမယ့် အဓိကသင်ကြားဖို့ တောင်းဆိုနေတာ ပြင်ဦးလွင်နဲ့ မိုးကုတ်ပဲ ရှိတယ်။ ကျန်တဲ့နေရာတွေမှာတော့ ရှမ်းရွာတွေရယ်လို့ သိပ်မရှိကြဘူး”ဟု ၎င်းက ဆိုသည်။

ရှမ်းစာပေသင်ကြားရေးသည် ယခင် ရှမ်းရေးရာဝန်ကြီးဦးစိုင်းကျော်ဇော လက်ထက်ကတည်းက အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် မြို့ပေါ်ရှိ ရှမ်းလူမျိုးများ၏ မှတ်ပုံတင်ကိစ္စကိုလည်း ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနိုင်ရန် ကြိုးစားမည်ဟု ၎င်းက ထပ်မံပြောဆိုသည်။

အနိုင်ရသည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်လာသော်လည်း လွှတ်တော်တွင် ကျမ်းမကျိန်ရသေးပေ။ ကျမ်းကျိန်ပြီးလျှင်မူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (ရှမ်းရေးရာဝန်ကြီး)အဖြစ်ပါ ခန့်အပ်ခံရမည် ဖြစ်သည်။

ယခင် ရှမ်းရေးရာဝန်ကြီးလက်ထက်တွင်မူ တိုင်းဒေသကြီး၏ ပညာရေး၊ ကျန်းမာရေးနှင့် သာသနာရေးစသည့်ကိစ္စများကို တာဝန်ပေးခဲ့သည်။ လက်ရှိတွင်မူ ယင်းတာဝန်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်က တွဲဖက်တာဝန်ယူထားသည်။

ပရဟိတ၊ စာပေယဉ်ကျေးမှု၊ လူမျိုးရေး စသည့်ကိစ္စရပ်များကို နှစ်ပေါင်းများစွာ ထဲထဲဝင်ဝင်လုပ်ကိုင်လာခဲ့သဖြင့် အထက်ဖော်ပြပါတာဝန်များကို ပေးအပ်မည်ဆိုပါက လက်ခံဆောင်ရွက်ရန်အသင့်ရှိသည်ဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။

မဲလာပေးသူ တစ်သောင်းခုနစ်ထောင်ကျော်သာရှိခဲ့သော်လည်း တစ်တိုင်းလုံးရှိ လေးသောင်းနှစ်ထောင်ကျော်သော ရှမ်းလူမျိုးများ၏ အရေးကိစ္စများကို ဆောင်ရွက်ရမည့် ဝန်ကြီး ဖြစ်သည်။ တိုင်းရင်းသားအရေးအပြင် တစ်တိုင်းလုံး၏ ပညာရေး၊ ကျန်းမာရေးနှင့် သာသနာရေး စသည်တို့ကိုလည်း ညီတူမျှတအောင် ဆောင်ရွက်ရမည်လည်းဖြစ်သည်။

ရွေးကောက်ပွဲကတိမပေးခဲ့ဟုဆိုသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လက်တွဲကာ အစိုးရ၏ မူဝါဒ၊ ပါတီမူဝါဒတို့ကို အကောင်အထည်ဖော်ဆောင်ရမည်လည်း ဖြစ်သည်။

၂ နှစ်ခွဲခန့်အချိန်အတွင်း မည်မျှအထိ ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကိုတော့ စောင့်ကြည့်ရမည်သာ ဖြစ်သည်။     

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *