ဖက်ဒရယ် မတီးမမြည်

ဖက်ဒရယ်သည် မြန်မာ့မျက်မှောက်နိုင်ငံရေးလောကတွင် ဒီမိုကရေစီနည်းတူ ရေပန်းစားလာသော စကားလုံး၊ သဘောတရားဖြစ်သော်လည်း နားလည်ရ လွဲနိုင်သည့်၊ အလွဲသုံးနိုင်သည့် သဘောတရားလည်း ဖြစ်သည့်အတွက် မပြောမပြီး၊ မတီးမမြည် သတိပေးရေးသားလိုက်ရပြန်ပါသည်။

ပြည်နယ်နှင့် တိုင်းအစိုးရများ အားကောင်းရေး

အနာဂတ် နိုင်ငံတော်သွားမည့် ဖက်ဒရယ်စနစ်တည်ဆောက်ရေးသည် ငြိမ်းချမ်းရေး သဘောတူညီချက်များပေါ် တည်မည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် တစ်ဆင့်ချင်း ဖြည်းဖြည်းအေးအေးသွားမည်ဖြစ်ရာ အနာဂတ် ဖက်ဒရယ်စနစ်ကိုသာ စောင့်နေရလျှင် ဖက်ဒရယ်စနစ်အကျိုးကို နောင်မှသာ ခံစားရမည်။ တစ်ဖန် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ အားကောင်းမှသာ ဖက်ဒရယ်စနစ်သည် ထိရောက်အောင်မြင်မည်။ ထို့ကြောင့် အနာဂတ်ဖက်ဒရယ်စနစ် မည်သို့ပေါ်လာမည်ကို အသာထား၊ လက်ရှိပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ ယခုထက် တောင့်တင်းလျှင်၊ ထက်မြက်လျှင် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပြီးသားလည်းဖြစ်၊ လောလောဆယ်တွင်လည်း နိုင်ငံအတွက် ကောင်းမည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ လုပ်တတ်လျှင် လုပ်တတ်သလို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များအတွက် အခွင့်အလမ်းများ ရှိနေသော်လည်း လုပ်နိုင်သည့် ပြည်နယ်တိုင်း အစိုးရများက လုပ်နိုင်ပြီး အားနည်းသည့် ပြည်နယ်တိုင်းအစိုးရက အားနည်းမြဲအားနည်းနေသည်ကို တွေ့ရသည်။

သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး

မြန်မာသည် မည်သည့်အရာမဆို အစွန်းရောက်တတ်သောအကျင့်ရှိသည်ဟု ပြောသူတို့ ပြောကြသည်။ ယခုဖက်ဒရယ်သည်လည်း  ထိုအစွန်းရောက်လောကဓံကို ခံနေရသည်။ ဖက်ဒရယ်စနစ်၏ အဆိုးများကိုချည်း တစ်ချိန်က ပြောခဲ့ကြသည်။ နောက်ပိုင်းတွင် ‘ဖက်ဒရယ်’ ဟူသော စကားလုံးကိုပင် ‘နားမှလေစ၊ မကြားရလေအောင်’ ပိတ်ပင်လိုက်သည်။ ယခုတစ်ဖန် ဖက်ဒရယ်တစ်ကြိမ်ပြန်ခေတ်ထလာသည်။ ‘ရှင်ဘုရင့်ပုဆိုး၊  ပိုးချည်း’ ဆိုသကဲ့သို့ ဖက်ဒရယ်၏ အကောင်းများကို ပြောနေကြသည်မှာ  ယခုမှ ဘာသာပြောင်းစသူ သူ့ဘာသာအသစ်ကို အရူးအမူး မိုးမမြင် လေမမြင်ဖြစ်နေသည့် အတိုင်း။ သို့သော် ဖက်ဒရယ်စနစ်သည် ရေ၊ မီး စသည့် လူ့လောကရှိ အခြားသောအရာများကဲ့သို့ပင် ‘သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး’ဖြစ်ရာ ဖက်ဒရယ်၏ ဆိုးကျိုးများကို ဆွေးနွေးဝေဖန်မှု အလွန်နည်းပါးခြင်းသည် မကောင်း။ စင်စစ် အဆိုးရော အကောင်းရော ဘက်စုံထောင့်စုံ စဉ်းစားမှသာ ဖက်ဒရယ်စနစ်အကြောင်း ကောင်းကောင်းသိမည်။ မြန်မာနိုင်ငံနှင့် လိုက်ဖက်သော ဖက်ဒရယ်စနစ်ကို ချမှတ်အကောင်အထည်ဖော်နိုင်လိမ့်မည်။

ဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည်မှန်၏။  သို့သော် မြန်မာနိုင်ငံအတွက် တစ်မည်တည်းနှင့် ရောဂါအားလုံးပျောက်သည့် ‘၉၆ပါး ဆေး’ မဟုတ်။ စီးပွားရေး၊ ပညာရေး၊ အရပ်ဘက်တပ်ဘက် ဆက်ဆံရေး၊ နိုင်ငံတကာအခြေအနေစသော အကြောင်းတရားများစွာ  တိုက်ဆိုင်မှသာ မြန်မာနိုင်ငံ ကောင်းစားမည်ဖြစ်သည်။

အခြေအနေ

မည်သည့်အကြောင်းအရာကိုပင် လေ့လာလေ့လာ Context ဟုခေါ်သော အခြေအနေကို သဘောပေါက်ရန် အရေးကြီးသည်။ အခြေအနေကို နားမလည်လျှင် အကောင်းဆုံး သီအိုရီများပင် အလုပ် မဖြစ်။ စာရွက်ပေါ်မှ စာနှင့် မြေပြင် မဟဖို့ လိုသည်။

ဆိုဗီယက်ပြည်ထောင်စု၏ အခြေခံဥပဒေသည် ဖက်ဒရယ်ဟု ဆိုဆို၊ ဖက်ဒရယ်မဟုတ်ဟုဆိုဆို မပြိုကွဲမီ ၁၀ နှစ်၊ ၁၅ နှစ်အချိန်က  အခြေခံဥပဒေနှင့် ပြိုကွဲသောအချိန် အခြေခံဥပဒေတို့ များစွာကွာခြားသည်ဟု မထင်ပါ။ အခြေခံဥပဒေအပြင်ဘက်ရှိ ကြီးမားသောအားများကြောင့်သာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားခြင်းဖြစ်သည်။ ထိုအားများကို ခြုံပြီး အမည်ပေးမည်ဆိုလျှင် ‘အခြေအေ’ ဟုသာ ပေးရလိမ့်မည်။

အခြေခံဥပဒေကို ကမ္ဘာအရပ်ရပ်ရှိ ဖက်ဒရယ်ဝါရင့်နိုင်ငံများကပင်  အားကျရလောက်အောင် ဖက်ဒရယ်နည်းကျ ရေးသားထားလျှင်ပင် ‘အခြေအနေ’ သည် ဖက်ဒရယ်ကို အားမပေးလျှင် ဖက်ဒရယ်အခြေခံဥပဒေသည် စာအုပ်တစ်အုပ်သာဖြစ်မည်။ ထို့အတူ ဖက်ဒရယ်ရေခံမြေခံသာ ကောင်းလျှင် ဖက်ဒရယ်စနစ်သည် အလွယ်တကူ ကြီးပွားစည်ပင်နိုင်သည်။ ဖက်ဒရယ်ဟု ရေးမထားလျှင်ပင် နိုင်ငံသည် ဖက်ဒရယ်ဆန်ဆန် လည်ပတ်နိုင်ပေမည်။

ဖက်ဒရယ်၏ အဓိပ္ပာယ်

ဖက်ဒရယ် အကြောင်းကြားလာရဖန်များသည့်အခါ ဖက်ဒရယ် စကားဝိုင်းများ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဖက်ဒရယ်၏ အဓိပ္ပာယ်သည်  ရွေ့လျောပြောင်းလဲပြီး ဖက်ဒရယ်မှ ဟုတ်ပါလေရဲ့လားဟုပင် ထင်လာရသည်။ ‘ဖက်ဒရယ်’ ကို ‘Decentralization’ ‘ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း’ နှင့် အများအားဖြင့် လွဲမှားမှတ်ယူနေကြသည်။ မြန်မာပြည်တွင် ဗဟိုချုပ်ကိုင်မှု များပြားနေသည် သို့မဟုတ် လွန်ကဲနေသည်ဟု  ထင်မြင်ကြခြင်းကြောင့် ထိုသို့ အကောက်အယူလွဲခြင်းဖြစ်မည်ဟု သဘောပေါက်သော်လည်း Federalism နှင့် Decentralization သည် မတူပါ။ ဖက်ဒရယ်သည် ‘ဗဟိုအစိုးရနှင့် ပြည်နယ်၊ တိုင်းအစိုးရ ဟူသော အစိုးရ ၂ ဆင့်အကြား အာဏာခွဲဝေကျင့်သုံးခြင်း’ သာ ဖြစ်သည်။  ဖက်ဒရယ်နိုင်ငံများတွင်လည်း ‘ဗဟိုချုပ်ကိုင်မှုများသော ဖက်ဒရယ်နိုင်ငံ’  ‘ဗဟိုချုပ်ကိုင်မှုနည်းသော ဖက်ဒရယ်နိုင်ငံ’ ဟု သူ့နိုင်ငံအခြေအနေ အလိုက် ကွာခြားပါသည်။ ဗဟိုချုပ်ကိုင်မှုများသောကြောင့် လျှော့နေသောနိုင်ငံ (Decentralizing Federal State) နှင့် ဗဟိုချုပ်ကိုင်မှု နည်းသောကြောင့် ပြန်တိုးနေသောနိုင်ငံ (Recentralizing Federal State) တို့ ရှိကြသည်။

နိုင်ငံဦးစားပေး

မြန်မာသည် ကမ္ဘာတွင် နောက်ကျသော နိုင်ငံ ဖြစ်သည်။ ယခုအတိုင်းဆိုလျှင် မြန်မာက ငုံ့ကြည့်နေသေးသည့် နိုင်ငံများကို နောင်တွင် မော်ကြည့်ရမည်။ ထို့ကြောင့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးတွင်  မတူသည်များ ခဏထားပြီး တူသည်များကို မြန်မြန်ပေါင်းလုပ်စေချင်သည်။

နောင်လာမည့် အခြေခံဥပဒေကို မျှော်လင့်နေချိန်တွင် နိုင်ငံလက်ရှိလည်ပတ်နေသော အခြေခံဥပဒေပါ ဖက်ဒရယ်စရိုက်လက္ခဏာများသည်ပင် အပြည့်အဝ ဖြစ်ပေါ်ခြင်းမရှိသေး။ ထို့ကြောင့် စာအုပ်အကြောင်း မျှော်ရည်ရပ်တန့်မနေဘဲ လက်တွေ့ဘ၀တွင် ဖက်ဒရယ် ပိုမိုပီပြင်လာစေရေးကို ကြိုးပမ်းသင့်သည်။ အခြေခံဥပဒေသစ်ပေါ်လာမှ သို့မဟုတ် ယခုအခြေခံဥပဒေကိုပြင်ဆင်ပြီးမှ ဖက်ဒရယ်စတင်မည်ဆိုခြင်းသည်  ပြဿနာကို ရှောင်သည့်သဘော၊ ခပ်ဝေးဝေးရွှေ့ထားသည့်သဘော ဖြစ်နေပြီး လက်ရှိစာအုပ်ထဲမှ ဖက်ဒရယ်သဘောတရားများကို အပြည့်အဝကျင့်သုံးခြင်းဖြင့် လက်ရှိနိုင်ငံသားများ ဖက်ဒရယ်၏ အကျိုးကျေးဇူးများကို  ခံစားရရှိစေနိုင်သည်။

မြန်မာ့ဖက်ဒရယ်သည် ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်ခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ်တွင် အောင်မြင်စေလိုသည်။           ။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *