NLD သောင်ပြိုကမ်းပြို နိုင်ပါဦးမည်လော

သောင်ပြိုကမ်းပြိုအနိုင်ရလဒ်ဖြင့်  ၂၀၂၀ တွင် ဆက်လက်ဂုဏ်ယူဝင့်ကြွားနိုင်ပါဦးမည်လော။

ကြားဖြတ်အကြိုစစ်ဆေးသည့် စာမေးပွဲများတွင် အရေးမလှဖြစ်နေသည်။ တစ်ကြိမ်ထက်တစ်ကြိမ်ရလဒ်က ပိုဆိုးလာသည်။ ထို့ကြောင့် ၂၀၂၀ အတွက် ရတက်မအေးဖွယ်ရာ ဖြစ်လာသည်။

ဖိနှိပ်မှုအမျိုးမျိုးကို တွန်းလှန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရကာ အစိုးရအဖွဲ့ကို အလွယ်တကူဖွဲ့နိုင်ခဲ့သည်။

သို့သော်လည်း အကြိုစစ်ဆေးသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုစကားကို မသုံးနိုင်တော့ဘဲ ဖြစ်နေသည်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD နယ်လေးခု ဖဲ့ယူခံလိုက်ရသဖြင့် အထိနာလှသည်ဟုဆိုရမည် ဖြစ်သည်။

“အဓိကအားဖြင့်တော့ ပြည်သူလူထုက ဒီအစိုးရလက်ထက်အောက်မှာ ပိုပြီးတော့ နေရေးထိုင်ရေးက ပိုကျပ်လာတယ်။ ပိုခက်ခဲလာတယ်ဆိုတာကို ဖော်ပြလိုက်တာပေါ့” ဟု NLD အပိုင်နေရာများ ပဲ့ပါသွားမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ဖြစ်သည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော်အနိုင်ရကာ အစိုးရတာဝန်ယူနေသည့် NLD ကြားဖြတ်ရွေးကောက်ပွဲများတွင် တဖြည်းဖြည်းအရေးနိမ့်လာသဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာမည်လော စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်လာသည်။

အလဲထိုးနိုင်ပါ၏လော

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာကြုံးဝါးထားသကဲ့သို့ အလဲထိုးနိုင်ခဲ့သလော။

နိုဝင်ဘာလ ၃ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလခုနစ်ဦး စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၉ ဦး ဝင်ပြိုင်သည်။

NLD က နေရာစုံဝင်ရောက်ယှဉ်ပြိုင်ပြီး ကြံ့ခိုင်ရေးပါတီက တိုးပေါက်ရန်မလွယ်သည့် ရခိုင်ပြည်နယ် ရသေ့တောင်၊ ရှမ်းပြည်နယ် လဲချားနှင့် ချင်းပြည်နယ် မတူပီတို့ကို လက်ရှောင်ခဲ့သည်။ ၁၃ နေရာ အနက် ၁၁ နေရာမှာ NLD ၂၀၁၅ တွင် အနိုင်ရထားပြီး ကျန်နှစ်နေရာမှာ တိုင်းရင်းသားပါတီများ ကြီးစိုးသည့် နယ်မြေ ဖြစ်သည်။

NLD နယ်အနက် ကချင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ဖြစ်သည့် ချင်းပြည်နယ် မတူပီအမှတ်(၁)၊ စစ်ကိုင်းတိုင်း တမူးမဲဆန္ဒနယ်အမှတ်  (၂)၊ ရန်ကုန်တိုင်း ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ်(၂) တို့မှာ ယခုတစ်ကြိမ် NLD  အလှည့် မဟုတ်တော့ပါ။

မတူပီတွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရပြီး ကျန်နယ်မြေသုံးခုတွင် NLD ၏ အဓိကပြိုင်ဘက် ကြံ့ခိုင်ရေးပါတီက အနိုင်ရသည်။ ရာခိုင်နှုန်းဖြင့်ဆိုလျှင်  NLD နယ် သုံးပုံ တစ်ပုံ ဆုံးရှုံးခြင်း ဖြစ်သည်။

အပိုင်နယ်များ ဆုံးရှုံးသည့်အပြင် ဆက်လက်အနိုင်ရခဲ့သည့် ခုနစ်နယ်တွင်လည်း ၂၀၁၅ ရွေးကောက်ပွဲကထက် မဲရရှိမှုရာခိုင်နှုန်းမှာလည်း လျော့ကျသည်။ နေရာသုံးခုတွင် ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသည်။

NLD အနိုင်ရထားသည့် နယ်မြေဆုံးရှုံးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ခြင်းတော့ မဟုတ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း တစ်နေရာပဲ့ပါသွားသေးသည်။ တံတားအမည်ပေးမှု ဂယက်ကြောင့် စိတ်ဝင်တစားစောင်ကြည့်ခဲ့ကြသည့် မွန်ပြည်နယ် ချောင်းဆုံမဲဆန္ဒနယ် ဖြစ်သည်။

သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းအမည်တပ်ရန် ပြည်ထောင်စုအစိုးရက ကြိုးပမ်းရာမှ ပြည်သူ့လွှတ်တော်တွင် အဆိုတင်ကန့်ကွက်ခံရပြီး ပြည်သူများကလည်း ဆန္ဒပြ ကန့်ကွက်သည်။

ယင်းဖြစ်ရပ်နှင့် မရှေးမနှောင်းကျင်းပသည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD နယ် ချောင်းဆုံကို ကြံ့ခိုင်ရေးပါတီက မဲခုနစ်ထောင်ခန့်အသာဖြင့် အနိုင်ပိုင်းသွားသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အပြတ်အသတ်အနိုင်ရလိုကြောင်း ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက စက်တင်ဘာလဆန်းပိုင်းက ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးတွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

“ဘာကြောင့်အောင်နိုင်ချင်သလဲဆိုရင် ဒီရွေးကောက်ပွဲက စိတ်ဓာတ်ရေးရာအရ တိုက်လိုက်တဲ့ တိုက်ပွဲပဲ ဖြစ်တယ်။၂၀၂၀ ရွေးကောက်ပွဲအတွက် စိတ်ဓာတ်ရေးရာအရ တိုက်လိုက်တဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်”ဟု ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

တစ်နည်းအားဖြင့် မဟာပြိုင်ဘက်ကြံ့ခိုင်ရေးပါတီကို အလဲထိုးရန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

“ဒီရွေးကောက်ပွဲမှာသာ ကြံ့ခိုင်ရေးပါတီ လဲရင် နောက်၂၀၂၀ရွေးကောက်ပွဲမှာ သူ့ကို ဝိုင်းရံတဲ့၊ သူ့ကို ထောက်ခံတဲ့၊ အကျိုးစီးပွားအရ ပတ်သက်နေတဲ့ သူကတော့ မသိမသာလေး နောက်ဆုတ်သွားမှာ။ ဒီပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အရေးကြီးတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။

သို့သော်လည်း ကြုံးဝါးထားသည့်အတိုင်း အလဲမထိုးနိုင်ခဲ့သည့်အပြင်  NLD နယ်လေးနယ်ပင် ပဲ့ပါသွားသဖြင့် အလဲမထိုးနိုင်ရုံမျှမက မျှော်လင့်ချက်နှင့် လက်တွေ့ဆန့်ကျင်ဘက် ဖြစ်ခဲ့ရသည်။

 

ရှုံးရခြင်း အကြောင်းအရင်း

NLD အပိုင်နယ်များဆုံးရှုံးခြင်း အပေါ်အမြင်အမျိုးမျိုးရှိသည်။

ဒီမိုကရေစီအရေးကြိုးပမ်းသည့် NLD အစိုးရလက်ထက်တွင် စီပွားရေး တိုးတက်ကောင်းမွန်ကာ ဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲတွင်းက လွတ်နိုင်မည်၊ နိုင်ငံတကာအလယ် မျက်နှာပန်းလှမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ပကတိအခြေအနေတွင် ကုန်ဈေးနှုန်းများမြင့်မားကာ ပြည်သူများစားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာက ဖိအားဒဏ်ခံနေရသည်။

စီးပွားရေးလုပ်ငန်းရှင်များကလည်း စီးပွားရေးလုပ်သာကိုင်သာမရှိဟု ညည်းသည်။ အိမ်ရှင်မများကလည်း ကုန်ဈေးနှုန်းတက်သည်ဟု ညည်းသည်။ အလုပ်အကိုင် ရှားပါးသည်ဟုလည်း ညည်းကြသည်။ ယင်းသို့ အကျပ်အတည်းများကြောင့် ပြည်သူများနိုင်ငံရေးအပေါ် စိတ်ဝင်စားမှု လျော့သည်ဟု သုံးသပ်မှုများရှိသည်။

ပြည်သူလူထု၏အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့လျှင် ယခင်က အနိုင်မရခဲ့သည့် နယ်မြေများတွင်ပါ NLD အနိုင်ရနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောဆိုသည်။

“ရွေးကောက်ပွဲကို လူထုတိုင်းတဲ့ ပေတံက သူတို့ ဘ၀ ဘယ်လောက်ပိုကောင်းလာသလဲပေါ့နော်။ အရင်ကနဲ့ စာရင် ပိုဆိုးသွားသလား။ ပိုကောင်းလာသလား အဲဒီအပေါ်မှာ မူတည်ပြီး မဲပေးကြတာပေါ့”

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကမူ NLD ကို ထောက်ခံသူမဲဆန္ဒရှင်များ မဲရုံသို့လာ၍ မဲမပေးသဖြင့် ရှုံးနိမ့်ခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။ ထောက်ခံသူများ မဲရုံကို မဲလာပေးသည့် ရာခိုင်နှုန်းမှာ ၃၀၊ ၃၅ ဝန်းကျင်သာရှိပြီး အချို့နေရာများတွင် ယင်းထက်ပင် နည်းပါးကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသားဒေသများတွင် အနိုင်ရခဲ့စဉ်က မဲရာဂဏန်းဖြင့် ကပ်နိုင်ခဲ့ခြင်း ဖြစ်သောကြောင့် လက်ရှိတွင် အကြိတ်အနယ်ယှဉ်ပြိုင်ရရာတွင် ရှုံးနိမ့်သွားခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

ယင်းသို့ ပြောဆိုသော်လည်း ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ်သည့် ကချင်နှင့် မတူပီမဲဆန္ဒနယ်တို့မှာ၂၀၁၅က NLD အပြတ်အသတ်အနိုင်ရခဲ့သည့် နယ်မြေ ဖြစ်သည်။

“ကျွန်တော်တို့ အစိုးရရဲ့လုပ်ဆောင် ချက်တွေအပေါ်မှာ ပြည်သူတွေ အားမရတာ၊ မကျေနပ်တာ တချို့ရှိတယ်ဆိုတာ မှန်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

ထို့ကြောင့် အစိုးရအဖွဲ့က ပြည်သူ များ၏ နေ့စဉ်လူမှုစီးပွားဘ၀တိုးတက်ရန် ထင်သာမြင်သာသည့် ဆောင်ရွက်ချက်များလုပ်ဆောင်ရန် အစီရင်ခံစာတွင် ထည့်သွင်းတင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးတွင်လည်း ထူးထူး ခြားခြားတိုးတက်ခြင်း မရှိ။ တိုင်းရင်းသားဒေသများတွင် စီးပွားရေး မကောင်းသည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ခိုက်မှုမှာ ယခင်ကအတိုင်း ဆက်ဖြစ်နေပြီး စစ်ပွဲကြောင့် ပြည်သူလူထုမှာလည်း ဒုက္ခရောက်နေကြဆဲ ဖြစ်သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်မှာ မျှော်မှန်းထားသည့် ရလဒ်မျိုး မဟုတ်ကြောင်း၊ သို့သော်လည်း အစိုးရ ၂ နှစ်တာကာလအတွင်း စွမ်းဆောင်နိုင်မှု၊ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲ သဘောသဘာဝကွာဟသဖြင့် ၂၀၂၀ တွင် ရလဒ်မကောင်းဖြစ်မည်ဟု ကျိန်းသေတွက်ချက်ထား၍ မရကြောင်း ဒေါက်တာမျိုးညွန့်က မှတ်ချက်ပေးသည်။

NLD က သင့်တင့်သည့် အားထုတ်မှုဖြင့် ကြိုးပမ်းပြင်ဆင်ကာ ယှဉ်ပြိုင်ခဲ့သော်လည်း ပြိုင်ဘက်ပါတီများ၏ အားကောင်းမှု၊ ပြည်သူများ၏ နိုင်ငံရေးအပေါ် စိတ်ပျက်အားလျော့မှုများကြောင့်  NLD နယ်အချို့ ရှုံးနိမ့်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 NLD အပိုင်နယ်မြေဖြစ်ပြီး ရန်ကုန်တွင် အရှုံးခံ၍မရဟုဆိုထားသော်လည်း ရန်ကုန်တိုင်းတွင် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်နှစ်ခုအနက် ဆိပ်ကမ်းမြို့နယ်တွင် NLD  ရှုံးနိမ့်ကာ ကြံ့ခိုင်ရေးပါတီက အနိုင်ရသွားသည်။

ပြောင်းလဲချိန်တန်ပြီဆိုသဖြင့် မဲပေးခဲ့သော်လည်း ပြောင်းလဲမှုကို သိသိသာသာ မခံစားရကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ရာတွင်လည်း ပြည်သူ့ သဘောဆန္ဒမမေးဘဲ လုပ်ဆောင်သွားကြောင်း ဆိပ်ကမ်းမြို့နယ် ရဲရိပ်သာတွင်နေထိုင်သူ ဦးစိုးနိုင်က ပြောဆိုသည်။

လက်ရှိရွေးချယ်ခံရသည့် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်ဦးနေမျိုးအောင်မှာ နယ်ခံဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရသူဖြစ်ပြီး လိုင်းခန်းများ သောက်ရေရရှိအောင်အထိ စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် ၂၀၁၀ တွင် NLD ကို မဲပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ကို မဲပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပါတီ (NLD) ကို မကြိုက်တာ မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်အတွက် တကယ်လုပ်နိုင်မယ့်လူကို ကြည့်ပြီးတော့ မဲပေးခဲ့တာ”

 

 

အရေးကြီး အောင်ပွဲ

ကြံ့ခိုင်ရေးပါတီသည် ပြိုင်ဘက်ပါတီထံမှ သုံးနေရာ အနိုင်ရယူနိုင်လိုက်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်  NLD နယ်တစ်နေရာ အနိုင်ယူနိုင်ခဲ့ပြီး ၂၀၁၈ တွင် သုံးနေရာရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၀ နေရာယှဉ်ပြိုင်သည့်အနက် သုံးနေရာအနိုင်ရသဖြင့် ၃၀ ရာခိုင်နှုန်း အနိုင်ရသည်ဟု ဆိုနိုင်သည်။

အစိုးရ၏ လုပ်နည်းကိုင်နည်းလိုအပ်ချက်များကို ထောက်ပြအကြံပြုမှု၊ တိုင်းရင်းသားပါတီများနှင့် ထဲထဲဝင်ဝင်ထိတွေ့ပြီး ၎င်းတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးမှုတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရမှုတိုးတက်လာကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုသည်။

“ဒီနှစ်ချက်ကို အဓိကထားလုပ်တယ်။ ပြည်သူလူထုကလည်း သူတို့ လက်တွေ့ခံစားလာရတဲ့ စီးပွားရေးကျပ်တည်းမှုပေါ့နော်။ ဒီအပေါ်မှာ အခြေခံ  ပြီးတော့လည်းပဲ သူတို့ အားကိုးချင်တဲ့လူ၊ နောက်ထပ်အားကိုးရမယ့် လူကို ရှာလာတဲ့အတွက်ဒီလိုအနိုင်ရတယ်လို့ မြင်ပါတယ်”

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကမူ အနိုင်ရသည့်နေရာ နည်းသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အရေးကြီးသည့် အောင်ပွဲဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

မဟာမိတ် ဆက်ဆံရေး

တိုင်းရင်းသားဒေသအချို့တွင် အနိုင်ရရန်ခက်ခဲသည့် NLD နယ်အချို့ ပဲ့ပါသွားသည်။

ကချင်နှင့် မတူပီတို့တွင် ဖြစ်သည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မတူပီတွင် တိုင်းရင်းသားပါတီကို ရှုံးနိမ့်သော်လည်း ကချင်တွင်ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခြင်း ဖြစ်သည်။

ကချင်တွင် ကြံ့ခိုင်ရေးပါတီက လီဆူလူမျိုးကို ဝင်ပြိုင်စေပြီး NLD က ဂျိမ်းဖော့လူမျိုးကို ဝင်ပြိုင်စေသည်။ ထူးဆန်းသည်က လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခြင်းဖြစ်သည်။ ကချင်ဒီမိုကရက်တစ်ပါတီကမူ ဂျိမ်းဖော့လူမျိုး ဝင်ပြိုင်သည်။

မျိုးနွယ်စုနှစ်ခု အပြိုင်အဆိုင်ဖြစ်နေချိန် ဂျိမ်းဖော့လူမျိုးများဝင်ပြိုင်ကြသည့် NLD နှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့ မဲကွဲသွားပြီး လီဆူပါတီက ဝင်မပြိုင်သဖြင့် ကြံ့ခိုင်ရေးပါတီ အနိုင်ရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ညှိနှိုင်းပြီး လီဆူပါတီက ရှောင်ပေးလိုက်တဲ့ သဘောမျိုးဆိုရင် ဒီနည်းဗျူဟာမျိုးက တော်တော်ကို အတုယူဖို့ ကောင်းတယ်လို့ ထင်တာပေါ့”ဟု ဦးရဲထွန်းက မှတ်ချက်ပေးသည်။

ယင်းမဲဆန္ဒနယ်တွင် NLD က ဆန္ဒမဲ၁၉,၀၀၀ ခန့် ရရှိပြီး ကချင်ဒီမိုကရက်တစ်ပါတီက ၁၉,၀၀၀ ကျော် ရရှိကာ ကြံ့ခိုင်ရေးပါတီကမူ ၂၄,၀၀၀ ခန့် ရှိသည်။

ယင်းကဲ့သို့ အနိုင်ရရန် မသေချာသည့် တိုင်းရင်းသားဒေသများတွင် NLD  က ကိုယ်တိုင်ဝင်ပြိုင်ခြင်း မဟုတ်ဘဲ တိုင်းရင်းသားပါတီကို နေရာပေးလျှင် မဲမကွဲဘဲ တိုင်းရင်းသားပါတီက နိုင်သွားနိုင်ပြီး နိုင်ငံရေးအရလည်း စည်းရုံးထားပြီးသား ဖြစ်သွားနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း NLD သည် တိုင်းရင်းသား ပါတီများနှင့် မိတ်ဖက်ဖြစ်ရေးလမ်းစဉ်ကို ရှောင်လွှဲကာ နေရာစုံဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အနိုင်ရသွားသည့် တိုင်းရင်းသားပါတီများနှင့်လည်း တွေ့ဆုံညှိနှိုင်းကာ မိတ်ဖက်ဖြစ်ရေး စည်းရုံးခြင်း မရှိခဲ့ပေ။

ကချင်ပြည်နယ်က လောလောလတ်လတ်အရှုံးရလဒ်မှာ တိုင်းရင်းသားများနှင့် နားလည်မှု၊ ယုံကြည်မှုဆက်ဆံရေး မည်မျှတည်ဆောက်ထားနိုင်သည်ကို မီးမှောင်းထိုးပြနေသည့်ဖြစ်ရပ်လည်း ဖြစ်သည်။

“ကချင်မှာ သူ (NLD) မရလို့ တိုင်းရင်းသားက ရသွားတယ်ဆိုရင် တစ်မျိုးလေ။ အခုဟာက ပြိုင်ဘက်ပါတီ  USDP က ရသွားတာကို။ ဆိုတော့ ဒါက တိုင်းရင်းသားနဲ့ ယုံကြည်မှုတည်ဆောက် မှုမှာ ပြိုင်ဘက်ပါတီလောက်တောင် မကောင်းဘူးဆိုတဲ့ ကောက်ချက်ဆွဲလို့ ရတာပေါ့ဗျာ”ဟု ဦးရဲထွန်း မှတ်ချက်ပေးသည်။

မဲထပ်ကွဲနိုင်သလော

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နေရာစုံမဲကွဲသွားနိုင်သည့် အခြေအနေ ရှိလာနိုင်သေးသည်။

NLD ကဲ့သို့ ဒုက္ခမျိုးစုံခံကာ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့သည့် ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားအချို့ ဦးဆောင်သည့် ပြည်သူ့ပါတီလည်း ၂၀၂၀ တွင် ရွေးကောက်ပွဲဝင်တော့မည် ဖြစ်သည်။

ဒီမိုကရေစီအရေးကြိုးပမ်းသူများ တည်ထောင်သည့် ပါတီနှစ်ရပ်ကြား ဆန္ဒမဲများမှာလည်း ကွဲသွားနိုင်ခြေ ရှိနေသည်။ ပြည်သူ့ပါတီကို ထောက်ခံသူများအပြင် လက်ရှိအစိုးရကို အားမလိုအားမရဖြစ်ပြီး တစ်ဖက်တွင် ကြံခိုင်ရေးပါတီကို မဲမပေးလိုသူများ၏ ဆန္ဒမဲမှာလည်း ယင်းပါတီသို့ ရောက်သွားဖွယ်ရှိသည်။

ထို့ကြောင့် NLD နယ်အချို့မှာ ပြည်သူ့ပါတီနယ်လည်း ဖြစ်သွားနိုင်ခြေ ရှိနေသည်။ မဲရရှိမှု ရာခိုင်နှုန်း ကျဆင်းလာသည့် NLD အတွက် စိန်ခေါ်မှုလည်းဖြစ်လာနိုင်သည်။ အစိုးရတစ်ရပ်ဖွဲ့စည်းရန် လိုအပ်သည့် အနိုင်ရလဒ်ရရှိရန် ခက်ခဲလာနိုင်ဖွယ်ရှိသည်ဟုလည်း သုံးသပ်သူများ ရှိသည်။

ကြံ့ခိုင်ရေးပါတီသည် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်း စုဆောင်းပြီး တပ်မတော်နှင့် ပူးပေါင်းကာ အစိုးရတစ်ရပ် ဖွဲ့စည်းသွားနိုင်သည့် အခြေအနေရှိနေကြောင်း၊ ယင်းအခြေအနေတွင် မဲဆန္ဒနယ်များ ထပ်မံဆုံးရှုံးလျှင် အစိုးရဖွဲ့နိုင်ရေး NLD အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ဦးရဲထွန်းက သုံးသပ်သည်။

“ဒီမှာ ကြားပါတီတွေရဲ့နိုင်တဲ့နေရာတွေက အရေးကြီးလာတယ်။ သူတို့ရဲ့ သဘောထားက အရေးကြီးလာတယ်လို့ ပြောလို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။

ဒီမိုကရေစီအင်အားစုပါတီနှစ်ခုအပြိုင်ဖြစ်ပြီး မဲကွဲလျှင် ကြားက ကြံ့ခိုင်ရေးပါတီ အသာရသွားနိုင်သည်ဆိုသည့် မှန်းဆချက်လည်း ရှိသည်။ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်ရမှုကြောင့် မဲများ ကွဲသွားနိုင်သေးသည်။

“ဒါကျတော့ ဗမာများတဲ့ ဒေသပေါ့နော်။ NLD နဲ့ ဦးကိုကိုကြီးတို့ပါတီကြားမှာ မဲကွဲတဲ့အခါကြားက USDP က နိုင်သွားတာမျိုးပေါ့နော်။ ဒါက ပိုပြီးဖြစ်နိုင်တဲ့ အလားအလာပေါ့”ဟု ဦးရဲထွန်းက သုံးသပ်သည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ မဲဆန္ဒနယ်အချို့ ပြည်သူ့ပါတီက ရသွားနိုင်သော်လည်း မဲကွဲမှုကြီးကြီးမားမားရှိမည်ဟု ယူဆကြောင်း မှတ်ချက်ပေးသည်။

“ဒါပေမဲ့ ပြည်သူတွေက လတ်တလောမှာ နိုင်ငံမှာက အင်အားကောင်းတဲ့ ပါတီတစ်ခုကနေပြီးတော့ အုပ်ချုပ်ရေးမှာ တာဝန်ယူမှုလိုတယ်ဆိုတာကို သဘောပေါက်နားလည်တယ်လို့တော့ ယုံကြည်ပါတယ်။ ဒါကြောင့် အကြီးအကျယ် မဲကွဲလိမ့်မယ်လို့တော့ မထင်ဘူး”

တိုင်းရင်းသားဒေသ အလားအလာ

စုစည်းလာသည့် တိုင်းရင်းသားပါတီများကြောင့် ပါတီကြီးများအတွက် အခက်တွေ့လာနိုင်သည်။

၂၀၁၅အထွေထွေ ရွေးကောက်ပွဲတွင် NLD က ရခိုင်နှင့် ရှမ်းမှအပ တိုင်းရင်းသားဒေသများတွင် သောင်ပြိုကမ်းပြို အနိုင်ယူသွားပြီးနောက် တိုင်းရင်းသားပါတီများ တစ်စုတစ်စည်းတည်း ပေါင်းစည်းကာ အင်အားကြီးပါတီများကို ယှဉ်ပြိုင်ရန် လုပ်ဆောင်လာကြခြင်းဖြစ်သည်။ ယင်း ကြိုးပမ်းမှု ခရီးရောက်နေပြီဖြစ်သည်။

မွန်ပါတီနှစ်ခုကို မွန်ပါတီဟု တစ်ပါတီတည်းပေါင်းစည်းထားပြီ ဖြစ်သည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။

ချင်းပါတီသုံးခုလည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ဟု ပေါင်းစည်းလိုက်ကြပြီဖြစ်သည်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေး ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  (CLD) တို့ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ပေါင်းစည်းပြီးနောက် မှတ်ပုံတင်ဆဲဖြစ်သဖြင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် CLD ပါတီကသာ ဝင်ရောက်ယှဉ်ပြိင်ရာ အင်အားကြီး NLD  ပါတီကို အနိုင်ယူခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲ ၁၄ ရာခိုင်နှုန်းသာရသော်လည်း ၂၀၁၈ တွင် ၅၀ ရာခိုင်နှုန်းကျော်အထိ ရရှိထားသည်။

မတူပီ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် CLD နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီတို့ ဝင်ပြိုင်ပြီး ယခုကြားဖြတ်ရွေးကောက်ပွဲတွင် CLD ပါတီတစ်ခုတည်းဝင်ပြိုင်ခြင်း ဖြစ်သည်။

NLD ပေးထားသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ပြောင်းလဲ ပေးမည်ဆိုသည့် ကတိများ မဖြစ်လာသဖြင့် မဲဆန္ဒရှင်များ၏ အမြင်ပြောင်းလဲကာ အနိုင်ရခြင်းဖြစ်နိုင်ကြောင်း CLD ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က မှတ်ချက်ပေးသည်။

နောက်တစ်ချက်မှာ ချင်းပါတီများပေါင်းစည်းလိုက်ပြီးနောက် တိုင်းရင်းသား  ပါတီတစ်ခုတည်းကို မဲပေးခြင်းကြောင့်လည်း နိုင်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“မဲမကွဲတော့ဘူးပေါ့”ဟု ဦးငိုင်ဆာ့ခ်က မှတ်ချက်ပေးသည်။

ယခုနှစ်နှစ်ဆန်းပိုင်းကလည်း ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအမည်ဖြင့် ပေါင်းစည်းထားပြီးဖြစ်သည်။

ကချင်တွင်လည်း ပါတီသုံးခုကို ကချင်ပြည်နယ်ပါတီအမည်ဖြင့် ပေါင်းစည်းသည်။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားကွန်ဂရက်နှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့ကို ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။

ကယားပါတီနှစ်ခုလည်း ၂၀၁၇ ခုနှစ်က ပေါင်းစည်းကာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအမည်ဖြင့် ပေါင်းစည်းလိုက်ကြသည်။ ပူးပေါင်းပြီးနောက် ၂၀၁၇ ရွေးကောက်ပွဲတွင် ယင်းပါတီ တစ်နေရာ အနိုင်ရသည်။ ကိုယ်စားလှယ်လောင်းစာရင်းတင်ရန် နောက်ကျသဖြင့် NLD  ဝင်ပြိုင်ခွင့် ဆုံးရှုံးသွားသည့်နေရာကို ရရှိသွားခြင်း ဖြစ်သည်။

ရှမ်း၏ ထိပ်သီးပါတီနှစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တို့မှာ ပူးပေါင်းနိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှစ်ခုတွင် SNLD ကို အင်အားကြီးပါတီများ မယှဉ်နိုင်ခဲ့ကြပေ။

ရခိုင်ပြည်နယ်မှာ ပါတီများပေါင်းစည်းရေး ပထမဆုံးစတင်နိုင်ခဲ့သည့်နေရာဖြစ်သကဲ့သို့ အစိတ်စိတ်ပြန်ကွဲသည့် ပထမဆုံးနေရာလည်း ဖြစ်သည်။ ထိပ်သီး ပါတီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ပါတီတို့ ရခိုင်အမျိုးသားပါတီ (ANP)  အမည်ဖြင့် ပေါင်းစည်းကာ ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်ပွဲဆင်ခဲ့သည်။

သို့သော်လည်း အကွဲအပြဲဇာတ်လမ်းများပေါ်လာပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ခွဲထွက်သွားသည်။ ANP က ခွဲထွက်သူများက ရခိုင်မျိုးချစ်ပါတီကိုလည်း တည်ထောင်ပြန်သည်။ ယင်းအပြင်  ANP ပါတီဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဒေါက်တာအေးမောင်ကလည်း ရခိုင့်ဦးဆောင်ပါတီအမည်ဖြင့် ပါတီသစ်ထောင်လိုက်ပြီ ဖြစ်သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မဲဆန္ဒနယ်၌ ဒေါက်တာအေးမောင် သား ပါတီလျှောက်ထားဆဲဖြစ်၍ တစ်သီးပုဂ္ဂလဝင်ပြိုင်သည့် ဦးတင်မောင်ဝင်းက ANP ကိုယ်စားလှယ်ကို မဲအပြတ်အသတ်ဖြင့် အနိုင်ယူသွားသည်။ မဲရလဒ် ၈၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

အင်အားကြီးပါတီများ တိုးမပေါက်သည့် ရခိုင်ပြည်နယ်တွင် ရခိုင်ပါတီအချင်းချင်းယှဉ်ပြိုင်မှုကို ၂၀၂၀ တွင် မြင်တွေ့လာရဖွယ် ရှိသည်။

၂၀၁၅ ကပင် NLD ကို ပြည်မတွင်သာ နိုင်စေလိုပြီး တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများက အနိုင်ရကာ မဟာမိတ်ဖွဲ့စေလိုခဲ့ကြောင်း၊ သို့သော်လည်း NLD က တိုင်းရင်းသားပါတီများကို လက်တွဲဖြုတ်ခဲ့သည်ဟု တိုင်းရင်းသားပါတ်ီများထံမှ သိရသည်။ လာမည့် ရွေးကောက်ပွဲတွင်လည်း NLD နှင့် တိုင်းရင်းသားပါတီများမဟာမိတ်ပြုရေးကိုလည်း မျှော်လင့်နေကြဆဲဖြစ်သည်။

“ဒါသူတို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ဘက်က အမြဲတမ်းအဆင်သင့်ပါပဲ”ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောဆိုသည်။

လက်ရှိအခြေအနေအရ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများ ပေါင်းစည်းလာခြင်းကြောင့် ၂၀၁၅ ကဲ့သို့ ၂၀၂၀ တွင် NLD အနိုင်ရရန် ခက်ခဲနိုင်ပြီး တိုင်းရင်းသားပါတီ၏ အခန်းကဏ္ဍပိုမိုမြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

တိုင်းရင်းသားဒေသတွင် တိုင်းရင်းသားများ အနိုင်ရပြီး NLD အစိုးရဖွဲ့နိုင်လောက်သည့် ပမာဏအနိုင်မရလျှင် တိုင်းရင်းသားများနှင့် ပူးပေါင်းလာနိုင်ကြောင်း ဦးငိုင်ဆာ့ခ်က မှတ်ချက်ပေးသည်။

“ပေါင်းစည်းလိုက်မှုက တိုင်းရင်းသားတွေအတွက် အင်အားတစ်ရပ်ဖြစ်လာမယ်လို့ ယုံကြည်တယ်”

မဲပေးမှုကျဆင်း

ရွေးကောက်ပွဲတစ်ပွဲထက် တစ်ပွဲ မဲထွက်ပေးသူ ကျဆင်းနေသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ၏ ၆၉ ရာခိုင်နှုန်းကျော် မဲပေးကြပြီး ကိန်းဂဏန်းအားဖြင့် မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်အနက် ၂၃ သန်းကျော်က မဲပေးခဲ့သည်။ ၂၀၁၇ ရွေးကောက်ပွဲတွင် ၃၆ ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့ကြပြီး ကိန်းဂဏန်းအားဖြင့် ၃၇၀,၀၀၀ အနက် ၄၆,၀၀၀ ကျော်သာ မဲပေးခဲ့သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ကိုးသိန်းကျော်အနက် သုံးသိန်းခွဲကျော်သာ မဲပေးကြသည်။ ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်းကျော်သာ ရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရအဖွဲ့ချိန်ခွင်လျှာကို အပြောင်းအလဲမဖြစ်နိုင်သဖြင့် စိတ်ဝင်စားမှုလျော့နည်း ခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

“လက်ရှိအစိုးရရဲ့ နေရာတွေကို သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်စိန်ခေါ်တဲ့ အနေအထားမျိုး မရှိဘူးလို့ ပြည်သူလူထုကလည်း ယူဆတာလည်း ပါမှာပေါ့။ အဲဒီလိုဖြစ်တော့ ငါတို့ သွားမပေးလို့ ရှုံးသွားလည်း အရေးမကြီးပါဘူးကွာဆိုတာမျိုးပေါ့”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းက ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရစွမ်းရည်ကို အကဲဖြတ်သည့်စာမေးပွဲတစ်ရပ်ဟု ဆိုသော်လည်း ယင်း ရွေးကောက်ပွဲရလဒ်ဖြင့် တိတိကျကျအဖြေ ထုတ်ကောက်ချက်ချရန်လည်း မလွယ်ကူပေ။

ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရအဖွဲ့ပြောင်းလဲနိုင်ခြင်းမရှိသဖြင့် မဲလာပေးသူ နည်းပါးရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

“ပြည်သူတွေဟာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာ အများကြီးကို မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မျှော်လင့်သလောက် ဖြည့်ဆည်းမပေးနိုင်တဲ့အခါ နိုင်ငံရေး အတွက် စိတ်ပျက်အားလျော့တာတွေ တစ်ပိုင်းပါပါတယ်”

စားဝတ်နေရေးပြဿနာကို ဖြေရှင်းနေရသဖြင့် မဲပေးနိုင်ခြင်းဖြစ်နိုင်ပြီး လက်ရှိတာဝန်ယူထားသည့် အစိုးရကို စိတ်ပျက်သွားသဖြင့် မဲပေးခြင်းလည်း ဖြစ်နိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုသည်။

နောက်တစ်ချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းဖြန့်ချိမှု၊ လူထုသိအောင် လှုံ့ဆော်နိုင်မှုအားနည်းခြင်းကြောင့်လည်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။ရွေးကောက်ပွဲ စောင့်ကြည့်သည့်အဖွဲ့ အချို့ကမူ သတင်းဖြန့်ချိမှု အားနည်းသည်ဟု ဝေဖန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကမူ ဒီရွေးကောက်ပွဲက “ရည်မှန်းထားတဲ့အတိုင်း အောင်အောင်မြင်မြင် ဖြစ်တယ်။ ဘာမှ ဖြေရှင်းရမယ့် ပြဿနာမရှိဘူး”ဟု တုံ့ပြန်သည်။

ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးသူဦးရေထိုးကျဆင်းမှု၊ NLD ပါတီ၏ နယ်အချို့ ဆုံးရှုံးသွားမှု၊ ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီ အားကောင်းလာမှု၊ တိုင်းရင်းသားပါတီများ စုစည်းလာမှုကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အကြိတ်အနယ်ပြိုင်ဆိုင်ကြမည့်အခြေအနေ ဖြစ်သည်။

ဗိုလ်တထောင်မြို့နယ်တွင် နေထိုင် သူဦးသန်းထွဋ်အောင်ကမူ NLD ကိုသာ ဆက်လက်မဲပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။ သက်တမ်း ၂နှစ်ကျော်မှာ အလွန် နည်းသေးသဖြင့် အချိန်ပေးသင့်သည်ဟု ၎င်းက ရှုမြင်သည်။

“အာဏာရှင်လက်ထက် စီးပွားရေးကျပ်တည်းနေချိန်မှာတောင် ကိုယ့်ထမင်း ကိုယ်စားပြီး ဒီလိုနေ့တွေ ဖြစ်လာဖို့ အတွက် ထောက်ခံခဲ့ကြတာ။ အဲဒီအတွက် သည်းခံဖို့လည်း လိုတယ်။ အဲဒီလိုတွေ မရှိဘူးဆိုရင် အချောင်သမားတွေပဲ ဖြစ်လိမ့်မယ်”ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားဒေသများတွင် NLD မဲရရှိမှုကျိန်းသေပေါက် ကျဆင်းသွားနိုင်ပြီး တိုင်းရင်းသားပါတီများ အနိုင်ရသွားနိုင်ခြင်းရှိ မရှိကမူ ခန့်မှန်းရခက်သည့်အခြေအနေဖြစ်ကြောင်း ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းဥက္ကဋ္ဌ ဦးမြတ်သူက မှတ်ချက်ပေးသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အလားအလာနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း သုံးသပ်သည်။

“တိုင်းရင်းသားဒေသတွေမှာ လျော့နည်းနိုင်တယ်။ ဗမာနယ်တွေမှာတော့ အများစုကို သူ (NLD) ပဲ ထိန်းချုပ်ထားဦးမှာပါ”။                   ။

အောင်မြင့်ထွန်း၊ မိုးယံခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *