ကင်ဆာသားကောင်များ

ကိုလိုနီခေတ်လက်ရာ ရန်ကုန်ဆေးရုံကြီး၏ အနောက်ဘက်တွင် လူနာဆောင်တစ်ခု ရှိပါသည်။ ဤအဆောင်ရှိ လူနာများသည် ကမ္ဘာပေါ်ရှိ ကြောက်မက်ဖွယ် ရောဂါတစ်မျိုးနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ထိုအဆောင်ကို ကင်ဆာလူနာဆောင်ဟု ခေါ်သည်။ ကင်ဆာလူနာဆောင်ထဲကို ဝင်လိုက်ပါက အခြားလူနာများနှင့် မတူသည်ကို ဦးစွာတွေ့မြင်ရမည်။

လူနာခုတင်များက ကျောချင်းကပ်လျက် ရှိသည်။ လူနာဆောင်တွင် လျှောက်လမ်း မရှိပေ။ ခုတင် မရသည့် လူနာများက သစ်သားခုံတန်းရှည်နှစ်ခုကို ဆက်၍ လျှောက်လမ်းအလယ်တွင် နေကြရသည်။

ကင်ဆာဆဲလ်များ၏ နှိပ်စက်ကလူပြုမှုကြောင့် ဤအဆောင်ရှိ လူနာများမှာ ပိန်ချုံးလျက်ရှိသည့်အပြင်  အသားအရေမှာလည်း မွဲခြောက်လျက်ရှိသည်။ အချို့မှာ ရောဂါကြောင့် ဆံပင်များကျွတ်ကုန်ရာ ဦးပြည်းပြောင်ပြောင်ဖြင့် ရှိနေတော့၏။

ကင်ဆာသည် အမျိုးအစားများပြားသကဲ့သို့ပင် ဖြစ်ပွားရသည့် အကြောင်းရင်းများကလည်း အမျိုးစုံလှတော့သည်။ ပျို၊ အို၊ ကျား၊ မ အသက်အရွယ်စုံ ဖြစ်နိုင်သည်ဖြစ်ရာ လူတိုင်းကင်ဆာ ဖြစ်နိုင်လေသည်။

 

လူနာ ၁

ကင်ဆာလူနာဆောင်၏ ဘယ်ဘက်ခြမ်းအခန်းထောင့်တွင် ကတုံးဆံပင်ဖြင့် အမျိုးသားတစ်ဦးက ခုတင်ပေါ်တွင် ထိုင်လျက်ရှိသည်။ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး၊ အသားအရည်က ညိုမည်းမည်း။ ခံတွင်း ကင်ဆာရောဂါသည် ဦးကျော်ဆန်းနိုင်၏ လေးထောင့်ကျကျမျက်နှာတွင် အပြုံးတစ်ဝက်၊ နာကျင်မှုတစ်ဝက် ရောစွက်လျက်ရှိသည်။

အသက် ၄၃ နှစ်အရွယ် ဦးကျော်ဆန်းနိုင်မှာ လယ်သမားဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြိုသား ဖြစ်သည်။ သမီးသုံးယောက်အဖေ သူက လူပျိုပေါက်အရွယ်ကတည်းကပင် ဆေးလိပ်နှင့် ကွမ်းယာကို နှစ်ခြိုက်စွာစားသုံးလာသူဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလပိုင်းတွင် ဦးကျော်ဆန်းနိုင်၏ ပါးစပ်အတွင်းရှိ လျှာခင်တွင် အဖုတစ်ခု စတင်ထွက်ပေါ်လာသည်။ ထိုအဖုက မည်သည့်အဖုမှန်း မသိ။ ကွမ်းစားဆေးငုံလျှင် သက်သာသည်ဟု ဆိုကာ ငုံလေ့ရှိသည်။ သို့သော်လည်း အဖုမှာ တဖြည်းဖြည်း ပိုမိုကြီးထွား လာသည်။

“နောက်ကျတော့ ငုံရင်းနဲ့ နတ်တော်၊ ပြာသို (ဒီဇင်ဘာ) လောက်ကျတော့ အာသီးထက်မှာ လက်သန်း(လုံးပတ်)လောက်ရှိတဲ့ အနာဖတ်လေး ဖြစ်လာတယ်”ဟု ပါးစပ်ကို ခပ်ဟဟဖွင့်ပြရင်း  ဦးကျော်ဆန်းနိုင်ကဆိုသည်။

“အဲဒါနောက်ကျတော့ စဉ်းစားတာ ဒီအနာပုံက စီးကရက်ဘူးထဲက အနာပုံစံ ဖြစ်မလား မသိဘူးပေါ့”

ဆေးလိပ်ဘူးပေါ်တွင် ပါသည့် အနာပုံစံဖြင့် တူလာရာမှ ခရမ်းဆေးရုံတွင် စတင်ပြသခဲ့ကြောင်း ဦးကျော်ဆန်းနိုင်၏ ဇနီး ဒေါ်ခင်ပြုံးက ဆိုသည်။ ထို့နောက်တွင် ခရမ်းဆေးရုံက ရန်ကုန်ဆေးရုံကြီးသို့ လွှဲလိုက်ပြီးနောက် သွားနှင့်ခံတွင်းဌာနတွင် ပြသရာ အသားစကို ဓာတ်ခွဲစစ်ဆေးပြီးနောက်ပိုင်း ကင်ဆာဟု သိရသောကြောင့် ယခုအခါ ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

“ကင်ဆာဆိုရင်တော့ တော်တော်ကို ကြောက်တာ။ အမေကလည်း နို့ကင်ဆာနဲ့ ဆုံးသွားတာလေ။ ရုတ်တရက် ခံစားလိုက်ရတာပေါ့။ ဒီရောဂါက ရင့်ရင်တော့ မရဘူး။ နုရင်တော့ ပျောက်တယ်”ဟု ဒေါ်ခင်ပြုံးက ဆိုသည်။

အသားစ စစ်ကြည့်ပြီးနောက်ပိုင်းတွင် ခံတွင်းကင်ဆာအဆင့်သုံးဟု အဖြေထွက်လာသည်။ ၂၀၁၈ ခုနှစ် ဧပြီလလောက်ကစကာ ကင်ဆာဆေးကို ၁၅ ရက်တစ်ကြိမ်သွင်းရကြောင်း ၎င်းက ဆိုသည်။

“(အဆင့်) ခြောက်လောက်ဆိုရင်ခက်တယ်လို့ ဆရာဝန်က ပြောတာပဲ”ဟု ၎င်းက ဆိုသည်။

ဆေးသွင်းရမှုကြောင့် အသားအရည်မည်းခြောက်လာခြင်း၊ ဆံပင်ကျွတ်ခြင်းများလည်း ဖြစ်ပေါ်ပြီး ဆေးသွင်းပြီး နောက်ပိုင်းနှစ်ရက်ခန့်မှာ ထမင်းစားပျက်သွားကြောင်း လူနာရှင်ဒေါ်ခင်ပြုံးက ဆိုသည်။

ဦးကျော်ဆန်းနိုင်သည် လူပျိုပေါက်အရွယ် ၁၈ နှစ်မှစကာ ဆေးလိပ်သောက်သည်။ ကွမ်းယာ စားသည်။ ထို့အပြင် အရက်လည်း မလွတ်ပေ။ ဆေးပေါ့လိပ်တစ်လိပ် ခြောက်လိပ်ပါ ၂၅ ထုပ်ကို ၁၅ ရက်သာ သောက်ကြောင်း ဒေါ်ခင်ပြုံးက ဆိုသည်။

“ဆေးလိပ်သောက်သလား မမေးနဲ့။ ရွာမှာဆိုတော့ ဒီလိုပဲ။  ကွမ်းဝါး၊ ဆေးလိပ်သောက်နဲ့ အလုပ်လုပ်ကြတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်လာချိန်တွင် အိမ်မွေးတိရစ္ဆာန် ဝက်၊ နွားများကို အကုန်ရောင်းပြီး ဆေးကုရပြီး ကျန်ရှိနေသည့် လယ်လေးဧကနှင့် လုပ်ကိုင်စားသောက်ရမည်ဖြစ်ကြောင်း ဒေါ်ခင်ပြုံးက ဆိုသည်။

“အခုကတော့ ပိုက်ဆံက တောမှာ ချေငှားပေါ့။ အတိုးနဲ့ပေါ့။ နွေကျတော့ ပဲပေါ်စပါးပေါ်တော့ ပြန်ဆပ်ပေါ့။ ဒီလိုပဲ လုပ်ရတာပဲ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဦးကျော်ဆန်းနိုင်ကဲ့သို့ ခံတွင်းကင်ဆာခံစားနေရသူမှာ အရွယ်ရောက်ပြီးသူ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် နှစ်စဉ်သေဆုံးသူ ခြောက်သောင်းကျော် ရှိနေသည်။

ယင်းအပြင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းနှင့်ဆေးရွက်ကြီးငုံခြင်း၊ အရက်သောက်ခြင်း၊  ခံတွင်းသန့်ရှင်းမှု မရှိခြင်း၊  ဗီတာမင် A နှင့် C ချို့တဲ့မှုကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။

လူနာ ၂

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အကွီရွာတွင် အသက် ၄၃ နှစ် အရွယ်ရှိ ဦးစိုးသိန်းသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှစ၍ ဝမ်းဗိုက်အောင့်သည့် ဝေဒနာကို ခံစားနေရသည်။ သို့သော်လည်း ကျန်းမာရေးကို ဂရုမစိုက်အားဘဲ ဝမ်းရေးအတွက်သာ လုံးပမ်းနေခဲ့သည်။

ဦးစိုးသိန်းတွင် မည်သည့် ရောဂါဖြစ်မှန်း အဖြေရှာမရ၍ ဆေးရုံသုံးရုံတွင် ဆေးကုသမှုခံခဲ့ရသည်။ ရေအိမ်သွားမရသောကြောင့် လိပ်ခေါင်းရောဂါဟု ထင်ကာ ဆယ်ရက်စာ ဆေးနှစ်သိန်းဖိုး ဝယ်ခဲ့ရကြောင်း  ဦးစိုးသိန်း၏ အမျိုးသမီး ဖြစ်သူ မမိငယ်က ဆိုသည်။ သို့သော်လည်း မသက်သာသောကြောင့် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ အဖြေကို ရှာမတွေ့သည့်နည်းတူ ဝမ်းဗိုက်နာကျင်မှုကလည်း သက်သာခြင်း မရှိပေ။ နောက်ဆုံးတွင် ရန်ကုန်ဆေးရုံကြီး ငါးထပ်ဆောင်သို့ ရောက်ရှိလာသည်။

“အရေးပေါ်ပုံစံမျိုးနဲ့ ဗိုက်ဖောက်ပြီး အရည်ယူတာ။ နောက်ဆုံးဘေးဖောက်လိုက်ပြီး အဲဒီအရည်ကို စစ်ဆေးလိုက်တော့ သိတာ” ဟု အူမကြီးကင်ဆာရောဂါ ဝေဒနာခံစားနရသူ ယောက်ျားအကြောင်းကို မိန်းမဖြစ်သူ မမိငယ် ပြောပြနေခြင်းပင်။

အူမကြီးကင်ဆာအဆင့်တစ် ခံစားနေရသူ ဦးစိုးသိန်းမှာ ကင်ဆာဆေးသွင်းထားသည့် အရှိန်ကြောင့် မောပန်းနေကာ ခုံတန်းရှည်ပေါ်တွင် သင်ဖြူးဖျာခင်းကာ ခွေခွေလေးလှဲနေရသည်။

ဦးစိုးသိန်းခံစားရသည့် အူမကြီးကင်ဆာမှာ အရက်သောက်သုံးခြင်းကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ပင် အစားအသောက်များကြောင့်လည်း ဖြစ်နိုင်ကြောင်း  ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင် အတွင်းရေးမှူးဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။

အကင်များ၊ ဝက်အူချောင်းများ၊ ယိုးဒယားအကင်များကဲ့သို့ တာရှည်ခံ ထားရသည့် စားသောက်ကုန်များမှာ ကျန်းမာရေးအတွက် မသင့်လျော်ဘဲ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဆေးပညာဌာန မှတ်တမ်းများအရဆိုလျှင် ၂၀၁၄ ခုနှစ်အတွင်း ဆေးရုံသို့ လာပြသည့် အမျိုးသားများ၏ ၁၈ ဒသမ ၆၄ ရာခိုင်နှုန်းမှာ အူမကြီးကင်ဆာ ဖြစ်ပွားလျက်ရှိသည်။

လူနာ ၃

အင်းစိန်မြို့နယ်နေ ကားဝရိန်ဆော်သည့်လုပ်ငန်းကို လုပ်ကိုင်သူ ကိုရန်နိုင်လွင်သည် ဆေးလိပ် မသောက်၊ အရက်မသောက်သော်လည်း ကွမ်းယာကို စွဲစွဲမြဲမြဲ စားသည်။ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသည့် အသက် ၂၀ အရွယ် ကိုရန်နိုင်လွင်ထံ ကံကြမ္မာဆိုးတစ်ခု တစ်နေ့တွင် ဝင်ရောက်လာသည်။

သားဖြစ်သူမှာ အသည်းကင်ဆာအဆင့်လေးကို ခံစားနေရကြောင်း မိခင်ဖြစ်သူ ဒေါ်သီသီခင်က သားဖြစ်သူမကြားစေရန် အသံတိုးတိုးဖြင့် The Voice Journal သို့ ပြောပြသည်။

“ကင်ဆာဖြစ်မှန်း တစ်နှစ်လောက်မှာ သိတယ်။ သိသိချင်းကုတာပါ ကျွန်မလည်း။ ပြီးခဲ့တဲ့နှစ်ကပေါ့” ဟု ၎င်းက ဆိုသည်။

ယခုအခါ ကိုရန်နိုင်လွင်သည် ရန်ကုန်ဆေးရုံကြီး ကင်ဆာလူနာဆောင် မြေညီထပ်တွင် လူနာခုတင်အလွတ်မရှိ၍ ခုံတန်းလျားပေါ်တွင် လဲလျောင်းနေရသည်။ မျက်ကွင်းများက ချိုင့်ခွက်ပမာ ဖြစ်နေကာ မျက်လုံးများက အပြင်သို့ ပြုးထွက်နေသည်။

လက်ရှိဖြစ်ရသည့် အသည်းကင်ဆာမှာ ကားဝရိန်ဆော်ရာမှ ထွက်ရှိသည့် အမှုန်အမွားများကြောင့် ဖြစ်နိုင်သည်ဟု ဆရာဝန်များကောက်ချက်ချထားကြောင်း ဒေါ်သီသီခိုင်က ဆိုသည်။

အသည်းကင်ဆာ အဆင့်လေး ဝေဒနာခံစားနေသည့် သားဖြစ်သူကို စောင့်ရှောက်နေသည့် မိခင်မှာလည်း ကွမ်းတစ်ဝါးဝါးဖြင့်ပင် ရှိနေပြီး သားဖြစ်သူ ကိုရန်နိုင်လွင်မှာ ကင်ဆာဆေး ၁၂ ကြိမ် သွင်းထားပြီးဖြစ်သည်။ ဝန်ထမ်းမိသားစုဖြစ်သည့်အတွက် ဆေးဖိုးအပြည့်မတတ်နိုင်၍ ဆေးရုံက စရိတ်မျှပေးသည်။

ဒေါ်သီသီခိုင်ကမူ သားဖြစ်သူအတွက် ရတက်မအေး။ ဤသို့သော အဖြစ်ဖြင့် ကြုံတွေ့ရသည့် သားသမီးအတွက် အဘယ်သို့သော မိဘက ရတက်အေးပါမည်နည်း။ သို့သော် ကင်ဆာသည်ကား လူမရွေး။

“ဒီသားလေးတစ်ယောက်ထဲ ရှိတာ။ သားအလိမ္မာဆုံးလေး။ မအေကို ရှာကျွေးနေတာ”

အသည်းကင်ဆာမှာ အရက်ကြောင့်လည်း ဖြစ်နိုင်သည်။ အသည်းခြောက်ရာမှ အသည်းကင်ဆာ ဖြစ်သွားခြင်း ဖြစ်သည်။ထို့ပြင် ကူးစက်လွယ်သည့် အသည်းရောင် အသားဝါဘီပိုး၊ စီပိုး၊ အသည်းအဆီဖုံးခြင်း အသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်းတို့မှတစ်ဆင့် အသည်းကင်ဆာ ဖြစ်ပွားနိုင်သည်။

ထို့ပြင် ငရုတ်သီးခြောက်တွင် တွေ့ရသည့် မှိုများကလည်း ကင်ဆာကို ဖြစ်စေနိုင်ပြန်သည်။ အသည်းကင်ဆာမှာ အမျိုးသားများတွင် အများဆုံးဖြစ်ပွားကာ သေဆုံးမှုအများဆုံးလည်း ဖြစ်သည်။

လူနာ ၎

လွန်ခဲ့သည့်ဆယ်နှစ်ကမူ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါ ဖြစ်သည်။ သို့ရာတွင် ကြိုတင်ကာကွယ်နိုင်ပြီးနောက် အဆင့်ကျသွားသည်။ ယင်းနေရာသို့ အစားထိုးဝင်သည်က ရင်သားကင်ဆာဖြစ်သည်။ ယခုအခါ ကမ္ဘာတွင်လည်း ရင်သားကင်ဆာက အဖြစ်အများဆုံး ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများတွင် ဖြစ်ပွားသည့် ကင်ဆာများအနက် အဖြစ်အများဆုံး ဖြစ်သည်။ ရင်သားကင်ဆာကြောင့် ဆေးနှစ်ခါပြန်သွင်းရသူပင် ရှိသည်။

ဒေါ်အေးအေးသည် ပြီးခဲ့သည့် ခြောက်နှစ်ကတည်းက ရင်သားကင်ဆာဝေဒနာကို ခံစားခဲ့ရသူ တစ်ယောက်ဖြစ်သည်။ ရင်သားကင်ဆာဖြစ်သူ သူငယ်ချင်းထံ  ဆေးရုံသွားမေးရာမှ သူမထံတွင်လည်း အကြိတ်ရှိကာ ရင်သားကင်ဆာဖြစ်ပွားကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ 

ထို့ကြောင့် ရန်ကုန်မြို့ မဟာဗန္ဒုလလမ်းရှိ မွတ်ဆလင်ဆေးရုံတွင် ဆေးစစ်မှု ခံယူခဲ့သည်။ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ကာ အသားစကို စစ်ဆေးပြီးနောက်ပိုင်းတွင် ရင်သား ကင်ဆာ အဆင့်နှစ် ဖြစ်နေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

“အဲဒါကို ဖြတ်ရမယ်ဆိုတော့ မွတ်ဆလင်ဆေးရုံမှာပဲ ဖြတ်တယ်။ ဖြတ်ပြီး ဆေးစစ်တော့ အဆင့်က သုည ဖြစ်သွားတယ်။ ပြီးတော့ ဒီဆေးရုံကြီး (ရန်ကုန် ဆေးရုံကြီး) ကို လွှဲလိုက်တယ်”ဟု ဒေါ်အေးအေးက ဆိုသည်။

ထိုအချိန်က ၂၀၁၃ ခုနှစ်ဖြစ်သည်။ ယင်းကာလအတွင်း ဆေးခြောက်ကြိမ် သွင်းရသည်။ ကင်ဆာဆေးသွင်းပြီးနောက်  ငါးနှစ်ဆေး ဆက်လက်သောက်ရမည်ကို မသောက်ဖြစ်လိုက်ကြောင်း ၎င်းက ဆိုသည်။

“ကိုယ်ကလည်း မုဆိုးမဆိုတော့ အဆင်မပြေတော့ မသောက်လိုက်ဘူး။ သူက ငါးလုံးတစ်ကတ်ကို ရှစ်ထောင်ကျော်ကျတယ်။ တစ်နေ့တစ်လုံးသောက် ရတာပေါ့။ ဆေးသွင်းပြီးရင် သောက်ခိုင်းတာ မသောက်ဖြစ်လိုက်ဘူး” ဟု ဒေါ်အေးအေးက ဆိုသည်။

ယင်းနောက် ၂၀၁၅ ခုနှစ်တွင် ရင်သားကင်ဆာပြန်ဖြစ်၍ ဆေးခြောက်ကြိမ်ပြန်သွင်းရကြောင်း ၎င်းက ဆိုသည်။

ကင်ရောဂါခံစားရသူများအနေနှင့် ဆေးသွင်းရန်ပျက်ခြင်း၊ ဆေးသောက်ရန် ပျက်ခြင်းများ လုံးဝ မဖြစ်သင့်ကြောင်း၊ ယင်းကြောင့် ကင်ဆာဆဲလ်များက ဆေးယဉ်သွားနိုင်ကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။

“ကင်ဆာဆဲလ်တွေကလည်း ပိုးနဲ့ ပိုးသတ်ဆေးတွေလိုပဲ။ သူတို့မှာလည်း ဆေးယဉ်တယ်ဆိုတာ ရှိတယ်။ ပေးနေကျ ဆေးနဲ့ ဒီကင်ဆာဆဲလ်ထဲကို သတ်ထားတဲ့အချိန်မှာ ခြောက်ကြိမ်ဆို ခြောက်ကြိမ် လုပ်မှကောင်းတယ်” ဟု ၎င်းက သတိပေးပြောကြားသည်။

ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေအများဆုံးရှိသူများမှာ အမျိုးသမီးများ ဖြစ်သည်။ အမျိုးသမီးဟု ဆိုရာတွင် ကလေးရှိပြီး မိခင်နို့မတိုက်ကျွေးသူများ နှင့် အသက် ၃၅ နှစ်အထက် အမျိုးသမီးများအပြင် အိမ်ထောင်မရှိ အမျိုးသမီးများလည်း ဖြစ်ပွားနိုင်ခြေရှိကြောင်း ကျန်မာရေးဝန်ကြီးဌာနက သတိပေးချက်များ ထုတ်ပြန်ထားသည်။

“အိမ်ထောင်ကျပြီး ကလေးမမွေးသူတွေ၊ ကလေးမွေးပြီး နို့မတိုက်သူတွေ ရင်သားက သူ့အလုပ် သူမလုပ်ရင် ကင်ဆာဖြစ်တာပဲ။ နို့တိုက်ပြီးတော့ ရင်သားကင်ဆာ ဖြစ်နေတဲ့သူလည်း ရှိတာပဲ”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။

အရေးအကြီးဆုံးအချက်မှာ အသက် ၂၅ မှ ၉၀ အထိ အမျိုးသမီးအားလုံးတွင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိသည်။ ကာကွယ်၍ မရသဖြင့် ရောဂါအကြောင်း မြန်မြန်သိရှိရန် လိုအပ်လှကြောင်း၊ ရင်သားကို လစဉ်စမ်းသပ်စစ်ဆေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း ဆောလျင်စွာ သိရှိရသည့် ရင်သားကင်ဆာအဆင့် (၁) ကို ကုသပါက ၉၀ ရာခိုင်နှုန်း ပျောက်ကင်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဆေးပညာဌာနသို့ ၂၀၁၄ ခုနှစ်တွင် လာရောက်ပြသသည့် အမျိုးသမီးလူနာစာရင်း၏ ၃၅ ဒသမ ၄၈ ရာခိုင်နှုန်းသည် ရင်သားကင်ဆာကို ခံစားနေရသည်။

လူနာ ၅

ကမ္ဘာကျော် APPLE အမှတ်တံဆိပ်လုပ်ငန်းမှ အလုပ်အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့၊ မြန်မာကျော် တေးသံရှင် ခိုင်ထူးတို့၏ အသက်ဝိဉာဉ်ကို နုတ်ယူသွားသည့် ပန်ကရိယကင်ဆာသည် ရှားပါးသည့် ကင်ဆာအမျိုးအစား ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင်နေထိုင်သူ ကိုရေခဲသည်လည်း ပန်ကရိယကင်ဆာကို ခံစားနေရသူဖြစ်သည်။ ကိုရေခဲမှာ ပန်းရန်ဆရာလည်းဖြစ်၊ ဈေးရောင်းသူလည်း ဖြစ်သည်။

ရောဂါရှာဖွေခြင်းကပင် တစ်လခန့်ကြာမြင့်ခဲ့ပြီး အသားစစစ်ဆေးမှပင် ကင်ဆာမှန်း သိရှိခဲ့သလို ရှားပါးကင်ဆာအမျိုးအစားဖြစ်သော ပန်ကရိယကင်ဆာ ဖြစ်နေခဲ့သည်။

“၁၄နှစ်သားလောက်ကတည်းက ကွမ်းစားတယ်၊ ဆေးလိပ်သောက်တယ်။ အခုက နှစ်ခါခွဲစိတ်ပြီးလို့ ဆေးသွင်းနေတာ”ဟု ကိုရေခဲ၏ ဇနီးသည် မအိအိမိုးက ပြောကြားသည်။

အသားများဝါခြင်း၊ မျက်လုံးများဝါခြင်းကို ကိုရေခဲ ခံစားခဲ့ရသည်။ ယခုတော့ ကွမ်းယာ၊ ဆေးလိပ်တို့ကိုလည်း သူစွန့်လွှတ်ခဲ့ရပြီဖြစ်သည်။

နာတာရှည် ပန်ကရိယရောင်ရမ်းခြင်း၊ မိသားစုမျိုးရိုးထဲတွင် ကင်ဆာဖြစ်နိုင်ခြေများသော မျိုးရိုးဗီဇရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း ဆီးချိုရောဂါနှစ်ကြာခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးခြင်းတို့ကြောင့် ပန်ကရိယကင်ဆာ ဖြစ်နိုင်သည်။

ကျားလား၊ မလား ၊ ဘာ့ကြောင့်လဲ

မြန်မာနိုင်ငံတွင် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ နှင့် အစာအိမ်ကင်ဆာဟူ၍ အဖြစ်အများဆုံး ကင်ဆာရောဂါရှစ်မျိုးရှိသည်။

“အူမကြီးကင်ဆာက အခု(ဖြစ်ပွားနှုန်း)တက်လာတယ်”ဟု ဒေါက်တာ မိုးအောင်ကျော်နိုင်က ဆိုသည်။

အဆိုပါကင်ဆာရောဂါများအနက် အမျိုးသားများတွင် အဖြစ်အများဆုံးမှာ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အသည်းကင်ဆာတို့ဖြစ်ပြီး အကြောင်းရင်းမှာ ဆေးလိပ်နှင့် အရက်ကြောင့် အဓိကဖြစ်ပွားရခြင်းဖြစ်သည်။

အမျိုးသမီးတို့တွင် အဖြစ်အများဆုံးကင်ဆာမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့်  အဆုတ်ကင်ဆာတို့ဖြစ်ပြီး အစားအသောက်ပုံစံမမှန်ခြင်း၊ အဝလွန်ခြင်းနှင့် အရက်သောက်သုံးခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

လူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ကင်ဆာဖြစ်ပွားနိုင်ခြေရှိပြီး ကင်ဆာအမျိုးအစားပေါင်း တစ်ရာကျော် ရှိသည်။ ကင်ဆာဆဲလ်က ပျံနှံ့မှုအမြန်ဆုံး ကိုယ်တွင်း အင်္ဂါများက အဆုတ်၊ အသည်း၊ အရိုး၊ ဦးနှောက်တို့ဖြစ်သည်။

ကင်ဆာဖြစ်ပွားရသည့် အဓိကနှစ်ချက်ရှိပြီး ပထမအချက်မှာ မျိုးရိုးဗီဇနှင့်ဆိုင်ပြီး ဒုတိယအချက်မှာ အနေအထိုင်၊ အစားအသောက်ပုံစံမမှန်သောကြောင့် ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။

“အဲဒီနှစ်ချက်တိုက်ဆိုင်ရင် ကင်ဆာဖြစ်တယ်။ ဘယ်ကင်ဆာမဆို အဲဒါနဲ့ပဲ ဖြေရှင်းရတယ်။ မျိုးရိုးဗီဇကတော့ ပြုပြင်ပြောင်းလဲလို့မရဘူး။ အဘိုးမှာ ရှိတယ်။ အမေမှာ ရှိတယ်။ ဘာမှမတတ်နိုင်ဘူး။ ဆရာတို့ လုပ်ပေးနိုင်တာ ဘာလဲဆိုရင် ပတ်ဝန်းကျင်က သူ့ကိုလာပြီး ထိခိုက်နိုင်တဲ့ Risk Factor တွေကို လျှော့ချဖို့ လုပ်ပေးနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

အစားအသောက်ပုံစံမမှန်ခြင်းဟု ဆိုရာတွင် ခေါက်ဆွဲခြောက်ထုပ်ကဲ့သို့ အသင့်စား စားသောက်ကုန်များကို စားသုံးမှုများခြင်း၊ ကိုရီးယားအကင်များ၊ အသားလုံးများ၊ ထပ်ထပ်ခါခါကြော် ထားသည့် အကြော်များကို အလွန်အကျွံစားသုံးခြင်းတို့ ဖြစ်သည်။ ထို့ပြင် လူတို့ အသုံးပြုသည့် အပူနှင့်ထိတွေ့သော ပလတ်စတစ်အိတ်များ၊ ဖော့ဘူးများတွင် ထည့်ထားသည့် အစားအသောက်များကလည်း ကင်ဆာကို ဖိတ်ခေါ်လျက်ရှိသည်။

“ဝက်အူချောင်းလည်း ပါတယ်။ ကြာရှည်ခံ လုပ်ထားတဲ့ဟာတွေ၊ အကင်တွေ ဗမာစာဆိုရင် ကြပ်တိုက်ထားတဲ့ အစားအသောက်တွေ စားရင်လည်း အတူတူပဲ ကင်ဆာဖြစ်တယ်။ ယိုးဒယားကင် ဆိုတာလည်း ကြာရှည်ခံသား ဖြစ်တဲ့အတွက် လုံးဝမကောင်းပါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် စိတ်ပူပင်သောကများသူများသည်လည်း ကင်ဆာရောဂါကို သတိထားရမည်ဖြစ်သည်။ စိတ်သောကကြောင့် ခန္ဓာကိုယ်တွင်းမှ ဆဲလ်များကို အနှောင့်အယှက်ဖြစ်စေပြီး ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း များကြောင်း ၎င်းက ဆိုသည်။

ကင်ဆာချွေသော လူ့ဇီဝိန်

ကမ္ဘာတစ်ဝန်းလူသေဆုံးရသည့် အကြောင်းရင်းများအနက် ကင်ဆာက ဒုတိယဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်း ကင်ဆာရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ လူ ၈ ဒသမ ၈ သန်း သေဆုံးခဲ့ရသည်။ ယခု ၂၀၁၈ နှစ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့်မှန်းချက်အရဆိုလျှင် လူ ၉ ဒသမ ၆ သန်း၏ အသက်များကို ကင်ဆာက နုတ်ယူပေလိမ့်မည်။

ကမ္ဘာတစ်ဝန်းရှိ လူသေဆုံးမှု ခြောက်ခုအနက် တစ်ခုမှာ ကင်ဆာကြောင့်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သုတေသနပြုချက်များက ဆိုသည်။ ဤမျှ ကြီးမားကြောက်မက်ဖွယ်ရာ ဖြစ်သော ကင်ဆာသည် မြန်မာနိုင်ငံတွင် သူဌေးရောဂါဟု လူသိများသည်။ ရောဂါဖြစ်လျှင် ငွေကုန်လွန်းလှသည်။ ထို့ကြောင့် မတတ်နိုင်သူများအတွက် ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့များကိုသာ အားထားနေရသည်။

မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များကို ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီးနှင့် တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံတို့တွင်  ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းတို့ဖြင့် အဓိက ကုသပေးလျက်ရှိသည်။

ရန်ကုန်မြို့တော်တွင် ကင်ဆာရောဂါကာကွယ်ရေး၊ စောစီးစွာရှာဖွေ ဖော်ထုတ်ကုသရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ်မှစကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်း၊  ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်း လုပ်ဆောင်လျက်သည်။

ရန်ကုန်မြို့တော်တွင် ကင်ဆာရောဂါ ထိန်းချုပ်နိုင်ရေးအတွက် C Can 2025 စီမံကိန်းတွင်  အဓိကကင်ဆာလေးမျိုး ဖြစ်သည့် ရင်သား၊ သားအိမ်ခေါင်း၊ အူမကြီးနှင့် သွေးထဲမှာပါသော သွေး အကျိတ်ကင်ဆာတို့ မဖြစ်ပေါ်စေရန် ကြိုးစားလုပ်ဆောင်နေကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ခံတွင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာတို့က အဖြစ်အများဆုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းတွင် ကင်ဆာရောဂါကြောင့် သေဆုံးသူက လေးသိန်းခွဲကျော် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၆ ခုနှစ်ထုတ်ပြန်ချက်အရ သိရသည်။

ဤမျှကြီးမားကြောက်မက်ဖွယ် ကောင်းသော ကင်ဆာကို ကာကွယ်၍ ရပါ၏လော။

ကင်ဆာ ခံတပ်

သုတေသနဖော်ထုတ်ချက်များအရ ကင်ဆာရောဂါများ၏  ၃၀ ရာခိုင်နှုန်းကိုသာ ကာကွယ်၍ရသည်။ အများစုမှာ ကာကွယ်၍ မရ။ သို့သော်လည်း အစားအသောက်၊ အနေအထိုင်မှန်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။

ခေတ်သစ်လူနေမှုဘ၀တွင် ကိုယ်လက်လှုပ်ရှားမှုနည်းလာခြင်းနှင့် အသင့်စားအစားအသောက်များ စားသုံးခြင်းအပြင် အဝလွန်ခြင်းတို့သည် ကင်ဆာကို ဖိတ်ခေါ်လျက်ရှိသည်။ ထိုအမူအကျင့်၊ အလေ့အထနှင့် စားသုံးမှုပုံစံကို ပြင်ဆင်နိုင်မည်ဆိုလျှင် ကင်ဆာအတွက် ခံတပ်တစ်ခု ဆောက်လုပ်ပြီး ဖြစ်ပေမည်။

နေ့စဉ်စားသုံးသည့်အစားများတွင် အာဟာရအုပ်စုသုံးခုဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေသော အစားအစာ၊ ရောဂါကာကွယ်စေသော အစားအစာနှင့် အင်အားဖြစ်စေသော အစားအစာတို့ကို စားသုံးရန်လိုအပ်ကြောင်း ကျန်းမာရေး ပညာရှင်တို့က ဆိုသည်။ နေ့စဉ် မိနစ် ၃၀ ခန့် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ပြုလုပ်ရန်လည်း လိုအပ်သည်။

သို့သော်လည်း ဤမျှမပြီးသေး။ ဆေးလိပ်နှင့် ဆေးရွက်ကြီးကို သုံးစွဲခြင်းနှင့် အရက်သေစာသောက်စားမှုကို ရှောင်နိုင်ပါကမူ ဒုတိယခံတပ် တည်ဆောက်နိုင်ပြီ ဖြစ်သည်။

နောက်ဆုံးခံတပ်မှာမူ ပူပင်သောကနှင့် စိတ်ဖိစီးမှုကို လျှော့ချရေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကဲ့သို့ ကာကွယ်ဆေးများ ထိုးထားခြင်းပင်ဖြစ် သည်။

ကင်ဆာ မာယာ

ကင်ဆာသည် မာယာများသည်။ အကြောင်းအမျိုးမျိုးကြောင့် လူအမျိုးမျိုးတွင် ဖြစ်နိုင်သည်။ ငွေကုန်ကြေးကျများသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ ၂၀၁၀ ပြည့်နှစ်တွင် ကင်ဆာကြောင့် ကုန်ကျစရိတ်စုစုပေါင်းက အမေ ရိကန် ဒေါ်လာ ၁ ဒသမ ၁၆ ထရီလီယံ ရှိသည်။ အဆိုပါပမာဏသည် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ သုံးနိုင်ငံပေါင်း GDP ခန့်ရှိပြီး မြန်မာ့ GDP ၏ ၁၆ ဆကျော် ရှိသည်။

မြန်မာကမူ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးသော တိုင်းပြည်အဖြစ်မှ တက်လှမ်းရန် ပြင်ဆင်ချိန်တွင် ကင်ဆာသည် မြန်မာကိုလည်း နှောင့်ယှက်လျက်ရှိသည်။ WHO ၏ သုတေပြုချက်များအရ ဝင်ငွေအဆင့်နိမ့်နှင့် ဝင်ငွေအဆင့် အလယ်အလတ်ရှိသော နိုင်ငံများရှိ ကင်ဆာဖြစ်ပွားမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ သေဆုံးကြသည်ဟု ဖော်ပြထားသည်။

လယ်သမားဦးစိုးသိန်း ခံစားနေရသော အူမကြီးကင်ဆာသည် သူ့မိသားစု ပိုင်ဆိုင်သည့် လယ်ရှစ်ဧက သာမက ရွာရှိ ကုက္ကိုပင်များကိုပါ ရောင်းချစေခဲ့ရပြီ ဖြစ်ကြောင်း သူ့ဇနီးဖြစ်သူ မမိငယ်က ညှိုးငယ်စွာ ဆိုသည်။

“ဒီမှာတော့ လိုတာတွေ ဘာတွေ ဝယ်ရတာပေါ့။ တစ်ခါတစ်ခါလာပြရင် တစ်သိန်းခွဲလောက်တော့ ကုန်တယ်။ ချေးငှားရတာပေါ့”

ကင်ဆာက ငွေကြိုက်ပြီး မြန်မာက ဆင်းရဲရာ အသိကပ်သတိချပ်မှသာ…။      ။


ကင်ဆာ

                                                                                     =============== 

 

ကမ္ဘာ့ဒုတိယ အသေအပျောက်အများဆုံး အကြောင်းအရင်းဖြစ်။

၂၀၁၈ ခုနှစ်တွင် လူဦးရေ ၉.၆ သန်း သေဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထား။

(ယင်းပမာဏသည် ကင်ဆာကြောင့် နေ့စဉ် လူ ၂၆,၀၀၀ ကျော် သေဆုံးခြင်းဖြစ်)။

ကမ္ဘာတစ်ဝန်း ကင်ဆာဖြစ်ပွားသူ ခြောက်ဦးတွင် တစ်ဦးသေဆုံး။

ကမ္ဘာပေါ်ရှိ ဝင်ငွေအဆင့်နိမ့်ကျသည့် နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများရှိ ကင်ဆာဖြစ်ပွားသူ သေဆုံးသူ သုံးပုံ နှစ်ပုံကျော်မှာ သေဆုံးလျက်ရှိ။

ကင်ဆာကြောင့် သေဆုံးသူ သုံးပုံ တစ်ပုံသည် အောက်ပါအနေအထိုင် အစားအသောက်မမှန်ခြင်း အချက်ငါးချက်ကြောင့် ဖြစ်။

–        အဝလွန်ခြင်း။

–        ဟင်းသီးဟင်းရွက်စားသုံးမှုနည်းပါးခြင်း။

–        ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း။

–        ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်း (ယင်းကြောင့် သေဆုံးသူ ၂၂  ရာခိုင်နှုန်းရှိ)။

–        အရက်သေစာသောက်စားခြင်း။

–        မြန်မာနိုင်ငံရှိ အမျိုးသားများတွင် ခံတွင်းကင်ဆာနှင့် အသည်းကင်ဆာ အဖြစ်များဆုံး။

–        မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ရင်သားကင်ဆာမှာ အဖြစ်အများဆုံး။ သားအိမ်ခေါင်းကင်ဆာမှာ တတိယအများဆုံးဖြစ်။


 

ဥမ္မာလွင်၊ မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *