အိမ်တွင်းငရဲက မလွတ်မြောက်နိုင်သေးပါ

ဓာတ်ပုံ - အောင်ဖြိုးဦး

အင်းစိန်ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ကုသဆောင်ရှိ ခုတင်ပေါ်တွင် မျက်လုံးများ ညိုမည်းစွဲနေသည့် ဒဏ်ရာများဖြင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်မှာ ဆေးကုသမှုခံယူနေသည်။

မျက်ကွင်းနှစ်ဖက်အပြင် နဖူးလည်းရောင်နေသည့် ဒဏ်ရာများရထားသည်။ ညာဖက်မျက်ကွင်းက ပို၍ ညိုမည်းနေသည်။

ယင်းမိန်းကလေးငယ်သည် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် ၁၀ လခန့်ကြာ လုပ်ကိုင်နေသူဖြစ်ပြီး အိမ်ရှင်အမျိုးသမီးက ရိုက်နှက်ခြင်း၊ မီးပူဖြင့် ကပ်ခြင်း၊ ဓားဖြင့် ပေါက်ခြင်းတို့ကြောင့် ဒဏ်ရာများဖြင့် ဆေးရုံပေါ်သို့ ရောက်နေသူ ဖြစ်သည်။

“အဲဒါ သူတို့ (အိမ်ရှင်အမျိုးသမီး) ရိုက်ထားတာ”ဟု မျက်လုံးတွင် ညိုမည်းစွဲနေသည့် ဒဏ်ရာများကို ပြရင်း ဝမ်းနည်းသည့်ဟန်ဖြင့် အဆိုပါမိန်းကလေးငယ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မကြာခဏဆိုသလို အိမ်အကူများ နှိပ်စက်ခံရမှုရှိနေပြီး အချို့ဖြစ်ရပ်များတွင် ကိုယ်အင်္ဂါချို့ယွင်းမှု ဖြစ်သည့်အပြင် အသက်သေဆုံးမှုများလည်း ရှိနေသည်။ အိမ်အကူများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေလည်း မရှိသေးပေ။ အိမ်အတွင်း ငရဲခန်းထဲကျရောက်နေသည့် အိမ်အကူများကို ကာကွယ်ပေးနိုင်မည့် နည်းလမ်းရှိပါသလော။

(၁)

အင်းစိန်ဆေးရုံတွင် ကုသနေရသည့် မိန်းကလေးငယ်၏ဖြစ်ရပ်တွင် အိမ်ရှင်အမျိုးသမီးဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူလုပ်ကိုင်ရင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများဖြင့် ပတ်ဝန်းကျင်ဒေသခံများနှင့် ရပ်ကွက်ရာအိမ်မှူးကအိမ်အကူကလေးငယ်ကို ခေါ်ဆောင်ကာ လာရောက်ဆေးကုပေးခြင်း ဖြစ်သည်။

မိခင်ဖြစ်သူ၏ ဆန္ဒဖြင့် အိမ်အကူအဖြစ် လုပ်ကိုင်သည့် အဆိုပါမိန်းကလေးငယ်မှာ ယင်း နေအိမ်သို့ ယခုနှစ် ဇန်နဝါရီလတွင် စတင်လုပ်ကိုင်ခြင်း ဖြစ်သည်။ ဆွေမျိုးတော်စပ်သည့် နေအိမ်တွင် စားပြီး သောက်ပြီး တစ်လကျပ်သုံးသောင်းဖြင့် လာရောက်လုပ်ကိုင်ခြင်း ဖြစ်သည်။

ထမင်းချက်၊ အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးတို့ကို လုပ်ရကြောင်း၊ အိမ်ရှင်အမျိုးသမီး၏ ကလေးငယ်ကို ယောက္ခမဖြစ်သူ ထိန်းကြောင်း၊ သို့သော်လည်း ကလေးငယ်က ဆော့ကစားရင်း ပွန်းပဲ့ဒဏ်ရာရရှိခြင်း၊ တစ်ခုခုဖြစ်လျှင် အိမ်ရှင်အမျိုးသမီးက ၎င်းကိုသာ ရိုက်နှက်ကြောင်း မိန်းကလေးငယ်က ပြောဆိုသည်။

“သူ့သားတစ်ခုခုဖြစ်တာနဲ့ သမီးကို ရိုက်တာပေါ့။ ရိုက်တဲ့ အရှိန်နဲ့ မျက်လုံးကို လာထိတာပေါ့။ သမီးကို ခြေထောက်တွေနဲ့လည်း တက်နင်းတယ်။ ရိုက်ရင်းနဲ့ မှောက်သွားတော့ ခြေထောက်နဲ့လည်း တက်နင်းတယ်”ဟု အိမ်အကူမိန်းကလေးငယ်က ပြောဆိုသည်။

အိမ်အကူမိန်းကလေးကို နှိပ်စက်ခဲ့သည်ဟုဆိုသည့် အသက်၃၀ ကျော်အရွယ် ဒေါ်သိင်္ဂီထွန်းဆိုသည့် အိမ်ရှင်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူနှင့် အိမ်အကူမိန်းကလေးတို့မှာ ဆွေမျိုးတော်စပ်ကြောင်း မိန်းကလေးငယ်၏ အဘွားတော်စပ်သူထံမှ သိရသည်။

ဆေးရုံသို့ လာပို့သည့် ရာအိမ်မှူးဦးကိုကိုဆန်းကမူ ကလေးငယ်တွင် ရရှိထားသည့် ဒဏ်ရာများသည် ရေခဲသေတ္တာပေါ်မှ ပြုတ်ကျကာ ဒဏ်ရာရခြင်းဖြစ်သည်ဟု အိမ်ရှင်အမျိုးသမီး၏ ယောက္ခမဖြစ်သူက အကြောင်းပြချက်ပေးကြောင်း ပြောဆိုသည်။

“ရေခဲသေတ္တာပေါ် ဘယ်လိုတက်လဲဆိုတာ ကျွန်တော်လည်း မသိဘူး။ သူတို့ပြောတာ”

နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲကျော်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ ပြည်သူများက ကလေးငယ်တစ်ဦး နှိပ်စက်ခံနေရသည်ဟု လာရောက်ပြောဆိုသဖြင့် အဆိုပါအိမ်ရှင်နှင့် အိမ်အကူမိန်းကလေးကို ခေါ်ယူမေးခဲ့ခြင်းဖြစ်ကြောင်း ဦးကိုကိုဆန်းက ပြောဆိုသည်။

“တကယ်ဆို ညက ပြုတ်ကျတဲ့ အရှိန်ကြောင့် ရောင်ရင် တစ်နေရာတည်းရောင်မယ်။ အခုက မျက်နှာတစ်ခုလုံးကို ရောင်နေတာ။ မျက်လုံးတွေကလည်း ညိုမည်းနေတယ်။ အဲအချိန်မှာ ကလေးကို မေးလိုက်တော့ ကလေးက ကြောက်နေတယ်။ ဘာမှမပြောနိုင်ဘူး။ မျက်ရည်တွေလည်း ကျနေတယ်”ဟု ၎င်းက ဆိုသည်။

ကလေးငယ်ရရှိသည့် ဒဏ်ရာများကို ဆေးခန်းသွားပြရန် ပြောဆိုသော်လည်း မအားသဖြင့် ဆေးခန်းမပြနိုင်သေးကြောင်း အိမ်ရှင်အမျိုးသမီး၏ ယောက္ခမက ပြောဆိုကြောင်း ၎င်းက ပြောကြားသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားကာ လာရောက်ကူညီဖြေရှင်းပေးရန် ပြောခဲ့ပြီးနောက် ယခုကဲ့သို့ ဆေးရုံအထိရောက်လာရခြင်းဖြစ်ကြောင်း ဦးဆန်းကိုကိုက ရှင်းပြသည်။

ကလေးငယ်၏ မျက်လုံးညိုမည်းစွဲနေခြင်းကို မျက်စိအထူးကုဆရာဝန်များက လာရောက်ကုသပေးမည်ဖြစ်ကြောင်း အင်းစိန်အထွေထွေရောဂါကုဆေးရုံထံမှ သိရသည်။

အိမ်အကူကလေးငယ်ဒဏ်ရာများက မျက်လုံးတစ်ဝိုက်တွင် သာမဟုတ်ဘဲ လက်နှင့် ကျောကုန်းတွင်လည်း ရှိနေသည်။ အိမ်ရှင်အမျိုးသမီးက နှိပ်စက်သဖြင့် ဒဏ်ရာရခြင်းဖြစ်သည်ဟု အမာရွတ်များကို ကလေးငယ်က ပြကာပြောဆိုသည်။

“သမီးကို ဓားတွေနဲ့လည်း လုပ်ထားတာ။ ရေနွေးပူနဲ့လည်း လောင်းတယ်။ မီးပူနဲ့လည်း ကပ်တယ်”ဟု မိန်းကလေးငယ်က ပြောဆိုသည်။

အိမ်အကူမိန်းကလေးကို နှိပ်စက် ခြင်းသည် လက်သင့်ခံ၍ မရကြောင်း၊ မိမိကလေးကဲ့သို့ ကိုယ်ချင်းစာစိတ်ထားရန် လိုအပ်ကြောင်း အဆိုပါကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေသူ ဦးဆန်းကိုကိုက ပြောကြားသည်။

“လူတွေဆိုတာက အသိဉာဏ်ရှိတဲ့ သူတွေ ကလေးမှားခဲ့သည်ရှိသော် သွန်သင်ဆုံးမရမယ်။ လမ်းညွှန်ပြသရမယ် ။ ကိုယ့်ကလေးမဟုတ်တိုင်းလည်း အခုလို မနှိပ်စက်ရဘူး။ မလုပ်ရဘူး”ဟု ၎င်းက ဆိုသည်။

အိမ်အကူမိန်းကလေးတွင် ခြေထောက်ဖြင့် ကန်၊ မီးပူဖြင့် ကပ်၊ ဓားဖြင့် မွှန်း၊ ရေနွေးပူဖြင့် လောင်းခံရသဖြင့် မျက်နှာဖူးရောင်၊ ကျောညိုမည်း၊ ဘယ်ဘက် လက်မောင်း၊ လက်ကောက်ဝတ်ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ရှင်အမျိုးသမီး ဒေါ်သိင်္ဂီထွန်းကို ဘုရင့်နောင်နယ်မြေရဲစခန်းတွင် လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှုဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း တရားလိုအဖြစ် တိုင်တန်းထားသည့် ရာအိမ်မှူး ဦးဆန်းကိုကိုက ပြောဆိုသည်။

(၂)

အိမ်အကူနှိပ်စက်ခံရသည့် အဆိုပါ ဖြစ်ရပ်မှာ ပထမဆုံးမဟုတ်သကဲ့သို့ နောက်ဆုံးဖြစ်ရန်လည်း မသေချာသေးပါ။ အိမ်အကူနှိပ်စက်ခံရမှုဖြစ်စဉ်များက မကြာခဏဖြစ်ပွားနေသည်။ သို့သော်လည်းအချို့ဖြစ်ရပ်တွင် အိမ်ရှင်များ ခံရသည့်ဖြစ်စဉ်များလည်း ရှိသည်။

လစာငွေများကို ယူ၍ ထွက်ပြေးခြင်း၊ ပစ္စည်းများ ခိုးယူထွက်ပြေးခြင်းစသည်တို့ကိုလည်း အိမ်ရှင်များ ကြုံရတတ်သည်။ သို့သော်လည်း များသောအားဖြင့် အိမ်အကူများ ခံစားရသည့်ဖြစ်ရပ်များ များပြားသည်။

မြန်မာလူ့အဖွဲ့အစည်းတွင် အိမ် အကူကလေးငယ်များကို နှိပ်စက်သည့်ဖြစ်ရပ်များကို လူမှုကွန်ရက်များနှင့် မီဒီယာများတွင် မကြာခဏတွေ့မြင်နေရသည်။ မန္တလေးတွင် အိမ်အကူမိန်းကလေးငယ်ကို အက်ဆစ်ဖြင့် ပက်ကာ ၂၀၁၀ ပြည့်နှစ်မှ စပြီး နေအိမ်တွင် ရှစ်နှစ်ကြာပိတ်လှောင်ထားသည့် အမှု ယခုနှစ် မတ်လတွင် အရေးယူခဲ့သည်။

အဆိုပါမိန်းကလေးသည် ရှစ်နှစ်ကြာ ပိတ်လှောင်ခံထားရပြီးနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေအိမ်မှ ထွက်ပြေးခဲ့ပြီးနောက် အမျိုးသမီးရေးရာ အဖွဲ့နှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် အက်ဆစ်ဖြင့် ပက်သည့် မနီနီနုနွယ်၊ နေအိမ်တွင် ပိတ်လှောင် ထားပြီး လုပ်ခစာမပေးဘဲ အကူအဖြစ်ခိုင်းစေခဲ့သည့် ဒေါ်မိုးမိုးနှင့် မနီနီနုနွယ်၏ ခင်ပွန်း ကိုသူရ(ခ) အားတီကို ရာဇသတ်ကြီး ပုဒ်မသုံးခုဖြင့် နစ်နာသူကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အခြားဖြစ်ရပ်တစ်ခုမှာလည်း မန္တလေးတွင် ဖြစ်သည်။

အမရပူရမြို့နယ်ရှိ စက်ချုပ်ဆိုင်တစ်ဆိုင်တွင် အိမ်အကူလုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အိမ်ရှင်အမျိုးသားက ဝါယာကြိုး၊ ဖိနပ်တို့ဖြင့် ရိုက်နှက်ခြင်း၊ ရေကန်အတွင်း နှစ်ခြင်း၊ ဦးခေါင်းကို နံရံဖြင့် တိုက်ခြင်း၊ ဒူးနှင့် လက်တို့ကို အပ်ဖြင့် ထိုးခြင်းတို့အပြင် ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ချွတ်စေကာပြသစေခြင်းဖြစ်ရပ်မှာလည်း ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တော်တွင်လည်း အိမ်အကူများကို နှိပ်စက်မှု မကြာခဏဖြစ်ပေါ်နေသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လက ဒဂုံမြို့သစ် တောင်ပိုင်းတိုးချဲ့ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်အကူလုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး၏ ဦးခေါင်း၊ လက်၊ ခြေနှင့် ကျောဘက်တို့ကို သံဆူးကြိုး၊ သံယောင်းမတို့ဖြင့် ရိုက်နှက်နှိပ်စက်မှု ဖြစ်ခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ယုဇနဥယျာဉ်အိမ်ရာတွင် တိုက်ခန်းတစ်ခုမှ အော်သံကြား၍ လမ်းအတွင်း နေထိုင်သူများက ရာအိမ်မှူးထံ တိုင်ကြားမှုကြောင့် သွားရောက်ကြည့်ရှုခဲ့ကြရာ အိမ်အကူကလေးငယ်ကို နှိပ်စက်မှု ပေါ်ပေါက်သည်။

ယင်း အိမ်အကူမိန်းကလေးတွင် ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းနှစ်ဖက်၊ ပေါင်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများနှင့် ခြေထောက်တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့သည်။

ထိုမျှမက အိမ်အကူကို နှိပ်စက်သည့် နာမည်ကြီးဖြစ်စဉ်တစ်ခုက ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ပါသေးသည်။ အသက်မပြည့်သေးသည့် အိမ်အကူ အမျိုးသမီးနှစ်ဦးကို ရန်ကုန်မြို့ လယ်ရှိအင်းဝအပ်ချုပ်ဆိုင်တွင် ငါးနှစ်ကြာ မတရားထိန်းသိမ်း၍ ကျွန်သဖွယ် ပြုကျင့်ကာ ကိုယ်လက်အင်္ဂါချွတ်ယွင်းသည်အထိ နှိပ်စက်ခဲ့သည့်အမှု ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူသုံးဦးကို ထောင်ဒဏ် ၁၃ နှစ်မှ ၁၆ နှစ်အထိ ချမှတ်ခဲ့သည်။

တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရသည့် ဥပဒေအရာရှိအမျိုးသမီးတစ်ဦးလည်း အိမ်အကူကိုနှိပ်စက်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသည်။

လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာတပ်ရင်းတွင် တပ်မတော်အရာရှိတစ်ဦး၏ ဇနီးဖြစ်ပြီး ဥပဒေအရာရှိလည်းဖြစ်သူ ၎င်းက နှိပ်စက်သဖြင့် အိမ်အကူဒေါ်ကရင်မသည် ယခုနှစ် မေလက သေဆုံးသည်ဟုဆိုရာ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

(၃)

အိမ်အကူများကို နှိပ်စက်ရာတွင် အလွှာစုံက အိမ်ရှင်များ ပါဝင်သည်။ ဆရာဝန်၊ အနုပညာရှင်၊ လုပ်ငန်းရှင်၊ တပ်မတော် အရာရှိ၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေသည့် ဥပဒေဝန်ထမ်း စသဖြင့်။

အိမ်အကူအဖြစ် လုပ်ကိုင်သူများနှင့် အိမ်အကူခေါ်ယူသူတို့အတွက် ကာကွယ်ထိန်းကျောင်းပေးမည့် ဥပဒေတစ်ခု သတ်မှတ်ပေးသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“အိမ်အကူကိစ္စတွေက ပတ်ဝန်းကျင်လူမှုကွန်ရက်နဲ့ မီဒီယာတွေကတစ်ဆင့် သိရတာတွေချည်းပဲ။ ဒီလိုသာ မသိရရင် အိမ်အကူတွေကို ရေနွေးနဲ့ ပက်တာတွေ၊ အက်ဆစ်နဲ့ ပက်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေက တစ်သက်လုံးဖြစ်နေနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

ဦးရောဘတ်စန်းအောင်ကဲ့သို့ပင် ဥပဒေအကြံပေးဦးခင်မောင်မြင့်က ယခုကဲ့သို့ ပြောဆိုသည်။

“အိမ်အကူတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေက မရှိဘူး။ ဆိုတော့ အိမ်အကူတွေကို ကာကွယ်စောက်ရှောက်နိုင်တဲ့ ဥပဒေတော့ မပေါ်သေးတဲ့အထိတော့ ဒီအတိုင်းပဲ ဖြစ်နေဦးမှာပဲ”

ဥပဒေတစ်ခုပြဋ္ဌာန်းရန်မှာ အချိန်ကြန့်ကြာနိုင်ပြီး လက်ရှိဖြစ်ပွားနေသည့် အိမ်ရှင် အိမ်အကူပြဿနာများကို ဖြေရှင်းရန်အတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတို့ ပူးပေါင်းကာ အိမ်အကူခေါ်သည့် အိမ်ရှင်များက ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် စာရင်းသွင်းရန်  လုပ်ဆောင်သင့်ကြောင်း ဦးခင်မောင်မြင့်က ထောက်ပြသည်။

ယနေ့အချိန်အထိ အိမ်ရှင်နှင့် အိမ်အကူမည်သို့ စာချုပ်ချုပ်၍ အလုပ်လုပ်ကိုင်နေသည်ကို မသိရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေး ရုံးတွင် စာရင်းသွင်းခိုင်းပါက မြို့နယ်တစ်မြို့နယ်တွင် အိမ်အကူ မည်မျှရှိသည်ကို သိရှိနိုင်ပြီး နေထိုင်ရပုံများကိုလည်း တစ်လ တစ်ခါ စစ်ဆေးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“သူတို့နှစ်ယောက် ချုပ်ဆိုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ကြီးကြပ်လို့ ရမယ်။ အဲဒါဆိုရင် အိမ်ရှင်ဘက်က ဖြစ်ဖြစ်၊ အိမ်အကူဘက်ကဖြစ်ဖြစ် နစ်နာခဲ့သည်ရှိသော် ဒါကို ချက်ချင်း အရေးယူဆောင်ရွက်ပေးလို့ ရတယ်”ဟု ဦးခင်မောင်မြင့်က ပြောကြားသည်။

မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းကလည်း အိမ်အကူ ခေါ်ထားခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်းလာသွင်းသင့်ကြောင်း ပြောဆိုသည်။

“ရပ်ကွက်ရုံးမှာ စာရင်းလာပေးကတည်းက ပညာပေးတာတွေ လုပ်ပေးလိုက်လို့ ရတယ်။ နောက်ပြီး တစ်လတစ်ခါ ကျန်းမာရေးတွေ စစ်မယ်ဆိုရင် နောက်ပိုင်းမှာ ဒါမျိုးကိစ္စတွေ မဖြစ်အောင် ထိန်းသွားနိုင်မယ်”

အိမ်အကူကလေးငယ်များ နှိပ်စက်ခံနေရခြင်းသည် ဗဟုသုတအားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဦးရန်ရှင်းက ပြောဆိုသည်။

လက်ရှိအင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် မိန်းကလေးငယ်သည် အလုပ်လုပ်ခဲ့သည့် နေအိမ်သို့ မပြန်လိုတော့ကြောင်း ပြောဆိုသည်။

“သမီးအမေဆီလည်း မပြန်ချင်ဘူး။ အိမ်မှာ နေရင် အခုလိုထပ်ပို့မှာ စိုးလို့” ဟု ပြောဆိုသည်။

ယင်းအပြင် ဒဏ်ရာများသက်သာပြီး ၎င်းကို ပံ့ပိုးပေးမည့် သူရှိပါက ဖြစ်ချင်တဲ့ ဆန္ဒကိုလည်း အောက်ပါအတိုင်း ရင်ဖွင့်သည်။

“သမီး ကျောင်းပြန်တက်ချင်တယ်။ ပြီးရင် စက်ချုပ်သင်ချင်တယ်”။   ။

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *