“အောင်ပွဲကို ဘယ်တော့မှ မယစ်မူးနဲ့။ အောင်ပွဲကို ယစ်မူးနေရင်တော့ ကျရှုံးမှာပဲ”

ဓာတ်ပုံ - ရဲနိုင်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအေးကြူ (ခ) မုံရွာအောင်ရှင်နှင့် တွေ့ဆုံခြင်း

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် NLD ပါတီသည် မထင်မှတ်ထားသော ရလဒ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ မဲဆန္ဒနယ် ၁၃ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ခြောက်နေရာတွင် ရှုံးနိမ့်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော်လည်း ယခုအခါ ၅၃ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ အာဏာရပါတီ၏ ရွေးကောက်ပွဲအနိုင်၊ အရှုံးသည် ပြီးခဲ့သည့်သုံးနှစ်အတွင်း အစိုးရလုပ်ဆောင်ချက်များနှင့်လည်း ဆက်စပ်လျက်ရှိရာ The Voice Journal က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးအေးကြူ (ခ) မုံရွာအောင်ရှင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

(မုံရွာအောင်ရှင်သည် ပါတီမှထုတ်ဝေသည့် ဒီလှိုင်းဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားသူဖြစ်သည်။)

The Voice Journal – ၂၀၁၈ကြားဖြတ် ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ ရလဒ်ကတော့ NLD ခုနစ်နေရာနိုင်ပြီး ခြောက်နေရာ ရှုံးတယ်။ အဲဒီနေရာတွေမှာ ရှုံးရတဲ့ အဓိကအကြောင်းရင်းက ဘာများဖြစ်မလဲခင်ဗျ။

UAK – အဲဒါလေးမပြောခင်မှာ NLD ရဲ့ရွေးကောက်ပွဲဖြတ်သန်းမှုအကြောင်းလေး ပြောမှ ဖြစ်မယ်။ တကယ်တမ်းကျ NLD ရဲ့ရွေးကောက်ပွဲဖြတ်သန်းမှုက ငါးကြိမ်ရှိပါပြီ။ ၁၉၉၀ ရှိမယ်။ ၂၀၁၂ ရှိမယ်။ ၂၀၁၅ ရှိမယ်။ ၂၀၁၇ ရှိမယ်။ အခု ၂၀၁၈ ရှိမယ်။ အဲဒီငါးကြိမ်မှာ တကယ်ကို သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာက ၁၉၉၀ နဲ့ ၂၀၁၅ ပေါ့နော်။ ကျန်တဲ့ ကြားဖြတ်ရွေးကောက်ပွဲသုံးခုမှာတော့ ထင်မှတ်ထားသလောက်တော့ မဖြစ်လာဘူး။ အထူးသဖြင့် မနေ့တစ်နေ့က ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကတော့ နည်းနည်းပိုအထိနာတယ်လို့ ပြောရမယ်။ ဘာလို့အထိပိုနာသလဲလို့ နည်းနည်းတော့ ဆန်းစစ်ဖို့ လိုလာပြီ။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲအောင်မြေတွေ နင်းလာခဲ့ကြတာလေ။ အခုမှ ဘာလို့ ရှုံးရတာလဲ၊ အထိနာရတာလဲ ပြန်စဉ်းစားဖို့ လိုတယ်။

ရှုံးရတဲ့အချက်တွေက ပြောရရင် အများကြီးပဲ။ နံပါတ်တစ်က ပါတီပိုင်းနဲ့ ပြောရမှာတွေရှိတယ်။ နံပါတ်နှစ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တာ ပြောရမှာရှိတယ်။ နံပါတ်သုံးက အစိုးရပိုင်းက ပြောရမှာတွေရှိတယ်။ ပါတီရယ်၊ လွှတ်တော်ရယ်၊ အစိုးရရယ်ပေါ့။ ဒီသုံးခုဟန်ချက်ညီညီနဲ့ ပြည်သူကို မစည်းရုံးနိုင်လို့ဆိုပြီး ပြောရမှာပဲ။

အရေးကြီးတဲ့ အချက်တစ်ချက်ရှိတယ်။ အခုရှုံးတဲ့ ဒေသတွေက တိုင်းရင်းသားဒေသတွေ ဖြစ်တယ်။ နောက်လည်း ဖြစ်ဦးမှာပဲ တိုင်းရင်းသားဒေသတွေမှာ။ ဘာဖြစ်လို့ တိုင်းရင်းသားဒေသတွေကို သဟဇတဖြစ်အောင်၊ တိုင်းရင်းသားတွေနဲ့ ညီညွတ်မျှတအောင်မလုပ်နိုင်လဲဆိုတာ အဲဒါအားနည်းချက်ပဲ။ NLD ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ၁၉၉၀ ကနေစပြီး ၂၀၁၀ အထိကို တိုင်းရင်းသားတွေနဲ့ တကယ့်ကို ရင်းနှီးချစ်ခင်လာကြတယ်။ လက်တွဲပြီး အလုပ်လုပ်လာကြတယ်။ ၁၉၉၀ ကဆိုရင် UNLD လို ခေါ်တယ်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုပြီး လုပ်လာခဲ့ကြတာ။ ဒါ ၁၉၉၀ ပတ်ဝန်းကျင်လောက်က။ အဲဒီနောက်ပိုင်း CRPP ဆိုပြီး လုပ်လာခဲ့တာ။ တကယ့် ရေထဲမိုးထဲမှာ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီး လုပ်လာခဲ့ကြတာ။ ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်း ၂၀၁၂ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာတော့ တိုင်းရင်းသားပါတီများနဲ့ ဆက်ဆံရေးဟာ နည်းနည်း အလှမ်းဝေးသွားတယ်။ ဒီလိုပဲ ခံစားရတယ်။ ဆိုတော့ တိုင်းရင်းသားပါတီတွေနဲ့ အလှမ်းဝေးသွားသလိုပဲ တိုင်းရင်းသားပြည်သူလူထုတွေ၊ တိုင်းရင်းသား  NGO တွေ၊ တိုင်းရင်းသား CSO တွေနဲ့လည်း NLD က နည်းနည်းဝေးသွားတယ်။ အဲဒါရဲ့အကျိုးဆက်။ ဒါလည်း အရေးကြီးတယ်။ နှစ်ခုပေါ့။ တစ်အချက်  ကတော့ ပါတီရယ်၊ လွှတ်တော်ကိုယ်စားလှယ်ရယ်၊ အစိုးရရယ်။ ဒီသုံးပွင့်ဆိုင်က ပြည်သူကို ထင်သလောက် မစည်းရုံးနိုင်ခဲ့ဘူး။ နံပါတ်နှစ်ကတော့ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားပြည်သူလူထုတွေ၊ တိုင်းရင်းသား NGO တွေ၊ တိုင်းရင်းသား  CSO တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံမှုအားနည်းတယ်။ အဲဒီအချက်တွေက ဒီနေ့ ထင်ထင်ရှားရှားပေါ်လာတယ်လို့ပဲ မြင်ရတယ်။

The Voice Journal – ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် SNLDကို ဝန်ကြီးနေရာအတွက် ကမ်းလှမ်းတယ်။ သူတို့ဘက်ကကျ ဝန်ကြီးချုပ်နေရာ အဆိုပြုတယ်လို့ သိရတယ်။ ဒီလို အလျှော့အတင်းလုပ်ကြတဲ့အခါ NLD ဘက်ကများ အားနည်းခဲ့လား။ သို့မဟုတ် NLD ကပဲ အာဏာရပါတီဖြစ်သွားလို့  ကိုယ် Decision အတိုင်း တခြားသူတွေကို လိုက်လုပ်စေတဲ့ မူဝါဒမျိုးရှိလို့ပဲ တိုင်းရင်းသားတွေနဲ့ ပိုဝေးသွားတာလား။ ဘာ့ကြောင့်ပါလဲဗျ။

UAK – အဲဒီမှာလည်း ကျွန်တော်ပြောချင်တာက ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်တို့ဆိုလည်း လွှတ်တော်ဒုဥက္ကဋ္ဌအနေနဲ့ တာဝန်ပေးတာရှိတယ်။ နောက်ပြီး ဇိုမီးကွန်ဂရက်က ဦးပူကျင်းထန်  ဆိုရင်လည်း ကျွန်တော်တို့ ဖယ်ပေးလိုက်တာပဲလေ။ အဲဒါမျိုးတွေ ရှိပါတယ်။ ဖြစ်သွားတာကတော့ ရှမ်းပေါ့။ ရှမ်းဒီမိုကရေစီအဖွဲ့ချုပ်နဲ့ကတော့ ဒီနေရာမှာ ပြောရရင် ဆွေးနွေးမှု မအောင်မြင်ဘူးလို့ ပြောရမှာပဲ။ ဆွေးနွေးတယ်ဆိုတာကလည်း အပြန်အလှန်အပေးအယူအလျှော့အတင်း ရှိကြရမယ်။ ဒီနေရာမှာ ဘယ်သူက အပြန်အလှန်အလျှော့အတင်းမထားနိုင်လို့ဆိုတာ အသေးစိတ်တော့ သေချာမသိဘူး။ သေချာတာကတော့ အလျော့အတင်းကိစ္စမှာ နှစ်ဖက်စလုံးမှာ ပြေလည်မှုမရှိဘူးလို့ပဲ မြင်ရမှာပေါ့။

The Voice Journal – ရွေးကောက်ပွဲမတိုင်ခင်မှာ  NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပဲ  ပြောတယ်။ အမယ်အိုရဲ့သောက ပြေလျော့ဖို့ မဲပေးကြပါဆိုပြီး။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်ပြီး ဒေါက်တာမျိုးညွန့် မဲဆွယ်သည့်တိုင် ရန်ကုန်မှာဆို ဆိပ်ကမ်းမှာ ရှုံးတယ်။ အရင်က မကြုံဖူးတဲ့ဟာမျိုး။  ဒါ့ကြောင့် အန်တီအပေါ်ထားတဲ့ ပြည်သူ့ယုံကြည်မှုက  ဘယ်လိုရှိမလဲ။

UAK – အဲဒီနေရာမှာတော့ တို့တစ်ဦးချင်းအမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ ပြည်သူလူထုအမြင်၊ ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုက သိပ်တော့မကျသွားဘူး။ ကျသွားတာက ဒေါ်စုကြောင့် ကျတာ မဟုတ်ဘူး။ တို့ မြင်တာတော့လေ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါတီအတွက်လည်း  Supreme Leader ပဲ။ ပြည်သူကလည်း အားကိုးယုံကြည်မှု ခုထိရှိနေတာပဲ။ သို့သော်လည်း ဘာလို့ကျလဲဆိုရင် ပါတီရယ်၊ လွှတ်တော်ကိုယ်စားလှယ်ရယ်၊ အစိုးရရယ်သုံးပွင့်ဆိုင် အားနည်းမှုကြောင့် ကျတယ်လို့ပဲ ယူဆရတယ်။ စဉ်းစားကြည့်လေ။ ရှုံးတဲ့ ဒေသတွေက ၁၉၉၀ တုန်းကလည်း အပြတ်အသတ်နိုင်ခဲ့တာပဲ။ ၂၀၁၅ မှာလည်း အပြတ်အသတ်နိုင်ခဲ့တာပဲ။ ဘာလို့ ခုမှ ရှုံးရလဲဆိုတာ စဉ်းစားရင်ပေါ်တယ်။ အစိုးရအနေနဲ့  NLD က တာဝန်ယူပြီးတဲ့နောက်မှာ လူထုရဲ့လိုအပ်မှုကို မဖြည့်ဆည်းနိုင်ဘူး။ လူထုမျှော်လင့်ထားတာကို မဖြည့်ဆည်းနိုင်တာဟာ ကျဆင်းရခြင်း အကြောင်းရင်းပဲ၊ ဒေါ်စုနဲ့တော့ မဆိုင်ဘူးလို့ ထင်တယ်။

The Voice Journal – အန်ကယ်လ်ပြောပုံအရဆိုရင် အစိုးရရဲ့ လုပ်ရည်ကိုင်ရည်ပေါ့။ တိုင်းဒေသကြီးနဲ့  ပြည်နယ်အစိုးရ။ ပြည်ထောင်စုအစိုးရပေါ့။

UAK – ဟုတ်တယ်။ မှန်တယ်။ နောက်တစ်ချက်က ပါတီက ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်တွေကလည်း တကယ်တမ်းကျ တဖြည်းဖြည်းနဲ့ စည်းရုံးရေးမှာ အားနည်းလာတာ တွေ့ရတယ်။ နိုင်ငံရေးပါတီတစ်ရပ် အားကောင်းဖို့က အချက်သုံးချက်ပဲ ရှိတယ်။ တစ်အချက်က စနစ်ကျတဲ့ ပါတီတည်ဆောက်ရေး ရှိရမယ်။ နှစ်အချက်ကတော့ ကျယ်ပြန့်တဲ့ စည်းရုံးရေးရှိရမယ်။ သုံးအချက်ကတော့ တိကျခိုင်မာပြီး အလုပ်လုပ်တဲ့ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးရှိရမယ်။ အခု အဲဒီသုံးချက်က၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ လျော့နည်းလာတယ်လို့ မြင်တယ်။ အဲဒါကြောင့်လည်း ပါတယ်။ ဆိုပါတော့ လွှတ်တော်နဲ့ အစိုးရ Check & Balance ဖြစ်ရမယ့်ဟာတွေ တစ်ခါတစ်ရံမှာ မဖြစ်တာတွေ ရှိတယ်။ ထို့အတူပဲ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီလည်း သဟဇာတမဖြစ်တာတွေ တွေ့လာရတယ်။ ပြောရရင် အဲဒါက မကောင်းဘူး။ အဲဒီအားနည်းချက်တွေက ဒီကိစ္စ (ရွေးကောက်ပွဲ)အပေါ် ဖိစီးလာတယ်လို့ ပြောရမယ်။

The Voice Journal – ရန်ကုန်မှာဆို တော်တော်များများက NLD နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။

UAK – ဟုတ်ပါတယ်။ မှန်ပါတယ်။ တို့လည်း အဲဒီလိုပဲ မှန်းခဲ့ကြတာပါ။ တကယ်မျှော်လင့်ခဲ့တာပဲ။ ဆိုပါစို့ ရွေးကောက်ပွဲမတိုင်မီက မေးကြတယ်။ ပြည်နယ်တွေမှာတော့ တော်တော်လေးကြိုးစားရမယ်။ ရှုံးမယ်လို့တော့ ကိုယ်က မပြောလိုပါဘူး။ တိုင်းဒေသကြီးတွေမှာတော့ ကျွန်တော်တို့ နိုင်ဖို့ များတယ်လို့။ အခု ဒီအတိုင်း ဖြစ်မလာဘူး။

The Voice Journal – ဆိုတဲ့အခါ ရန်ကုန်တိုင်းအစိုးရ၊ လွှတ်တော်နဲ့ ပြည်သူအကြားမှာ အမြင်မတူတဲ့ ကိစ္စတွေ ရှိတယ်၊ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး။ ဒါ့ကြောင့်ပဲ အဲဒီ အကျိုးသက်ရောက်မှုက ရွေးကောက်ပွဲကို ရိုက်ခတ်တယ်လို့ ပြောလို့ရမလား။

UAK – အဲဒီဟာက တစ်စိတ်တစ်ပိုင်းတော့ ရတယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ ရန်ကုန်တိုင်းအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေက ပြည်သူလူထုအပေါ်မှာ ဂယက် ရိုက်ခတ်တာပေါ့။ တစ်စိတ်တစ်ပိုင်းတော့ ရှိတယ်။ အကုန်လုံးတော့ မဟုတ်ဘူး။ ဘာ့ကြောင့်ဆို ပြည်သူလူထုစားဝတ်နေရေးကျပ်တည်းလာတာ ရန်ကုန်တိုင်း အစိုးရတစ်ခုတည်း တာဝန် မဟုတ်ဘူး။တစ်နိုင်ငံလုံးအစိုးရ အကုန်လုံးရဲ့ တာဝန်ဖြစ်တယ်။

The Voice Journal – အွန်လိုင်းပေါ်မှာ အပြန်အလှန်ထောက်ခံသူတွေ ရှိကြတယ်။ အဓိကတော့ အင်အားကြီးတဲ့ တပ်မတော်၊ NLD ၊ ကြံ့ခိုင်ရေးအတွက် လော်ဘီလုပ်ကြတဲ့သူတွေပေါ့။ NLDကို မကြိုက်တဲ့ သူ၊ မထောက်ခံတဲ့ သူ၊ ဘယ်ပါတီကို ရွေးရမှန်းမသိတဲ့သူ အချို့ NLD ကို ဝေဖန်တာ၊ ထောက်ပြတာမျိုးအတွက် NLD လော်ဘီတွေက အုပ်စုဖွဲ့ ဝိုင်းပြောကြတာရှိတယ်။ ဒါမျိုးကို ပါတီနဲ့ ချိတ်ပြီး စဉ်းစားလေ့ရှိတော့ အဲဒီလိုလုပ်ရပ်ကြောင့် ရွေးကောက်ပွဲရလဒ်ကို ထိခိုက်တာမျိုးရှိလား။

UAK – အဲဒီဟာလည်း စဉ်းစားစရာပေါ့။ စဉ်းစားစရာတော့ ကောင်းတဲ့အချက်ပေါ့။ လိုင်းပေါ်မှာ အပြန်အလှန် ပြောတာဆိုတာလောက်ကတော့ တစ်နိုင်ငံလုံးရဲ့ ပြည်သူ့ခံစားချက်ကို သိပ်ပြီးအကျိုးသက်ရောက်မှု မရှိဘူးလို့ ထင်တယ်။ ဘာလို့ဆို လိုင်းပေါ်မှာတော့ ပြောနေကြတာပဲ။ တပ်မတော်လည်း အပြောခံရ၊ ကြံ့ခိုင်ရေးလည်း အပြောခံရနေတာပဲ။ တစ်ခါ ၉၆၉ လား၊ အဲဒီ ပုဂ္ဂိုလ်တွေလည်း အပြောခံနေရတာပဲ။ အပြန်အလှန်ပဲ။ သိပ်တော့ သက်ရောက်မှုမရှိဘူးလို့ ထင်ပါတယ်။

The Voice Journal – ရသေ့တောင်မှာ NLD ရှုံးတယ်။ ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်းနဲ့ ပြိုင်ရတာမို့။ ဒေါက်တာအေးမောင်ရဲ့ ပုံရိပ်ကြောင့်လည်း ပါတယ်။ ကချင်ပြည်နယ်မှာတော့ အဲဒီအခြေအနေမျိုး မဟုတ်ဘူး။ အဲဒီဘက်မှာ ပြိုင်တဲ့သူတွေက နိုင်ငံရေးအရ ထင်ရှားတဲ့ ပုံရိပ်သိပ်မရှိသေးဘူး။ အဲဒီမှာ USDP က နိုင်သွားတယ်။ ကချင်ပြည်နယ်အရှုံးကို သုံးသပ်သူတွေကဆို NLD က မဲလည်းရှုံး၊ ချစ်ကြည်ရေးလည်း ရှုံး၊ နိုင်ငံရေးအရလည်း ရှုံးတယ်ဆိုပြီး ပြောနေကြတယ်။ ဆိုတော့ တိုင်းရင်းသားတွေအပေါ်မှာ NLDချဉ်းကပ်တဲ့ Policy က တစ်ခုခုများ အလွဲအမှား ရှိလား။

UAK – ကချင်ပြည်နယ်ကိုလည်း သီးခြားစဉ်းစားစရာ ရှိတယ်။ ကချင်ပြည်နယ်ကို မှတ်တမ်းတွေ ပြန်ကြည့်တဲ့အခါ မဲပေးတဲ့သူ အားနည်းတာပေါ့နော်။ တော်တော်ကို နည်းတယ်။ ဟိုးတုန်းက ၂၀၁၅ က ဆိုပေးတဲ့သူ များတယ်။ များတဲ့အထဲမှာ NLD ကို ထောက်ခံသူတွေ ပါတယ်။ ဒီနေ့မဲပေးသူက နည်းပြီး ထောက်ခံသူလည်း ကျန်ရစ်တယ်။ နှစ်အချက်ကတော့ အခုကြားဖြတ်မှာ အဆုံးအဖြတ်ပေးသွားတာက တပ်မတော် မဲတွေ။ တပ်မတော်ရဲ့ ကြိုတင်မဲတွေနဲ့ ဆုံးဖြတ်သွားတယ်လို့ သိရတယ်။ ဒါလည်း တကယ်ကျမဖြစ်သင့်ဘူး။ တပ်မတော်ရဲ့ ကြိုတင်မဲဆိုတာကတော့ ပြောရရင် ရွေးကောက်ပွဲတစ်ခုလုံးကို အဆုံးအဖြတ် ပေးရလောက်အောင် မဖြစ်သင့်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်က ကချင်ပြည်နယ်လူထုကို အားလုံး မဲလာပေးနိုင်အောင် မစည်းရုံးနိုင်ဘူး။ နှစ်အချက်ကတော့ ပြည်နယ်က ပြည်သူလူထုအတွက် လုံလောက်တဲ့ ထောက်ခံမှုရအောင် မစည်းရုံးနိုင်ဘူး။ အဲဒီလိုပဲ ကျွန်တော်မြင်တယ်။

The Voice Journal – တပ်မတော်ရဲ့ ကြိုတင်မဲကြောင့်လို့ ပြောတယ်ပေါ့လေ။ ကျွန်တော်တို့မှာရှိတဲ့ စာရင်းအရဆိုရင်တော့ ကြိုတင်မဲ မပါရင်တောင် USDP က  နိုင်တာ တွေ့ရတယ်။ (ကြိုတင်မဲမပါ  မဲရလဒ်-USDP ၁၉,၆၈၁၊ NLD ၁၈,၆၃၉)။ တော်တော်များများပြောနေကြတဲ့ ကြိုတင်မဲကြောင့် ရလဒ်ပြောင်းသွားတယ်ဆိုတဲ့ဟာ လွဲနေတာ တွေ့ရတယ်။

UAK – အဲဒါဆိုရင်တော့ ကျွန်တော်တို့ ပိုပြီးတော့ စဉ်းစားစရာကောင်းလာပြီပေါ့။ စဉ်းစားစရာကောင်းလာပြီဆိုတာ ကိုယ့်ဘက်က အရှုံးအပေါ်မှာ စဉ်းစားစရာ ကောင်းလာပြီဆိုတာကို ပြတာပါပဲ။

The Voice Journal – ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အတွက် စိတ်ဓာတ်ရေးရာတိုက်ပွဲဆိုပြီး ရွေးကောက်ပွဲမတိုင်မီမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းက ပြောတယ်။ ၂၀၁၈ မှာ NLDက မဲဆန္ဒနယ် ခုနစ်နေရာပဲ နိုင်တယ်။ NLD ရွေးကောက်ပွဲတွေအနိုင်ရတဲ့ ရာခိုင်နှုန်းကလည်း ၅၃ ရာခိုင်နှုန်းကျော်ပဲ ရှိတယ်။ ၂၀၁၅ တုန်းက ၈၀ ရာခိုင်နှုန်းကျော်တယ်။ ဒီအတိုင်းဆို စိတ်ဓာတ်ရေးရာတိုက်ပွဲမှာ  ၂၀၂၀ အတွက် အတော်လေးနိမ့်နေတဲ့ သဘောများ ဖြစ်သွားမလား။

UAK – တစ်ခါတလေကျတော့ ဒီလိုသိပ် Logically စဉ်းစားလို့ မရဘူး။ အခုရှုံးလို့ နောက်လည်း ရှုံးရမယ်ဆိုတာမျိုးတော့ စဉ်းစားလို့ မရဘူး။ အခုနိုင်လို့ နောက်လည်း နိုင်ရမယ်ဆိုတာမျိုးလည်း မရတာတွေ ရှိတယ်။ ဒီကြားထဲမှာ ၂ နှစ် ရှိတယ်။ ပြန်ပြီးပြုပြင်စရာတွေ အတော်များများရှိတယ်။ တကယ်လည်း ပြုပြင်မှာ ပါပဲ။ ပါတီက ပြန်လည်ပြုပြင်ရေးတွေ လုပ်နေကြဖို့ကို ပြောနေကြပြီ။ ဒါကဘာလဲဆိုတော့ ၂၀၁၈ ပဲဖြစ်ဖြစ်၊ ၂၀၂၀ ပဲဖြစ်ဖြစ် ဘယ်ရွေးကောက်ပွဲပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ အနိုင်ရအောင် လုပ်ကြရတာပဲ။ အဲလိုပဲ ပြောချင်ပါတယ်။

The Voice Journal – လာမယ့် ရွေးကောက်ပွဲအလို ၂ နှစ်မှာ NLD က ဘာအချက်တွေကို ပြင်ဆင်သွားဖို့ရှိမလဲ။

UAK – ဒါကတော့ဗျာ ပြန်ပြီးသုံးသပ်ကြရတော့မယ်။ သင်ခန်းစာယူကြရတော့မယ်။ ကျွန်တော့်အမြင် ရွေးကောက်မတိုင်မီ သုံးလေးလအလိုမှာကတည်းက ရွေးကောက်ပွဲဗျူဟာ ချရတော့မယ်။ အနားကပ်ပြီးတော့မှ လုပ်လို့ မရတော့ဘူး။ ရွေးကောက်ပွဲဗျူဟာထဲမှာ စောစောက ပြောသလိုပဲ ပြည်သူ့လိုလားချက်တွေကို အတတ်နိုင်ဆုံးဖြေရှင်းဖို့ ကြိုးစားရတော့မယ်။ နှစ်အချက်ကတော့ လူထုရဲ့သဘောထားအမြင်နဲ့ လူထုခံစားချက်တွေကို သိအောင် လူထုထဲမှာ ဆင်းနေရမယ်။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေ လူထုထဲ မဆင်းလို့ ဒေါ်စုက ခဏခဏ ပြောရတယ်။ လူထုထဲ မဆင်းဘဲ လူထုအသံ ဘယ်လိုလုပ်သိမလဲ။ လူထုအသံ မသိဘဲ လူထုဆန္ဒကို ဘယ်လိုဖြည့်ဆည်းပေးမလဲ။ ဒါတွေကို ကျွန်တော်တို့ လုပ်ကြရမယ်။ ဒါတွေလည်း ရွေးကောက်ပွဲဗျူဟာအထဲမှာ ပါတယ်။ နောက်တစ်ချက်ကတော့ ရွေးကောက်ပွဲမှာ တကယ်တော်တဲ့လူတွေကို ဒေသခံကပဲ ဖြစ်ဖြစ်၊ ဗဟိုက ချပေးတာပဲဖြစ်ဖြစ် တကယ်တော်တဲ့သူကို စဉ်းစားကြရတော့မယ်။ လူမှန် နေရာမှန်ဖြစ်အောင်ပေါ့။ တချို့ကတော့ ဒေသခံဖြစ်ဖို့ဆိုတာထက် တော်ဖို့က ပိုအရေးကြီးတယ်။ ဒေသခံထဲက တော်တဲ့လူရှိရင် ပိုပြီးအကောင်းဆုံးပေါ့။ ဒေသခံထဲမှာ အားနည်းရင် ဗဟိုက ချပေးရမှာပဲ။တကယ့်နိုင်ငံရေးသမားကောင်းတွေကို ချပေးရ မယ်။ ဒါမျိုးဗျူဟာကို စဉ်းစားရမယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင်လည်း တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံနိုင်မယ့်လမ်းကြောင်းကို ဘယ်လိုရှာမလဲ ကျွန်တော်တို့ စဉ်းစားရတော့မယ်။

The Voice Journal – ကချင်ပြည်နယ်မှာ မဲလာမပေးကြဘူးလို့ အန်ကယ်လ်က ပြောတယ်။ ဒါက တစ်ဖက်ကကြည့်ရင် ပြည်သူက ရွေးကောက်ပွဲတို့၊  နိုင်ငံရေးတို့ကို နည်းနည်းများ စိတ်ပျက်နေသလား။  ကချင်ပြည်နယ်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးအခြေ အနေနဲ့ ရွေးကောက်ပွဲမဲလာပေးသူက နည်းလွန်းတယ်။ ပြည်သူတွေဘာလို့ စိတ်မဝင်စားတော့တာလဲခင်ဗျ။

UAK – အဲဒါလည်း ကျွန်တော်မြင်တာတော့တစ် အချက်ကလူထုက စားဝတ်နေရေးနဲ့ပတ်သက်ပြီး အများကြီး လုံးပမ်းနေရတယ်။ မဲပေးဖို့ဆိုတာထက် စားဝတ်နေရေးကောင်းဖို့ ဦးစားပေးနေရတယ်။ နှစ်အချက်ကတော့ ကြားဖြတ်ရွေးကောက်ပွဲဆိုတာ NLD က ရှုံးလည်း မလျော့သွားပါဘူးကွာ။ အစိုးရ အဖွဲ့၊ လွှတ်တော် ဘာမှပြဿနာမရှိပါဘူး။ ဒီတော့ မဲမပေးလည်း NLD အတွက် ဘာမှမလျော့သွားနိုင်ပါဘူးဆိုပြီး မဲမပေးတဲ့ ပြဿနာလည်း ရှိပုံရတယ်။ အဲဒီနှစ်ချက်ကြောင့်ပဲလို့ ကျွန်တော် ထင်တယ်။

The Voice Journal – အဲဒီနှစ်ချက်အပြင် တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရ၊NLD အများစုပါဝင်ထားတဲ့ လွှတ်တော်တွေ ဒါတွေ ရဲ့ စီမံအုပ်ချုပ်ပုံ …။

UAK – ဒါတွေလည်း ပါတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်နဲ့ အစိုးရရဲ့ အားနည်းချက်ကိုလူတွေက အတော်များများခံစားလာရပြီ။ ပြည်သူလူထုက ပြောရရင်တော့ တစ်နှစ်ပြီး တစ်နှစ်၊ တစ်လပြီး  တစ်လ၊ တစ်ရက်ပြီး တစ်ရက်ခံစားချက်တွေရှိတယ်။ ခံစားချက်တွေက သူတို့အတွေးအမြင်ကို ပြောင်းလဲတာပဲ။ နှစ်အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်တော်တို့ကို မကြာခဏ ပြောဖူးတယ်။ ကျွန်မတို့ကိုတဲ့၊ အမြဲတမ်းထောက်ခံနေမယ် မထင်နဲ့တဲ့။ ဒေါ်စုက ပြောဖူးတယ်နော်။ ဒါ အမှန်ပဲ။ အမြဲတမ်းထောက်ခံမှုရအောင် ကျွန်မတို့က ကြိုးစားရမှာတဲ့။ ဒါလည်း သူပြောတာ တရားသဘောလည်းပါတယ်။ နိုင်ငံရေးဖြစ်စဉ် အတွေ့အကြုံတွေအရလည်း ပါတယ်။အရာရာ ကျွန်တော်တို့ မအောင်မြင်နိုင်ဘူး။ အမြဲတမ်းတိုက်တိုင်းအောင်တဲ့ ဗိုလ်ချုပ်ဆိုတာ မရှိပါဘူး။ အမြဲတမ်းနိုင်တဲ့ ဘောလုံးအသင်းဆိုတာလည်း မရှိပါဘူး။ ရှုံးမှာပဲ။ အိန္ဒိယ ကြည့်ပါလား။ နေရူး မျိုးဆက်က တစ်လျှောက်လုံး ကြီးစိုးလာတာ။ အခု ကျရှုံးသွားတာပဲ။ ဒါမျိုးတွေ ရှိတာပေါ့။

The Voice Journal – ၂၀၁၈  ကြားဖြတ်ရွေးကောက်ပွဲကနေ NLD သင်ခန်းစာရတာ ရှိလား။  ရှိရင် ဘာဖြစ်မလဲခင်ဗျ။

UAK – အဓိကတစ်ချက်ပဲ ပြောမယ်။ အောင်ပွဲကို ဘယ်တော့မှ မယစ်မူးနဲ့။ အောင်ပွဲကို ယစ်မူးနေရင်တော့ ကျရှုံးမှာပဲ။ ဒီအောင်ပွဲပေါ်မှာ ဘယ်လိုရေရှည်ထိန်းနိုင်မလဲဆိုတာပဲ စဉ်းစား။ ဘယ်လိုထိန်းမလဲဆိုရင်တော့ စဉ်းစားစရာတွေ အများကြီး။ ပါတီနဲ့ပဲ ထိန်းရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ထိန်းရ မယ်။ အစိုးရကလည်း ထိန်းရမယ်။ နောက်တိုင်းရင်းသားတွေအပေါ်မှာ ထားတဲ့သဘောထားအမြင်တွေ။ ဒါတွေနဲ့ ထိန်းရမှာပဲ။ ဒါတွေနဲ့ ထိန်းသွားရင်တော့ NLD ဟာ ၂၀၂၀ မှာပြန်ပြီးတော့ အောင်မြင်ကို နင်းနိုင်မယ်ထင်တယ်။

The Voice Journal – ၂၀၂၀ မှာရော တိုင်းရင်း သားပါတီတွေနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ NLD ဟာ ရွေးကောက်ပွဲမှာ နိုင်ဖို့ အစီအစဉ်တွေများ ရှိပြီလား။

UAK – ဒါလည်း မပြောနိုင်ဘူး။ ရှိရင်လည်း ရှိလာ နိုင်တယ်။ ၂၀၂၀ အတွက် ဗျူဟာပြန်ဆွဲရမယ်။ အဲဒီဗျူဟာမှာ ခုန ပြောတဲ့ဟာတွေလည်း ရှိချင်ရှိလာနိုင်တယ်။ အဲဒီလောက်ပါပဲ။

The Voice Journal – ကျန်ခဲ့တဲ့ သုံးနှစ်မှာ တိုင်းနဲ့ ပြည်နယ်အစိုးရအချို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက မကြိုက်ဘူး။ လက်ကျန် ၂ နှစ်မှာရော ပြည်သူကြိုက်တဲ့ တိုင်းနဲ့ပြည်နယ်အစိုးရ အပြောင်းအလဲတွေများ ဖြစ်လာနိုင်မလား။

UAK – သိပ်ကြီးကြီးမားမားတော့ မဖြစ်နိုင်ဘူး။ မရှိနိုင်တော့ဘူး ထင်တယ်။ လက်ရှိ လူတွေကို ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့၊ သူတို့ရဲ့ အရည်အချင်းကို မြှင့်ပြီးတော့ အလုပ်လုပ်ဖို့ ဒီလောက်ပဲ လုပ်နိုင်မယ် ထင်တယ်။ လူပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ အပြောင်းအလဲတော့ မရှိနိုင်တော့ဘူးလို့ ကျွန်တော်တစ်ယောက်တည်း အမြင်နဲ့ ပြောချင်တယ်။

The Voice Journal – သမ္မတကြီးက တိုင်းနှင့် ပြည်နယ်အစိုးရရဲ့လုပ်ရပ်တွေအပေါ် မှတ်ချက်ပြုပြောဆိုတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ ဧရာဝတီခရီးစဉ်မှာလည်း  ပြောသွားသေးတယ်။ ဘယ်လိုမြင်ပါလဲခင်ဗျ။ အထူးသဖြင့် ရန်ကုန်တိုင်းပေါ့။

UAK – ရန်ကုန်တိုင်းကတော့ ကျွန်တော့်အမြင်အလုပ်လည်း လုပ်ပါတယ်။ အလုပ်လုပ်တဲ့အခါကျ အားနည်းချက်၊ ချို့ယွင်းချက်တွေလည်း ရှိမှာပဲ။ တစ်စုံတစ်ရာ အောင်မြင်မှုတွေလည်း ကျွန်တော် တွေ့ပါတယ်။ တစ်ခါတလေကျတော့ အောင်မြင်တာနဲ့ မအောင်မြင်တာနဲ့ ယှဉ်တဲ့အခါ အချိန်ကာလအလျောက် တွေ့ရတတ်တယ်။ ဒီကာလမှာ အားနည်းချက်တွေကို တွေ့ရပေမယ့် နောက်ကာလမှာ သူ့ရဲ့အားကောင်းချက်တွေကို တွေ့လာနိုင်တယ်။ တစ်သမတ်တည်းတော့ ထားပါကွာ၊ အသုံးမကျပါဘူးဆိုတာတော့ ဖြစ်လိမ့်မယ် မထင်ဘူး။ ဘာလို့ဆို သူ့ရဲ့အထက်မှာ ပြည်ထောင်စုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ တစ်ချိန်လုံး သူ့ကို ဝန်းရံပြီး ကြပ်မတ်သွားရမှာပဲ။ ဒီလိုပဲ ၂၀၂၀ အထိ ဖြစ်သွားလိမ့်မယ် ထင်တယ်။

The Voice Journal – ဒေါက်တာမျိုးညွန့် ပြောသွားတာလေး ရှိပါတယ်။ NLD ထောက်ခံသူတွေ မဲလာမပေးကြလို့ ရွေးကောက်ပွဲရှုံးရတာ ဆိုပြီး။ တချို့ကျတော့လည်း ပြည်သူကို ပြန်ပြီးအပြစ်ပြောတယ်လို့ ယူဆကြတာရှိတယ်။ ဘယ်လိုမြင်ပါလဲခင်ဗျ။

UAK – ကျွန်တော်တော့ ဒါကို အပြစ်လို့ မမြင်ဘူး။ သူတို့ မဲလာပေးအောင် ကျွန်တော်တို့က လုပ်ရမှာလေ။ ပါတီက လုပ်ရမှာ။ ကိုယ်စားလှယ်က ပြောရမှာ။ မဲလာ ပေးရန် တာဝန်ရှိတဲ့သူတွေက ပြောရမယ်။ မဲလာ မပေးတဲ့သူတွေကို မဲလာပေးအောင် ပြောဖို့က ကျွန်တော်တို့ တာဝန်။ မဲပေးတာဟာ ပြည်သူရဲ့ ကိုယ်ပိုင်အခွင့်အရေး။ မဲမပေးဘဲ နေတာက ကိုယ့်အခွင့်အရေး ကိုယ် ပိတ်တာပါ။ ဒီလိုမျိုး ပြောရမှာပေါ့။ မဲလာပေးချင်အောင် ပြည်သူလူထုကို ကျွန်တော်တို့ ဆွေးနွေးရမယ်။ အဲဒါ အားနည်းတယ်လို့ ကျွန်တော်ထင်တယ်။ မဲပေးအောင် မလှုံ့ဆော်နိုင်ဘဲနဲ့တော့ ဘယ်လိုလုပ်ပြီး ပြည်သူက မဲလာပေးပါ့မလဲ။ ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ ၁၉၉၀ တုန်းကဆို Stretcher တွေနဲ့ မဲလာပေးသူတွေတောင် အများကြီးရှိခဲ့တာပဲ။ အခုလည်း ဒီလိုပဲဖြစ်အောင် လုပ်လေ။ မဲပေးချင်အောင် ကျွန်တော်တို့ မဆွဲဆောင်လို့ပဲလို့ ကျွန်တော်ထင်တယ်။

The Voice Journal – ပြည်သူ့တွေကို ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိပါလဲ။

UAK – ပြည်သူကို ပြောတယ်ဆိုတာထက် မေတ္တာ ရပ်ခံချင်တာပါ။ ပြည်သူလူထုဟာ ၂၀၂၀မှာပေါ့ ပြည်သူစဉ်းစားရမှာက တကယ်တမ်း တိုင်းပြည်အတွက် အလုပ်လုပ်မယ့် အစိုးရက ဘာလဲ။ အာဏာရှင်ကို ပြန်ပြီး ပုံဖော်မယ့်အစိုးရက ဘာလဲဆိုတာ ပြည်သူလူထုက ခွဲခြားနိုင်မယ်ဆိုရင်တော့ NLD ဟာ ၂၀၂၀ မှာ တိုင်းပြည်တာဝန်ကို ဆက်ပြီး ယူနိုင်ပါလိမ့်မယ်။ ပြည်သူလူထုအပေါ်မှာပဲ မူတည်ပါတယ်။ ပြည်သူလူထုကို စည်းရုံးနိုင်တဲ့ ပါတီအပေါ်မှာပဲ မြင်ပါတယ်။

The Voice Journal – ကျေးဇူးတင်ပါတယ်ခင်ဗျ။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *