Weekly Eleven ဂျာနယ်အမှု ရန်ကုန်တိုင်းအစိုးရ ရုပ်သိမ်း

ရန်ကုန်၊ နိုဝင်ဘာ၉

Weekly Eleven ဂျာနယ်အယ်ဒီတာချုပ်အပါအဝင် သုံးဦးအပေါ် တရားစွဲထားသည့်အမှုကို ရန်ကုန်တိုင်းအစိုးရက ရုပ်သိမ်းလိုက်ကြောင်း တာမွေမြို့နယ်တရာရုံးထံမှ သိရသည်။

နိုဝင်ဘာလ ၉ ရက်ရုံးချိန်းတွင် တိုင်းအစိုးရကိုယ်စားပြုတရားစွဲဆိုသူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အမှုရုပ်သိမ်းလွှာကို တင်သဖြင့် တာမွေမြို့နယ်တရားရုံးက ရုပ်သိမ်းကြောင်း အမိန့်ချသည်။

“သတင်းမီဒီယာကောင်စီရဲ့ Process အတိုင်း ဆက်သွားမှာပေါ့။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကတော့ သမ္မတရဲ့  ညွှန်ကြားချက်အတိုင်း သွားတယ်လို့ ပြောရမှာပေါ့။ ကျွန်တော်တို့လည်း သတင်း မီဒီယာကောင်စီကပဲ ဆက်သွားမှာပါ”ဟု Weekly Eleven ဂျာနယ်အယ်ဒီတာချုပ် ကိုကျော်ဇော်လင်းက ပြောသည်။

သတင်းမီဒီယာကောင်စီသို့ ညှိနှိုင်းဖြေရှင်းပေးရန် တင်ထားသဖြင့် အမှုကို ရုပ်သိမ်းလွှာတင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

အဆိုပါ တရားစွဲဆိုထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက Eleven Media ဘက်က မှားယွင်းပြီး ပြန်လည်တောင်းပန်ပါက အမှုပြီးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် သတင်းမီဒီယာအနည်းငယ်နှင့် တွေ့ဆုံရှင်းလင်းစဉ် ပြောဆိုသည်။

ဂျာနယ်ဘက်က မှားယွင်းထားခြင်း မရှိသဖြင့် တောင်းပန်မည်မဟုတ်ဘဲ အတင်းအကျပ် တောင်းပန်ခိုင်းလျှင်လည်း အဓိပ္ပာယ်မရှိကြောင်း ကိုကျော်ဇော်လင်းက ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၇ ရက်ရုံးချိန်းအပြီးတွင် နိုင်ငံတော်သမ္မတက သတင်းမီဒီယာကောင်စီကို ဦးစွာတိုင်ကြားပြီး ဖြေရှင်းရန်၊ မပြေလည်မှ သာလျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားလိုက်ပြီးနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းတွင် ဦးအောင်ကျော်ခိုင်နှင့် Eleven Media Group မှ တာဝန်ရှိသူများကို အဆိုပါ ကောင်စီက တွေ့ဆုံညှိနှိုင်းခဲ့သည်။

သမ္မတ ညွှန်ကြားစာထွက်ပြီး နောက်တစ်ပတ် အောက်တိုဘာလ ၂၆ ရက် ရုံးချိန်းတွင် Weekly Eleven  ဂျာနယ်အယ်ဒီတာအဖွဲ့ဝင်သုံးဦး အာမခံ ရခဲ့သည်။

အောက်တိုဘာလ ၈ ရက်ထုတ်  Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့် ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ ရှယ်ယာ’သတင်းသုံးသပ်ချက်ဆောင်းပါးကြောင့် တိုင်းအစိုးရက တရားစွဲဆိုခြင်း ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *