ထိုင်း WARRIX  အားကစားပစ္စည်းကုမ္ပဏီ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ ငါးသန်းကျော် ထောက်ပံ့မည်

ရန်ကုန်၊ နိုဝင်ဘာ ၉

ထိုင်းနိုင်ငံအခြေစိုက် WARRIX အားကစားကုမ္ပဏီနှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့သည်  အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၇ သန်းတန်ဖိုးရှိ ခြောက်နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ကို နိုဝင်ဘာလ ၆ ရက်က ချုပ်ဆိုခဲ့ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

 အဆိုပါ စာချုပ်စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၇ သန်းတွင်  ငွေသားချည်းသာမကဘဲ အားကစားနှင့် ဆက်စပ်ပစ္စည်းများ၏ တန်ဖိုးလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ  သိရသည်။

သို့သော် မည်သည့်အားကစားပစ္စည်းများ စပွန်ဆာပေးထားကြောင်းကို အသေးစိတ်မသိရှိရသေး ကြောင်း WARRIX  မြန်မာအထွေထွေမန်နေဂျာ ကိုလှထွန်းကျော်က ပြောသည်။ သို့သော်လည်း ယခုစာချုပ်အရ WARRIX သည် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ Main Sponsor ဖြစ်လာသည်။

WARRIX က ပြုလုပ်သည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းဝတ်စုံသစ် မိတ်ဆက်ပွဲကို နိုဝင်ဘာ ၆ ရက်ညက ရန်ကုန်မြို့ မြန်မာပလာဇာတွင် ကျင်းပပြုလုပ်ခဲ့ပြီး အင်္ကျီအသစ်တွင် မြန်မာ လက်ရွေးစင်ဘောလုံးအသင်းဟု မြန်မာလို ရေးထိုးထားသည်။

အဆိုပါ မြန်မာ့လက်ရွေးစင်အင်္ကျီတစ်ထည်ကို ငွေကျပ်တစ်သောင်းခွဲဖြင့် အမှတ် (၁၇)၊ ဦးချစ်မောင် လမ်း၊ တာမွေမြို့နယ်တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရှိရသည်။

WARRIX သည် ထိုင်းလက်ရွေးစင်အသင်း၊ ချင်းမိုင် FC၊ နာခွန်ရက်ချာ စီးမား FC စသည့် ထိုင်းကလပ်အသင်းများကိုလည်း စပွန်ဆာပေးထားကြောင်း သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *