ဘော်စတွန်ရက်ဒ်ဆော့ခ်အသင်း အရှုံးပေါ်နေခြင်းကြောင့် လီဗာပူးကို ရောင်းထုတ်ရန် ဂျွန်ဟင်နရီစီစဉ်

လီဗာပူး၊ နိုဝင်ဘာ ၉

ဖင်ဝေးအားကစား စီးပွားရေးလုပ်ငန်းစုကို ပိုင်ဆိုင်ထားသော လီဗာပူးအသင်းပိုင်ရှင် အမေရိကန်ဘီလျံနာ ဂျွန်ဟင်နရီသည် ဘော်စတွန်ရက်ဒ်ဆော့ခ်အသင်း အရှုံးပေါ်နေခြင်းကြောင့် ယင်းကိစ္စကို ဖြေရှင်းရန်အတွက် လီဗာပူးအသင်းကို ရောင်းထုတ်လိုက်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖင်ဝေးစီးပွားရေးလုပ်ငန်းစု ပိုင်ဆိုင်ထားသည့် အမေရိကန်ပြည်ထောင်စုအခြေစိုက် ဘော်စတွန်ရက်ဒ်ဆော့ခ် ဘေ့စ်ဘောအသင်းသည် ယခုနှစ်တွင် ကမ္ဘာ့စီးရီးပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခဲ့သော်လည်း ဘဏ္ဍာရေးအရ အရှုံးပေါ်လျက်ရှိပြီး ဘော်စတွန်ရက်ဒ်ဆော့ခ်အသင်း၏ငွေကြေးဆုံးရှုံးမှုမှာ ပမာဏများပြားလွန်းလှသည့်အတွက် လီဗာပူးကို ရောင်းထုတ်လိုက်မှသာလျှင် ယင်းအခက်အခဲကို ကျော်လွှားနိုင်မည့် အခြေအနေတစ်ရပ်ကို ဖင်ဝေးစီးပွားရေးလုပ်ငန်းစုက ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဂျွန်ဟင်နရီသည် လီဗာပူးကို လွန်ခဲ့သည့်ရှစ်နှစ်ခန့်က တွမ်ဟစ်ခ်နှင့် ဂျော့ခ်ျဂျီးလက်တို့ထံက ပေါင် ၃၆၅ သန်း အကုန်အကျခံကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဖင်ဝေးစီးပွားရေးလုပ်ငန်းစုနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ ဂျွန်ဟင်နရီမှာ ပေါင် ၁ ဒသမ ၅ ဘီလီယံ ပဏာရှိ တန်ကြေးမျိုးဖြင့် ကမ်းလှမ်းမှုရှိလာခဲ့မည်ဆိုပါက လီဗာပူးကို လက်လွှတ်ပေးလိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု သိရှိကြရသည်။

မန်စီးတီးအသင်းပိုင်ရှင်၏တစ်ဝမ်းကွဲအစ်ကိုတော်စပ်သူ ရှိတ်ခ်ခါလစ်ဒ်သည် လွန်ခဲ့သည့်ဩဂုတ်လ၌ တရုတ်စီးပွားရေးလုပ်ငန်းစုတစ်ခုနှင့် အကျိုးတူပူးပေါင်း၍ လီဗာပူးကိုဝယ်ယူရန် ကမ်းလှမ်းခဲ့ဖူးကာ လက်ရှိအခြေအနေများအရ ရှိတ်ခ်ခါလစ်ဒ်မှာ လီဗာပူးကို ပိုင်ဆိုင်ခွင့်ရနိုင်ရေးအတွက် တစ်ကျော့ပြန်လည်ကြိုးပမ်းရန် အခွင့်အလမ်းကောင်းများ ထွက်ပေါ်လာနိုင်ဖွယ်ရှိနေပြီဖြစ်သည်။

လီဗာပူးအသင်းသည် နည်းပြ ဂျာဂင်ကလော့ပ်တာဝန်ယူလိုက်ပြီးသည့်နောက်ပိုင်းတွင် ကွင်းတွင်းကွင်းပြင် အောင်မြင်မှုများ ပြန်လည်ရရှိလာခဲ့ပြီး ရှိတ်ခ်ခါလစ်ဒ်မှာ လီဗာပူးကို ပိုင်ဆိုင်ခွင့် ရနိုင်ခဲ့မည်ဆိုပါက အသင်းကို ပြုပြင်ပြောင်းလဲရေးများ အရှိန်မြှင့်ဆောင်ရွက်နိုင်စေရန်အတွက် နည်းပြဂျာဂင်ကလော့ပ်ကို ကစားသမားသစ်များ ထပ်မံခေါ်ယူရန် ပထမအဆင့်အဖြစ် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၃၅၀ ထုတ်ပေးရန် စီစဉ်သွားမည်ဟု ပြောကြားခဲ့ဖူးသည်။

ဖင်ဝေးစီးပွားရေးလုပ်ငန်းစုသည် လက်ရှိတွင် လီဗာပူးအသင်းနှင့်စပ်လျဉ်း၍ ထွက်ပေါ်နေသောသတင်းများကို မှတ်ချက်ပေးတုံ့ပြန်ခြင်း မရှိသေးဘဲ ရေငုံနှုတ်ပိတ်လျက်ရှိပြီး လန်ဒန်မြို့အခြေစိုက် အားကစားရေးရာ ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုကမူ လီဗာပူးအသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ရန်မှာ အချိန်ပမာဏ သိပ်ကြာမြင့်ဖွယ်မရှိတော့ဟု အတည်ပြုထားပြီဖြစ်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *