မန်ယူအသင်း၏ နိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်း စံချိန်မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခွင့်ရ

လန်ဒန်၊ နိုဝင်ဘာ ၉

ချယ်လ်ဆီးအသင်းသည် မန်ယူက ဂျူဗင်တပ်ကို အနိုင်ရခဲ့သည့် နိုင်ပွဲကြောင့် လက်ရှိ ဘောလုံးရာသီအတွင်း ဥရောပ ထိပ်သီးလိဂ်ပြိုင်ပွဲကြီး ငါးခု (ပရီးမီးယား လိဂ်၊ အီတလီစီးရီးအေ၊ စပိန်လာလီဂါ၊  ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်လီဂူး) ၌ ရှုံးပွဲလုံးဝမကြုံသေးသည့် တစ်သင်း တည်းသောအသင်းအဖြစ် ရပ်တည်သွား နိုင်ခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

ချယ်လ်ဆီးသည် ပြည်တွင်းလိဂ်နှင့်  ယူရိုပါလိဂ်ပြိုင်ပွဲ နှစ်ရပ်လုံးတွင် ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး  ချယ်လ်ဆီးနည်းတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရှုံးပွဲမရှိသေးသည့် လီဗာပူးနှင့် မန်စီးတီးတို့မှာ ချန်ပီယံလိဂ်တွင် ရှုံးပွဲများ ကိုယ်စီကိုယ်င ကြုံထားကြရပြီးဖြစ်သည်။

မန်ယူကို အရေးနိမ့်လိုက်ရခြင်းသည် ဂျူဗင်တပ်အတွက် စံချိန်မှတ်တမ်းကောင်းနှစ်ရပ်ကို ပျက်စီးသွားစေခဲ့ပြီး ယင်းစံချိန်မှတ်တမ်းများမှာ၂၀၁၈ ခုနှစ် ဧပြီလနောက်ပိုင်း၌ ပြိုင်ပွဲအရပ်ရပ်တွင်  ပထမဆုံးအကြိမ် ရှုံးပွဲကြုံခဲ့ရခြင်းနှင့် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် ၃၆ ပွဲ၌ ဒုတိယမြောက် ရှုံးပွဲကြုံရခြင်းတို့ဖြစ်သည်ဟု  ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က အသိပေးထားသည်။

ချယ်လ်ဆီးသည် လက်ရှိတွင် ပြိုင်ပွဲ အရပ်ရပ်၌ ပွဲစဉ်ပေါင်း ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစေရန် ကစားထားခဲ့ပြီးပြီဖြစ်ကာ  နောက်ပိုင်းနှစ်များတွင် ဥရောပဘောလုံးလောကမှာ အတိမ်းအစောင်း ဖြစ်ခွင့် မပေးတော့သော ပုံစံမျိုးဖြစ်လာ၍ ပွဲစဉ်တိုင်းတွင် ရလဒ်ကောင်းရယူနိုင်ရန်မှာ ပို၍ ပို၍ အရေးကြီးလာသကဲ့သို့ ခံစားရကြောင်း ချယ်လ်ဆီးနည်းပြဆာရီက  မှတ်ချက်ပေးသွားခဲ့သည်။

မန်ယူက ဂျူဗင်တပ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်တွင်  မန်ယူအတွက် အဖိုးတန်ချေပဂိုးကို ပြစ်ဒဏ်ဘော တိုက်ရိုက်ကန်သွင်းကာ ရယူပေးသွားခဲ့သည့် မာတာသည် ယင်းပြစ်ဒဏ်ဘောကို  အက်ရှ်လေကိုးလ်ထံက ကန်ခွင့် တောင်းကာ ကန်သွင်းခဲ့ခြင်းဖြစ်သည်ဟု  ရှင်းပြသွားခဲ့ပြီး ပြစ်ဒဏ်ဘောကန်ခွင့်ရရှိသည့် နေရာမှာ ၎င်း လေ့ကျင့်နေကျ နေရာမျိုး ဖြစ်နေခြင်းကြောင့်လည်း ဂိုးဝင်အောင် ကန်သွင်းနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့် ရှိခဲ့ပါကြောင်း မာတာက အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် မာတာက “ဂျူဗင်တပ်လူတံတိုင်းကို  ကျွန်တော်ကျော်အောင် ကန်နိုင်စွမ်းရှိတယ်လို့ပြောပြီး အက်ရှ်လေကိုးလ်ဆီကနေ ပြစ်ဒဏ်ဘောကန်ခွင့်ကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ  ဒီနေရာကနေ ကန်သွင်းလေ့ကျင့်နေကျဆိုတော့ စိုးရိမ်စိတ်လည်း လုံးဝ ရှိမနေခဲ့ပါဘူး။ ဒီနေရာက ပြစ်ဒဏ်ဘောဟာ ဂိုးသမားတွေ ကာကွယ်နိုင်ဖို့ အရမ်းပဲ  အခွင့်အလမ်းနည်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတံတိုင်းက သူနဲ့ အရမ်းနီးလွန်းပြီး သူကို ကာထားသလို ဖြစ်နေလို့ပါပဲ။ တစ်ချက်ပဲရှိပါတယ်။ အချိန်အဆမှန်မှန်နဲ့ လူတံတိုင်းကို ကျော်အောင် ကန်နိုင်ဖို့ပါပဲ။ အသင်းအတွက် အရေးပါတဲ့ဂိုး တစ်ဂိုးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့  အရမ်းပဲ ကျေနပ်ပီတိဖြစ်ရပါတယ်” ဟု ပြောကြားသွားခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *