ပြန်လက်ခံရန် စိစစ်ထားသည့် လူခြောက်ထောင်ကျော်တွင် အကြမ်းဖက်ဘင်္ဂါလီ ၅၀ ကျော်ပါဝင်

ရန်ကုန်၊ နိုဝင်ဘာ ၉

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေး သွားသူများကို ပထမအသုတ်ပြန်လည် လက်ခံရန် စိစစ်ထားသည့် လူခြောက်ထောင်ကျော်တွင် အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်ခဲ့သူ ၅၄ ဦးတွေ့ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဘင်္ဂါလီ ၈၀၃၂ ဦးကို ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရထံ စာရင်းပေးပို့ထားပြီး ယင်းအနက် ၆၄၇၂ ဦးကို စိစစ်ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

စိစစ်ပြီးသည့် ဘင်္ဂါလီ ၆၀၀၀ ကျော်တွင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု အထောက်အထားမှန်ကန်သူ ၄၆၅၄ ဦး  ရှိပြီး အထောက်အထားမမှန်ကန်သူ ၁၇၆၄ ဦး ရှိကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု အထောက်အထားမှန်ကန်သူ ၄၆၀၀ ကျော်  တွင် ၂၂၆၀ ဦးကို ယခုလလယ်ပိုင်းတွင် ပြန်လည်လက်ခံသွားရန် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

နေရပ် ပြန်လာသည့် ဒုက္ခသည်များကို ကူညီဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNHCR ၊ UNDP  အဖွဲ့များက ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာများကို ကွင်းဆင်းလေ့လာနေကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

ဘင်္ဂါလီများကို လက်ခံရာတွင် မောင်တောမြို့နယ်တောင်ပိုင်းနှင့် ရသေ့ တောင်မြို့နယ်တို့တွင် နေရာချထားမှုမလုပ်ရန် ရခိုင်ဒေသခံများက ပြီးခဲ့သည့် ရက်ပိုင်းက ဆန္ဒပြတောင်းဆိုထားကြသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *