ထောင်ချောက်ကြားက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း

ဓာတ်ပုံ - မြင့်မိုးညို

နောက်ဆုံးတော့ နှစ်ဖက်စလုံးက ခေါင်းညိတ်လိုက်ပြီဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင်သဘောတူညီချက်  (Framework Agreement) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်၂ နှစ်ကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံ ခန့်ခွဲမှုကော်မတီတို့ အပြီးသတ်သဘောတူ လက်မှတ်ရေးထိုးလိုက်သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်က နေပြည်တော်တွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ လာမည့်နှစ်တွင် ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုဆန်းစစ်ချက် (EIA ၊ SIA) ပြုလုပ်ပြီး မြေပြင်တည်ဆောက်ရေးလုပ်ငန်း စတင်မည် ဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း မူဘောင်သဘောတူညီချက်သည် မြန်မာနိုင်ငံအတွက် မည်မျှအရေးကြီးသနည်း။ ယင်းသဘောတူညီချက်ပါ အချက်များသည် မြန်မာနိုင်ငံအပေါ် မည်သို့ သက်ရောက်မည်နည်း။

နောက်ထပ် ခြေတစ်လှမ်း

သဘောတူညီချက်မူဘောင်ထွက်ပေါ်လာခြင်းသည် စီမံကိန်းစတင်ရန် နောက်ထပ်ခြေလှမ်းဖြစ်သည်။

ယင်း သဘောတူညီချက်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းရှေ့ဆက်လုပ်ငန်း အကောင်ထည်ဖော်ရန် လမ်းပြမြေပုံတစ်ခုသဖွယ်ဖြစ်ပြီး ဆက်စပ်ဆောင်ရွက်မည့် လုပ်ငန်းများ (Transaction  Documents) အတွက် အရေးကြီးသော သဘောတူညီချက်လည်း ဖြစ်သည်။

ယင်းအတွက် CITIC ကုမ္ပဏီနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကြား အကြိမ်ပေါင်းများစွာညိနှိုင်းခဲ့ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောဆိုသည်။

“ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ ညှိနှိုင်းမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ရပါတယ်။ အားလုံးအတွက် မျှတပြီး နိုင်ငံတကာတကာထုံးစံများနဲ့ ညီတဲ့ ငွေရေးကြေးရေးနဲ့ စီးပွားရေးလုပ်ငန်းပုံစံ ဖြစ်စေဖို့ပါ”ဟု ၎င်းက ပြောကြားသည်။

မူဘောင်သဘောတူညီချက်များသည် နှစ်ဖက်အောင်မြင်နိုင်သော မူဝါဒဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်ပါက ရရှိလာနိုင်သည့် အကျိုးရလဒ်များကို အလေးပေး ပြောဆိုခဲ့သေးသည်။ သို့သော် ဆုံးရှုံး နိုင်ခြေရှိသည့် အချက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မူဘောင်သဘောတူညီချက်ကြောင့် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်ခြေရှိသည့် အချက်များ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် စီမံကိန်းဖြစ်ခြင်းကြောင့် သီရိလင်္ကာနိုင်ငံ ဟမ်ဘာတိုတာ ရေနက်ဆိပ်ကမ်းကဲ့သို့ အကြွေးဝန်ပိသော စီမံကိန်းမဖြစ်ရန် ပြင်ဆင်သည့်အချက်များကို သေချာ မရှင်းလင်းခဲ့ပေ။

ယင်းအချက်များသည် စီးပွားရေးပညာရှင်များအပါအဝင် လူအများ စိုရိမ်သောအချက်များ ဖြစ်သည်။

မူဘောင်သဘောတူညီချက်ရေးထိုးသည့် လုပ်ငန်းစဉ်တွင် ဥပဒေနှင့် မညီ ညွတ်သော လုပ်ဆောင်ချက်များတွေ့ရကြောင်း ပြီးခဲ့သည့် အစိုးရလက်ထက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သူ ဦးမြင့်သိန်းက ဝေဖန်သည်။

လက်ရှိရေးထိုးလိုက်သည့် သဘောတူညီချက်မူကြမ်းကို CITIC ကုမ္ပဏီဘက်က ဦးဆောင်တင်ပြခြင်းဖြစ်ပြီး ယင်းမူကြမ်းတွင် ပါဝင်သော အချက်အလက်များကို တစ်ဖက်သတ် စိတ်ကြိုက်ရေးဆွဲထားသဖြင့် စနစ်တကျစိစစ်သဘောတူရန်လိုကြောင်း ၎င်းကဆိုသည်။

လုပ်ငန်းသဘောတူညီချက် မူဘောင်ပါအချက်များကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့နှင့် ရင်းနှီးတည်ဆောက်သူ CITIC ကုမ္ပဏီတို့ စနစ်တကျစိစစ်အတည်ပြုခဲ့ပုံမရကြောင်း ဦးမြင့်သိန်းက ယူဆသည်။

“Draft (မူကြမ်း)ဆိုတာ သူတို့ (CITIC) လိုချင်တာ တင်မှာပဲ။ သူတို့ လိုချင်တာတွေ ကျွန်တော်တို့က ဒီအတိုင်းလုပ်ပေးလိုက်လို့ မရဘူး။ အဲဒီအတွက် ဥပဒေနဲ့ တချို့အရာတွေ မညီဘူးလို့ ယူဆတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် သဘောတူညီချက် မူဘောင်တွင် အခြားစိုးရိမ်စရာအချက် များစွာရှိသည်။ ယင်းအချက်များအနက် အဓိကအကျဆုံးအချက်မှာ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်သော အချက် ဖြစ်သည်။

ရှယ်ယာအချိုးနှင့် ကြွေးမြီထောင်ချောက်

၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်  (KPSEZ)  ရင်းနှီးတည်ဆောက်သူ တင်ဒါကို တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီသည် အောင်မြင်ခဲ့သည်။

KPSEZ တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူစက်မှုဇုန်ဟူ၍ စီမံကိန်းနှစ်ခု အကောင်အထည်ဖော်မည်ဖြစ်ပြီး တရုတ်တို့က ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဦးစွာအကောင်အထည်ဖော်မည် ဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် တရုတ်စီးပွားရေး စင်္ကြံလမ်းရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (OBOR)  စီမံကိန်းနှင့် ချိတ်ဆက်မည့်မဟာဗျူဟာကျသော စီမံကိန်း ဖြစ်သည်။

တရုတ်နိုင်ငံ ကုန်တွင်းပိတ်ပြည်နယ်များမှ မြန်မာနိုင်ငံကို ဖြတ်၍ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်မည် ဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ ပစိဖိတ်သမုဒ္ဓရာကို ဖြတ်သန်း၍ အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပသမဂ္ဂ၊ အာဖရိကနိုင်ငံများနှင့် ချိတ်ဆက်ရန် တရုတ်တို့က ရည်ရွယ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုရှယ်ယာအချိုးကို ၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းတင်ဒါ ရွေးချယ်ခဲ့စဉ် CITIC ကုမ္ပဏီက အများဆုံး ၈၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက အနည်းဆုံး ၁၅ ရာခိုင်နှုန်း တင်သွင်းနိုင်ကြောင်း သတ်မှတ်ခဲ့သည်။

စီမံကိန်းလုပ်ပိုင်ခွင့်အတွက် CITIC  ကုမ္ပဏီက မြန်မာအစိုးရကို တင်ဒါကြေးအဖြစ် (အစုရှယ်ရာ တစ် ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ သုံးသန်း) စုစုပေါင်း ရှယ်ယာ ၈၅ ရာခိုင်နှုန်းအတွက် အမေ ရိကန်ဒေါ်လာ ၂၅၅ သန်း ပေးမည်ဖြစ်သည်။ ယင်း တင်ဒါကြေးငွေဖြင့် မြန်မာအစိုးရက ရှယ်ယာပြန်လည်ထည့်ဝင်မည်ဖြစ်သည်။

တရုတ်တို့က ရှယ်ယာအချိုးများပြားစွာရယူထားသဖြင့် အချုပ်အခြာ အာဏာကို ထိပါးစေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုအချိုးကိုပြင်ဆင်ပေးရန် ပြည်တွင်းလုပ်ငန်းရှင်အချို့က တောင်းဆိုခဲ့ကြသည်။

လက်ရှိ CITIC ကုမ္ပဏီနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့ လက်မှတ်ရေးထိုးလိုက်သည့် အပြီးသတ်မူဘောင်သဘောတူညီချက်တွင် အစုရှယ်ယာအချိုးကို CITIC  ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာခိုင်နှုန်းပြင်ဆင်သတ်မှတ်လိုက်သည်။

မြန်မာနိုင်ငံဘက်က ထည့်ဝင်မည့် ၃၀ ရာခိုင်နှုန်းကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ဦးစွာပိုင်ဆိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာအစိုးရက သတ်မှတ်ထားသော ကုမ္ပဏီများကို ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပြန်လည်ရောင်းချပေးမည်ဖြစ်သည်။

မြန်မာက ရှယ်ယာ အချိုး ၃၀ ရယူခြင်းကြောင့် ထည့်ဝင်ရမည့် ငွေကြေးပိုများလာမည်။ သို့သော် CITIC ကုမ္ပဏီက ပေးသော တင်ဒါကြေးသည် အမေရိကန် ဒေါ်လာသန်း ၂၁၀ (ယခင်၂၅၅သန်း)သာ ရရှိသည်။ ရှယ်ယာရာခိုင်နှုန်း မြန်မာဘက်က တိုးလိုက်သဖြင့် တင်ဒါကြေး ဒေါ်လာ ၄၅ သန်း လျော့နည်းသွားမည် ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းစတင်ရာမှာ ချေးငွေပမာဏတစ်ခု ရယူရမည် အချက် ပါဝင်သဖြင့်  စီးပွားဖြစ် မလည်ပတ်နိုင်မီ အတိုးနှုန်းများ ပေးဆပ်ရမည် ဖြစ်သည်။ ဘဏ်ချေးငွေအတိုးနှုန်းသည် တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ဝေဖန်ကြသည်။

ပိုပြီးစိုးရိမ်ရသည့် အချက်မှာ ချေးယူထားသည့် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံဗဟိုဘဏ်က စာဖြင့် အသိအမှတ်ပြုပေးရမည်ဟူသော မရှင်းလင်းသည့်အချက်တစ်ချက်ပါကြောင်း Myanmar Survey Research (MSR) ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌဦးကျော်လှိုင်က ပြောဆိုသည်။

၎င်းသည် ပြီးခဲ့သည့် အစိုးရလက်ထက်က ကျောက်ဖြူအထူးစီးပွားရေးဇုန်တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

ဗဟိုဘဏ်က စာဖြင့် အသိအမှတ် ပြုပေးရမည်ဟူသော အချက်မှာ သဘောတူညီချက်မူကြမ်းပါ အချက်များအပေါ် သုံးသပ်ခြင်းဖြစ်ပြီး အပြီးသတ်မူဘောင်တွင် ပြောင်းလဲကောင်း ပြောင်းလဲထားနိုင်သည်။ အပြီးသတ်မှုဘောင် အပြည့်အစုံကိုမူ မြန်မာအစိုးရက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Framework Agreement  မူကြမ်းအရ မြန်မာနှင့် CITIC ကုမ္ပဏီ ဘက်မှချေးယူမည့် ချေးငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Sovereign  Guarantee ပေးရမည့် သဘောသက်ရောက်နေကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။

ယင်းအချက် မပြောင်းလဲပါက အကြွေးဝန်ပိမည့် လမ်းဖြစ်သည်ဟု ဦးကျော်လှိုင်က အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“မြန်မာဘက်ကသာမက CITIC က ချေးရမယ့်ပိုက်ဆံတွေအတွက်ကိုပါ မြန်မာပြည်ဘက်က Central Bank ဘက်က လက်မှတ်ထိုးပေးရမယ်ဆိုရင် အကြွေးပိဖို့ လမ်းပဲ”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *