ခရီးသွားရာသီအစတွင် တောင်ကြီး၊ အင်းလေး ပြည်ပခရီးသွား သိသိသာသာလျော့ကျ

ရန်ကုန်၊ နိုဝင်ဘာ ၉

ခရီးသွားရာသီအစဖြစ်သော နိုဝင်ဘာလတွင်ပင် ပြည်ပခရီးသွားအများဆုံး လာရောက်သည့် ဒေသများဖြစ်သော တောင်ကြီး၊ အင်းလေးဒေသတို့၌ ခရီး သွားများ လျော့ကျနေကြောင်း အဆိုပါဒေသရှိ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ခရီးသွားကုမ္ပဏီတစ်ခုတွင် ပြည်ပခရီးသွားဧည့်သည် ၄၀၀၊ ၅၀၀ ခန့် ဝင်ရောက်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် ခရီးစဉ် ကြိုတင်စာရင်းပေးမှာကြားသူ တစ်ရာကျော်သာ ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(ရှမ်း/တောင်ဇုန်)  ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ပြောကြား သည်။

ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ ၂၀၁၇ ခုနှစ် ကထက် ၅၀ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း မဟာမုဒြာခရီးသွားလုပ်ငန်းပိုင်ရှင်လည်း ဖြစ်သူ ဦးဇော်ဌေးအောင်က ပြောဆိုသည်။

“လေယာဉ်တွေလည်း အရင်လို ခုံမစေ့ဘူး။ တောင်ကြီးမီးပုံးပျံပွဲ ရှိတာ တောင်မှ အခု ဦးတို့ဆီမှာ စာရင်းလုပ်ထားတာ ဧည့်သည်တစ်ရာကျော်ပဲ ရှိတယ်။ ခရီးသွားကျတာကတော့ မြန်မာပြည်ရဲ့ ပုံရိပ်ရော၊ ရခိုင်အရေးဘာညာလည်း ပါတာပေါ့လေ” ဟု ဦးဇော်ဌေးအောင်က ဆိုသည်။

ပုံမှန်အားဖြင့် ခရီးသွားရာသီအစဖြစ်သည့်အတွက် ဧည့်သည်အဝင်များလေ့ ရှိသော်လည်း ယခုနှစ်တွင် အဝင်ကျဆင်းနေကာ ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း ဧည့်သည်ဝင်ရောက်မှု နည်းပါးခဲ့ကြောင်း အင်းလေးဒေသ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဒေါ်နှင်းအိန္ဒြာက ပြောကြားသည်။

“အောက်တိုဘာမှာလည်း ပုံမှန်က များတယ်။ အခုနိုဝင်ဘာကတော့ ပုံမှန် အခြေအနေလေးတော့ ပြန်ရောက်လာတယ်။ နောက်လတွေကတော့ ဘယ်လိုဖြစ်မလဲ မသိသေးဘူး။ စောင့်ကြည့်ရဦးမှာပဲ။ အရင်ကဆို ဒီဇင်ဘာကိုလည်း ဧည့်အဝင် ခန့်မှန်းလို့ ရတယ်”ဟု ၎င်းက ပြောဆိုသည်။

ပုဂံ၊ တောင်ကြီး၊ အင်းလေးဒေသတို့မှာ ပြည်ပဧည့်သည် ဝင်ရောက်မှုအများ ဆုံးဖြစ်ပြီး ဒေသတိုင်းနီးပါးခရီးသွားကျဆင်းနေကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ဝင်ပေါက်တို့မှ ပြည်ပဧည့်သည်ဝင်ရောက်မှုမှာ ၂၀၁၈ ဇန်နဝါရီမှ စက်တင်ဘာလအထိ စုစုပေါင်း ၉၆၀,၇၂၀ ဦးရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုကာ မြန်မာအပေါ် ပိတ်ဆို့အရေးယူရန်နိုင်ငံတကာတွင် လူ့အခွင့်အရေးအဖွဲ့များက လှုပ်ရှားနေကြပြီး ယင်းလှုပ် ရှားမှုများကြောင့်လည်း မြန်မာနိုင်ငံသို့ ခရီးသွားများဝင်ရောက်မှုလျော့ကျသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *