တစ်ခန်းရပ် ပလိပ်ပန်ဒါဇာတ်လမ်း

အလုပ်ထုတ်ခံရသည့် အလုပ်သမား ၂၀၀ ကျော်ကို အလုပ်ပြန်ခန့်ရန် သဘောတူညီချက်ဖြင့် ပလိပ်မြို့ရှိ ပန်ဒါချည်မျှင်စက်ရုံအလုပ်သမားဇာတ်လမ်းမှာ နိုဝင်ဘာလ ၉ ရက် ညပိုင်းတွင် တစ်ခန်းရပ်သွားခဲ့ပြီဖြစ်သည်။
နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံအကူအညီတောင်းမည်ဟုထွက်လာသည့် ပလိပ်ပန်ဒါချည်မျှင်စက်ရုံမှ အလုပ်သမား နှစ်ရာကျော်သည် စက်ရုံအနီးက ပလိပ်ရဲစခန်းရှေ့တွင်ပင် တားဆီးခံလိုက်ရသည်။
အလုပ်သမားခေါင်းဆောင် သုံးဦးကို ညှိနှိုင်းမည်ဟု ရဲစခန်းအတွင်း ခေါ်ယူသွားပြီးနောက် မွန်းလွဲပိုင်းတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လှစ်ကာ အာမခံပေး၍ ပြန်လွှတ်လိုက်သည်။ ကျန်အလုပ်သမားများကလည်း ရဲစခန်းရှေ့တွင် ထိုင်သပိတ်သဘောမျိုးဖြင့် တစ်နေကုန် ရှိနေခဲ့သည်။
“ကျွန်မနဲ့ ရဲစခန်းက ခေါ်သွားတဲ့ ခေါင်းဆောင်သုံးဦးကို ပုဒ်မ ၁၈ နဲ့ အရေးယူထားတယ်လို့ ပြောတယ်။ ဒီနေ့အထိကတော့ ဘာမှအကြောင်းကြားတာ မရှိသေးဘူး” ဟု ပန်ဒါစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းအတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်းက နိုဝင်ဘာလ ၉ ရက် ညနေပိုင်းတွင် ပြောသည်။
ယခင်က အစိုးရပိုင်ဖြစ်ခဲ့သည့် ပန်ဒါစက်ရုံသည် ၂၀၁၃ ခုနှစ် ဧပြီလက ပုဂ္ဂလိကပိုင်အဖြစ် အသွင်ပြောင်းခဲ့ပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်တိုက်ဆိုသလို ပြဿနာများဖြစ်ပေါ်ခဲ့ပြီး NLD အစိုးရလက်ထက်တွင် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်းက ရှစ်လကြာ ထိုင်သပိတ်ပြုလုပ်ကာ အလုပ်သမားအခွင့်အရေးများကို တောင်းဆိုခဲ့သည်။ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ချုပ်ဆိုရသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC စာချုပ်) ကို အကြောင်းပြု၍ မကြေလည်မှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများလည်း ဆက်တိုက်ဖြစ်ခဲ့ရသည်။
ယခင်အစိုးရလက်ထက်က အရှုံးပေါ်နေသည့် အစိုးရပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့ရှိ အမှတ် (၂) ချည်မျှင်နှင့်အထည်စက်ရုံ (ပလိပ်) လည်း ပါဝင်သည်။
အဆိုစက်ရုံကို ပလိပ်မြို့အနီးရှိ မြေဧက ၆၄၀ ပေါ်တွင် မြန်မာနှင့် ဂျာမဏီအစိုးရတို့ ပူးပေါင်းကာ ၁၉၇၀ ပြည့်နှစ်ခန့် က ဆောက်လုပ်ခဲ့ပြီး ချည်မျှင်ဌာန၊ အထည်အလိပ်ဌာန၊ ဆေးဆိုးပန်းရိုက်အချောထည်ဌာနဟူသည့် ဌာနကြီးသုံးခုအပါအဝင် ဝါဂွမ်းမှ ချည်ထည်အထိ အစအဆုံး ပြုလုပ်နိုင်သည့် စက်ရုံဖြစ်သည်။
စတင်ဆောက်လုပ်ခဲ့စဉ်က အကျယ်အဝန်းနှင့် အရွယ်အစားမှာ အရှေ့တောင်အာရှတွင် အကြီးဆုံးစက်ရုံဖြစ်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
အဆိုပါစက်ရုံကို ပုဂ္ဂလိကအထည်အလိတ်ကုမ္ပဏီ ပန်ဒါ Textile က တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၃၆၀ ဖြင့် ၂၀၁၃ ခုနှစ်အတွင်းက ရရှိခဲ့သည်။ ကနဦး နှစ် ၃၀၊ ထပ်တိုး နှစ် ၂၀၊ စုစုပေါင်း နှစ် ၅၀ လုပ်ပိုင်ခွင့်ဖြင့် ငှားရမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
အစိုးရမှ ပုဂ္ဂလိကသို့ လွှဲပြောင်းရာတွင် အစိုးရဝန်ထမ်း ၁၄၀၀ ဦးမှာလည်း ပါဝင်ခဲ့သည်။ သို့သော် စီမံမှုအလွဲကြောင့် ထိုဝန်ထမ်းများနှင့် အလုပ်ရှင်အသစ်ကုမ္ပဏီအကြား အလုပ်သမားအခွင့်အရေးကို အကြောင်းပြုသည့် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။
“ဝန်ကြီးဌာနက ကိုယ့်ဝန်ထမ်းတွေကိုမကြည့်ဘဲ လက်လွတ်စပယ် လွှဲပြောင်းပေးခဲ့တာ။ လုပ်ငန်းခွင်အာမခံမရှိတဲ့ ပြဿနာတွေနဲ့ ကျွန်မတို့က ကျန်ခဲ့ရတာ” ဟု လုပ်သက် နှစ် ၂၀ ခန့်ရှိသည့် ဒေါ်ဇာခြည်ဝင်းက ပြောသည်။
လက်ရှိတွင် ၎င်းသည် အလုပ်သမားအခွင့်အရေးဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများတွင် ဦးဆောင်မှုကြောင့် အလုပ်ထုတ်ခံထားရသူဖြစ်သည်။ အစိုးရဝန်ထမ်းအဖြစ်မှ ပြောင်းရွှေ့လာသည့် အလုပ်သမားများက အစိုးရဝန်ထမ်းအခွင့်အရေးအတိုင်း တောင်းဆိုပြီး အလုပ်ရှင်ဘက်ကလည်း ၁၉၅၁ ခုနှစ်ပုဂ္ဂလိကကုမ္ပဏီများ ဥပဒေအတိုင်းသာ လိုက်နာဆောင်ရွက်နိုင်မည်ဟု ပြောဆိုထားသည်။
“ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းပိုရအောင်ဆိုပြီးတော့ နိုင်ငံပိုင်စက်ရုံတွေကို အစိုးရပိုင်လုပ်တယ်တဲ့။ အဲဒီမှာ တက်တက်စင်အောင် လွဲတော့တာပဲ။ ဒါတွေကို ပြန်စိစစ်သင့်တယ်” ဟု ဒေါ်ဇာခြည်ဝင်းက ပြောသည်။
ကုမ္ပဏီမှ သက်ကြီးဝန်ထမ်းများကို ဖြုတ်ပယ်လိုပြီး ယင်းနေရာတွင် ငယ်ရွယ်သန်မာသည့်အလုပ်သမားများဖြင့် အစားထိုးလိုသည်။ အစိုးရဝန်ထမ်းဘ၀မှ ပြောင်းရွှေ့လာပြီး ဘ၀အာမခံချက်မရှိသည့် အလုပ်သမားများအတွက် အခက်အခဲဖြစ်ခဲ့ရသည်။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးကို မကြာခဏ တောင်းဆိုနေကြရခြင်းဖြစ်သည်ဟု အလုပ်သမားများက ဆိုသည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့အတွင်း ဆန္ဒပြမှု၊ ထိုင်သပိတ်ပြုလုပ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ကာ အလုပ်သမားအခွင့်အရေးကို တောင်းဆိုခဲ့ကြသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့သာမက ပြည်ထောင်စုဝန်ကြီးများကပါ လာရောက်၍ ဖြေရှင်းပေးခဲ့ရသည်အထိ ဖြစ်သည်။
သို့သော် လုံးဝ ပြေလည်သွားသည်တော့ မဟုတ်။
“အပေါ်ယံကြည့်ရင် EC စာချုပ်ကြောင့် ပြဿနာတွေဖြစ်တယ်လို့ ထင်ကြမယ်။ တကယ်တမ်းတော့ နိုင်ငံပိုင်ကနေ ပုဂ္ဂလိကပိုင်အပြောင်းမှာ သေချာမလုပ်ခဲ့ကြတဲ့ ပြဿနာပါ” ဟု ဒေါ်ဇာခြည်ဝင်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဩဂုတ်လကမူ နောက်ဆုံးအကြိမ် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး ပြဿနာမရှင်းနိုင်သည့် နိုဝင်ဘာလ ၈ ရက်အထိ အလုပ်သမားများမှာ သုံးလကြာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ သုံးလကြာ အလုပ်မဆင်းရသဖြင့် စားဝတ်နေရေးခက်ခဲနေသည့် အလုပ်သမားများအတွက် အလုပ်ခွင်ပြန်ဝင်နိုင်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း စဥ့်ကိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောသည်။
သူသည် အစိုးရက ဖွဲ့ပေးထားသည့် ၁၂ ဦးကော်မတီထဲတွင် ပါဝင်ပြီး အလုပ်သမားများအရေးကို ဂဃနဏ သိရှိသူလည်းဖြစ်သည်။
ယခုနှစ်အတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်မှာ ဒီဇင်ဘာလကုန်လျှင် သက်တမ်းကုန်မည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုမှသာ ထပ်မံညှိနှိုင်းဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။
ထပ်မံချုပ်ဆိုမည့် စာချုပ်အသစ်တွင်နှစ်ဖက်ညှိနှိုင်းကာလုပ်ဆောင်နိုင်သည့် အခွင့်အရေး အလုပ်သမားများတွင်ရှိကြောင်း ဦးလှိုင်ဝင်းကလည်းဆိုသည်။
အလုပ်သမားများဘက်ကမူ အားမတန်၍ မာန်လျှော့လိုက်ရသည့်ပုံစံ ဖြစ်သည်။
အစိုးရအနေနှင့်လည်း ယင်းထက်ပိုပြီး မတတ်နိုင်တော့သည့်အနေအထားဖြစ်၍ စားဝတ်နေရေးအခက်အခဲကြောင့် လက်ရှိအနေအထားအတိုင်းသာ လုပ်ငန်းခွင်ပြန်လည်ဝင်ကြရမည်ဟု ဆိုကြသည်။
“လတ်တလောတော့ အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ရာခိုင်နှုန်းပြည့်မီအောင် စိတ်ကျေနပ်မှုရှိမှာတော့ မဟုတ်ပါဘူး။ အသစ်ချုပ်မယ့် စာချုပ်နဲ့ အဆင် ပြေ မပြေဆိုတာ သူတို့အပေါ် မူတည်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက မှတ်ချက်ပြု ပြောဆိုလေသည်။
မြတ် (ကလေး)