“အဲဒီ (၂၀၂၀) အချိန်ကျရင်တော့ တိုင်းရင်းသားတွေက အဓိကအခန်းကဏ္ဍမှာ ပါလာမယ်”

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်နှင့် တွေ့ဆုံခြင်း

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CLD) သည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် အင်အားကြီး NLD ပါတီနှင့်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်ရှုံးနိမ့်မှုကို ပြန်လည်ချေပနိုင်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရမှု၊ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ၏ အလားအလာတို့အား CLD ပါတီဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်ကို မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

The Voice Journal – ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD ကို အပြတ်အသတ်ရှုံးပြီးတော့ အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို အနိုင်ရတာ ဘာကြောင့်လို့ သုံးသပ်လဲ။

UNS – ၂၀၁၅ တုန်းကနဲ့ မတူတော့ဘူးပေါ့။ အခြေအနေက ပြောင်းသွားတာကို။ ၂၀၁၅ မှာ အားလုံးက NLD က အကုန်လုံးလုပ်ပေးမယ်။ ဖက်ဒရယ်လုပ်ပေးမယ်၊ အခြေခံဥပဒေလည်း ပြင်ပေးမယ်၊ အကုန်လုံး ဒီမိုကရေစီရအောင်လို့၊ စီးပွားရေးအကုန်လုံး ဖွံ့ဖြိုးအောင် လုပ်ပေးမယ်၊ တရားဥပဒေစိုးမိုးအောင် လုပ်ပေးမယ်ဆိုတာမျိုး အများကြီးကတိပေးထားတော့ အားလုံးကမျှော်လင့်ပြီး ပေးကြတာပေါ့နော်။ အခုကျတော သူတို့ သုံးနှစ်အတွင်း လုပ်ဆောင်ချက်မှာ လုပ်ဆောင်နိုင်တာ၊ အကောင်အထည်ဖော်နိုင်တာ တစ်ခုမှမတွေ့ရဘူးလေ။ အဲဒီအပေါ်မှာ မဲဆန္ဒရှင် ပြည်သူလူထုကအမြင်များ ပြောင်းလဲသွားတယ်လို့ အဲဒီလိုပဲ ယူဆပါတယ်။

The Voice Journal – ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ချင်းသုံးပါတီ သုံးခုပေါင်းစည်းလိုက်တာကရော အနိုင်ရစေတဲ့အကြောင်းအရင်းတစ်ခု ဖြစ်မလား။

UNS – ဒါလည်းပါနိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပါတီက မှတ်ပုံတင်မကျသေးပေမယ့် ပေါင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအခါကျတော့ ပြည်သူလူထုက မဲပေးဖို့က ပါတီတစ်ခုတည်းကို အာရုံစူးစိုက်လို့ရတာပေါ့လေ။ အရင်တုန်းကတော့ နှစ်ပါတီလောက်ပြိုင်တော့ ကိုယ့်အချင်းချင်းပါတီတွေက တချို့လူတွေ ဆို ပြန်တိုက်နေကြတာကို။ အဲဒီခါ ဆုံးဖြတ်ဖို့ နည်းနည်းခက်ခဲတယ်။ အခုကျတော့ တစ်ခုတည်းဆုံးဖြတ်နိုင်တဲ့အနေအထားမျိုး ပြန်ရောက်တာပေါ့။ မဲမကွဲတော့ ဘူးပေါ့။

The Voice Journal – ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက NLD နဲ့ မဟာမိတ်ဖွဲ့ချင်ကြတယ်။ ဒါပေမဲ့ NLD ကတော့ မဟာမိတ်မဖွဲ့ဘဲ တစ်နိုင်ငံလုံးဝင်ပြိုင်တယ်။ အခုလက်ရှိ အခြေအနေမှာရော တိုင်းရင်းသားပါတီတွေက မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိသေးရဲ့လား။

UNS – ၂၀၁၅ ကတည်းက NLD ကို ပြည်မမှာ နိုင်စေချင်တယ်။ ပြည်နယ်တွေမှာတော့ တိုင်းရင်းသားတွေကို နိုင်စေချင်တယ်လေ။ အဲဒီတုန်းကတည်းက မဟာမိတ်လုပ်ဖို့လည်း ပြောတာပဲ။ ဒါပေမဲ့ NLD က သူ့လူကို သူယုံကြည်တဲ့အခါကျတော့ လက်မခံဘူးလေ။ လာမယ့်ဟာမှာလည်း ဘယ်လိုလုပ်မလဲမသိဘူး။ ကျွန်တော်တို့ အမြင်ကတော့ ဒီမိုကရေစီဘက်တော်သားအချင်းချင်း မဟာမိတ်လုပ်ပြီး အတူတကွလက်တွဲတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ ဒီလိုလည်း ဖြစ်သင့်တယ်လေ။ သူတို့အနေနဲ့ ဘယ်လိုပုံစံစဉ်းစားမယ်ဆိုတာ သူတို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့်မှာ အတူတကွလက်တွဲပြီးတော့ အတူတကွလုပ်ဆောင်ကြမယ်။ ဒါဆိုရင် တပ်မတော်ကလည်း ပိုလေးစားမယ်ထင်တယ်။ အခု သူပုံစံက တစ်ပါတီတည်းနဲ့ ခရီးသွားနေတော့ ကျန်တဲ့တိုင်းရင်းသားပါတီတွေကို ငြိမ်းချမ်းရေးမှာ လက်တွဲဖြုတ်သွားတယ်။ ဖြုတ်သွားတော့ ဒီအပေါ်မှာလည်း တပ်မတော် လေးစားမှုထိုက်သင့်သလောက်မရဘူးလို့ ယုံကြည်တယ်။ ဒါက သူတို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ဘက်က လက်တွဲဆောင်ရွက်ဖို့ အမြဲတမ်းအဆင်သင့်ပါပဲ။

The Voice Journal – ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်မရကြတဲ့အတွက် တိုင်းရင်းသားပါတီတွေ ပေါင်းစည်းလာကြတယ်။ ချင်းမှာလည်း ပါတီတွေ ပေါင်းကြတယ်။ ကရင်တို့၊ ကချင်တို့၊ မွန်တို့မှာလည်း ပေါင်းစည်းနေကြပြီ။ ၂၀၂၀ မှာ တိုင်းရင်းသားပါတီတွေ စည်းလုံးမှု ပိုကောင်းလာတယ်လို့ ယူဆလား။

UNS – ပိုစည်းလုံးလာမှာပါ။ ကျွန်တော်တို့လည်း သင်ခန်းစာအထိုက်အလျောက်ရတယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူလူထုက ပါတီစုံဆိုတဲ့ဟာကိုကြည့်ပြီးတော့ ကောင်းတဲ့ပါတီရွေးမယ်။ လူကိုရွေးမယ်ဆိုတာထက် ပါတီများတဲ့အခါကျတော့ ရွေးချယ်ရတာ နည်းနည်းခက်တယ်။ နောက်တစ်ခုက မူဝါဒအသေးစိတ်လည်း အကုန်မကြားနိုင်တဲ့အခါကျတော့ ဘယ်ဟာကောင်းမှန်းလည်း မသိတော့ ဝေခွဲရခက်တယ်လေ။ ဒါကြောင့် ပေါင်းစည်းလိုက်မှုက ၂၀၂၀ အတွက်က တိုင်းရင်းသားလူနည်းစုတွေအတွက် အင်အားတစ်ရပ် ဖြစ်လာမယ်လို့ ယုံကြည်တယ်။ မျှော်လင့်တယ်။

The Voice Journal – ၂၀၂၀ မှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးကြီးလာမယ်ထင်လား။

UNS – ပိုကြီးလာမယ်။ အားကောင်းလာမယ်။ ဥပမာ – တိုင်းရင်းသားနယ်မြေမှာ တိုင်းရင်းသားတွေနိုင်ရင် NLD က ပြည်မမှာနိုင်ရင်တောင် အပြတ်အသတ်မဟုတ်ရင် ပူးပေါင်းပြီးတော့ ပြည်ထောင်စုအဆင့်မှာ အစိုးရဖွဲ့တာတို့လုပ်ရင် NLD ကလည်း အခုလောက်ကို ငါ တစ်ကောကော မလုပ်တော့ဘူးပေါ့ဗျာ။ အရပ်စကားပြောရရင်ပေါ့။ ညှိနှိုင်းမှု ပြုလာမယ်။ အခုက အပြတ်အသတ်အနိုင်ရတာတော့ ဂရု မစိုက်တော့တဲ့ အဆင့်ရောက်သွားတာပေါ့။ အဲဒီ (၂၀၂၀) အချိန်ကျရင်တော့ အားကောင်းလာပြီးတော့ တိုင်းရင်းသားတွေက အဓိကအခန်းကဏ္ဍမှာပါလာမယ်လို့ သုံးသပ်တယ်။ 

 

အောင်မြင့်ထွန်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *