လက်ဖက်ရည်၏ ဒိုင်ယာရီကို ခြေရာခံခြင်း

ဆိုင်အမည်ကို အဝါရောင်စာလုံးများဖြင့်ဖော်ပြထားသော ခေတ်မီအလူမီနီယံဆိုင်းဘုတ်အောက်မှ ဖြတ်သန်းကာ ဆိုင်အတွင်းသို့ဝင်လိုက်ပါက သပ်ရပ်ခိုင်ခံ့သော စတီးစားပွဲများက အသင့်ဆီးကြိုနေသည်။

ကျောက်ပြားချပ်များခင်းထားသော ဆိုင်ကြမ်းပြင်သည်လည်း သပ်ရပ်သန့်ရှင်းနေသည်။

ဆယ်ကျော်သက်အရွယ် စားပွဲထိုး ယောက်ျားလေး၊ မိန်းကလေးများသည်လည်း တူညီသောယူနီဖောင်းကို ဝတ်ဆင်ထားပြီး Tablet ကိုယ်စီနှင့် ဖြစ်သည်။ စားသုံးသူ၏ မှာကြားမှုကို Tablet ဖြင့်မှတ်သားကာ အစားအသောက်ပြင်ဆင်ပေးသည့် ကောင်တာသို့ စာပို့မှာကြားပေးနေသည်။

ယင်းမှာ ၂၀၁၈ ခုနှစ်ကာလ ရန်ကုန်မြို့ပြလက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ မြင်ကွင်းပင်။

“ဆိုင်တွေရဲ့ အပြင်အဆင်နဲ့ ဝန်ဆောင်မှုက ပြောင်းလဲသွားပြီ။ အရင်က လက်ဖက်ရည်တစ်ခွက်မှာရင် ဝမ်းတီးလို့ အော်ခေါ်တယ်။ အခုအချိန်မှာ ဝမ်းတီးအော်သံမကြားရတော့ဘူး။ ဒါကတော့ ကြီးမားတဲ့အပြောင်းအလဲတစ်ခုပဲ” ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ သန်းကြွယ်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဟိန်းကိုကိုက ပြောကြားသည်။

သန်းကြွယ်လက်ဖက်ရည်ဆိုင်လုပ်ငန်း စတင်တည်ထောင်မှု နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်းမှာပင် မြန်မာ့လက်ဖက်ရည်ဆိုင်များ၏ ဆိုင်အပြင်အဆင်နှင့် ဝန်ဆောင်မှုများသည် ပြောင်းလဲလာသော လူနေမှုပုံစံကိုလိုက်၍ ဆင့်ကဲပြောင်းလဲလာခဲ့ကြောင်း ၎င်းက ဆိုသည်။

လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု

လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဆိုသည်မှာ အသင့်သောက်သုံးနိုင်ရန် ဖျော်ထားသော လက်ဖက်ရည်ကို ဆိုင်တွင်ထိုင်ကာ သောက်သုံးသည့် အလေ့အထပင်ဖြစ်သည်။

ယင်းအလေ့အထတွင် လူအများသည် လက်ဖက်ရည်ဆိုင်သို့လာကာ လက်ဖက်ရည်သောက်ရင်း လွတ်လွတ်လပ်လပ် စကားပြောဆိုဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းတို့ ပါဝင်သည်။

လွတ်လပ်ရေး၏ ပဲ့ကိုင်ရှင်ဟု တင်စားခံရသည့် ဗိုလ်ချုပ်အောင်ဆန်းပင် အင်္ဂလိပ်အစိုးရကို တော်လှန်ရန် ရဲဘော်ရဲဘက်များနှင့်အတူ လက်ဖက်ရည်ဆိုင် များတွင် တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့ကြောင်း ရှေ့မီနောက်မီ လူကြီးများက ပြောဆိုကြသည်။

ထို့အပြင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဟု ကမ္ဘာတွင်လူသိများသည့် ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်စေသည့် အကြောင်းအရင်းအစသည်လည်း လက်ဖက်ရည်ဆိုင်တွင်ပင် မြစ်ဖျားခံခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်တွင် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်၌ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အရပ်သားများ ရန်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါရန်ပွဲကိုအကြောင်းပြ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်ညတွင် ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲသို့ ဝင်ရောက်စီးနင်းခဲ့ရာ ပဉ္စမနှစ် ဓာတုအင်ဂျင်နီယာကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သေနတ်ကျည်သင့်၍ ကျဆုံးခဲ့သည်။

အဆိုပါကျဆုံးမှုသည် လူထုတစ်ရပ်လုံး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်မှုကို ဆန့်ကျင်သည့် နာမည်ကျော် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်စေသည့် ကနဦးအစဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှ သိရသည်။

ပြောရလျှင် လက်ဖက်ရည်ဆိုင်ထိုင်သည့်အလေ့သည် မြန်မာ့လူ့အဖွဲ့အစည်းတွင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီး မြန်မာပြည်သူအများစု၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့နှင့် ချိတ်ဆက်နေသည်။

မြန်မာနိုင်ငံတွင် လက်ဖက်ရည်ဆိုင်ထိုင်သည့် အလေ့အထထွန်းကားလာသည်မှာ ကိုလိုနီခေတ်ကတည်းကပင် ဖြစ်သည်။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်များ၏ လက်ဖက်ရည်သောက်သည့်အလေ့အထ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် အိန္ဒိယလက်ဖက်ရည်ဆိုင်များ မြန်မာနိုင်ငံအနှံအပြားတွင် ပေါ်ပေါက်လာသည်။

ယင်းဆိုင်များမှ လက်ဖက်ရည်ကို မြန်မာတို့ ဝယ်ယူသောက်သုံးရာမှ နှစ်သက်လာကာ လက်ဖက်ရည်သောက်သည့် အလေ့အထ ထွန်းကားလာခဲ့ကြောင်း ရှေ့မီနောက်မီ လူကြီးများက ပြောဆိုကြသည်။

မြန်မာလက်ဖက်ရည်ဆိုင်များတွင် လက်ဖက်အချိုအခြောက်ကို ရေနွေးပူပူသုံးကာ နှပ်ထားသောအကျရည်နှင့် နွားနို့၊ နို့ဆီတို့ ရောစပ်ဖျော်ကာ လက်ဖက်ရည်ရောင်းချလေ့ရှိသည်။

လက်ဖက်ရည်ကို ဝယ်၍ ဆိုင်တွင်ထိုင်သောက်ပါက လက်ဖက်အကြမ်းခြောက်ခပ်ထားသည့် ရေနွေးကြမ်းကို ပိုက်ဆံပေးရန်မလိုဘဲ စိတ်ကြိုက်သောက်နိုင်သည်။

မြန်မာနိုင်ငံတွင် လက်ဖက်ရည်ဆိုင်များသည် လက်ဖက်ရည်ကို အဓိကထားရောင်းပြီး ဂျုံဖြင့်ပြုလုပ်သည့် မုန့်ပဲသရေစာများကို လည်းရောင်းချလေ့ရှိသည်။

လက်ဖက်ရည်ဆိုင်ထိုင်သည့် အလေ့အထသည် မြန်မာနိုင်ငံသားအများစုအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် နေ့စဉ်လူနေမှုဘ၀တွင် ရှိနေသည်ဟု ဆိုလာသူက ရပ်တည်ရန် ခက်ခဲသော စာကြည့်တိုက်များကို ပံ့ပိုးပေးနေသည့် Save the Library အဖွဲ့မှ ကွန်ရက်ချိတ်ဆက်တာဝန်ခံ ကိုမောင်မောင်စိုးဖြစ်သည်။

“လက်ဖက်ရည်ဆိုင်က ပြောရရင် မြို့ပြမှာဆို ရှောင်ဖယ်လို့မရတဲ့ဟာမျိုးပေါ့။ တစ်နေရာသွားမယ်ဆိုရင် တစ်ယောက်ယောက်နဲ့ချိန်းဖို့က လက်ဖက်ရည်ဆိုင်က အဆင်ပြေဆုံးပဲ။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကွန်ရက်ချိတ်ဆက်ဖို့ ဆက်သွယ်ဖို့က လက်ဖက်ရည်ဆိုင်က အဓိကပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။

လက်ဖက်ရည်ဆိုင်ထိုင်က ထောင်ကျနိုင်သည်

လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည်ပင် အခန့်မသင့်လျှင် ထောင်ကျနိုင်သည့် အခြေအနေတစ်ရပ် မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးသည်။

၁၉၉၀ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ်ကာလအထိသည် တပ်မတော်အစိုးရအုပ်ချုပ်သည့် ကာလဖြစ်သောကြောင့် ယင်းကာလတွင် နိုင်ငံရေးလှုပ်ရှားဖူးသူများ လက်ဖက်ရည်ဆိုင်ထိုင်ပါက ထောင်ကျနိုင်သည့်အခြေအနေရှိခဲ့ကြောင်း နိုင်ငံရေးသမားအချို့က ပြောဆိုကြသည်။

ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည့် ပန်းချီဆရာထိန်လင်းက ၁၉၉၈ ခုနှစ်တွင် လက်ဖက်ရည်ဆိုင်အထိုင်ကောင်း၍ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ကျခဲ့ကြောင်း The Voice Journal သို့ ပြောပြသည်။

မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ ဆုံစကားပြောရန် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကို စစ်ထောက်လှမ်းရေးက ရှစ်လေးလုံးအရေးတော်ပုံကဲ့သို့ လူထုလှုပ်ရှားမှုပြုလုပ်ရန် လူစုတိုင်ပင်နေသည်ဟု စွပ်စွဲကာ ထောင်ခုနစ်နှစ်ချလိုက်သောကြောင့် ၂၀၀၄ ခုနှစ်တွင်မှ မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

“အဲဒီကာလက နိုင်ငံရေး Background ရှိတဲ့သူတွေ လက်ဖက်ရည်ဆိုင်တွေမှာ တွေ့ဆုံဖြစ်တာကိုက သူတို့အတွက် ထောင်ချဖို့လုံလောက်နေပြီ” ဟု ပန်းချီဆရာထိန်လင်းကဆိုသည်။

အတိတ်က လက်ဖက်ရည်ဆိုင်

ယနေ့ခေတ်တွင် လက်ဖက်ရည်ဆိုင်များ၏ ဆိုင်အပြင်အဆင်နှင့် ရောင်းချသည့်အစားအသာက်များ၊ ဝန်ဆောင်မှုများမှာ ပြောင်းလဲလာပြီဖြစ်သည်။

အတိတ်ကာလကမူ သပ်ရပ်သားနားသော လက်ဖက်ရည်ဆိုင်ကြီးအချို့ရှိခဲ့သော်လည်း အများစုမှာ တစ်နိုင်တစ်ပိုင်မိသားစု စီးပွားရေးပုံစံ အိမ်ဆိုင်ကလေးများသာဖြစ်သည်။

၁၉၉၀ ဝန်းကျင်တစ်ဝိုက်ကမူ လက်ဖက်ရည်ဆိုင်လေးများသည် သင်္ဘောဆေးသုပ်ထားသော သွပ်ပြားဆိုင်းဘုတ်တပ်ကာ သစ်သားစားပွဲ၊ ခွေးခြေထိုင်ခုံပုပုလေးများဖြင့် ဖွင့်လှစ်ရောင်းချကြပြီး ယနေ့ခေတ်ဆိုင်ကြီးများကဲ့သို့ စားသောက်ဆိုင်ပုံစံမဆန်ဟုဆိုလာသူက ပန်းချီထိန်လင်း ဖြစ်သည်။

“အခု၂၀၁၀ နောက်ပိုင်းမှာကျတော့ လက်ဖက်ရည်ဆိုင်တွေက အစားအစာတွေ အစုံရ အကုန်ရတဲ့ Food Court တွေပုံစံ ဖြစ်လာတယ်” ဟု ၎င်းက သုံးသပ်သည်။

၁၉၉၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကာလများတွင် စားသောက်ဆိုင်ဆန်ဆန် လက်ဖက်ရည်ဆိုင်များနည်းပါးပြီး လက်ဖက်ရည်အရသာကောင်းကောင်းကိုသာ အဓိကထားရောင်းသည့်ဆိုင်များ အများအပြားရှိခဲ့ကြောင်း ပန်းချီထိန်လင်းက ဆိုသည်။

ယင်းကာလများက လက်ဖက်ရည်ဆိုင်များသည် သတင်းမီဒီယာ၊ စာပေ၊ ပန်းချီ၊ ဂီတအနုပညာသမားများနှင့် နိုင်ငံရေးသမားများ၏ ဆုံရပ်သဖွယ်ဖြစ်ခဲ့ပြီး စကားပြောဆိုဆွေးနွေးခြင်း၊ အတွေးအမြင်ဖလှယ်ခြင်းများ ဆောင်ရွက်ကြကြောင်း ၎င်းက ဆိုသည်။

“လက်ဖက်ရည်ဆိုင်တွေမှာပဲ စာမူတွေပေးကြ ဖလှယ်ကြ။ အထူးသဖြင့် လေထန်ကုန်းပေါ့။ နောက် ရွှေပြည်အေးတို့၊ ၃၄ လမ်းကဆိုင်တွေ။ အဲဒီလိုဆိုင်တွေမှာ ပန်းချီဆရာတွေ ဆုံကြ၊ တွေ့ကြ၊ အနုပညာအကြောင်း ဖလှယ်ကြတာ လက်ဖက်ရည်ဆိုင်ပဲ” ဟု ပန်းချီထိန်လင်းက ပြောသည်။

၁၉၉၀ ခုနှစ်ကာလများက လူအများသည် လက်ဖက်ရည်ကို အဓိကအရသာခံသောက်သုံးကြသောကြောင့် လက်ဖက်ရည်ဆိုင်များကလည်း လက်ဖက်ရည်အရသာ ကောင်းမွန်ရန်သာ ဂရုစိုက်ကြကြောင်း ၎င်းက ပြောပြသည်။

သို့သော်လည်း ယနေ့ခေတ်တွင်မူ လက်ဖက်ရည်ဆိုင်အများစုတွင် ခွေးခြေပုထိုင်ခုံများအစား ပလတ်စတစ်ထိုင်ခုံများဖြင့် စားသုံးသူကို ရောင်းချဝန်ဆောင်မှုပေးနေပြီး လက်ဖက်ရည်မှာပါက အရသာကောင်းမွန်ရန် ဂရုတစိုက်ဖျော်ပေးခြင်း နည်းပါးကြောင်း ပန်းချီထိန်လင်းက ဝေဖန်သည်။

“လက်ဖက်ရည်မှာရင် ကောင်းကောင်းမွန်မွန် ဖျော်ပေးတာမျိုးမဟုတ်တော့ဘူး။ အဖြစ်လုပ်သလိုဖြစ်တယ်။ သူတို့အတွက်အရေးကြီးတာက ကျန်တဲ့ ထမင်းကြော်တို့၊ ခေါက်ဆွဲကြော်တို့ အဲဒါတွေ ဖြစ်သွားတယ်။ လက်ဖက်ရည်ကတော့ မကောင်းတတ်လို့ အဲဒီလိုဖြစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ဖက်ရည်ကို ကြိုက်သောကြောင့် ယနေ့ခေတ်ကာလတိုင်အောင် လက်ဖက်ရည်ဆိုင်ထိုင်နေသော်လည်း အတိတ်ကာလက လက်ဖက်ရည်ဆိုင်များတွင် လက်ဖက်ရည်သောက်ရသည့် အရသာကို ပိုနှစ်သက်ကြောင်း ပန်းချီထိန်လင်းက The Voice Jounal သို့ပြောသည်။

လက်ဖက်ရည်ဆိုင်ရှင်များပြောသည့် ပြောင်းလဲခြင်း

လက်ဖက်ရည်ဆိုင်ပိုင်ရှင်များကလည်း လူနေမှုပုံစံပြောင်းလဲလာခြင်းကြောင့် လက်ဖက်ရည်ဆိုင်များ၏ အပြင်အဆင်နှင့် ဝန်ဆောင်မှု ပုံစံများပြောင်းလဲလာခြင်းဖြစ်ကြောင်း ဆိုကြသည်။

၁၉၈၈ ခုနှစ်ဝန်းကျင်မှ စတင်ခဲ့ပြီး ယနေ့ခေတ်တွင် ဆိုင်ခွဲပေါင်း ၂၀ နီးပါး ဖွင့်လှစ်ထားသော သန်းကြွယ်လက်ဖက်ရည်ဆိုင်၏ ပိုင်ရှင်ဖြစ်သူ ဦးဟိန်းကိုကိုကမူ လက်ဖက်ရည်ရောင်းချရင်းဖြင့် ဆိုင်များကြီးမားလာသောကြောင့် လက်ဖက်ရည်တစ်ခုတည်းရောင်းခြင်းသည် မလုံ လောက်တော့ကြောင်းပြောဆိုသည်။

ထို့ကြောင့် စားသုံးသူနှစ်သက်သည့် အစားအသောက်များကိုပါ ထည့်သွင်းရောင်းချလာရပြီး ဆိုင်အပြင်အဆင်နှင့် ဝန်ဆောင်မှုကိုပါ ခေတ်နှင့်အညီအဆင့် မြှင့်တင်လာခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

မိသားစုအလိုက် မနက်စာမုန့်သွားစားကြရာတွင် အဖေဖြစ်သူက လက်ဖက်ရည်နှင့် အီကြာကွေးစားချင်ပြီး အမေဖြစ်သူက နန်းကြီးသုပ်စားချင်ကာ သားသမီးများက ဒင်းဆမ်းစားချင်မှုမျိုး ယနေ့ခေတ်တွင်ရှိလာကြောင်း ဦးဟိန်းကိုကိုက ပြောကြားသည်။

“အဲဒီတော့ အဖေက ခေါင်းစားပြီ။ မင်းတို့ဒီလောက် အမျိုးမျိုးစားချင်နေတာ ငါက ဘယ်သွားရမှာလဲ။ အလုပ်တွေကရှုပ်လာပြီ။ ဆိုတော့ အဲလိုမဖြစ်စေရဘူး။ ကျွန်တော်တို့သန်းကြွယ်မှာ အကုန်ရှိတယ်ဆိုပြီး ပြောင်းလဲလာခဲ့တာ” ဟု ၎င်းက The Voice Journal သို့ပြောသည်။

၁၉၉၀ ဝန်းကျင်ခန့်က လက်ဖက်ရည်ဆိုင်များသည် ဆိုင်သန့်ရှင်းမှုအားနည်းခဲ့ပြီး အိမ်သာဝန်ဆောင်မှုများလည်း သေချာစွာမရှိကြောင်း၊ ယနေ့ခေတ်တွင် အိမ်သာဝန်ဆောင်မှုများအပါအဝင် သန့်ရှင်း၍ ကောင်းမွန်သော အစားအစာများကို ရောင်းချနေကြောင်း ဦးဟိန်း ကိုကိုက ဆိုသည်။

ယနေ့ခေတ်တွင် လူအများစုသည် ကျန်းမာရေးကို ဂရုစိုက်လာသောကြောင့် လက်ဖက်ရည်ဆိုင်များအတွက် အစားအစာများသန့်ရှင်းပြီး အရသာကောင်း မွန်မှုသည် အရေးကြီးလာကြောင်း တာမွေမြို့နယ် ဩဘာလမ်းရှိ ဖက်ဖူးရောင်လက်ဖက်ရည်ဆိုင်၏မန်နေဂျာ ဦးမြင့်နိုင် က ပြောသည်။

ဖက်ဖူးရောင်လက်ဖက်ရည်ဆိုင်သည်လည်း နှစ်ပေါင်း ၂၀ ခန့်သက်တမ်းရှိသော လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖြစ်သည်။

“ဒီနေ့ခေတ်မှာ အရေးကြီးတာက သန့်ရှင်းမှုရယ်၊ နောက်ပြီး ဝန်ဆောင်မှုပေါ့။ စားသုံးသူ စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုကောင်းကောင်းပေးမှလည်း စားသုံးသူတွေက ကိုယ့်ဆိုင်မှာလာထိုင်ရတာ ကြိုက်ကြမယ်ပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

လက်ဖက်ရည်ဆိုင်များ၏ ပြောင်းလဲလာမှုတွင် ဝန်ဆောင်မှုများသာမက ဈေးနှုန်းများလည်းပါဝင်သည်။

၁၉၉၀ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း လက်ဖက်ရည်တစ်ခွက်လျှင် ကျပ်ဆယ်ဂဏန်းသာရှိခဲ့သော်လည်း ယနေ့ခေတ်တွင် လက်ဖက်ရည်တစ်ခွက် ဈေးနှုန်းမှာ ကျပ် ၅၀၀ ခန့်ဖြစ်သည်။ ဆိုင်ကြီးအချို့တွင် လက်ဖက်ရည်တစ်ခွက်ဈေးနှုန်းမှာ ငွေကျပ်ထောင်ဂဏန်းအထိပင် ဖြစ်နေသည်။

သို့သော် လက်ရှိအချိန်အထိ တစ်ခွက် ကျပ် ၃၀၀ နှုန်းဖြင့်ရောင်းချနေသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးများလည်း အများအပြားရှိနေသေးသည်။

၁၉၉၀ ပြည့်နှစ်ဝန်းကျင်က လက်ဖက်ရည်ဆိုင်များတွင် ဘောလုံးပွဲပြသခြင်းများ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သော်လည်း ယနေ့ခေတ် လက်ဖက်ရည်များတွင် ဘောလုံးပွဲပြသခြင်းများ နည်းပါးသွားသည်။

ဘောလုံးပွဲပြသခြင်း၊ မပြသခြင်းသည် လက်ဖက်ရည်ဆိုင်၏ တည်နေရာနှင့် သက်ဆိုင်ပြီး အချို့ရပ်ကွက်များသည် ဆူညံမှုကို မနှစ်သက်ကြသောကြောင့် ဘောလုံးပွဲပြသမှုများ မလုပ်ကြတော့ကြောင်း သန်းကြွယ်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဟိန်းကိုကိုက ပြောဆိုသည်။

“ပတ်ဝန်းကျင်က မကြိုက်ရင်တော့ ဘောလုံးပွဲပြလို့ မဆင်မပြေဘူး။ ဒါပေမဲ့ အချို့ဆင်ခြေဖုံးရပ်ကွက်တွေမှာတော့ လူတွေကိုဆွဲဆောင်ဖို့ ဘောလုံးပွဲပြနေတာတွေ ရှိပါတယ်။ ဘောလုံးပွဲပြရင် လူများပြီး ဆိုင်စည်ပေမယ့် လက်ဖက်ရည်တစ်ခွက်ပွဲမှာပြီး ကြာကြာထိုင်နေတာ တွေလည်း ရှိတာပေါ့” ဟု ၎င်းကဆိုသည်။

လက်ဖက်ရည်ဆိုင်တွေ ပျောက်နိုင်လား

လက်ဖက်ရည်ဆိုင်များသည် ခေတ်နှင့်အညီ စားသုံးသူအကြိုက် ဆိုင်အပြင်အဆင်နှင့် ဝန်ဆောင်မှုများပြောင်းလဲနေရသော်လည်း လက်ဖက်ရည်ရောင်းချမှုမှာ အနာဂတ်တွင်ပျောက်မသွားနိုင်ကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင်များက ဆိုသည်။

သို့သော် ဆိုင်ခန်းငှားရမ်းခမြင့်တက်လာမှုကြောင့် မိသားစုဖွင့်သည့် တစ်နိုင်တစ်ပိုင်လက်ဖက်ရည်ဆိုင်လေးများ ပျောက်ကွယ်သွားနိုင်ကြောင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင်များက သုံးသပ်ကြသည်။

ယင်းအချက်ကို လက်ဖက်ရည် သောက်သုံးသူများကလည်း လက်ခံကြသည်။

ဆင့်ကဲပြောင်းလဲလာသော လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုနှင့်ပတ်သက်၍ နေ့စဉ်လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်သည်ဟု ဆိုသော ပန်းချီထိန်လင်းက ယခုကဲ့သို့ဆိုသည်။

“သီချင်းတွေလည်း ရှိတယ်လေ။ ကိုင်ဇာတို့ဘာတို့ သူငယ်ချင်းရေ လက်ဖက်ရည်ဆိုင်ကို သွားကြပါစို့လေဆိုတာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုလေ။ ပြောမယ်ဆိုရင် လက်ဖက်ရည်ဆိုင်ဆိုတာ စာပေအနုပညာတွေတိုးတက်မှုနဲ့ အပြန်အလှန် အများကြီးအရေးပါပါတယ်။ လုံးဝပျောက်မှာတော့မဟုတ်ဘူး”

မြန်မာ့လက်ဖက်ရည်ဆိုင်များ၏ ဒိုင်ယာရီတွင် စာမျက်နှာသစ်များ မြင်တွေ့နေရဦးမည်သာ။ 

 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *