အားကြီး (မော်တာ) ဒေါင်းပါတယ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကြီးကတော့ ပြီးသွားခဲ့ပါပြီ။

မဲ အနိုင်၊ အရှုံးစာရင်းကို အသေအချာဖတ်ကြည့်ပြီး ကျွန်တော် အမျိုးမျိုးတွေးနေမိပါတယ်။

၁၃ နေရာ ယှဉ်ပြိုင်ကြတဲ့အထဲမှာ NLD က ခုနစ်နေရာနိုင်ပြီး USDP က သုံးနေရာနိုင်တယ်တဲ့ခင်ဗျာ။

စိတ်မကောင်းဖို့ ကောင်းလှတာက ဒီရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု အလွန်နည်းနေခဲ့တာပါပဲ။

မှန်ပါတယ်။

ဒီရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ လူဦးရေ ကိုးသိန်းရှိပေမယ့် တစ်ဝက်လောက်ပဲ မဲလာပေးကြတယ်တဲ့။

အချို့ မဲဆန္ဒနယ်တွေက ၇၀ ရာခိုင်နှုန်းလောက်ကို မဲလာမပေးကြပါဘူး။

ဥပမာ – လဲချားပြည်နယ် မဲဆန္ဒနယ်မှာဆိုရင် မဲလာပေးတဲ့ ဦးရေက ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိကြတယ်တဲ့။

ဘာကြောင့် စိတ်ဝင်စားမှု နည်းကုန်ကြတာလဲ။

ရိုးရိုးသားသား ကျွန်တော်မြင်မိတာကို ပြောပြရရင်တော့ ဒီနေ့ မြန်မာလူထုက မြန်မာ့နိုင်ငံရေးကို တော်တော်စိတ်ပျက်နေကြပါပြီ ခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို အလွန် မျှော်လင့်ခဲ့ကြတယ်။
အလွန်အားထားခဲ့ကြတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအချိန်ကို ပြန်တွေးကြည့်ပါ။

လူထု ဘယ်လောက် တက်ကြွခဲ့သလဲ။
ဘယ်လိုထောက်ခံအားပေးခဲ့ကြသလဲ။

ဟော … NLD ပါတီနိုင်ပြီ။
ဟော … NLD အစိုးရတက်လာပြီ။

ဟော … ဒီနေ့ဆိုရင် ဒီအစိုးရ အုပ်ချုပ်ခဲ့တာ သုံးနှစ်နီးပါး ရှိသွားခဲ့ပါပြီ။
နိုင်ငံမှာ ဘာတွေ ထင်ထင်ရှားရှား သိသိသာသာ တိုးတက်ခဲ့ပါသလဲ။

စီးပွားရေးကိုကြည့် …။
တရားဥပဒေစိုးမိုးရေးကိုကြည့် …။
ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားမှုတွေကိုကြည့် …။
စာနယ်ဇင်း လွတ်လပ်ခွင့်ကိုကြည့် …။

စာရှုသူ … သင်ကြည့်ချင်တာတွေကို လှမ်းကြည့်ပြီး လွန်ခဲ့သည့် သုံးနှစ် ဟိုဘက်ကနဲ့ ဒီနေ့ သိသာထင်ရှားစွာ တိုးတက်လာတာ … ပြောင်းလဲလာတာတွေ အသေအချာ ဆန်းစစ်ကြည့်ပါ။ စာရွက်တစ်ရွက်ပေါ်မှာ ရေးချပြီး အဖြေရှာကြည့်ပါ။

ကျွန်တော် ရှာဖွေတွေ့ရှိထားတဲ့ အဖြေတွေကတော့ သိပ်ဝမ်းသာစရာတွေကို မတွေ့ရပါဘူးခင်ဗျာ။
တိုးတက်ချင်တဲ့ဘက်ကိုတော့ ဦးတည်နေပါတယ်။
ဒါပေမဲ့ အားရစရာမရှိပါဘူးခင်ဗျာ။

ကဲ … ဒီနေ့ (NLD) အစိုးရကို အားရကျေနပ်မှုမရှိတဲ့အတွက် ဘယ်နိုင်ငံရေးပါတီကို ကျွန်တော်တို့ အားကိုးကြမှာလဲ။
ဘယ်ပါတီကို ကျွန်တော်တို့ မဲပေးကြမှာလဲ။
စာရှုသူ …။

ဒီနေ့ တိုင်းပြည်မှာ လက်ညှိုးထိုးပြစရာဆိုလို့ NLD ပါတီပြီးလျှင် USDP ပါတီပဲ ရှိပါတယ်။
ကြည့် …။

ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်မြေ ၁၃ ခုရှိတဲ့အထဲမှာ NLD ပါတီက ခုနစ်နေရာ … USDP ပါတီက သုံးနေရာ အနိုင်ရခဲ့ကြတယ်တဲ့။

ကျန်သုံးနေရာက တိုင်းရင်းသားပါတီနှစ်ခုက တစ်နေရာဆီ …။ နောက်ကျန်တဲ့တစ်ခုက တစ်သီးပုဂ္ဂလတဲ့ဗျာ။
ဘယ်လိုမှ အစိုးရတက်ဖွဲ့နိုင်တဲ့ အင်အားမရှိကြပါဘူး။
ကဲ … ဘယ်လို လုပ်ကြမှာလဲ။

တိုင်းပြည်မှာ … ဒီနေ့ NLD ကို မကြိုက်ရင် USDP ကိုပဲ ရွေးရတော့မယ်။ အားထားရတော့မယ်။
ဒီနေ့ခေတ်က မင်းလောင်းကို မျှော်နိုင်တဲ့ခေတ်လည်း မဟုတ်တော့ပါဘူး။
USDP ပါတီကို အစိုးရဖွဲ့ဖို့ သင် ရွေးချယ်ချင်ပါသလား။

စာရှုသူ …။
သင် ထုတ်ပြောစရာ မလိုပါဘူး။

သင်ပြောချင်တဲ့စကားတွေ ကျွန်တော့်ရင်ထဲမှာ အလိုလို ခံစားလို့ ရနိုင်ပါတယ်။
ဒီနေ့ ပါတီစွဲကင်းစင်တဲ့ မြန်မာပြည်သူတွေရင်ထဲမှာ ဆန္ဒတစ်ခုပဲ ရှိပါတယ်။

မိမိတိုင်းပြည်ကို တိုးတက်စေချင်တယ်။
ဂုဏ်သိက္ခာအပြည့် ရှိစေချင်တယ်။
တရားဥပဒေစိုးမိုးမှု ရှိချင်တယ်။
တိုင်းပြည်ရဲ့အနာဂတ်ကို ကောင်းစေချင်တယ်။

ဒါပေမဲ့ … ပြဿနာက … မိမိတို့တိုင်းပြည်ကို ဒီလိုဘ၀မျိုးကိုရောက်အောင် ဘယ်နိုင်ငံရေးပါတီကို အားကိုးရမှာလဲ။
NLD ကို လူအများစုက အားကိုးခဲ့ကြပါတယ်။ ဒါပေမဲ့ သုံးနှစ်အတွင်း ဆောင်ရွက်ချက်တွေကို ဆန်းစစ်ပြီး အချို့ကတော့ သံသယတွေ ဝင်ချင်နေပါပြီ။ တွေဝေစပြုနေပါပြီ။

မှန်ပါတယ်။
ဒါကြောင့်လည်း ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ဦးရေရဲ့ ၅၀ ရာခိုင်နှုန်းလောက်သာ ဆန္ဒမဲပေးခဲ့ကြပြီး … ကျန်လူတွေက ဆန္ဒမဲလာမပေးကြတော့တာပေါ့ခင်ဗျာ။

လူထု စိတ်ပျက်စပြုနေပါပြီ။
မှန်ပါတယ်။
ဒါပေမဲ့ လူထုက စိတ်ပျက်နေရုံနဲ့ မပြီးဘူးခင်ဗျာ။
ဒီနေ့ တိုင်းပြည်က ဘာမှ ဝိုင်းမကြိုးစားကြဘဲ အခုအနေအထားထက် ပိုကောင်းလာမှာ မဟုတ်ပါဘူး။
ဆန္ဒမဲဆိုတာ ပေးကိုပေးကြရပါမယ်။
ဒီနေ့ အရွေးချယ်ခံကြတဲ့ ပုဂ္ဂိုလ်တွေအထဲက မိမိအသင့်တော်ဆုံးလို့ သတ်မှတ်ထားသူကို မိမိရွေးချယ်ပေးရပါမယ်။
အဆိုးဆုံးထဲက အကောင်းဆုံးဖြစ်အောင် ကြံဆောင်ကြရမယ့် သဘောပဲပေါ့ခင်ဗျာ။

နောက် …။
ဒီနေ့တိုင်းပြည်ရဲ့ အခြေအနေကလည်း လွတ်လပ်ရေးရစက ဖဆပလအစိုးရ ကြွေးကြော်ခဲ့တဲ့ ‘လူထုအားကို အများကြီးလိုသည်’ … ဆိုတဲ့ အချိန်အခါမျိုးပါ။

NLD အစိုးရက အလွန်ကံကောင်းတဲ့ အစိုးရပါ။
လူထုက သူတို့အစိုးရ စတက်တဲ့အချိန်အခါကတည်းက သူတို့ အနောက်မှာ ကပ်ပါခဲ့ပြီးသား …။

မှန်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့် …။
ပြည်သူက သူတို့ကိုထောက်ခံပြီး ဘယ်လိုအားပေးခဲ့ပါသလဲ။
အပြတ်အသတ်နိုင်ခဲ့တယ်ဆိုတာ လူထုထောက်ခံမှု အပြည့်အဝရခဲ့လို့ပေါ့ခင်ဗျာ။

အဲ … ဒါပေမဲ့ … အာဏာရခဲ့ပြီးတဲ့ အချိန်မှာ လူထုနဲ့ ကင်းကွာနေပါတယ်။
ဝေးမှန်းမသိ ဝေးခဲ့ပါတယ်။
လူထုအားကိုလည်း လက်တွေ့ ချမသုံးတတ်ပါဘူး။

မှန်ပါတယ်။
စာနယ်ဇင်းရဲ့ အင်အား … အဲ မီဒီယာရဲ့ အင်အားကိုလည်း လိမ်မ္မာပါးနပ်စွာ မသုံးတတ်တဲ့အတွက် ပိုပြီးဝေးသထက် ဝေးကုန်တာပေါ့ ခင်ဗျာ။

ဒီနေ့တော့ ပိုတောင် ဆိုးလာပါတယ်။
မီဒီယာနှင့် အစိုးရက အပြိုင်လိုဖြစ်ချင်လာပါတယ်။
တစ်ဖက်နှင့်တစ်ဖက် ရန်ငြှိုးရန်စရှိသလိုလို ဖြစ်ချင်လာနေပါတယ်။
ဒီလိုဆိုးကျိုးမျိုးကို ချက်ချင်းပြုပြင်ကြရပါမယ်။

ဥပမာတစ်ခုကို ကျွန်တော်တင်ပြပါမယ်။
စာရှုသူ …။
သင်ကိုယ်တိုင် ဒီနေ့ သင့်ပတ်ဝန်းကျင်က လူ ၁၀ ယောက်ကို တိုင်းနဲ့ပြည်နယ် ၁၄ ခုမှ ဝန်ကြီးချုပ်အမည်များကို သင်တို့သိသမျှ ပြောပြပါဆိုတဲ့မေးခွန်းကို မေးကြည့်ပါ။

လူ ၁၀ ယောက်မှာ ကိုးယောက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်အမည်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်အမည်ပဲ ပြောပြနိုင်ပါလိမ့်မယ်။
နောက် … ဒီနေ့ NLD အစိုးရရဲ့ ဝန်ကြီးဌာနတွေကို တာဝန်ယူထားတဲ့ ဝန်ကြီး ဘယ်နှယောက်ရဲ့အမည်ကို သင်တို့သိပါသလဲလို့ မေးကြည့်ပါ။

အများစုက တစ်ယောက်မှမသိဘူးလို့ အဖြေပေးပါလိမ့်မယ်။

ဒီနေ့ NLD အစိုးရအဖွဲ့တစ်ခုလုံးမှာ လူအများသိသူက နှစ်ဦးပဲ ရှိပါတယ်။
(၁) ဒေါ်အောင်ဆန်းစုကြည် …။
(၂) သမ္မတကြီး ဦးဝင်းမြင့် …။

ကဲ … ဘယ်လိုလုပ်ကြမှာလဲ။
အစိုးရအဖွဲ့နှင့် ပြည်သူ ဒီလောက်ကင်းကွာနေခဲ့ရင် ‘လူထုအားကို အများကြီးလိုသည်’ ဆိုတဲ့ ဖဆပလခေတ်ကဆောင်ပုဒ်ကို ဘယ်လို လက်တွေ့အကောင်အထည်ဖော်ကြမှာလဲ။

လူထုအားကို အစိုးရအဖွဲ့က ဘယ်လိုအသုံးချမှာလဲ။ ဒီလို ဘာကြောင့်ဖြစ်ရသလဲ။

စာနယ်ဇင်းသမားတွေနဲ့ အစိုးရ အလွန်အလှမ်းဝေးနေကြလို့ပေါ့ခင်ဗျာ။ ဖဆပလခေတ်ကဝန်ကြီးတွေက မီဒီယာနဲ့ အမြဲတည့်အောင် ပေါင်းပါတယ်။ သူတို့ယုံကြည်အားကိုးတဲ့ မီဒီယာသမားတွေနဲ့ ခရီးအတူတူသွားတယ်။
ဘောလုံးပွဲ အတူတူကြည့်ကြပါတယ်။

သူတို့ရုံးခန်းကို သူတို့ယုံကြည်တဲ့ မီဒီယာသမားတွေအတွက် အမြဲတံခါးဖွင့်ထားပါတယ်။ ဒီလိုရင်းနှီးမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ် သိချင်လျှင် ကြေးမုံဦးသောင်း (ဆရာအောင်ဗလ) ရဲ့ ‘ဗမာ့ခေတ်မှ ကြေးမုံသို့’ ဆိုတဲ့ စာအုပ်ကို ရှာဖတ်ကြည့်ကြပါ။

ဆရာ သော်တာဆွေရေးတဲ့ နိုင်ငံရေးသမားနှင့် စာရေးဆရာ ရသစာစုကို ဖတ်ကြည့်ပါ။

ဒီနေ့ NLD ဝန်ကြီးတွေက ဘာကြောင့် ဖဆပလခေတ်ဝန်ကြီးတွေလို မီဒီယာသမားတွေကို ရဲရဲမပေါင်းဝံ့ကြတာလဲ။ သူတို့ ဝန်ကြီးဌာန ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူသိအောင် မလုပ်တတ်ကြတာလဲ။

မိမိဝန်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ပြည်သူသိအောင် မလုပ်တတ်ရင် အောင်မြင်မှုဆိုတာ ရရှိဖို့ ပိုမခက်သွားပေဘူးလား ခင်ဗျာ။

ဒီနေ့အခြေအနေက ဝန်ကြီးတွေရဲ့နာမည်ကိုတောင် ပြည်သူတွေ က မသိကြဘူးဆိုတော့ …။
ကျွန်တော် မော်တာ ဒေါင်းလိုက်တာခင်ဗျာ။ 

 

ဦးလှဝင်း (လေသူရဲတစ်ဦး)
၅-၁၁-၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *