နောက်လိုက်ကောင်း

ကျွန်မတို့လူသားတွေက နေ့စဉ်ထမင်းသုံးနပ် စားကြပါတယ်။ မနက်စာရယ်၊ နေ့လယ်စာရယ်၊ ညစာရယ်ဖြစ်ပါတယ်။ မနက်စောစောစာ ကို ကျွန်မတို့က Breakfast လို့ အင်္ဂလိပ်လို သုံးနှုန်းပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀တစ်လျှောက် စားရေးကိစ္စရပ်မှာ အရေးကြီးဆုံး စားသောက်ဖွယ်ရာကတော့ မနက်စာ Breakfast ပဲ ဖြစ်ပါတယ်။ မနက်စာကို ရှင်ဘုရင်လိုစား၊ ညစာကို သူဖုန်းစားလိုစားပါဆိုတဲ့ ဆိုရိုးစကားတွေလည်း ရှိပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ဖို့အတွက်ဆိုရင် မနက်စာ Breakfast ကို သေသေချာချာ စားပေးရပါမယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ အစီအစဉ်များကိုကြည့်လိုက်မယ်ဆိုရင် Breakfast News ဆိုတာလေးကို ကျွန်မတို့ ရှုမြင်ရပါတယ်။အဲဒီအစီအစဉ်ခေါင်းစဉ်လေးကို ကျွန်မအရမ်းသဘောကျပါတယ်။ Breakfast News ဟုတ်ပါတယ်။ ကျွန်မတို့ အာဟာရပြည့်ဝအောင် စားသောက်ရမယ့် နံနက်စာ Breakfast  ဆိုတဲ့စကားလုံးနဲ့ News ဆိုတဲ့စကားလုံး တွဲလိုက်တဲ့အခါမှာ မနက်စောစော ကျွန်မတို့ အသိဉာဏ် ဦးနှောက်တွေအတွက် အာဟာရဖြစ်စေမယ့်သတင်းဟာ Breakfast News ပဲဖြစ်ပါတယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက နေ့စဉ်ဆောင်ရွက်တင်ဆက်မည့်အစီအစဉ်တွေ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးက သတင်းတွေကို စုံစုံစိစိလေး Breakfast News မှာ ကျွန်မတို့နားထောင်ရပါတယ်။

အဲဒီ Breakfast News မှာမင်္ဂလာစကားဆိုတာလေးကို တင်ဆက်သူက ထည့်ပြောလေ့ရှိပါတယ်။ သတင်းကြေညာသူတွေက လောကနီတိထဲက သတိချပ်စရာ၊ ဗဟုသုတရစရာ၊ သံဝေဂယူစရာ၊ အသိတစ်ခုရစရာလေးတွေ ပြောလေ့ရှိပါတယ်။ တစ်နေ့မနက်မှာ ‘မအောင်မြင်နိုင်သော အဖွဲ့အစည်း’ ပါဠိလိုကတော့ ‘ဗဟုဝေါ ယတ္ထ နေတ္တာ ရော၊ သဗ္ဗပဏ္ဍိတမာနိနော။ သဗ္ဗမေဟတ္တ မိစ္ဆ န္တိ၊ တေသံ ကမ္မံ ဝံနဿတိ’ ကို ရွတ်ဆိုသွားပါတယ်။ ‘အဖွဲ့အစည်းတစ်ခုတွင် ခေါင်းဆောင်တွေ အများကြီးရှိနေကြ၏။ ရှိရှိသမျှခေါင်းဆောင်များ ငါသိ ငါတတ် လုပ်နေကြ၏။ ခေါင်းဆောင်အားလုံးကပင် အကြီးအချုပ်လုပ်ချင်နေကြ၏။ ထိုသူတို့ပြုလုပ်နေသည့် အမှုကိစ္စသည် မအောင်မြင်ဘဲ ပျက်စီးရမည်သာ’ ကို ကျွန်မ ထမင်းကြော်စားရင်းနှင့် Breakfast News ကနေ ဆုံးမစကားလေးကို နားထောင်လိုက်ရပါတယ်။

မှန်ပါတယ်။ ကျွန်မတို့ ယနေ့ ကမ္ဘာ့အဖွဲ့အစည်းကြီးမှာသော်လည်းကောင်း၊ ကျွန်မတို့နိုင်ငံရဲ့ အချို့သောအဖွဲ့အစည်းတွေမှာသော်လည်းကောင်း ခေါင်းဆောင်တွေများနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မှ ခေါင်းဆောင်လုပ်ချင်သူတွေ တွေ့ရမှာဖြစ်ပါတယ်။ ခေါင်းဆောင်နောက်လိုက်ဆိုတဲ့နေရာမှာ သဘာဝအရ ခေါင်းဆောင်တွေက အရေအတွက်နည်းပြီးတော့ နောက်လိုက်တွေက အရေအတွက်များပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ခေါင်းဆောင်တစ်ယောက် ချမှတ်ထားတဲ့ အဖွဲ့ဝင်ကလည်း လက်ခံနှစ်ခြိုက်ထားတဲ့ အသိတူ၊ ရည်ရွယ်ချက်တူတဲ့ ဦးတည်ချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့အတွက် ခေါင်းဆောင်တစ်ဦးတည်း ကောင်းလို့မရပါဘူး။ ခေါင်းဆောင်တွေချည်းပဲ ရှိနေလို့လည်းမရပါဘူး။ ဒီခေါင်းဆောင်ကနေပြီးတော့ ဦးတည်ဆောင်ရွက်လုပ်မယ့်လုပ်ငန်းကိစ္စအဝ၀ကို အနောက်ကနေ တက်ညီ လက်ညီ ဝိုင်းဝန်းပံ့ပိုးကူညီပေးမယ့် နောက်လိုက်ကောင်းတွေ အများကြီး လိုပါတယ်။

ကျွန်မတို့ ပြောလေ့ပြောထရှိပါတယ်။ နောက်လိုက်ကောင်းမှ ခေါင်းဆောင်ကောင်းမယ်။ စာအုပ်စာတမ်းတွေထဲမှာ အများအားဖြင့် ခေါင်းဆောင်ကောင်းဆိုတာဘာလဲ၊ ခေါင်းဆောင်ဆိုတာဘာလဲ၊ ဦးဆောင်မှုဆိုတာဘာလဲ ခေါင်းဆောင်ကောင်းတွေရဲ့ ဝတ္တရားတွေ ခေါင်းဆောင် ကောင်းတွေရဲ့ အကျင့်သိက္ခာတွေ၊ ခေါင်းဆောင်ကောင်းတွေရဲ့နည်း နိဿယတွေ ဒါတွေအမျိုးစုံ ကျွန်မတို့ဖတ်ရပါတယ်။ နောက်လိုက်ကောင်းဆိုတဲ့ကိစ္စကတော့ မှေးမှိန်နေတတ်ပါတယ်။ လူဆိုတဲ့သဘာဝက အမြဲတမ်းပဲ မင်းသားမင်းသမီးတွေ လုပ်ချင်ကြပါတယ်။ အရှေ့ထွက်ချင်ကြပါ တယ်။ မင်းသား၊ မင်းသမီးဖြစ်မှ ငါ မင်းသားဖြစ်မှရိုက်မယ်။ ငါ မင်းသမီးဖြစ်မှ ရိုက်မယ်ဆိုတဲ့အတ္တကို ရှေ့တန်းတင်ကြတဲ့အနုပညာရှင်တွေ ကိုလည်း တွေ့ဖူးကြမှာပါ။

ခေါင်းဆောင်မဖြစ်ရင်တော့ မလုပ်ချင်ဘူး။ ရှေ့ကမထွက်ရရင် မလုပ်ချင်ဘူးဆိုပြီး မလုပ်ချင်တဲ့သူတွေလည်း အများကြီးတွေ့ရပါတယ်။ ဒါကြောင့် မြန်မာစကားပုံမှာ မင်းသားမဖြစ်လို့ကတော့ ပတ်မကြီးထိုး ဖောက်မှာပဲဆိုတဲ့ ဖျက်လိုဖျက်ဆီးစိတ်ဓာတ်ကို ဖော်ပြတဲ့ စကားပုံတစ်ခုပေါ်ထွက်လာတာဖြစ်ပါတယ်။ ဟုတ်ပါပြီ။ အားလုံးရဲ့စိတ်ကူးအိပ်မက်ကတော့ မင်းသားမင်းသမီးခေါင်းဆောင်ဖြစ်ဖို့ပါပဲ။ သို့သော်လည်း မိမိကျရာနေရာမှာ မိမိရဲ့ကံ၊ ဉာဏ်၊ ဝီရိယအတိုင်းအတာဘ၀ဇာတ်ခုံပေါ်မှာ ကျရာဇာတ်ရုပ်ကို သရုပ်ဖော်ကပြရပါတယ်။

ကိုယ် နောက်လိုက်ဖြစ်နေလို့ အလုပ်ကိုအားကြိုးမာန်တက် လုပ်စရာမလိုဘူး၊ ရေလိုက်ငါးလိုက် လုပ်လို့ရတယ်။ တာဝန်ယူစရာမလိုဘူး၊ တာဝန်ခံစရာမလိုဘူး။ ငါက နောက်ကလူပဲ ရှေ့ကလူမှ မဟုတ်ဘဲ၊ ရှေ့ကလူကသာ တာဝန်ရှိတယ်။ ဒီအဖွဲ့အစည်းကြီးအောင်မြင်ဖို့က ခေါင်းဆောင်တာဝန်ပဲ၊ ငါတို့က နောက်ကလူတွေ ငယ်သားတွေပဲ၊ ငါတို့တာဝန်မဟုတ်ဘူးလို့ အတွေးတိမ်လို့မရပါဘူး။ နောက်ထပ်တစ်ခုက ငါလည်းခေါင်းဆောင်ပဲ၊ သူလည်းခေါင်းဆောင်ပဲ၊ ဟောဟိုကလည်း ခေါင်းဆောင်ပဲ၊ ဗိုလ်သားက ခြောက်ဆယ်၊ ရဲဘော်က တစ်ယောက် ဖြစ်နေတဲ့အတွက် ဘယ်လိုမှ အောင်မြင်မယ့်အဖွဲ့အစည်းဖြစ်လာမှာ မဟုတ်ပါဘူး။ သူတစ်လူ ငါတစ်မင်းနှင့် ပျက်စီးကိန်းသာ ကြုံရမှာဖြစ်ပါတယ်။

နောက်လိုက်ကောင်းဆိုတာ မိမိတို့ခေါင်းဆောင်ရဲ့ မိမိတို့အဖွဲ့အစည်းရဲ့ အစီအစဉ် ရည်မှန်းချက် ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် မိမိတို့ကျရာနေရာမှာ ကျရာတာဝန်ကို ကျေပွန်စွာ အားတက်သရော စိတ်စေတနာနှစ်ပြီး ဆောင်ရွက်ပေးတာ နောက်လိုက်ကောင်းတွေရဲ့ တာဝန်ပါ။ မိမိအဖွဲ့အစည်းအတွက် မိမိခေါင်းဆောင်အတွက် ငါတို့ ဘာပံ့ပိုးသင့်သလဲ၊ ဘာလုပ်ပေးသင့်သလဲ၊ ဘာတွေအကြံဉာဏ်ပေးရမလဲ။ ဒါတွေကို နောက်ကနေပြီးတော့ ကဏ္ဍအသီးသီးအလိုက် ဖြည့်ဆည်းပံ့ပိုးပေးမှသာလျှင် မိမိတို့အဖွဲ့အစည်းသွားရမယ့် လမ်းကြောင်းဟာ ကိုယ့်အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ပန်းတိုင်ဟာ အချိန်မီရောက်ရှိ အောင်မြင်မှာ ဖြစ်ပါတယ်။

ရုံးဌာနတွေမှာရှိပါတယ်။ အထက်အကြီးအကဲအရာရှိများကို ဆင့်ကဲဆင့်ကဲသော အောက်ကရုံးအဖွဲ့တွေ ရုံးဝန်ထမ်းတွေဟာ ပံ့ပိုးဆောင်ရွက်ပေးရပါတယ်။ အမှုကိစ္စတစ်ခုမှာ ဥပဒေလုပ်ထုံးတွေ၊ ရည်ညွှန်းကိုးကားချက်တွေ၊ ညွှန်ကြားလမ်းညွှန်ချက်တွေကို ဝန်ထမ်းများက ပြည့်စုံအောင်တင်ပြပေးရပါတယ်။ အဲဒီလိုတင်ပြပေးတဲ့နေရာမှာလည်း ဘာလုပ်ရမလဲ၊ ဘာတွေကူပံ့ရမလဲ၊ ဘာတွေတင်ပြပေးရမလဲလို့ မမေးဘဲနဲ့ ဘာလုပ်သင့်တယ်၊ ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတဲ့ အကြံပြုချက် ပြည့်ပြည့်စုံစုံ ရေးသားထည့်သွင်းတင်ပြပေးဖို့ လိုပါတယ်။ ဒါမှလည်း ခေါင်းဆောင်က ဆုံးဖြတ်ချက်သေချာစွာ ချနိုင်မှာဖြစ်ပါတယ်။ မှန်ကန်သောဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် ပံ့ပိုးပေးရပါမယ်။ လုပ်ထုံးလုပ်နည်းဥပဒေ၊ လမ်းညွှန်ချက်တွေ ညွှန်ကြားချက်တွေ စီမံချက်တွေ စီမံကိန်းတွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းတင်ပြပေးရပါတယ်။

လုပ်ငန်းစဉ်တစ်ခုလုပ်မယ်ဆိုရင်လည်း ဘယ်လိုဖွဲ့စည်းမယ်။ ဘယ်လိုသူတွေနဲ့ဖွဲ့စည်းမယ်၊ ဘယ်လိုလုပ်ငန်းတာဝန်တွေ သတ်မှတ် မယ်။ ဘယ်လိုအနေအထားတွေနဲ့ ဆောင်ရွက်မယ်၊ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်မယ်ဆိုတာလည်း မိမိတို့ခေါင်းဆောင်ကို တင်ပြရပါမယ်။ အဲဒီအခါမှာ ခေါင်းဆောင်က အဖွဲ့အစည်းထဲမှ သင့်တင့်သော ကိုယ်စားပြု ကြီးကြပ်သူများနဲ့ တိုင်ပင်ပြီးတော့ လုပ်ရမယ့်လုပ်ငန်းစဉ်ကို မှန်ကန်စွာဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ငါလည်း ခေါင်းဆောင်ပဲ၊ သူလည်းခေါင်းဆောင်ပဲ သူပြောတာ ငါမလုပ်နိုင်ဘူး၊ ငါပြောတာ သူလုပ်ရမယ်။ ဟိုဘက်က တစ်ယောက်ကလည်း သူပြောတာကို ငါမလုပ်နိုင်ဘူး။ ငါပြောတာ သူလုပ်ရမယ်ဆိုရင်တော့ ဘယ်လိုမှ ဒီအဖွဲ့အစည်းဟာ မအောင်မြင်နိုင်ပါဘူး။

ဆရာများ သားသေဆိုသလို ကိုယ့်ရဲ့ ရည်ရွယ်ထားတဲ့၊ ကြံစည်ထားတဲ့ လုပ်ငန်းကိစ္စကြီးဟာလည်း ဆပ်ပြာပူဖောင်းလို လေထဲမှာ ပေါက်ကွဲသွားမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်တွေအများကြီးရှိနေတာထက် တူညီသောခေါင်းဆောင်တစ်ယောက် အများ လက်ခံနိုင်တဲ့ခေါင်းဆောင်တစ်ယောက်နဲ့ နောက်လိုက်ကောင်းတွေ အများကြီးရှိရမှာဖြစ်ပါတယ်။ ဒါမှသာ မလွဲမသွေအောင်မြင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့ သွားချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကိုလည်း အောင်မြင်စွာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အနုပညာစကားနဲ့ ပြောမယ်ဆိုရင် ဇာတ်ပို့ဇာတ်ရံမရှိဘဲနဲ့ မင်းသား၊ မင်းသမီးဆိုတာ ဖြစ်တည်လာမှာမဟုတ်ပါဘူး။ မင်းသား/မင်းသမီး နှစ်ယောက်တည်းရိုက်တဲ့ ဇာတ်ကားတွေဆိုလည်း ဘယ်လိုကောင်းအောင် ရိုက်ဦးတော့ ဘယ်လိုမှပီပြင်စွာ ကောင်းတဲ့ဇာတ်လမ်း မဖြစ်နိုင်ပါဘူး။ သက်မဲ့ဇာတ်ပို့တွေရှိသလို သက်ရှိဇာတ်ပို့တွေလည်း အများကြီးရှိနေပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်လောကထဲမှာ အကယ်ဒမီဆုပေးတဲ့နေရာမှာ ဇာတ်ပို့ဆုဆိုတာ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီကြားထဲမှာ အနုပညာပိုင်းဆိုင်ရာ အသံဆု၊ ပညာရှင်ဆု၊ ပညာရပ်ပိုင်းဆိုင်ရာဆုတွေဟာလည်း ဒီမင်းသား၊ မင်းသမီးတွေရဲ့ သရုပ်ဆောင်မှု ပိုမိုပီပြင်လာအောင်၊ ပြည်သူတွေရဲ့ အသည်းနှလုံးမှာ ထိမိအောင် အသံနဲ့ပံ့ပိုးတယ်၊ တေးဂီတနဲ့ ပံ့ပိုးတယ်။ လူနဲ့ ပံ့ပိုးတယ်။ စကားနဲ့ ပံ့ပိုးတယ်။ မျက်နှာအမူအရာနဲ့ ပံ့ပိုးတယ်ဆိုတာ သက်ရှိသက်မဲ့ဇာတ်ပို့ တွေရဲ့ အရေးပါမှုဖြစ်ပါတယ်။ ဒါတွေအားလုံးက နောက်လိုက်တွေပဲ ဖြစ်ပါတယ်။ နောက်လိုက်ကောင်းမဖြစ်ဘဲနဲ့ ခေါင်းဆောင်ကောင်းဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။

တချို့သော သူတွေက နောက်လိုက်ဘ၀နေရာမှာ ကြိုးစားအားထုတ်မှု အချည်းနှီးလို့ထင်ကြပါတယ်။ ငါကနောက်လိုက်ပဲ ငါကြိုးစားနေတာ ဘယ်သူသိမှာလဲ။ ငါလုပ်ပေးနေတာ ဘယ်သူသိမှာလဲ တကယ်နာမည်ရရင် အဲဒီခေါင်းဆောင်ကပဲ နာမည်ရမှာပဲ။ အဲလိုမျိုးတွေးထင်မှုမျိုးဟာ အဖွဲ့အစည်းအတွင်း ခြစားမှုဖြစ်ပေါ်စေပါတယ်။ ကောင်းမွန် သော စေတနာမှန်မှန်နဲ့ ပံ့ပိုးကူညီမှုဟာ အလဟသမဖြစ်ပါဘူး။ မိမိ ဘာလုပ်နေတယ်ဆိုတာကို ပတ်ဝန်းကျင်က၊ အဖွဲ့အစည်းအသိုင်းအဝိုင်းက သတိထားမိပါ့မယ်။ ခေါင်းဆောင်ကလည်း ကြာရင်သတိထားမိပါ့မယ်။ ဒါကြောင့် အမြဲတမ်းသေသေသပ်သပ်လုပ်နိုင်တဲ့ ဒုတိယနေရာ၊ တတိယနေရာက နောက်လိုက်တွေဟာ တစ်ခါတလေ ခေါင်းဆောင်တွေနားမှာ မရှိမဖြစ်လိုအပ်ပြီး အမြဲတမ်း တစ်မိုးလုံးဖျောက်ဆိပ်ပါနေရတတ်ပါတယ်။

တစ်ခါတလေ အရေးပေါ်အခြေအနေမှာ အကွက်စေ့စေ့ဆောင်ရွက်ပေးနိုင်မယ့် နောက်လိုက်ကောင်းတွေကို ခေါင်းဆောင်တွေက သတိရတတ်ပါတယ်။ တစ်ချိန်မှာ ခေါင်းဆောင်နေရာအတွက်လူရွေးချယ်ဖို့ လိုအပ်လာပြီဆိုရင် ဒီနောက်လိုက်တွေထဲက သေသေချာချာ ဆောင်ရွက်ပေးနိုင်ပြီးတော့ စေတနာအား ဝီရိယအား ဉာဏ်အားတွေနဲ့ စိုက်ထုတ်ပြီးတော့ အပင်ပန်းခံဆောင်ရွက်တတ်တဲ့ နောက်လိုက်မျိုးတွေသာ ရွေးချယ်ခံရပြီး ခေါင်းဆောင်နေရာကို ပေးလေ့ရှိပါတယ်။ ဒီလိုမျိုး အခွင့်အရေးပေးလာမယ်ဆိုရင်လည်း နောက်လိုက်တွေအများကြီးထဲက နောက်လိုက်ကောင်းတွေကိုသာ အခွင့်အရေးပေးစမြဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိမိသည်ခေါင်းဆောင်ဖြစ်ပါစေ နောက်လိုက်ဖြစ်ပစေ မိမိကျတဲ့နေရာမှာ မိမိရဲ့လုပ်ငန်းတာဝန်ကို စေတနာသန့်သန့်နှင့် ရိုးဖြောင့်စွာ အားကြိုးမာန်တက် ဆောင်ရွက်ပေးမယ်ဆိုရင် တစ်နေ့ခေါင်းဆောင်ကောင်း ဖြစ်လာမှာဖြစ်ပါတယ်။

နောက်လိုက်တော့မလုပ်ချင်ဘူး ခေါင်းဆောင်ပဲလုပ်ချင်တယ်ဆိုရင် ခေါင်းဆောင်ကောင်းမဖြစ်ဘဲနဲ့ ဝေလေလေခေါင်းဆောင်တွေ၊ လွယ်အိတ်ခေါင်းဆောင်တွေ၊ ဂဏန်းလိုခေါင်းဆောင်တွေလို့ အများက သတ်မှတ်ကဲ့ရဲ့ခံရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တော့ ခေါင်းဆောင်ပဲ နာမည်ခံခေါင်းဆောင်တွေသာ ဖြစ်ကြမှာဖြစ်ပါတယ်။ အဲဒီလို ခေါင်းဆောင်မှုမျိုးဟာ နောက်လိုက်ကောင်းတစ်ယောက်လောက် တောင် အသိအမှတ်ပြုခံရမှာ မဟုတ်ပါဘူး။ ဒါတွေကို သတိချပ်သင့်ပြီးတော့ မိမိခေါင်းဆောင်ပဲရမှ ဆောင်ရွက်ချင်တယ်ဆိုတဲ့ စိတ်တွေကို ဖျောက်ပြီးတော့ နောက်လိုက်နေရာမှာလည်း နောက်လိုက်ကောင်းသဖွယ်၊ ခေါင်းဆောင်နေရာမှာလည်း ခေါင်းဆောင်ကောင်းသဖွယ် ကျစ်ကျစ်လျစ်လျစ်အရေအတွက် ထိထိမိမိနဲ့ ဆောင်ရွက်ထမ်းဆောင်ကြရင်း ကျွန်မတို့အဖွဲ့အစည်း၊ ကျွန်မတို့နိုင်ငံတော်ကြီးဟာ စည်းကမ်း ပြည့်ဝစွမ်းရည်ပြည့်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မုချဧကန်ရောက်ရှိမှာဖြစ်ပါတယ်။ 

 

ခင်မေခ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *