ဝေဖန်သံများကြားက လိင်တူတို့ခေတ်ရေစီး

သီတင်းကျွတ်အပြီး လက်ထပ်ပွဲများအနက် ပြည်မြို့က လက်ထပ်ပွဲမှာ ဝေဖန်သံနှင့် ထောက်ခံသံများညံသွားသည်။

နိုဝင်ဘာလ ၄ရက်က ပြည်မြို့တွင် ကျင်းပသော အမျိုးသမီးချင်း ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲကြောင့်ဖြစ်သည်။

ယခုနောက်ပိုင်း အရာရာပွင့်လင်းလာသည့် လူ့အဖွဲ့အစည်းများအကြား လိင်တူချင်း ချစ်ခင်စုံမက်၍လက်ထပ်ယူသူများ၊ LGBT (လိင်စိတ်ခံယူမှု ကွဲပြားသူများ) များလည်း ယခင်ထက်စာလျှင် ပွင့်လင်းစွာ နေထိုင်ဖြတ်သန်းမှုများ ရှိလာသည်။

ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့၊ အယူအဆများစွာနှင့် အသားကျနေထိုင်လာကြသော မြန်မာ့လူ့အဖွဲ့အစည်းကြားတွင် လိင်တူချင်းချစ်ခင်စုံမက်မှုနှင့် LGBT ကို နှစ်သက်လက်ခံသူ နည်းပါးသည်။

ထိုအခြေအနေများကြားကပင် ယနေ့ခေတ်မြန်မာ့လူ့အဖွဲ့အစည်းအကြား လိင်တူချင်း ချစ်ခင်စုံမက်သူများ၏ တရားဝင်ဖွင့်ဟဝန်ခံချက်များနှင့် လူသိရှင်ကြား မင်္ဂလာပွဲများက ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာသည်။ မြန်မာလူ့အဖွဲ့အစည်းက ယင်းရေစီးကြောင်းကို လက်ခံနိုင်ပါပြီလော။

ပြည်မြို့နယ် ပန်းတင်ကျေးရွာတွင် မောင်ကိုအေးနှင့် မသီတာလှိုင်တို့က ဘိသိတ်ခံယူကာ မြန်မာ့ရိုးရာမင်္ဂလာပွဲကို လူသိရှင်ကြား ခမ်းခမ်းနားနား ကျင်းပခဲ့ကြသည်။

“ဘာနဲ့မှ နှိုင်းလို့မရအောင် အရမ်းပျော်နေတယ်။ နှစ်ယောက်အတူတူ နေရတာဆိုတော့” ဟု မောင်ကိုအေးက ဝမ်းသာပီတိအသံဖြင့် ဆိုသည်။

ဆိုရှယ်မီဒီယာက တစ်ဆင့်တွေ့ဆုံကာ ချစ်ကြိုက်ခဲ့ကြပြီး တစ်နှစ်အကြာတွင် လက်ထပ်ယူကြခြင်းဖြစ်သည်။ လက်ထပ်မယူခင် ခိုးပြေးခဲ့ကြပြီးနောက်ပိုင်းတွင် မိန်းကလေးရှင်ဘက်က သဘောတူသဖြင့် လက်ထပ်ပွဲကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီ တောင်းရမ်းလက်ထပ်ယူကာ မင်္ဂလာပွဲကျင်းပရန် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရကြောင်း မောင်ကိုအေးက ပြောဆိုသည်။ မသီတာလှိုင်၏ မိဘများကိုလည်း ထိုအခြေအနေကို လက်ခံလာအောင် ကြိုးစားခဲ့ကြရခြင်းဖြစ်သည်။

“ကျွန်တော့်ကြောင့်နဲ့တော့ သူတို့ဂုဏ်သိက္ခာ မကျစေချင်ဘူး။ ကျွန်တော်တင်တောင်းနိုင်အောင် အများကြီးကြိုးစားခဲ့တယ်” ဟု မောင်ကိုအေးက ပြောဆိုသည်။

“ဒီလို တခမ်းတနားဆောင်ပေးတာ ကျွန်တော့်ဘက်ကတော့ အများကြီး ပျော်တာပေါ့” ဟုလည်း ဆက်လက် ပြောဆိုသည်။

လိင်တူချင်း လူသိရှင်ကြား လက်ထပ်ထိမ်းမြားခြင်းမှာ မြန်မာပြည်တွင် ရှားပါးလှသည်။

မြန်မာ့လူ့အဖွဲ့အစည်းက အများစုသတ်မှတ်ကြသည့် သဘာဝကို ဆန့်ကျင်သည်ဆိုသည့် အယူအဆများအောက်တွင်လည်း ၎င်းတို့၏မင်္ဂလာပွဲမှာ ဝေဖန်မှုများစွာရှိခဲ့သည်။

“လူတွေကတော့ ပြောကြတာတော့ ရှိမှာပေါ့နော်။ ကိုယ့်ဘက်ကတော့ အရာရာအားလုံးကို ခွင့်လွှတ်ပါတယ်။ မိဘမေတ္တာငတ်တဲ့အတွက်ကြောင့် ဒီလိုမိသားစုလေး ကျွန်တော့်ဘ၀ထဲဝင်လာတဲ့အတွက် အရမ်းပျော်တယ်”

မောင်ကိုအေးနှင့် မသီတာလှိုင်ကဲ့သို့ အမျိုးသမီးချင်းလက်ထပ်ယူသည့် ဖြစ်စဉ်မတိုင်ခင်က မြန်မာပြည်တွင် အမျိုးသားချင်း ပထမဆုံး လူသိရှင်ကြား လက်ထပ်ယူသည့် စုံတွဲတစ်တွဲ ရှိခဲ့ပြီး ဖြစ်သည်။

ထိုစုံတွဲမှာ ၂၀၁၄ ခုနှစ်က ရန်ကုန်မြို့ Excel Hotel တွင် ခမ်းခမ်းနားနား မင်္ဂလာပွဲ ကျင်းပခဲ့ကြသည့် ကိုတင်ကိုကိုနှင့် ကိုမျိုးမင်းထက်တို့ပင် ဖြစ်သည်။

ဆယ်နှစ်ကြာ ချစ်ကြိုက်ခဲ့ကြသည့် ၎င်းတို့နှစ်ယောက်က ချစ်သူသက်တမ်းဆယ်နှစ်ပြည့်တွင် လူသိရှင်ကြားလက်ထပ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အိမ်ထောင်သက် လေးနှစ်ခန့်ပင်ရှိခဲ့ပြီဖြစ်သည်။ ၎င်းတို့သည်လည်း နှစ်ယောက်တစ်ဘ၀ တည်ထောင်ရန်အတွက် အခက်အခဲပေါင်းများစွာကို ရုန်းကန်ခဲ့ရသည်ပင်။ ၂၀၁၄ ခုနှစ်သည် ယခုကာလကဲ့သို့ပင် မပွင့်လင်းသေးပေ။

“ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတော့ အများကြီးရှိတာပေါ့။ ကြိုတင်ခန့်မှန်းထားတဲ့ ဖြစ်ရပ်တွေ ဖြစ်တဲ့အတွက် ဒီစိတ်ဖိစီးမှုတွေကို ကျွန်တော်တို့ ခံနိုင်ခဲ့တယ်” ဟု ကိုမျိုးမင်းထက်က ဆိုသည်။

ယခုကဲ့သို့ လူသိရှင်ကြား လက်ထပ်ပွဲများ ကျင်းပလာခြင်းသည် LGBT အသိုင်းအဝိုင်း၏ ဖွင့်ဟဖော်ထုတ်ပြောလာခြင်းဖြစ်သည့်အတွက် ကောင်းမွန်သည်ဟု ကိုမျိုးမင်းထက်က ယူဆသည်။

သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုအခြေအနေကို လက်ခံနိုင်မည့် ရာခိုင်နှုန်းနည်းပါးနေဦးမည် ဖြစ်သည်။

“လက်ခံလာနိုင်တာက ရန်ကုန်မြို့မှာဆိုရင်တော့ ပိုများမယ်။ နယ်မြို့လေးတွေမှာဆိုရင်တော့ လူလည်းနည်းတော့ ဒီလိုအသိုင်းအဝိုင်းဆို သတိထားမိကြတယ်။ သတိထားမိကြတော့ အဲဒီလိုလုပ်ဖို့ (လူသိရှင်ကြား လက်ထပ်ဖို့) ဆိုတာလည်း ဘယ်လိုမှ အဆင်မပြေဘူး” ဟု ကိုမျိုးမင်းထက်က သုံးသပ်သည်။

အမှန်တကယ်လည်း LGBT အသိုင်းအဝိုင်းကို လက်ခံခြင်း မခံခြင်းက လွန်ဆွဲနေကြသည့် အနေအထားပင် ရှိနေသေးသည်။ ထိုသို့ လက်မခံခြင်းသည်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဆိုသည့် အယူအဆများပါဝင်သလို ရဟန်းအဖြစ် ခံယူနိုင်သော သားယောင်္ကျားလေးက မြင့်မြတ်သည်ဆိုသည့် အယူအဆများကို အစွဲပြုရင်း ဖြစ်ပေါ်လာခြင်းပင်။

“သူတို့ရဲ့ အခွင့်အရေးကို လက်မခံတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဘာသာတရားအရလည်း လက်ခံဖို့ ခဲယဉ်းတယ်။ လူ့အဖွဲ့အစည်းအနေနဲ့လည်း လက်ခံဖို့ ခဲယဉ်းတယ်။ ဥပဒေအရလည်း သူတို့ကို လက်ခံဖို့ ခဲယဉ်းတယ်” ဟု အသက်သုံးဆယ်ကျော်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်နိုင်က ပြောကြားသည်။

ဗုဒ္ဓဘာသာနိုင်ငံတွင်သာ ထို အယူအဆများနောက်ကိုလိုက်၍ လက်မခံခြင်းမဟုတ်ပါ။ နိုင်ငံတကာတွင်လည်း လက်ခံသည့်နိုင်ငံ လက်မခံသည့်နိုင်ငံများ ရှိနေဆဲပင်။ အမေရိကန်နိုင်ငံတွင်ပင် ပြည်နယ် ၅၀ အနက် ပြည်နယ် ၃၆ ခု တွင်သာ လိင်တူချင်းလက်ထပ်ခွင့်ပြုထား ခြင်းဖြစ်သည်။

သို့သော် ပြင်သစ်၊ နယ်သာလန်၊ ဒိန်းမတ်၊ စပိန်နှင့် ပေါ်တူဂီ နိုင်ငံတို့တွင် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

“ဘယ်သန် ညာသန်လိုပဲ။ လူတွေက ညာသန်မှ ပုံစံကျတယ် သဘာဝကျတယ်ထင်တာ။ ဘယ်ကျော်ဆို သဘာဝနဲ့ ဆန့်ကျင်တယ်ထင်တာ။ ဘယ်သန်က ဘယ်သန်။ မွေးလာကတည်းက ဘယ်သန်ပဲ။ အလားတူပဲ ဒီလိင်တူကိစ္စကလည်း ဒီလိုပဲ။ မွေးလာကတည်းက ပါလာတာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက မှတ်ချက်ပေးသည်။

လက်ခံခြင်း လက်မခံခြင်း အငြင်းပွားနေကြချိန် LGBT အသိုင်းအဝိုင်းကို ပိုမိုပွင့်လင်းလာစေမည့် အခမ်းအနားများကျင်းပခြင်း၊ ဖွင့်ဟဝန်ခံခြင်းများရှိလာခြင်း၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးလာခြင်း စသဖြင့် လူ့အဖွဲ့အစည်းအတွင်း ဝင်ဆံ့လာစေရန် ဆောင်ရွက်ချက်များရှိ သည်။

သရုပ်ဆောင် ဇေရဲထက် အဓိကဇာတ်ဆောင်အဖြစ် ရိုက်ကူးထားသည့် ရာဇဝင်ရိုင်းခဲ့သည်ဆိုသည့် ဇာတ်ကားမှာ အမျိုးသားချင်း ချစ်ခင်စုံမက်မှုကို ထည့်သွင်းရိုက်ကူးထားသည်။

လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သော သရုပ်ဆောင် ဥက္ကာမင်းမောင်သည်လည်း ၎င်း၏ ချစ်သူအမျိုးသားနှင့်အတူ တွဲရိုက်ထားသည့်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တွေ့ရသည်။

တစ်ဖက်တွင်လည်း လိင်တူချစ်သူများကို ယနေ့တိုင်ခြိမ်းခြောက်နေဆဲဖြစ်သည့် ဓမ္မတာနှင့်ဆန့်ကျင်သော ပြစ်မှုများထဲက ပုဒ်မ ၃၇၇ က ရှိနေပြန်သည်။

ရာဇသတ်ကြီးဥပဒေတွင်ပါရှိသည့် အဆိုပါပုဒ်မအရ ယောက်ျားနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို၊ မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင်၊ ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထိုဥပဒေအရ အရေးယူတိုင်တန်းသူရှိလျှင် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကို သက်သေအထောက်အထားရှိမှသာ အရေးယူနိုင်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။

“အထောက်အထားမရှိရင် အရေးယူလို့မရဘူး။ လက်ထပ်ရုံနဲ့ ဒီပုဒ်မက မမြောက်ဘူး။ မြန်မာစကားပုံမှာလို သိသာသိစေ မမြင်စေနဲ့ ဆိုသလိုပေါ့” ဟု ဦးကျော်ဟိုးက ပြောကြားသည်။

အဆိုပါဥပဒေကို လက်ရှိတွင် LGBT အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Colors Rainbow အဖွဲ့က ဦးဆောင်ကာ ဥပဒေ၏ အချို့သော ပြင်ဆင်ရမည့်အပိုင်းများကို ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

“ဥပဒေမှာ ဓမ္မတာနှင့် ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုဆိုတဲ့ စကားရပ်ကို ပယ်ဖျက်မှာပေါ့” ဟု ဦးကျော်ဟိုးက ဆိုသည်။

လက်ရှိတွင် ဥပဒေကြမ်းကော်မတီသို့ ပြင်ဆင်လိုသည့် စကားရပ်များကို ပြင်ဆင်၍ ကော်မတီသို့ ပေးပို့ရန် ပြောဆိုထားကြောင်း ဦးကျော်ဟိုးက ပြောကြားသည်။ ၎င်းသည် LGBT များကို ခြောက်လှန့်နေသည့် ပုဒ်မ ၃၇၇ ပြင်ဆင်ရေးမှာ ပါဝင်လုပ်ဆောင်နေသည့် တရားလွှတ်တော် ရှေ့နေဖြစ်သည်။

“သူလည်းလူ၊ ကိုယ်လည်း လူပဲ။ စာဝတ်နေရေးအတွက် ရုန်းကန်နေရတာပဲ။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကိုတော့ ကြည့်ရမယ်” ဟု ဦးကျော်ဟိုးက ပြောကြားသည်။

ထိုဥပဒေအပြင် တရားရုံးတွင် မှတ်ပုံတင်၍ စာချုပ်စာတမ်းဖြင့် တရားဝင်လက်ထပ်ခွင့်လည်း မြန်မာနိုင်ငံတွင် ရှိမနေသေးပေ။ ထိုအဆင့်သို့ရောက်ရန် များစွာလိုသေးသည်ဟု ဦးကျော်ဟိုးက ပြောဆိုသည်။

သမီးသုံးဦး မွေးထားသည့် အသက် ၄၀ ကျော်အရွယ် မိခင် ဒေါ်အင်ကြင်းက အမျိုးသမီးချင်း လိင်တူလက်ထပ်မှုကို လက်မခံပေ။ သမီးများ ယင်းသို့ လက်ထပ်မည်ဆိုလျှင် ခါးခါးသီးသီး ငြင်းဆန်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သဘာဝတရားကို ဆန့်ကျင်နေလို့ လက်မခံချင်ဘူး။ ယူမယ့်အဆင့်အထိဆိုရင် မကြိုက်ဘူး။ မိခင်တစ်ယောက်အနေနဲ့ ယူတဲ့အထိ လက်ခံလို့မရဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

ဒါက ကံ ကံ၏အကျိုးကြောင့် ဖြစ်လာတာပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ကံချင်းမတူဘူး။ ဆင်းရဲချမ်းသာမတူဘူး၊ ဒီလိုပဲ ယောက်ျားစစ်စစ်ဖြစ်တာ၊ မိန်းမ စစ်စစ်ဖြစ်တာမတူဘူး။ ခွဲခြားဆက်ဆံရမယ်လိုတော့ ဗုဒ္ဓဘာသာမှာ မရှိပါဘူး” ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မှ ကထိကဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒသိရီက မိန့်ကြားသည်။

မည်သို့ပင်ဆိုစေကာမူ စိတ်၏ဆောင်ရာနောက်ကို စီးမျောတတ်ကြသော လူတို့၏ သဘောသဘာဝအတိုင်း လိင်တူ၊ လိင်ကွဲ ချစ်ခင်နှစ်သက်မှုများနှင့် လိင်စိတ်ခံယူမှုကွဲပြားမှုများက လူ့အဖွဲ့အစည်းအတွင်း ဆက်လက်တည်ရှိနေဦးမည်ပင်။

ပူပူနွေးနွေး ဇနီးမောင်နှံဖြစ်သည့် မောင်ကိုအေးနှင့် မသီတာလှိုင်တို့ ဝေဖန်မှုကြားက နှစ်ကိုယ်တူဘ၀ခရီးကို လျှောက်လှမ်းကြပြီဖြစ်သည်။ ၎င်းတို့အပေါ် ဝေဖန်ကြသူများကိုလည်း မောင်ကိုအေးက အောက်ပါအတိုင်း မေတ္တာရပ်ခံသည်။

“ကရုဏာစိတ်လေး၊ မေတ္တာစိတ်လေးနဲ့ ကြည့်ကြပါ” 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *