ဘ၀ ရဟတ်များ

ဝီစီသံအကျယ်ကြီးတစ်ချက် ကြားလိုက်အပြီး ပေ ၄၀ကျော်အမြင့်ဆီသို့ လူအချို့ တစ်မုဟုတ်ချင်းတက်သွားကြကာ မကြာမီပင် အာမေဋိတ်သံများ သဲ့သဲ့ထွက်လာသည်။

ချားရဟတ်လှည့်သူများ တက်သွားသည်ကို ကြည့်နေသူအချို့ကတော့ ၎င်းတို့အတွက် စိုးရိမ်နေသယောင်။

ချားရဟတ်လှည့်သူများမှာ တစ်ချက်လွဲမှားသည်နှင့် ပြုတ်ကျနိုင်သော်လည်း ၎င်းတို့ကျွမ်းကျင်မှုကိုအသုံးချ၍ အသက်မွေးဝမ်းကျောင်းပြုနေကြသည်။

အန္တရာယ်ကို သိသော်လည်း မစိုးရိမ်တော့ဟု ဆိုသူမှာ အသက် ၃၃ နှစ်အရှယ်ရှိသည့် ရဟတ်လှည့်သူ ကိုဝင်းထွန်းဇော် ဖြစ်သည်။

ကိုဝင်းထွန်းဇော်သည် ရဟတ်လှည့်သူအဖြစ် လုပ်ကိုင်လာသည်မှာ ၁၄ နှစ်ခန့် ရှိပြီ။

“ကျွန်တော်တို့အတွက် ရိုးနေပါပြီ။ ဒီမှာလုပ်လာတာ အတော်ကြာနေပြီ။ တခြားအလုပ်လည်း မလုပ်တတ်ဘူးလေ” ဟု ၎င်းကဆိုသည်။

သီတင်းကျွတ်ကာလ ပွဲတော်များရောက်လာသဖြင့် ထိုပွဲတော်များ၏ ပြယုဂ်ဖြစ်သည့် ချားရဟတ်များကိုလည်း တစ်ပါတည်း မြင်တွေ့လာရသည်။

ရဟတ်များဟုပြောလျှင် ရဟတ်လှည့်သူများကိုလည်း ရဟတ်နှင့်အတူ မျက်လုံးထဲတွင် ပြေးမြင်မိပြန်သည်။

ထို့ကြောင့် ယခုလိုအချိန်ကာလသည် ကိုဝင်းထွန်းဇော်တို့တွေ အလုပ်များချိန်ဖြစ်သည်။

ညနေ ၆ နာရီအချိန်မှ စတင်ကာ ချားရဟတ်ကို မီးများထွန်း၍ စတင်လည်ပတ်စေပြီး ည ၉ နာရီကျော် ၁၀ နာရီခန့်အထိ ချားရဟတ်များကို လှည့်ပေးလေ့ ရှိသည်။

ဆယ်နှစ့်တွဲ ရဟတ်ဟုခေါ်သော အလွန်ကြီးမားသည့် ချားရဟတ်ကြီးများသည် အမြင့်ပေ ၄၀ ကျော်အထိ မြင့်သည်။

ရဟတ်တွဲ ၁၂ တွဲတွင် လူအပြည့် တင်ပြီးပါက ရဟတ်လှည့်ရန် စတင်တော့သည်။

ရဟတ်တွဲများ လူပြည့်သွားသည့်အချိန်တွင် ရဟတ်လှည်သူများက ချားရဟတ်တန်းများပေါ်မှတစ်ဆင့် အမြင့်ဆုံးအတွဲအထိ တက်လာကာ ချားရဟတ်လည်ပတ်နိုင်ရန်အတွက် နေရာအသီးသီးဝင်ယူလိုက်ကြသည်။

ချားရဟတ်တစ်တွဲလျှင် လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ဖြင့် ချားရဟတ်အောက်ကိုခိုကာ ရဟတ်ကို အရှိန်ရစေရန်အတွက် နေရာယူလိုက်ကြသည်။

သို့သော် ရဟတ်တွဲတိုင်းတွင် နေရာယူခြင်းမဟုတ်ဘဲ ချားရဟတ်အပေါ်ပိုင်းမှ ဆင်းမည့်အတွဲများတွင် နေရာယူခြင်းပင်။

ပြီးနောက် ရဟတ်အောက်ခြေတွင် နေသူတစ်ဦးက အချက်ပြကာ ချားရဟတ်ကို စတင်လှည့်တော့သည်။

“ဟေး … ဝါး …”

အာမေဋိတ်သံများနှင့် ပျော်၍အော်နေသည့် အသံများက ချားရဟတ်လှည့်နေစဉ်တွင် အဆက်မပြတ်ကြားနေရဆဲ။

ထိုအသံများသည် ချားရဟတ်စီးနေသူများထံမှ ထွက်ပေါ်လာခြင်းပင်။

ချားရဟတ်ပေါ်တွင် လိုက်ပါစီးနင်းသူများက ထိုကဲ့သို့အော်နေသော်လည်း ချားရဟတ်လည်ပတ်နိုင်အောင် ကြိုးစားနေသည့် လူတစ်စု၏လက်များက ချားရဟတ်တန်းများကို မြဲမြဲကိုင်လျက် တွဲလောင်းခိုကာ စီးနေသည့်ပုံစံက ဆပ်ကပ်ပြနေသည့် အလား။

မြင်ကွင်းက ရင်သပ်ရှုမောဖွယ်။

ထို့အပြင် ရဟတ်အရှိန်ရစေရန်အတွက် အပေါ်မှဆင်းလာသည့် ရဟတ်အတွဲများကို ဆွဲချကာ အရှိန်မြှင့်တင်ပေးသည့် လူသုံးဦးခန့်ကလည်း မြေပြင်တွင် ရပ်စောင့်နေသည်။

ဆင်းလာသည့် ရဟတ်တွဲများကို တစ်တွဲပြီးတစ်တွဲ ရဟတ်တွဲအောက်ခြေမှဆွဲချကာ တစ်ဖက်သို့ပြန်တက်နိုင်ရန် အရှိန်မြှင့်ပေးနေသည်။

ချားရဟတ်အတက်အကျတွင် ရဟတ်စီးနေသူများရင်ထဲ အေးကနဲ၊ စိမ့်ကနဲဖြစ်သွားသည့်အချိန်တွင် ရဟတ်လှည့်သူများက ရယ်မောလျက်ပင်။

ရဟတ်လှည့်သည့်အပတ်ပြည့်ချိန်တွင် ရဟတ်ရပ်ရန်အတွက် ခေါင်းဆောင်တစ်ဦးကအချက်ပြပြီး ဖမ်းမည့်ရဟတ်တွဲအား စောင့်ဆိုင်းနေသည်။

ထိုအချိန်တွင် စောင့်နေသည့် လူတစ်ယောက်က ရဟတ်ကို ဆွဲဖမ်းလိုက်ပြီး အခြားလုပ်ဖော်ကိုင်ဖက်များကလည်း အမြင့်သို့တက်မည့် ရဟတ်တွဲများကို ထပ်မတက်နိုင်ရန် ဆွဲချသည့်အပြင် တွဲလောင်းခိုကာ အရှိန်လိုက်ထိန်းသူများလည်းရှိသည်။

အရှိန်မြင့် လည်နေသောရဟတ်မှာ တဖြည်းဖြည်း အရှိန်နှေးလာပြီး နောက်ဆုံး ရပ်သွားလေသည်။

ချားရဟတ်လုပ်နေသူများမှာ ၎င်းတို့အသက်ကို ရင်နှီးထားရသည်အပြင် ချားရဟတ်ချို့ယွင်းချက်တစ်ခုခုဖြစ်၍ ရဟတ်စီးသူများ ပြုတ်ကျပါက ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အသက်အန္တရယ်ထိခိုက်သည်အထိ ဖြစ်ပွားခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်ကလည်း ပြင်ဦးလွင်မြို့ တန်ဆောင်တိုင်ပွဲတွင် လူပြုတ်ကျခဲ့သည့်ရဟတ်ကို လုပ်ကိုင်ခွင့်ပိတ်ခဲ့သည်။

အကြောင်းမှာ ရဟတ်လည်ပတ်ရန်အတွက် လူတင်နေစဉ် အမြင့်ခြောက်ပေခန့်ရှိသည့် တွဲခုံပြုတ်ကျခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရခဲ့၍ဖြစ်သည်။

အဆိုပါပွဲတွင် ရဟတ်နှစ်စင်းရှိပြီး တစ်စင်းတွင် လူပြုတ်ကျမှုဖြစ်ပွားခဲ့သဖြင့် ပွဲစဉ်အစမှအဆုံး ရဟတ်လုပ်ကိုင်ခွင့်ကို ပိတ်လိုက်ခြင်းဖြစ်ပြီး ကျန်ရဟတ်တစ်ခုကိုသာ ပွဲလာသူများစီးနင်းခဲ့ရသည်။

ထို့အပြင် မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားကျေးရွာ မြသိန်းတန်ဘုရားပွဲတွင်လည်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ညက ချားရဟတ်ဝင်ရိုးပြုတ်ကျပြီး စီးနင်းလိုက်ပါလာသည့် မိန်းကလေးတစ်ဦးသေဆုံးကာ ယောက်ျားလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

လူတင်ရန်ရဟတ်အား အထက်အောက်လှည့်စဉ် ချားရဟတ်ဝင်ရိုးပြုတ်ကျခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် မဆုနှင်းဝေ (ခ) ဇူးဇူး သတ္တမတန်းကျောင်းသူသည် ချားရဟတ်၏သံဒေါက်တိုင်ပိမိ၍ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်။

ဖြစ်လေ့ဖြစ်ထမရှိသော်လည်း ချားရဟတ်များ ပြုတ်ကျပါက အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်သည်။ သို့သော်လည်း ပွဲတော်များတွင် လူဖြင့်လှည့်သည့် ချားရဟတ်ကို ယနေ့အချိန်ထိ ခွင့်ပြုပေးထားဆဲပင်။

မြန်မာ့ပွဲတော်များတွင် ပျော်ရွှင်မှုတစ်ခု ဖန်တီးပေးနိုင်သည့် ချားရဟတ်များကို ပိတ်ပင်ရန်မဖြစ်နိုင်သေးသော်လည်း ချားရဟတ်လှည့်သူများနှင့် ချားရဟတ်စီးသူများ အသက်အန္တရာယ်မထိခိုက်ရေးအတွက် ချားရဟတ်ယာဉ်၏ ကြံ့ခိုင်မှုကို စစ်ဆေးသင့်ကြောင်း ထောက်ပြ သူများရှိသည်။

ချားရဟတ်များသည် အတွဲအမျိုးမျိုးရှိပြီး ၄ တွဲချားရဟတ်၊ ၆ တွဲချား ရဟတ်၊ ၁၂ တွဲ ချားရဟတ်အပြင် ယခင် က ၂၄ တွဲချားရဟတ်အထိ ရှိခဲ့သည်။

ထိုအတွဲပေါ်မူတည်၍ အသုံးပြုသည့် ချားရဟတ်လှည့်သူ ဦးရေကလည်း ကွဲပြားသည်။

ရန်ကုန်မြို့ သာကေတမြို့နယ်တွင် သီတင်းကျွတ်ကာလ ပွဲတော်ကာလအတွင်းပါဝင်ခဲ့သော ချားရဟတ်မှာမူ တွဲ ၁၂ တွဲပါဝင်ပြီး လှည့်ရန် လူရှစ်ယောက်ဝန်းကျင်သာ တာဝန်ယူထားသည်။

ချားရဟတ်လှည့်သူအများစုမှာ အသက် ၂၀ နှင့် ၃၀ ဝန်းကျင့်ခန့်သာ ရှိသည်။

ဆယ်နှစ်တွဲရဟတ်ကြီးတွင် လူ ၁၅ ယောက်ခန့်လှည့်ရန် လိုအပ်ကြောင်း ရဟတ်လှည့်သူကိုထွန်းမင်းက ပြောပြသည်။

တချို့ရဟတ်လှည့်နေသူများတွင် အသက် ၂၀ မပြည့်သေးသူ လူငယ်များလည်း ပါဝင်နေသည်။

ကိုဝင်းထွန်းဇော်ပင်လျှင် အသက် ၂၀ မပြည့်ခင်ကတည်းက ရဟတ်လှည့်သူအဖြစ် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

“အစကတော့ ဒီအတိုင်းပဲ လူငယ်ဆိုတော့ ဟိုခိုဒီခို လျှောက်လုပ်တာပေါ့။ နောက်ပိုင်း အသက်အရွယ်ရလာတော့ အဲလိုခိုတဲ့ကလေးတွေကို ပြန်ထိန်းနေရတယ်” ဟု ကိုဝင်းထွန်ဇော်က အတိတ်ကို သတိရဟန်ဖြင့် ချားရဟတ်ကိုငေးကာ ပြန်ပြောပြနေသည်။

သို့သော်လည်း ဘ၀ရပ်တည်ရေးအတွက် ချားရဟတ်လှည့်သည့်အလုပ်တစ်ခုတည်းနှင့် သူရပ်တည်၍မရပေ။ ပွဲတော်ကာလများ ပြီးဆုံး၍ ရဟတ်များ ရပ်နားချိန်တွင် ပန်းရန်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ရပြန်သည်။

“ကျွန်တော်တို့က တန်ခူးလပြီးတာနဲ့ ရန်ကုန်မှာနေတဲ့သူတွေဆို ကြုံရာအလုပ် ဝင်လုပ်ရတယ်။ အလုပ်မရရင်တော့ ငတ်မှာပေါ့။ ကျွန်တော်ဆို ပန်းရန်အကူဝင်လုပ်တယ်။ အဲဒီအလုပ်မရရင်လည်း ရတဲ့အလုပ်လိုက်လုပ်ရတာပဲ” ဟု ၎င်းက ဆိုသည်။

ရဟတ်လှည့်သူများအဖို့ အလုပ်တစ်ခုရရန်အတွက် လွယ်ကူသည်တော့ မဟုတ်ပေ။ ပွဲတော်များမပြီးခင်ကတည်းက အခြားအလုပ်ကို ကြိုတင်ရှာထားကြရသည်။

သို့သော်လည်း ပင်ပန်းခက်ခဲစွာ ရပ်တည်ကြရသည်။

ပန်းရန် သွားရောက်လုပ်ကိုင်ပါက နေ့စား ၅၀၀၀ သာရရှိပြီး စားစရိတ်၊ နေစရိတ်များလည်း ရှိသေးကြောင်း ရဟတ်လှည့်သူအချို့က ဆိုသည်။

“ဒီမှာကျတော့ နေစရိတ်စားစရိတ်ကလည်းအပြီး၊ ညကြေးကလည်းရတယ်။ အဲဒီတော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့” ဟု ချားရဟတ်လှည့်သည့်လုပ်ငန်းအပေါ် ကိုထွန်းမင်းက ပြောသည်။

အသက် ၂၄ နှစ်အရွယ်ရှိသည့် ကိုထွန်းမင်းသည် ဧရာဝတီတိုင်းမှ ရန်ကုန်သို့ ကြုံရာအလုပ်လာလုပ်ရင်း ရဟတ်လှည့်သည့်အလုပ်ကို လုပ်ကိုင်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်သည်။

ပွဲတော်ကာလသို့ရောက်လျှင် ရဟတ်ပိုင်ရှင်များက ၎င်းတို့ကိုပြန်ခေါ်ကာ အလုပ်ပေးပြီး နေ့စရိတ် စားစရိတ်အပြင် တစ်လကို ငွေကျပ် ခုနစ်သောင်းပေးသည်။

လစာအပြင် ရဟတ်စီးသူများလျှင် ပိုင်ရှင်က မုန့်ဖိုး (ညကြေး) အဖြစ် သုံးထောင်မှ ငါးထောင်အထိပေးကြောင်း ကိုဝင်းထွန်းဇော်က ဆိုသည်။

ချားရဟတ်စီးခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၅၀၀ ကောက်ပြီး တချို့မှာ ငွေကျပ် ၈၀၀၊ ၁၀၀၀ စသည်ဖြင့် နေရာဒေသ ပွဲတော်အကြီးအသေးအလိုက် ကောက်ယူမှုများ ရှိသည်။

ချားရဟတ်လုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ပွဲတော်ကာလများဖြစ်သည့် သီတင်းကျွတ်လမှ တန်ခူးလအထိသာ လခစားအဖြစ် လုပ်ကိုင်ရကြောင်း ကိုဝင်းထွန်းဇော်က ပြောပြသည်။

တစ်နှစ်တွင် ခုနစ်လခန့် ချားရဟတ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ကျန်လေးလအတွက် အလုပ်သစ်ကို ရှာကြရသည်။

“ပွဲတော်ရာသီပြီးရင်တော့ ကျွန်တော် ဒီမှာ ရရာအလုပ်ဝင်လုပ်တယ်။ ရွာပြန်ရင်လည်း ဘာမှလုပ်စရာမရှိဘူး။ လယ်ပဲလုပ်ရတာ။ ဒီနှစ်လည်း ပြန်ဖြစ်မယ်မထင်ပါဘူး” ဟု ကိုထွန်းမင်းက ပြောသည်။

ကိုထွန်မင်းသည် ပြီးခဲ့သည့်နှစ်ကတည်းက ရွာမပြန်ဘဲ ရန်ကုန်တွင် ပန်းရန်အကူအဖြစ် လုပ်ကိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကိုထွန်းမင်းသည် နောက်နှစ်ပွဲတော်ကာလတွင်လည်း ရဟတ်လှည့်သူအဖြစ် လုပ်ကိုင်ဦးမည်ပင်။

မကြာမီကာလအတွင်း တန်ဆောင်တိုင်ပွဲတော်ကြီး ရောက်လာတော့မည်။ ပွဲတော်ပေါသော မြန်မာနိုင်ငံတွင် ချားရဟတ်များကို မြင်တွေ့နေရဦးမည်လည်း ဖြစ်သည်။ ထိုအချိန်ကို ကိုထွန်းမင်း မျှော်နေသည်။ 

 

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *