ဆည်ရေသောက်တဲ့ ရွာကလေး

(၁)

ဝါခေါင်လပြည့်နေ့ကစပြီး မိုးတွေ ရွာချလိုက်တာ သည်းသည်းမည်းမည်း လဆုတ် ၂ ရက်နေ့ကျတော့ ပိုပြီးတောင်သည်းလာသေး။ လေကလည်း ထန်မှထန်။ ကိုစံညှက်တစ်ယောက် တဲအိမ်ပြင်ဘက်တောင် မထွက်ရဲ။ ယာခင်းထဲမရောက်တာ သုံးလေးရက်ကြာပြီ။ ဒီညတစ်ညလုံးလည်း ရွာလိုက်တဲ့မိုး။ မိုးအေးအေးနဲ့ အိပ်လို့တော့ ကောင်းသားပဲ။ အရုဏ်တက် ကလတက်ခေါက်သံကြားမှ နိုးလာတယ်။ ကလတက်သံက ပထမတစ်ချက်ချင်း ခပ်နှေးနှေး။ တဖြည်းဖြည်း ရိုက်ချက်သွက်လာပြီး နောက်ပိုင်းတော့ ဆက်တိုက်လိုလိုဖြစ်သွားရော။ ပြီးတော့ တစ်ချက်ချင်း၊ တစ်ချက်ချင်း။ အရုဏ်ကျင်းတော့မယ့် အချက်ပြဂီတသံ။ ရွာသူရွာသားတွေကို အိပ်ယာကနှိုးတဲ့အသံ။ ဆွမ်းချက်ဖို့၊ လုပ်ငန်းခွင်ဝင်ဖို့၊ တစ်နေ့တာအတွက် အသင့်ပြင်ဆင်ကြဖို့ နှိုးဆော်တဲ့အသံ။ ကလတက်သံချိုလွင်လွင်ကို နားဆင်ရင်း ကိုစံညှက်အိပ်ယာထဲမှာ ခဏနှပ်လိုက်သေး။ သူ့ဘေးမှာ လေးနှစ်အရွယ်သားကလေး။ ကလေးရဲ့တစ်ဖက်မှာ ကိုစံညှက်ရဲ့ ဇနီးမယား မထွားကိုယ်ဝန်ကြီးကားကားနဲ့ အိပ်ပျော်နေလေရဲ့။

မကြာလှပါဘူး။ ရွာမြောက်ဘက်က တော်လည်းသလိုအသံကြီး ကြားလိုက်ရပြီး တဲအိမ်ကြမ်းပြင်သိမ့်ခနဲဖြစ်သွားရဲ့။ တစ်ချိန်တည်းမှာပဲ ဆည်ဘက်က ကျီးအုပ်တွေ၊ ဆက်ရက်ငှက်အုပ်ကြီးတွေ ပြိုဆင်းလာပြီး ရွာအပေါ်က ဖြတ်ပျံပြေးကြပါလေရော။ ဘာတွေများဖြစ်နေပါလိမ့်ဆိုပြီး ကိုစံညှက်အိပ်ယာထဲက ခုန်ထွက်လိုက်တယ်။ တဲအိမ်ရှေ့ ဝါးတံခါးကို ဆွဲဖွင့်မယ်လို့ လက်ကပြင်လိုက်ရုံရှိသေး ဖြောင်းခနဲ တံခါးရွက်ပြုတ်ထွက်သွားပြီး ဘယ်ကနေ ဘယ်ကရောက်လာမှန်းမသိတဲ့ ဧရာမရေလုံးကြီးက ဝုန်းခနဲ သူ့ကိုခုန်အုပ်လိုက်တော့တာပဲဗျို့။ သူ ပက်လက်လန်ကျသွားရှာတယ်။ ပြီးတော့ ရေလုံးကြီးထဲ တလိမ့်ကောက်ကွေးမျောပါသွားပြီး ပွင့်ထွက်သွားတဲ့ ခြေရင်းဘက်ဝါးထရံကနေ အိမ်အပြင်ကို ရောက်သွားပါရော။ မြန်လိုက်တာဗျာ။ သူ့ကလေးနဲ့ ဇနီးတို့ရဲ့ စူးစူးဝါးဝါး အော်သံငိုသံတွေ ကြားလိုက်ရပြီး တိတ်သွားကြရော။ ကိုစံညှက်ရေလုံးထဲမှာ ဗလုံးဗထွေးဖြစ်နေရင်းက အတင်းအားယူပြီး လှမ်းကြည့်လိုက်တော့ ဘာမြင်ရတယ်ထင်သလဲ။ အရုဏ်ဦးရဲ့ မှုန်ဝါးဝါးအလင်းရောင်အောက်မှာ ယက်ကန် ယက်ကန် လှုပ်ယမ်းနေတဲ့ လက်ဖဝါး ဖြူဖြူဖွေးဖွေး သေးသေးလေးနှစ်ဖက်။ ပြီးတော့ ချက်ချင်းပျောက်ကွယ်သွားပါရော။

အလုံးလိုက်အလိပ်လိုက် အမြှုပ်တစီစီနဲ့ ဒေါသကြီးလှတဲ့ ရေစီးကြောင်းကြီးဟာ ရွာလယ်လမ်းအတိုင်း ဒလဟော တိုးဝင်သွားလေရဲ့။ ရေစီးကြောင်းကြီးနဲ့ အတူပါလာတဲ့ သစ်ကိုင်း၊ သစ်လုံးတွေနဲ့ သစ်မြစ်ဆုံကြီးတွေက အိမ်တွေ၊ စပါးကျီတွေ၊ တင်းကုပ်တွေ၊ သစ်ပင်တွေကို ဒလကြမ်း ထိုးနှက်ရိုက်ပုတ် တွန်းဖြိုကြတော့တာပဲ။ ရွာထဲက ကြောက်လန့်တကြားအော်သံ၊ အဖေရေ၊ အမေရေ အော်ခေါ်သံ၊ အော်ဟစ်ငိုကြွေးသံတွေ၊ ကျွဲနွားအော်သံတွေ၊ ရိုက်သံ ထောင်းသံ၊ ပြိုလဲသံတွေ ဘဝဂ်ညံနေရဲ့။ ရွာသူရွာသားတချို့ အသက်လုပြီး ဘုန်းကြီးကျောင်းကုန်းစောင်းပေါ် ပြေးတက်သွားကြတယ်။ ကလေးကို ပခုံးပေါ်မှာထမ်းလို့၊ သက်ကြီးရွယ်အိုတွေကို ပွေ့ချီလို့။ ပစ္စည်းဥစ္စာတွေတော့ ဘာမှသယ်မလာနိုင်ကြရှာ။ ခဏကြာတော့ အလင်းရောင်ပိုရလာလို့ မြင်ကွင်းသဲကွဲလာတယ်။ ရေတွေက နောက်ကျိကျိ။ ပြီးတော့ ရွှံ့နှစ်ရောင်ပေါက်လာတယ်။ ကြည့်နေတုန်းမှာပဲ ဆည်ထိပ်က တဗြုန်းဗြုန်း တဝုန်းဝုန်းအသံကြီးတွေကြားလိုက်ရပြီး မြေကြီးလည်းတုန်သွားရဲ့။ ရွာဘက်ကို ရွှံ့နှစ်တွေနဲ့အတူ ဧရာမမြေစိုင်ခဲတုံးကြီးတွေ ပြိုဆင်းလာပါကလား။ မြန်လိုက်တာ။ အိမ်တွေထဲမှာ လူတချို့ထွက်ပြေးဖို့ပြင်နေတုန်းရှိသေးတယ်။ ရွှံ့နစ်ပြင်ကြီးထဲမှာ လက်ချောင်းတွေပေါ်လာပြီး မြုပ်သွားရော။ ခေါင်းတွေပေါ်လာပြီး မြုပ်သွားကြပြန်ရော။ တချို့ နွံတွေထဲမှာ ရုန်းကာကန်ကာ လျှောက်လှမ်းရင်း ခြေပန်းလက်ပန်းကျပြီးလဲ။ လဲသူကို တွဲထူသူလည်း ယိုင်လဲကျပေါ့။ ကျွဲ၊ နွား၊ ကြက်၊ ဝက် တိရစ္ဆာန်မြုပ်တဲ့ အကောင်တွေ၊ ပေါ်တဲ့အကောင်တွေ၊ ကူးခတ်နေတဲ့အကောင်တွေလည်း အများကြီးပဲ။ ရွာရှေ့က ချောင်းကလေးဘက် လှမ်းကြည့်လိုက်တော့ ချောင်းထဲမှာ ဧရာမရေလှိုင်းလုံးကြီးတွေ၊ ရေဂယက်ကြီးတွေ၊ ရေဝဲကြီးတွေ ဗလောင်ဆူပြီး ပင်လယ်ဝေနေပါကလား။ လှိုင်းဂယက်တွေနဲ့ ပွက်ပွက်ထနေတဲ့ ရေထုကြီးဟာ ကမ်းနားကသစ်ပင်တွေ ကမ်းပါးပြတ်တွေကို ဆွဲနုတ်တွန်းဖြိုချပြီး ချောင်းအောက်ဘက်မှာ အိပ်မောကျနေတဲ့ ရွာကလေးတွေဆီ ဒလကြမ်းပြေးဆင်းသွားပါလေရော။ ပြောနေရင်းမှာပဲ ဧရာမ မကောင်းဆိုးဝါးကောင်ကြီးတွေလို လှိုင်းလုံးညိုညိုကြီးသုံးလုံး တဝုန်းဝုန်းပြေးဆင်းလာပြီး အငြှိုးတကြီး ခုန်အုပ်လိုက်ကြတာ တစ်ရွာလုံး စုံးစုံးမြုပ် ငုပ်တောင်မပေါ်တော့။

(၂)

ရွာကလေးနာမည်က ‘လက်ပံစု’ တဲ့။ လက်ပံပင်ကြီးတွေ စုစုဝေးဝေးပေါက်နေတဲ့ နေရာကလေးကို အစွဲပြုပြီး မှည့်ခေါ်ထားလေသလား။ အခုတော့ အနီးအနားမှာ လက်ပံပင်တစ်ပင်မှ မတွေ့ရ။ အိမ်ခြေက သုံးဆယ်ပင်မပြည့်လောက်။ ရွာဦးကုန်းစောင်းမှာ ဘုန်းကြီးကျောင်းကလေးရှိရဲ့။ ကျောင်းလို့သာဆိုရတယ် တကယ်က တဲအိမ်သာသာပါ။ ဘုန်းဘုန်း ဦးနန္ဒတစ်ပါးတည်း ကပ္ပိယတစ်ဦးနဲ့အတူ သီတင်းသုံးနေတော်မူတယ်။ ကျောင်းမှာ ရှေးဟောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတုတော်တစ်ဆူ၊ ကြေးစည်တစ်ခု၊ သပိတ်တစ်လုံး၊ ယပ်တစ်ချောင်း၊ ဆွမ်းအုပ်တစ်အုပ်။ ဒါပဲရှိတယ်။ ဒီကျောင်းကလေးကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်ကြီး ပျံလွန်တော်မူသွားတာ နှစ်နည်းနည်းကြာပြီ။ ဆရာတော်ကြီးရဲ့ အရိုးအိုးကို မြောက်ဘက်ကရွာသချုင်္ိင်းမှာ အုတ်ဂူသွင်းထားကြရဲ့။

ရွာမှာ စာသင်ကျောင်းမရှိ၊ စာဖတ်တတ်သူမရှိ၊ သူကြီးလည်းမရှိ။ ဥယျာဉ်ပြင်၊ ဝါးနက်ကုန်း၊ သရက်မြောင်၊ ရွာသူရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်းက တောင်ယာလုပ်တယ်၊ လျှိုမြောင်တွေကြားထဲက လယ်ကွက်သေးသေးကလေးတွေမှာ စပါးစိုက်တယ်၊ ချောင်းစပ်က သဲသောင်တွေအပေါ်မှာ ရာသီအလိုက် ငရုတ်၊ မြေပဲနဲ့ ဟင်းသီးဟင်းရွက်အပင်ကလေးတွေ စိုက်ကြရဲ့။ ဝမ်းစာအတွက်လောက်ပဲ စိုက်ကြတာ။ ပိုမစိုက်ဘူး။ ပိုစိုက်လို့ ပိုထွက်ရင် ဘယ်သွားရောင်းရမှန်းမသိ။ ပိုက်ဆံကို သူတို့မလိုချင်။ သူတို့ မှ မသုံးစွဲတာ။ ဒီမှာ ငရုတ်သီးက သူတို့ ပိုက်ဆံ။ ငရုတ်သီးနဲ့ စပါးနဲ့လဲလို့ရတယ်၊ ဆားနဲ့လဲလို့ရတယ်၊ ငါးပိ ငါးခြောက် သား၊ ငါး၊ အဝတ်အထည်ကအစ အကုန် လဲလှယ်လို့ရတာပဲ။ ကုန်ကုန်ပြောမယ် ငရုတ်သီးတောင်းထမ်းပြီး မိန်းမတင်တောင်းလို့တောင် ရသဗျ။

‘လက်ပံစု’ ရွာရဲ့ အရှေ့ဘက်မှာ အလွန်လှပတဲ့ ချောင်းကလေးစီးဆင်းနေတယ်။ ‘မယ်ညိုချောင်း’ တဲ့။ ‘မယ်ညို’ ဆိုတဲ့ ရေပျော်ငှက်တွေ မြူးတဲ့ချောင်းကလေးထင်ပါ့။ ရခိုင်ရိုးမ အနောက်ဘက်တောင်စောင်းမှာ ချောင်းဖျားခံပြီး ‘ပတတ်မြောင်’ အတိုင်း စီးဆင်းလာတာ။ အဲဒီမြောင်ကြီးရဲ့ ထိပ်ဝ မယ်ညိုချောင်းကမ်းပါးပေါ်မှာ လက်ပံစုရွာ။ ရွာသူရွာသားတွေက ဒီချောင်းကလေးကို မှီခိုနေရတာ။ ဝမ်းစာအတွက် ငါးဖမ်းတယ်။ မိုးကုန်တာနဲ့ ချောင်းရေကြည်ကြည်ကို သောက်သုံးကြတယ်။ သစ်တွေ ဝါးတွေ မျှောချတယ်။ ဝါးဖောင်ကလေးတွေစီးပြီး အောက်ဘက်ကရွာတွေ ဆီသွားကြတာ။ ဒီအရပ်မှာ လှည်းမရှိ၊ လှည်းလမ်းလည်းမရှိ။ ပတတ်မြောင်အကြောင်းလည်း နည်းနည်းပြောရဦးမယ်။ မြောင်ရဲ့ထိပ်ဝက ခပ်ကျဉ်းကျဉ်းရယ်။ အတွင်းမှာတော့ အကျယ်ကြီး။ ရှည်လည်း ရှည်တယ်။ သစ်ကြီးဝါးကြီးတွေပေါတဲ့ နေရာပေါ့။ အခြားနေရာတွေနဲ့မတူ တမူထူးခြားတာက ပတတ်မြောင်ထဲမှာ ကျွန်းပင်ကြီးတွေ အပြိုင်းအရိုင်းပေါက်နေကြတာ အများကြီးပဲ။ ဖြောင့်ဖြောင့်စင်းစင်း မြင့်မြင့်မားမား လုံးပတ်ထွားထွားကြီးတွေ။ ဒါ့အပြင် ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း၊ နှော၊ ယမနေ၊ သင်္ကန်း စတဲ့ အဖိုးတန်သစ် မျိုးကောင်းတွေလည်း ပေါက်နေကြရဲ့။ ဝါးပိုး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးဖယောင်း၊ ခရင်းဝါး စတဲ့ ဝါးတောကြီးတွေ၊ ရမထာ ကြိမ်၊ ခပေါင်းကြိမ်၊ ကြက်ဥကြိမ်၊ ရေကြိမ်၊ ကြိမ်နီတောကြီးတွေလည်း တိုးမပေါက် အောင်ပဲ။ မြောင်ထဲမှာ ရာသီအလိုက် သီးကြမှည့်ကြတဲ့ စားစရာအသီးအနှံတွေ ကလည်း မျိုးစုံ၊ သပြေ၊ ကတွတ်၊ မျောက် လုပ်၊ သစ်တို၊ တယ်သီး၊ လွန်သီး၊ ကြိမ်သီး စားမငြီးနိုင်အောင်ပါပဲ။ မြောင်တစ်ကြောမှာ ကျေးငှက်သာရကာတွေက သောသော ညံနေကြရဲ့။ ချေ၊ ဆတ်၊ သမင်၊ ဒရယ်၊ တောဝက်၊ တောကြက်တွေကလည်း ပေါမှပေါ။ ရွာသူရွာသားတွေက ဒီသုံးစရာ၊ စားစရာတွေကို မှီခိုနေကြရတာ။ ပတတ်မြောင်နဲ့ မယ်ညိုချောင်းသာရှိနေရင် ဘယ်တော့မှ ထမင်းမငတ်နိုင်ဘူးလို့ လက်ပံစုရွာသားတွေ ကြွားလုံးထုတ်ကြသေး။ ထူးခြားတာတစ်ခုက နှစ်ပေါင်းများစွာကာလအတွင်းမှာ လက်ပံစုရွာရဲ့ လူဦးရေဟာ သိသိသာသာ တိုးမလာသလို လျော့လည်းမသွားသလောက်ပဲ။ ရွာသားတွေ ပိုပြီးချမ်းသာမလာကြဘူး။ ဆင်းရဲလည်း မသွားကြဘူး။ ကျန်းမာသက်ရှည်ကြတာတော့ အမှန်။ ရွာသားတွေရယ်၊ ဒီရွာကလေးရယ်၊ ဒီချောင်းကလေးရယ်၊ တောတောင်လျှိုမြောင် စိမ့်စမ်းတွေရယ်ဟာ သဟဇာတဖြစ်ပြီး တစ်စုံတစ်ရာ ‘မျှခြေ’ မှာများ ရှိနေကြရော့သလား။

(၃)

တန်ဆောင်မုန်း လဆန်းရက် တစ်ရက်ပေါ့။ လက်ပံစုရွာက ဘုန်းဘုန်းဦးနန္ဒ နေ့ဆွမ်းဘုဉ်းပေးပြီးစအချိန်။ ရွာမြောက်ဘက်က ခွေးတွေဟောင်လိုက်ကြတာ ညံနေတာပဲ။ အကြာကြီး။ ခဏနေတော့ သူကြီးနဲ့အတူ ဧည့်သည်ငါးဦး ဘုန်းကြီးကျောင်းထဲကိုဝင်လာကြတယ်။ နှစ်ဦးက မြန်မာ။ ကျန်လူသုံးဦးက အသားအရေဖြူစုတ်စုတ်။ ထုံးသုတ်ထားတဲ့ အရုပ်ကြီးတွေ ကျနေတာပဲ။ ဘာလူမျိုးလည်းမသိ။ သူတို့က ဘုန်းဘုန်းတစ်ခါမှ မမြင်ဖူးတဲ့ မုန့်တွေဆက်ကပ်ကြရဲ့။ ဘုန်းဘုန်းက ချက်ချင်းပဲ မြတ်စွာဘုရားထံ ဆက်ကပ်တော်မူလိုက်တယ်။ သူကြီးက မြန်မာနှစ်ဦးဟာ အစိုးရအရာရှိကြီးတွေဖြစ်တဲ့အကြောင်း၊ ဘုန်းဘုန်းကိုလျှောက်ထားစရာရှိလို့ လာကြကြောင်း စကားစပျိုးပေးတယ်။ အရာရှိကြီးဆိုသူနှစ်ဦးက သူတို့အဖွဲ့ ဒီရွာကိုရောက်အောင် ဘယ်ပုံဘယ်နည်း ဘယ်လောက်အပင်ပန်းခံပြီး လာခဲ့ရတဲ့အကြောင်း အစချီပြီး လျှောက်တင်လိုက်ကြတာ အရှည်ကြီး။ တိုတိုပြောရရင် ဒီလက်ပံစုရွာနဲ့ အနီးနားကရွာတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ကာ မယ်ညိုချောင်းကို ပတတ်မြောင်ထိပ်ဝကနေပိတ်ပြီး ဆည်တစ်ခုတည်ဆောက်ဖို့ အစိုးရမှာ အစီအစဉ်ရှိတယ်တဲ့။ ဆည်ရေနဲ့ စပါး တစ်နှစ်မှာ နှစ်သီးသုံးသီး စိုက်နိုင်မယ်၊ အခြားစိုက်ခင်းတွေလည်း ရာသီမရွေး စိုက်နိုင်မယ်၊ ဆည်ထဲမှာ ငါးဖမ်းနိုင်မယ်၊ ဆည်ရေကို သောက်သုံးနိုင်မယ်၊ ရွာသူ ရွာသားတွေ ကျန်းမာပြီး ချမ်းသာကြွယ်ဝလာကြမယ်တဲ့။ ဆည်ကို အခုပါလာတဲ့ နိုင်ငံခြားသားပုဂ္ဂိုလ်ကြီးတွေရဲ့ ကုမ္ပဏီကြီးက စနစ်တကျ တည်ဆောက်ပေးမှာတဲ့။ ဘုန်းဘုန်းအတွက် စေတနာနဲ့ ကျောင်းအသစ်ဆောက်လှူမတဲ့။ တစ်ယောက်တစ်လှည့်စီ လျှောက်တင်လိုက်ကြတာ ဘုန်းဘုန်းမှာ ပါးစပ်အဟောင်းသား။

ဘုန်းဘုန်းက ပြန်မိန့်ပါတယ်။ ချောင်းရိုးမြောင်းရိုးဆိုတာ မပိတ်ဆို့ကောင်းဘူး။ ရေစီးရေလာကို မတားဆီးကောင်းဘူး။ ရေနေသတ္တဝါတွေရဲ့ စုံဆန်ကူးလူးဆက်ဆံနေမှုကို မဖြတ်တောက်ကောင်းဘူး။ ရွာကလည်း ဒီချောင်းကလေးကိုမှီခိုပြီး ဝမ်းစာရှာသွားလာနေရတာ။ ပြီးတော့ ဆည်ရေမြင့်တက်လာရင် ချောင်းအထက်ပိုင်းမှာရှိကြတဲ့ မြေနေတွင်းအောင်းသတ္တဝါတွေ အနန္တရေနစ်မြုပ်ပြီး သေကြေကြရမယ်။ ချောင်းအောက်ပိုင်းမှာလည်း ရေနည်းသွားလို့ ရေနေသတ္တဝါတွေ သေကြေပျက်စီးကြရမယ်။ ချောင်းရင်း ချောင်းဖျား အကုသိုလ်များတဲ့အလုပ်ကို မလုပ်သင့်ဘူး။ ချောင်းစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်တွေကလည်း ကြိုက်မှာမဟုတ်ဘူးပေါ့။ ပြီးတော့ ဘုန်းဘုန်းအလေးအနက်ထား မိန့်ကြားတာက ဆည်တည်ဆောက်လိုက်ရင် ရွာသုဿာန်ရေအောက်ကို ရောက်သွားမယ်။ အထူးသဖြင့် ဒီကျောင်းကို စတင်ထူထောင်ခဲ့တဲ့ မူလပထမဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်အုတ်ဂူ ရေနစ်မြုပ်သွားအောင် မလုပ်ကောင်း မလုပ်အပ်ဘူးပေါ့။ မျက်နှာပျက်ပျက်နဲ့ အသေးစိတ်မိန့်တော်မူလိုက်ရဲ့။

အစိုးရအရာရှိကြီးများက တစ်ပြားသားမျှမလျှော့။ သူကြီးကလည်း သူတို့ဖက် ခပ်ပါပါ။ နိုင်ငံခြားကလာတဲ့ ကျေးဇူးရှင်ကြီးသုံးပါးကတော့ စကားမဆို မတုန်မလှုပ် ငုတ်တုတ်ပေါ့။ နောက်တုံးတော့ ဘုန်းဘုန်းက ဒီချောင်းကို သူမပိုင်၊ ရွာသူရွာသားတွေရဲ့ သဘောထားလိုတယ်လို့ အပြတ်မိန့်လိုက်တာပေါ့။ ပြီးတော့ ကပ္ပိယကြီးကိုစေလွှတ်ပြီး ရွာသူရွာသားတွေကို ခေါ်ခိုင်းလိုက်ရဲ့။ လူငယ်၊ လူရွယ်၊ လူလတ်၊ သက်ကြီးရွယ်အိုမကျန် ယောက်ျား၊ မိန်းမတွေ တစ်အုပ်တစ်မကြီး သားတွဲလဲ၊ မြေးတွဲလဲတွေနဲ့ ဘုန်းကြီးကျောင်းကို ပျာယီးပျာယာ ရောက်ချလာကြတာပေါ့။ ရွာလုံးကျွတ်။ တိုတိုပြောရရင် ရွာသူရွာသားတွေရဲ့ သဘောထားက ဘုန်းဘုန်းဆန္ဒနဲ့ တစ်ထပ်တည်း။ ညှိလို့မရ။ အခြေမဟန်လှတော့ ရွှေဧည့်သည်တွေ ပြန်ကြပေါ့။

(၄)

‘ဆည်’ ဆိုတာ ဘယ်မှာမှန်းမသိ သေး။ ပတတ်မြောင်တစ်ကြောက ပေါသမျှ သစ်တွေ၊ ဝါးတွေ၊ ကြိမ်တွေ အကုန်ခုတ် ထုတ် ငုတ်တောင်မချန်ဘူးဗျို့။ ‘အပြောင်ရှင်း’ တဲ့။ ဆည်မဆောက်ခင် ဒီလိုပြောင်အောင် ကုန်အောင်ရှင်းရသတဲ့။ ပတတ်မြောင်ကို အပြောင်ရှင်းတာတော့ ဟုတ်ပါပြီ။ ဘေးတစ်ဖက်တစ်ချက်က ‘ဆတ်လည်မျှော်’၊ ‘ဂုံမင်းချောင်’၊ ‘သုံးပင်ဆိုင်’ ဆိုတဲ့ လျှိုကြီးတွေနဲ့ ‘ခမောင်းတုံး’၊
‘ကသစ်ကုန်း’၊ ‘ဇင်ပြွန်ကုန်း’၊ ‘ကျားကိုက်’ ဆိုတဲ့ ဆင်ခြေလျှောတွေက သစ်တွေ၊ ဝါးတွေ၊ ကြိမ်တွေကို အပြောင်ရှင်းသွားကြတာတော့ သဘောမပေါက်ဘူးဗျို့။ အဲဒီသစ်တောထွက်ပစ္စည်းတွေကို ခုတ်တာ ထုတ်တာက ငါးနှစ်လောက်ကြာရဲ့။ ဘယ်လောက်များသလဲ ခန့်မှန်းသာ ကြည့်ပေတော့။ အဲဒါတွေကို မယ်ညိုချောင်းတစ်ကြော ဒလဟောမျှောချပြီး သယ်ယူကြတာကိုး။ သစ်လုံးတွေ၊ ဝါးဖောင်တွေ ဝင်အောင်းလို့ ကမ်းပါးစောင်းတွေပြိုကျ၊ ဖောင်ကြိုးပတ်လို့ ကမ်းစပ်က သစ်ပင်ကြီးတွေ ယိုင်တာယိုင် မခိုင်တဲ့အပင်လဲပေါ့။ သောင်စပ်မှာလည်း သစ်ကိုင်း၊ သစ်တုံး၊ ဝါးလုံးအတိုအစတွေပရဗွနဲ့ ချောင်းကပျက်သွားပြီ။ ဝမ်းစာအတွက်ဖမ်းရတဲ့ ကဏန်း၊ ပုစွန်၊ ငါးတွေ အလွန် ရှားပါးသွားပြီပဲ။

‘ပတတ်မြောင်ဆည်’ ကို စတည်တာ မြန်မာသက္ကရာဇ် ၁၃၆၁ ခုနှစ်၊ ကောင်းကောင်းမှတ်မိတာပေါ့။ အဲဒီနှစ်မှာပဲ ဘုန်းဘုန်းဦးနန္ဒ ပျံလွန်တော်မူတာလေ။ ရွာကလူကြီးတွေက နိမိတ်မကောင်းဘူးတဲ့။ မူလပထမ ဆရာတော်ဘုရားကြီးရဲ့ အုတ်ဂူလည်း ရေအောက်ရောက်သွားပြီကိုး။ ဆည်တည်ဆောက်ပြီးတဲ့နောက် ကုမ္ပဏီကလူတွေလာပြီး စိုက်ခင်းတွေ တည်ထောင်ကြသေးရဲ့။ သိပ်မဖြစ်မြောက်ဘူးထင်ပါတယ်။ လေး၊ ငါးနှစ်လောက်အကြာမှာ လုပ်ငန်းတွေရပ်သွားပါရောလား။ ဆည်ကို ဒီအတိုင်းပစ်ထားခဲ့ကြတယ်လေ။ ဆည်အောက်ဘက်ကရွာတွေမှာ ချောင်းရေမလုံလောက်ကြဘူး။ နွေဘက်မှာ ငါးတွေသေ၊ နွားရေတိုက်ဖို့တောင် အခက်အခဲရှိကြရဲ့။ တချို့ရွာတွေ ပျက်ကုန်ပြီ။ လက်ပံစုရွာကတော့ ဆည်အောက်ဘက်မှာ ကပ်နေသမို့ ဆည်ရေနဲ့ ယာခင်း၊ ကိုင်းခင်းကလေးတွေ စိုက်ပျိုးကြရဲ့။ ပိုးတွေကျတယ်။ ဘာပိုးတွေလဲ မသိဘူး။ အရင်က တစ်ခါမျှ မမြင်ဖူးဘူး။ သီးနှံတွေ သိပ်မအောင်မြင်။ မိုးအခါမှာ စပါးစိုက်ပြန်တော့လည်း အပင်တွေ သိပ်မသန်စွမ်းလို့ စပါးထွက်နှုန်းကကျ၊ ဟိုအရင်တုန်းကလို နှစ်စဉ် ချောင်းရေမလျှံတော့လို့ မြေဆီခန်းလာတယ်ပြောကြရဲ့။သိသာထင်ရှားလာတာက ဆည်တည်ဆောက်ပြီးနောက်ပိုင်း မိုးခေါင်လာတယ်။ ရွာပြန်တော့ သည်းသည်းမဲမဲ။ လေထန်လာတယ်။ ရွာကလူကြီး သူမတွေပြောတာက ပတ်ဝန်းကျင်က သစ်ပင်သစ်တောတွေ ပြောင်စင်သွားလို့ ဖြစ်ရတာတဲ့။ ပြီးတော့ ရွာသူရွာသားတွေ အမြဲပဲညည်းညူနေကြတာတစ်ခုရှိရဲ့။ နေဝင်တာနဲ့ ခြင်မည်းအုပ်ကြီးတွေ ရွာထဲဝင်လာကြပြီး ကိုက်ကြဖဲ့ကြနဲ့ အိပ်လို့မရဘူးတဲ့။ ခြင်ဖုတွေက ယားနာဖြစ် တဗျစ်ဗျစ်ကုတ်နေကြရတယ်။ ဒီအရပ်ကလူတွေ ခြင်ထောင်ကိုမမြင်ဖူးကြ။ အရင်တုန်းက နေ့နေ့ညည ခြင်မှမကိုက်တာ။

ခက်တာက လက်ပံစုရွာသူရွာသားတွေခမျာ စာလည်းမတတ်၊ မြို့နဲ့လည်း အဆက်အသွယ်ပြတ်တော့ ပညာဗဟုသုတ ခေါင်းပါးကြရှာတယ်။ အယူသီးကြတယ်။ ဒီဆည်ကြီးဆောက်ပြီးကတည်းက မိုးခေါင်တယ်။ စပါးနှံသီးနှံတွေ မအောင်မြင်။ ဒါ့အပြင် ရွာကလူကြီးလူငယ်တွေ မကြာခဏဖျားနာပြီး သေဆုံးကြရတယ်။ ကျွဲနွားတွေလည်း ရောဂါရပြီး သေကြတယ်။ ရွာက ကလေးနှစ်ယောက်စ သုံးယောက်စ ဆည်ထဲမှာ ရေနစ်သေဆုံးဖူးတယ်။ စတာတွေပေါ့။ ဒီလိုအဖြစ်ဆိုးတွေ ကြုံတွေ့လာရတာဟာ ရွာရဲ့မူလပထမဆရာတော်ကြီးရဲ့ အုတ်ဂူနဲ့ ရွာသူ ရွာသားတို့ရဲ့ ကွယ်လွန်သွားကြတဲ့ မိဘဘိုးဘွားတွေ သချုင်္ိင်းရေအောက် ရောက်သွားတာကြောင့် နတ်မိစ္ဆာတွေက ဒဏ် ခတ်ကြတာတို့ ရွာသူရွာသားတွေ ယုံကြည်စွဲလန်းနေကြရဲ့။ လမိုက်ညတွေမှာ ဆည်ထဲက မီးလုံးကြီးတွေ ရွေ့လျားနေတာ တွေ့ဖူးတဲ့သူရှိသတဲ့။ ဆည်ထဲက အော်သံကြီးတွေ ကြားရတတ်သတဲ့။ ရေအောက်သချုင်္ိင်းဟောင်းနားမှာ ဧရာမငါးကြီးတွေရှိသတဲ့။ ကလေးတွေ၊ အမျိုးသမီးတွေ နေညိုရင် ဆည်ဘက်ကိုမသွားရဲကြ။ တိုက်ဆိုင်လွန်းတယ်လို့ ပြောရမလားပဲ။ ‘ပတတ်မြောင်ဆည်’ ကျိုးလို့ ‘လက်ပံစု’ ရွာ အဖြစ်ဆိုးကြုံရတဲ့ ဝါခေါင်လဆုတ် ၃ ရက် ဗုဒ္ဓဟူးနေ့မနက် အရုဏ်တက်ချိန်ဟာ ဘုန်းဘုန်းဦးနန္ဒ ပျံလွန်တော်မူတဲ့ ၁၉ နှစ်မြောက် လ၊ နေ့၊ ရက်၊ အချိန်နဲ့ ကွက်တိဖြစ်နေတယ်ဗျာ။ ။ 

ချိုးငှက် (သံတွဲ)
၂၉-၈-၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *