အမှတ်အသားသရုပ် (၄) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။

ကျယ်ပြန့်သော ကိစ္စတော်တော်များများတွင် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနှင့် သူ၏နောက်လိုက်နောက်ပါများကို သူတို့အုပ်စု၏ ဂုဏ်သိက္ခာမှာ အစော်ကားခံနေရပြီ၊ မတရားချိုးနှိမ်ခံနေရပြီ သို့မဟုတ် လျစ်လျူရှုအလေးမထားခံနေရပြီ စသော အမြင်များဖြင့် လှုံ့ဆော်စည်းရုံးလေ့ရှိကြသည်။ ဤမကျေနပ်ချက်ကပင် သက်ဆိုင်ရာအဖွဲ့၏ ဂုဏ်သိက္ခာအပေါ် အများပြည်သူ၏ သိမှတ်လက်ခံမှုကို မေးခွန်းထုတ်စရာဖြစ်ပေါ်စေသည်။ ဤသို့ အရှက်ရနေသော အဖွဲ့အစည်းတစ်ရပ်အနေနှင့် ပျောက်ဆုံးသွားသော သူ၏ဂုဏ်သိက္ခာကို ရှာဖွေရာတွင် စိတ်လှုပ်ရှားမှုက စီးပွားရေးအကျိုးအမြတ်ထက် စိတ်ကိုပို၍ ဖိစီးထားလေ့ရှိသည်။ တစ်နည်းဆိုရလျှင် ‘ရွေးချယ်ထားသော စိတ်ဒဏ်ရာ’ များဖြင့် နာကြည်းစရာများကို ‘ဆွ’ ပေးတတ်သည့်သဘောပင် ဖြစ်သည်။

ဤနည်းဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခင်ဆိုဗီယက်ယူနီယံပြိုကွဲသွားသည့် အလွမ်းဇာတ်ကြီးကို ပထမခင်းပြပြီး ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့အနေနှင့် ၁၉၉၀ ပြည့်လွန်နှစ်များလောက်ကရှိခဲ့သော ရုရှား၏အားနည်းချက်များကို အသုံးချကာ NATO တပ်ဖွဲ့များကို ရုရှားနယ်စပ်အထိ မည်သို့မောင်းပို့ခဲ့သည်ကို ရှင်းပြသည်။ ပူတင်မှာ အနောက်တိုင်းနိုင်ငံရေးသမားများ၏ ကျင့်ဝတ်အရ သာလွန်မှုဆိုသည်ကို စက်ဆုပ်ရွံ့ရှာသူဖြစ်လေရာ ရုရှားကိုလည်း (သမ္မတအိုဘားမား တစ်ခါကပြောခဲ့ဖူးသလို) အားနည်းသောဒေသ ဆိုင်ရာပလေရာတစ်ယောက်လို မဆက်ဆံစေလို၊ ဂရိတ်ပါဝါတစ်ရပ်အနေနှင့် ဆက်ဆံစေလိုသည်။ ၂၀၁၇ ခုနှစ်က ဟန်ဂေရီဝန်ကြီးချုပ် ‘ဗစ်တာအော့ဘန်’ ပြောဆိုခဲ့သည်မှာလည်း ဤသဘောပင်ဖြစ်ပါသည်။ သူအာဏာပြန်ရခဲ့သော ၂၀၁၀ မှာ ‘ဆုံမှတ်’ တစ်ခုပင်ဖြစ်သည်ဟု သူကဆိုခဲ့သည်။ သူ့စကား … “ကျွန်တော်တို့ ဟန်ဂေရီလူမျိုးတွေဟာ ကိုယ့်တိုင်းပြည်ကို ပြန်ရချင်တယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို ပြန်ရချင်တယ်။ ကိုယ့်အနာဂတ်ကို ပြန်ရချင်တယ်။ ဒီအတိုင်းလည်း ဆုံးဖြတ်ထားတယ် …။”

အလားတူ တရုတ်အစိုးရခေါင်းဆောင် ရှီကျင့်ဖျင်သည်လည်း တရုတ်တို့၏ ‘အရှက်တကွဲအကျိုးနည်းဖြစ်ရသော နှစ်ပေါင်းတစ်ရာ’ ဆိုသည်ကို အသေးစိတ် အချိန်ယူရှင်းပြလေ့ရှိသည်။ ပြီးမှ တရုတ်ပြည်အနေနှင့် သမိုင်းတွင်ရှိခဲ့ဖူးသည့် ယခင်ထောင်စုနှစ်က ရရှိခဲ့သော ‘ဂရိတ်ပါဝါ’ အနေအထားသို့ ပြန်လည်ရောက်ရှိအောင် ကြိုးစားနေခြင်းကို အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အခြားနိုင်ငံများက တားဆီးဖို့ ကြိုးစားနေကြသည်ဟု စွပ်စွဲသည်။ အယ်လ်ခိုင်းဒါးအဖွဲ့ကို ထူထောင်ခဲ့သူ အိုစမာဘင်လာဒင်နှင့်ပတ်သက်လျှင်လည်း သူ့မိခင်ကြီးက လွမ်းလွမ်းဆွေးနွေးပြန်ပြောဖူးသည်။ “အဲဒီတုန်းက သူ့အသက်က ရှိလှမှ ၁၄ နှစ်သားပဲရှိဦးမယ်။ ဒါပေမဲ့ ပါလက်စတိုင်းနဲ့ ပတ်သက်ရင် သားက အစွဲအလမ်းကြီးလွန်းတယ်။ ဆော်ဒီအာရေးဗီးယားက ကျွန်မတို့အိမ်မှာ တီဗီကြည့်နေတုန်းကပေါ့ …၊ သားမျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာတယ် …”။ အနာတရဖြစ်ခဲ့ရသော မွတ်ဆလင်အသိုင်းအဝိုင်းကြောင့် ထိုစဉ်က သူဖြစ်ခဲ့ရသော ဒေါသတွေမှာ နောက်ပိုင်း သူ့ဘ၀တွင် ပဲ့တင်ထပ်လာဟန်ရှိပါသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်ဘာသာရေးဝါဒီ အပျော်တမ်းတိုက်ခိုက်ရေးသမားလူငယ်လေးတွေမှာ ကမ္ဘာနှင့်တစ်ဝန်း တိုက်ခိုက်ဖိနှိပ်ချုပ်ချယ်ခံနေရသော သူတို့ယုံကြည်မှုအတွက် တိုက်ပွဲဝင်ရန် ဆီးရီးယားသို့ ထွက်ခွာသွားခဲ့ကြသည်။ ယခင်အစ္စလာမ်နိုင်ငံများရှိ အစောပိုင်းအစ္စလာမ်ယဉ်ကျေးမှု၏ ဂုဏ်ယူဖွယ်ရာများကို ပြန်လည်ဖော်ထုတ်ကြမည်ဟုလည်း သူတို့တစ်တွေ ယုံကြည်မျှော်လင့်ခဲ့ကြသည်။

စော်ကားခံရခြင်းကြောင့် ဖြစ်ပေါ်လာသော မကျေနပ်မှုမှာ အားကောင်းသော အင်အားစုတစ်ရပ်ဖြစ်လာတတ်ပါသည်။ ဤသဘောကို ဒီမိုကရေစီနိုင်ငံများတွင်လည်း တွေ့ရတတ်သည်။ ဥပမာ – BLM ဟု အတိုကောက်ခေါ်ဝေါ်ကြသော ‘The Black Lives Matter’ လှုပ်ရှားမှုကြီးပင်ဖြစ်သည်။ လူသိရှင်ကြားဖြစ်သွားသော ရဲတပ်ဖွဲ့၏ အာဖရိကန် အမေရိကန်များအပေါ် သတ်ဖြတ်မှုများကြောင့် ပေါ်ထွက် လာသောလှုပ်ရှားမှုဖြစ်ပါသည်။ ဖာဂူဆန် (မစ်ဆိုရီ-ပြည်နယ်)၊ ဘလာ တီမိုး၊ နယူးယော့နှင့် အခြားဒေသများတွင်ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုကို ခံလိုက်ရသော သားကောင်များ၏ ဖြစ်ရပ်ကို ပြင်ပကမ္ဘာမှ သတိပြုမိလာစေရန် ဖော်ထုတ်လိုက်သော လှုပ်ရှားမှုကြီး ဖြစ်ပါသည်။

ကောလိပ်ပရဝုဏ်များနှင့် အမေရိကန်တစ်လွှားရှိ ရုံးဌာနများတွင် ကူးစက်မြန်ဟန်ရှိသော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုများကြောင့် အမျိုးသမီးထုမှာ ဒေါသထွက်နေကြသည်ဟု သိရသည်။ နောက်ဆုံးကောက်ချက်ချလိုက်သည်မှာ သူတို့နှင့် သက်တူရွယ်တူ အမျိုးသားများက သူတို့လို မခံစားကြရဟုဆိုသည်။ ‘ဥဘတောဗျဉ္ဇန’ (Transgender) များ၏ အခွင့်အရေးနှင့်ပတ်သက်လျှင်လည်း ယခင်က ရှင်းရှင်းလင်းလင်းခွဲခြားဆက်ဆံခံရမှု၏ ပစ်မှတ်အဖြစ် အသိအမှတ်အပြုမခံခဲ့ရပါ။ အခုမှ အရေးတကြီး ပြဿနာဖြစ်လာပါသည်။ အလားတူ ဒေါ်နယ်ထရမ့်ကို မဲပေးလိုက်သူများကိုယ်တိုင်က အတိတ်ကာလကို ပြန်လွမ်းနေသည်ဟုသိရသည်။ သူတို့ကိုယ်ပိုင်လူ့အဖွဲ့အစည်းရှိ သူတို့နေရာတွင် ဘ၀မှာ ပိုမိုလုံခြုံမှုရှိပြီး သူတို့၏လှုပ်ရှားမှုများမှတစ်ဆင့် အမေရိကကို နောက်တစ်ကြိမ်ကြီးကျယ်အောင် ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြဖူးသည်။ အချိန်နှင့် နေရာခပ်လှမ်းလှမ်းမှ ပူတင်၏ထောက်ခံသူများမှာ အနောက်တိုင်းအီလစ်များ၏ အထင်အမြင်သေးခြင်းနှင့် အပေါ်စီးဆက်ဆံဟန်ကို ကြုံရဖူးသလို အမေရိကမှ ကျေးလက်မဲဆန္ဒရှင်များမှာလည်း မြို့ပြအီလစ်များနှင့် သူတို့၏ မီဒီယာ မိတ်ဆွေများက မိမိတို့နှင့် မိမိတို့ပြဿနာများကို အလားတူ ဥပေက္ခာပြုထားကြသည်ဟု ခံစားနေရသည်။

မကျေနပ်မှု၏နိုင်ငံရေးကို လက်တွေ့ကျင့်သုံးကြသူချင်းမှာ တစ်ဦးနှင့်တစ်ဦး သိမှတ်လက်ခံထားကြသည်များရှိသည်။ ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ အပြန်အလှန် သပ္ပါယပြုထားကြသည်မှာ ပုဂ္ဂိုလ်ရေးသက်သက်မဟုတ်။ သူတို့ရင်ထဲတွင် အမြစ်တွယ်နေသည့် တူညီသော အမျိုးသားရေးဝါဒဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်ပြီး ဗစ်တာအော့ဘန်က ယခုလိုရှင်းပြသည်။ ‘အခိုင်အမာသီအိုရီအချို့က ယခုအခါ အနောက်ကမ္ဘာတွင် အပြောင်းအလဲတွေ ပေါ်ထွက်နေပြီဟု ဖော်ပြကြသည်။ ကမ္ဘာ့နိုင်ငံရေးကြိုးဝိုင်းထက် ပေါ်ထွက်လာသော စင်မြင့်ပေါ်တွင် အမေရိကန်သမ္မတ တိုက်ပွဲဝင်နေသည်မှာ ‘နိုင်ငံစုံကျော် အီလစ်များ’ (သူတို့ကို ‘ဂလိုဘယ်’ ဟုခေါ်သည်) နှင့် ‘မျိုးချစ် အမျိုးသားအီလစ်များ’ ကြားတိုက်ပွဲပင်ဖြစ်သည်” ဟု ဆိုပါသည်။ သူပြောသော ဒုတိယအမျိုးအစား ‘မျိုးချစ်အမျိုးသားအီလစ်’ ဆိုသည် ထဲတွင် ထရမ့်မှာ အစောဆုံးစံပြနမူနာတစ်ယောက်ဖြစ်သည်။

ကိစ္စအားလုံးတွင် ရုရှား သို့မဟုတ် တရုတ်ပြည်လို ဂရိတ်ပါဝါ တစ်ခုဖြစ်စေ၊ အမေရိက သို့မဟုတ် ဗြိတိန်မှ မဲဆန္ဒရှင်များဖြစ်စေ အုပ်စုတိုင်းအနေနှင့် မိမိတို့တွင် အမှတ်အသားသရုပ်တစ်ရပ်ရှိသည်ဟု ယုံကြည်ထားကြသည်။ အဆိုပါအမှတ်အသားသရုပ်ကို (တိုင်းပြည် တစ်ပြည်ဖြစ်လျှင်) ပြင်ပကမ္ဘာ၏ (လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်လျှင်) လူ့အဖွဲ့အစည်း၏ အခြားအဖွဲ့ဝင်များ၏ လုံလောက်သော သိမှတ်လက်ခံမှုကို မရဟုယူဆထားကြသည်။ အဆိုပါအမှတ်အသားသရုပ်များမှာ မယုံကြည်နိုင်လောက်အောင် ထွေပြားသည်။ တိုင်းပြည်၊ ဘာသာရေး၊ လူမျိုးစုများအပေါ် အခြေခံသည်လည်းရှိသည်။ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ကျား-မဆိုင်ရာ တိမ်းညွတ်မှုအပေါ် အခြေခံသည်လည်းရှိသည်။ ဤအရာအားလုံးမှာ ဘုံဖြစ်စဉ်ဖြစ်ရပ်များ၏ တစ်နည်းအမှတ်အသားသရုပ် နိုင်ငံရေး၏ သရုပ်သကန်များပင်ဖြစ်ပါသည်။
‘အမှတ်အသားသရုပ်’ နှင့် ‘အမှတ်အသားသရုပ်နိုင်ငံရေး’ ဆိုသော ဝေါဟာရများ၏ ဇာစ်မြစ်မှာ နှိုင်းယှဉ်ခြင်းအားဖြင့် သိပ်မကြာလှသေးဟု ဆိုရပါလိမ့်မည်။ ပထမဝေါဟာရ (အမှတ်အသားသရုပ်) ဆိုသည်ကို ၁၉၅၀ ပြည့်လွန်နှစ်များလောက်က စိတ်ပညာရှင် ‘အားရစ် အာရစ်ဆန်’ ၏ ကျေးဇူးကြောင့် လူသိများလာခြင်းဖြစ်သည်။ ဒုတိယဝေါဟာရ (အမှတ်အသားသရုပ်နိုင်ငံရေး) ဆိုသည်မှာကား ၁၉၈၀ နှင့် ၉၀ ပြည့်လွန်နှစ်များလောက်က ပေါ်ထွက်ခဲ့သော ယဉ်ကျေးမှုနိုင်ငံရေးတွင် ရှေ့တန်းရောက်လာခြင်းဖြစ်သည်။ ယနေ့ခေတ်တွင်
‘အမှတ်အသားသရုပ်’ ဆိုသော ဝေါဟာရမှာ ကျယ်ပြန့်သော အဓိပ္ပာယ်များစွာရှိလာသည်။ အချို့ကိစ္စများတွင် လူမှုရေးအတန်းအစား သို့မဟုတ် အခန်းကဏ္ဍတစ်ခုကို ရည်ညွှန်းပြီး အခြားနေရာတွင်မူ လူပုဂ္ဂိုလ်တစ်ယောက်နှင့် ပတ်သက်သော အခြေခံသတင်းအချက်အလက်ကို ညွှန်းသည်။ (‘ကျွန်တော့်အမှတ်အသားသရုပ်တော့ အခိုးခံလိုက်ရပြီ’ ဆိုသလိုမျိုး) အမှတ်အသားသရုပ်ကို ဤအဓိပ္ပာယ်နှင့် သုံးသည်မျိုးကို အမြဲတမ်းလိုတွေ့နိုင်သည်။

ဤစာအုပ်တွင်မူ ကျွန်တော့်အနေနှင့် ‘အမှတ်အသားသရုပ်’ ကို အခိုင်အမာအဓိပ္ပာယ်တစ်ခုနှင့် သုံးထားပါသည်။ အမှတ်အသားသရုပ်မှာ ခေတ်ပြိုင်နိုင်ငံရေးအတွက် မည်မျှအရေးကြီးသည်ကို သဘောပေါက်နားလည်စေရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ် ချက်ဖြင့် ဤသို့သုံးထားခြင်းဖြစ်သည်။ ပထမဆုံးပြောဖို့လိုအပ်သည်မှာ အမှတ်အသားသရုပ်အနေနှင့် လူတစ်ယောက်၏ ‘စစ်မှန်သော အတွင်းပိုင်းအတ္တ’နှင့် ‘ပြင်ပကမ္ဘာကြီး၏ လူမှုရေးစည်းမျဉ်းစည်းကမ်းများနှင့် နှုန်းစံများ’ ကြား ခြားနားချက်မှ ထွက်ပေါ်ကြီးထွားလာခြင်းဖြစ်သည်ဆိုသော အချက်ဖြစ်ပါသည်။ အဆိုပါစည်းမျဉ်းစည်းကမ်းနှင့် နှုန်းစံများက အတွင်းပိုင်းအတ္တ၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာကို လုံလောက်စွာ သိမှတ်လက်ခံခြင်းမရှိပါချေ။ လူ့သမိုင်းတစ်လျှောက် လူပုဂ္ဂိုလ်တော်တော်များများမှာ သူတို့သက်ဆိုင်ရာ လူ့အဖွဲ့အစည်းနှင့် သဘောကွဲလွဲခဲ့ကြသည်။ မိမိတို့အဖြစ်ကို တွေ့ရှိခဲ့ကြပါလိမ့်မည်။ ဤသို့ သဘောကွဲလွဲခဲ့ကြသည်မှာလည်း မိမိတို့အမှားကြောင့်ဟု အများစုက သဘောထားခဲ့ကြသည်။ ခေတ်သစ်ရောက်တော့မှ သဘောထားအမြင်များ ပြောင်းသွားခြင်းဖြစ်သည်။ စစ်မှန်သော အတွင်းပိုင်းအတ္တမှာ ပင်ကိုအားဖြင့် တန်ဖိုးရှိသည်။ ပြင်ပလူ့အဖွဲ့အစည်းကသာ စနစ်တကျမှားယွင်းခြင်း ဖြစ်သည်။ အတွင်းပိုင်းအတ္တကို တန်ဖိုးဖြတ်ရာတွင်လည်း လွဲမှားခဲ့သည်။ လူ့အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများကို ထုံးတမ်းစဉ်လာနှင့် ကိုက်ညီအောင် ဖန်တီးပေးသည်မှာ အတွင်းပိုင်းအတ္တမဟုတ်။ ကိုယ်တိုင်ပြောင်းလဲဖို့ လိုအပ်သော လူ့အဖွဲ့အစည်းကိုယ်တိုင်ပင် ဖြစ်သည်။

ဆိုခဲ့ပါအတွင်းပိုင်းအတ္တသည်ပင် လူ့ဂုဏ်သိက္ခာ၏ အခြေခံပင် ဖြစ်ပါသည်။ သို့နှင့်တိုင် အဆိုပါဂုဏ်သိက္ခာ၏ သဘာဝမှာ ‘ကိန်းရှင်’ တစ်ခုဖြစ်ပြီး အချိန်နှင့်အမျှ ပြောင်းလဲလေ့ရှိသည်။ အစောပိုင်းယဉ်ကျေးမှု တော်တော်များများတွင် ဂုဏ်သိက္ခာဆိုသည်ကို လူအနည်းငယ်အတွက်သာ မှတ်ယူထားကြသည်။ များသောအားဖြင့် စစ်ပွဲတွင် အသက်စွန့်ရန် ဝန်မလေးသော စစ်သည်တော်များအတွက်သာဖြစ်သည်။ အခြားလူ့အဖွဲ့အစည်းများတွင်မူ ဂုဏ်သိက္ခာဆိုသည်ကို မွေးရာပါတန်ဖိုးအပေါ် အခြေခံသောလူအားလုံး၏ ပင်ကိုယ်အရည်အချင်းဟု ယူဆကြသည်။ အခြားနေရာတွင်မူ မျှဝေလက်ခံထားသော မှတ်စုမှတ်တမ်းများ၊ အတွေ့အကြုံများဖြင့် ကြယ်ဝသည့်အုပ်စုကြီးတစ်ခု၏ အဖွဲ့ဝင်ဖြစ်ရခြင်းကိုသာ ဂုဏ်သိက္ခာဟု သတ်မှတ်ကြသည်။

နောက်ဆုံးအနေနှင့်ဆိုရလျှင် ဂုဏ်သိက္ခာ၏ အတွင်းပိုင်းခံစားမှုက ‘အသိအမှတ်ပြုခံလိုမှု’ ကို ရှာဖွေသည်။ ဤနေရာတွင် မိမိတန်ဖိုးကို မိမိကိုယ်တိုင် အသိအမှတ်ပြုရုံမျှနှင့်မပြီး။ အခြားသူများက လူသိရှင်ကြားအသိအမှတ်ပြုဖို့လည်း လိုသေးသည်။ ပို၍ဆိုးသည်မှာ သူများ က မိမိကို မတရားသဖြင့် ဝေဖန်ခြင်း၊ မိမိဖြစ်တည်မှုကို အသိအမှတ်မပြုခြင်းတို့ဖြစ်သည်။ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်းဆိုသည်မှာ အခြားသူများ၏ လေးစားသမှုရှိခြင်းမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အကြောင်းမူ လူသားထုအနေနှင့် သဘာဝအရပင် ‘အသိအမှတ်ပြုခံလိုမှု’ ကို လိုချင်တောင့်တသောကြောင့်ဖြစ်သည်။ သို့ဖြင့် အမှတ်အသားသရုပ်၏ ခေတ်သစ်အဓိပ္ပာယ်မှာ အမှတ်အသားသရုပ် နိုင်ငံရေးနယ်ပယ်ထဲသို့ လျှင်မြန်စွာ လှည့်လည်သွားတော့သည်။ ဤသို့လှည့်လည်ရင်း လူပုဂ္ဂိုလ်တစ်ဦးချင်းမှာ မိမိ၏တန်ဖိုးအပေါ် လူအများ၏ အသိအမှတ်ပြုခံလိုမှုကို တောင်းဆိုရှာဖွေလာတော့သည်။

သို့ဖြင့် အမှတ်အသားသရုပ်နိုင်ငံရေးမှာ ခေတ်ပြိုင်ကမ္ဘာ၏ နိုင်ငံရေးတိုက်ပွဲတွင် ကြီးမားသောအစိတ်အပိုင်းတစ်ရပ်အဖြစ် အကျုံးဝင်လာသည်။ ဒီမိုကရေစီတော်လှန်ရေးမှ လူမှုရေးလှုပ်ရှားမှုသစ်များထိ အမျိုးသားရေးဝါဒနှင့် အစ္စလာမ်ကိုးကွယ်ယုံကြည်မှုမှ ခေတ်ပြိုင် အမေရိကန်တက္ကသိုလ် ပရဝုဏ်နိုင်ငံရေးအထိ အပြန့်ကျယ်လာခဲ့သည်။ ပြောကြစတမ်းဆိုလျှင် ‘အသိအမှတ်ပြုခံလိုမှုအတွက် ရုန်းကန်ကြိုးပမ်းမှုမှာ လူ့သမိုင်း၏ အဆုံးစွန်မောင်းနှင်အားဖြစ်သည်’ ဆိုသော ဒဿနပညာရှင် ဟေဂယ်၏ဖွင့်ဆိုချက်မှာ ခေတ်သစ်ကမ္ဘာပေါ်ထွက်လာခြင်းကို နားလည်စေရေးအတွက် သော့ချက်အကျဆုံးစွမ်းအားတစ်ရပ်ဟု ဆိုရပါလိမ့်မည်။

လွန်ခဲ့သောနှစ်ပေါင်း ၅၀ ဂလိုဘယ်လိုက်ဇေးရှင်းက ပေါ်ထွက်လာသော စီးပွားရေးမမျှတမှုများမှာ ယနေ့ ခေတ်ပြိုင်နိုင်ငံရေးကို ရှင်းပြရာတွင် အဓိကအချက်ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ အဆိုပါ စီးပွားရေးနာကျည်းချက်များမှ ဂုဏ်သိက္ခာကျခြင်း၊ ရိုင်းပြစော်ကားခံရခြင်း စသော ပိုမိုစူးရှပြင်းထန်သည့် ခံစားချက်များသို့ အသွင်ပြောင်းသွားသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ပြောကြစတမ်းဆိုလျှင် ကျွန်တော်တို့ နားလည်ထားသော စီးပွားရေးတွန်းအားဆိုရာတွင် ဓနနှင့် အရင်းအမြစ်ကို ရိုးသားစွာလိုချင်ရုံသက်သက်မျှမဟုတ်။ အဆင့်တန်းပြသင်္ကေတနှင့် လေးစားတန်ဖိုးထားစရာအဖြစ် ငွေကြေးကို သိမြင်နားလည်လာခြင်းက အဓိကဖြစ်သည်။ ခေတ်သစ်စီးပွားရေး သီအိုရီများမှာ ‘လူသားထုသည် ကျိုးကြောင်းဆီလျော်မှုရှိစွာ စဉ်းစားနိုင်သူများဖြစ်သည်။ သူတို့၏ အသုံးဝင်မှု (ရုပ်ဝတ္ထုပစ္စည်းမက်လုံး) ကို အမြင့်ဆုံး ရှာဖွေနိုင်ကြသည်’ ဆိုသော အကောက်အယူအပေါ် ဗဟိုပြုတည်ဆောက်ထားခြင်းဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ အဆိုပါ အဆုံးစွန်အစွမ်းကုန် အပြုအမူများကို ဆွဲဆန့်လိုက်သည့်သဘောပင် ဖြစ်သည်။ သို့နှင့်တိုင် ခေတ်ပြိုင်ကမ္ဘာရှိ အစစ်အမှန်လူသား၏ အပြုအမူကို သင့်တင့်လျောက်ပတ်စွာ အဓိပ္ပာယ်ကောက်ကြည့်မည်ဆိုလျှင် ရိုးရှင်းသော စီးပွားရေးပုံစံများမှပေးသည့်အသိထက် ကျော်ကြည့်ဖို့ လိုပါလိမ့်မည်။

ခေတ်သစ်ဘောဂဗေဒပညာ အခြေခံတည်ဆောက်ထားသော အောက်ပါအကောက်အယူများကို ဘယ်သူကမှ (တရားဝင်) ခုခံပြောဆိုကြသည်တော့မဟုတ်ပါ။ ‘လူသားထုသည် ကျိုးကြောင်းဆီလျော်မှုရှိစွာ ပြုမူလှုပ်ရှားကြသူများဖြစ်သည်။ ကိုယ်ကျိုးစီးပွားကို အလေးထား သောလူသားသည် ပိုမိုများပြားသော ဓနနှင့် အရင်းအမြစ်များကို ရှာဖွေကြသည်’ စသည်တို့ဖြစ်ပါသည်။ သို့တစေ လူသားတို့၏ စိတ္တဗေဒမှာ ရိုးရှင်းသော စီးပွားရေးပုံစံများက ဖွင့်ဆိုပြသည်ထက် ပိုမိုရှုပ်ထွေးလှပါသည်။ ကျွန်တော်တို့အနေနှင့် ခေတ်ပြိုင်အမှတ်အသား သရုပ်နိုင်ငံရေးကို နားလည်ဖို့မကြိုးစားခင် လူသားတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုနှင့် အပြုအမူများကို နက်နက်ရှိုင်းရှိုင်းနှင့် ကြွယ်ကြွယ်၀၀ နားလည်စေရန် အားထုတ်ဖို့လိုပါလိမ့်မည်။ တစ်နည်းဆိုရလျှင် ကျွန်တော်တို့အတွက် လူ့ဝိညာဉ်နှင့်ပတ်သက်သော ပိုမိုကောင်းမွန် သည့် သီအိုရီတစ်ရပ် အမှန်ပင်လိုအပ်နေပြီ ဖြစ်ပါသတည်း။ 

ဆက်လက်ဖော်ပြပါမည်
ကျော်ဝင်း (၂၆ အောက်တိုဘာ၊ ၂၀၁၈)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *