“မီကတော့ ဆေးလိပ်မသောက်လို့ မရတဲ့ကာရိုက်တာ ကိုယ့်တာဝန်ကို ကျေအောင်ထမ်းဆောင်သွားတယ်လို့ မြင်တယ်”

ဓာတ်ပုံ - ဇော်မင်းနိုင်

လက်ရှိရုံတင်ပြသနေတဲ့ မီဇာတ်ကားမှာ ပါဝင်ထားတဲ့သရုပ်ဆောင်နေတိုးကို ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် အမြင်နဲ့ မကြာခင် ရုံတင်ပြသမယ့် မုန်းစွဲဇာတ်ကားမှာ ပါဝင်ထားတဲ့ မင်းသွေးနဲ့ အမှတ်တရအကြောင်းတွေကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice :       မီဇာတ်ကား ပြန်ကြည့်ချိန်မှာစိတ်ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

NT     :        ကျွန်တော်ကိုယ်တိုင်လည်း Classic Movie တွေကို ကြိုက်နှစ်သက်တဲ့သူဆိုတော့ ဒီကားက ကိုယ်တိုင်လည်း ကြည့်ချင်တဲ့ ဇာတ်ကားတစ်ကားပါ။ ပြီးတော့ အဲဒီလိုမျိုးကားတွေကိုလည်း ရိုက်လည်း ရိုက်ချင်ခဲ့တယ်။ ဝတ္ထုကို ဖတ်ကတည်းက ရုပ်ရှင်ရိုက်ကူးဖို့ ခဲယဉ်းမယ်ဆိုတာ သိပါတယ်။ အခု ရုပ်ရှင်လို့ ပုံဖော်တဲ့အခါ မီဝတ္ထုအရသာလည်း ခံစားရတဲ့အတွက် ကျေနပ်ပါတယ်။ ကျွန်တော့်ဘ၀မှာလည်း ဒီဇာတ်ကားလေးက သေသေသပ်သပ် စိတ်ကျေကျေနပ်နပ်နဲ့ ရိုက်ခွင့်ရတဲ့ ကားလေးပါ။

Voice :       ဒီကား Trailer တင်တုန်းကတော့ ကိုနေတိုး ဆံပင်ပုံစံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိတော့ အဲဒီအပေါ် ဘာများ ပြောချင်လဲ။

NT     :        အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အွန်လိုင်းမှာ ထုတ်လုပ်ရေးအပိုင်းက ရှင်းပြထားပါတယ်။ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ အဲဒီခေတ်ကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆံပင်ပုံစံတစ်ခုကို ရွေးထားတာပါ။ ဆီပြောင်နေအောင် လိမ်းတယ်။ ဆံပင်ကို သပ်သပ်ရပ်ရပ်ပုံစံလေးကို ဦးစားပေးပြီး လုပ်ထားတာပါ။ ဆီကို ပြောင်အောင် လိမ်းထားတာတော့ အဲဒီအချိန်တုန်းက Reference ယူထားတဲ့ ပုံစံကို အပီပြင်ဆုံးယူထားတာပါ။

Voice :      ဒီဇာတ်ကားမှာ ပိုင်ဖြိုးသုကို မီနဲ့ အံ့ဝင်ခွင်ကျဖြစ်တယ်လို့ မြင်မိလား။       

NT     :        မီရဲ့စိတ်ခံစားမှုအပိုင်း၊ ဖက်ရှင်အပိုင်း၊ အိုက်တင်အပိုင်းတွေနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိဘူး။ မီနဲ့ပတ်သက်ပြီးတော့ သုသု မရိုက်ခင်တုန်းကလည်း ဝေဖန်မှုတွေက မျိုးစုံရှိခဲ့တယ်။ ဒါပေမဲ့ မီ ရုပ်ရှင်လာကြည့်ပြီးရင်တော့ ဒီဝေဖန်မှုတွေ ပြေပျောက်သွားစေမယ်လို့ မြင်ပါတယ်။ ပြီးတော့ ဒါရိုက်တာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင် ၉၉ ရာခိုင်နှုန်းလောက် အားထည့်ထားတာ မီနဲ့ ပတ်သက်ပြီး တွေ့ရပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ ဒီလိုမျိုးဝတ္ထုကို ရိုက်ရဲတဲ့ သုသုသတ္တိကို ချီးကျူးမိတယ်။

Voice :       လတ်တလောမှာလည်း မီ ဇာတ်ဝင်ခန်းက ဆေးလိပ်သောက်တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေတော့ အဲဒီအပေါ် ဘယ်လိုမြင်မိလဲ။

NT     :        မီ ကတော့ ဆေးလိပ်မသောက်လို့ မရတဲ့ကာရိုက်တာ ကိုယ့်တာဝန်ကို ကျေအောင် ထမ်းဆောင်သွားတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သရုပ်ဆောင်  တစ်ယောက်က သရုပ်ဆောင်တာဝန်၊ ဒါရိုက်တာတစ်ယောက်က ဒါရိုက်တာတာဝန်ကို အကျေပွန်ဆုံး ထမ်းဆောင်ရမှာပဲ။ သူသည် ဒီတာဝန်ကို မကျေမှသာလျှင် သူ့အတွက် Error ဖြစ်မှာ။ မီရဲ့ ဇာတ်ကောင်ကို ဖန်တီးတဲ့အခါ သူတို့တွေ တာဝန်ကျေတယ်လို့ ထင်ပါတယ်။ ကျန်တာတော့ ဘေးထွက်ဆိုးကျိုးတွေက နေရာတိုင်းမှာ ရှိပါတယ်။

Voice :       ကိုယ်တိုင်က ဒီလိုဇာတ်ကားမျိုးတွေကို ပရိသတ်ကြိုက်ပါ့မလား စိုးရိမ်နေတာဆိုတော့ အဲဒီအပေါ် ဘာများပြောချင်လဲ။

NT     :        အဓိကတော့ ရုပ်ရှင်ကို ဖန်တီးတဲ့အခါ လူတန်းစားမျိုးစုံကို စဉ်းစားပြီးတော့ ဖန်တီးရတယ်။ အမြဲတမ်းပဲ Commercial အပိုင်းတွေပဲ ရိုက်နေမယ်ဆိုရင်လည်း ကျွန်တော်တို့က ရုပ်ရှင်အပေါ် တာဝန်တစ်ခု ကျေပွန်တယ်လို့ မမြင်မိဘူး။ အဓိကတော့ ကိုယ့်တွေ ဖန်တီးပြချင်တဲ့ အနုပညာကို ပရိသတ်ကြိုက်နေဖို့ လိုသလို၊ ပရိသတ်ကြိုက်ပြီးသာ ရသအပိုင်းကိုလည်း အစစအရာရာအကုန်လုံး ကောင်းအောင် တည်ဆောက်နေဖို့လည်း လိုပါတယ်။ ဒီကားက ကျွန်တော်တို့ ရိုက်ချင်တဲ့ ဇာတ်ကား၊ တကယ်တမ်းလည်း ရုပ်ရှင်လောကအတွက် လိုအပ်နေတဲ့ ဇာတ်ကားတစ်ကားကို ကြိုးစားခွင့် ရတယ်။ ပရိသတ်တွေက ဒီကြိုးစားမှုကို အသိအမှတ်ပြုဖို့ လိုပါတယ်။

Voice :       မကြာခင် မုန်းစွဲဇာတ်ကားရုံတင်တော့မှာ ဆိုတော့ မင်းသွေးနဲ့ ပတ်သက်ပြီး စိတ်ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

NT     :       ဒီဇာတ်ကားကို မင်းသွေးက မကြည့်လိုက်ရဘူး။ အကြိမ်ကြိမ်ကြည့်ဖို့ လုပ်ခဲ့ပေမယ့် ကြည့်ခွင့်ကံ ပါမလာခဲ့ဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဇာတ်ကားရုံတင်တဲ့အချိန်မှာ သူ့ မရှိတာတော့ အမှတ်အရဆုံးဖြစ်မယ်။ ဇာတ်ကား မရိုက်ခင်ကလည်း တိုင်ပင်ဖြစ်တာတွေ ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသွေး အများကြီး ကြိုးစားထားတယ်။ သူ့ရဲ့ သရုပ်ဆောင် အရည်အသွေးတွေလည်း အများကြီး ပြခွင့်ရတဲ့ ဇာတ်ကားလေး ဖြစ်မှာပါ။

Voice :       မင်းသွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကလည်း တော်တော်လေး စိတ်မကောင်း ဖြစ်တော့ အစ်ကို ဖြစ်သူအနေနဲ့ ဘာများပြောချင်လဲ။

NT     :       ကျွန်တော်တို့လည်း ရုတ်တရက် မထင်မှတ်ဘဲဖြစ်သွားတော့သံဝေဂရမိတယ်။ မိသားစုဝင်တွေ အကုန်လုံးစိတ်မကောင်းဖြစ်ရတယ်။ အမေဆိုရင် အခုအချိန်အထိ ဂရုတစိုက်နဲ့ ကြည့်နေရတယ်။ အဓိကတော့ ဘ၀ဆိုတာ မွေးဖွားခြင်းရှိသလို သေဆုံးခြင်းဆိုတာ အနှေးနဲ့ အမြန်ရောက်လာမှာပါ။ လူတွေက တစ်နေ့သေရမယ်ဆိုတာ မေ့လျော့နေတတ်ကြတယ်။ သေဆုံးခြင်းဆိုတာ အချိန်မရွေး ကိုယ့်ဆီ ရောက်လာနိုင်တဲ့ အသိနဲ့ အကုန်လုံး အပေါ်မှာ စိတ်သဘောထားကောင်းကောင်းနဲ့  ကုသိုလ်စိတ်လေးတွေ ဖြတ်သန်းမယ် ဆိုရင်တော့ အကောင်းဆုံးပါ။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *