အလီဘာဘာနဲ့ ဂျက်မာ

တရုတ်အင်တာနက် နည်းပညာ စီးပွားရေးကုမ္ပဏီကြီးဖြစ်တဲ့ အလီဘာဘာရဲ့ ဇာတ်လမ်းက ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေနဲ့ မတူဘဲ တစ်မူကွဲထွက်နေတယ်။

သတင်းအချက်အလက် နည်းပညာတော်လှန်ရေး၊  အင်တာနက်နဲ့ တစ်ကိုယ်ရေသုံး ကွန်ပျူတာတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ Google ၊ Microsoft ၊ Apple ၊ Amazon ကုမ္ပဏီတွေက အမေရိကန်ကုမ္ပဏီတွေ။Alibaba က တရုတ်ကုမ္ပဏီ။ တရုတ်ဆိုတာ ဟိုးတစ်ချိန်က ‘အင်တာနက်ဆိုတာ  ချိုနဲ့လားကွယ်’ ဆိုတဲ့ နေရာ။ အစိုးရကလည်း ပုဂ္ဂလိကလုပ်ငန်းတွေဆို မျက်စိဒေါက်ထောက်ကြည့်နေတာ။ ဆင်ဆာကြီးစိုးတဲ့ဒေသဖြစ်တော့ သတင်းအချက်အလက်နည်းပညာလုပ်ငန်းတွေကို သံသယနဲ့ ကြည့်တဲ့နေရာ။ ဒီနေရာကနေ Alibaba က မွေးဖွားခဲ့ပြီး အနောက်တိုင်းစီးပွားရေးတွေကိုပါ  ပုံဖော်ရိုက်ခတ်နိုင်ခဲ့တယ်။

Google တို့၊ Apple တို့နဲ့ Alibaba က အမေရိကန်၊  တရုတ်ဆိုပြီး ကွဲပြားသလို တည်ထောင်သူချင်းလည်း ကွဲပြားတယ်။  Alibaba တည်ထောင်သူ ဂျက်မာက ခုနက အမေရိကန်နည်းပညာကုမ္ပဏီ တည်ထောင်သူတွေဖြစ်တဲ့ Bill Gates တို့၊ Jeff Bezo တို့နဲ့ တစ်မူထူးတယ်။ ဟိုလူတွေက  ကမ္ဘာ့ထိပ်ဆုံးအချမ်းသာဆုံး အမေရိကန်က၊ အသိုင်းအဝိုင်း ကောင်းတယ်၊ ပညာတတ်တယ်။ ကျောင်းကြီးကျောင်းကောင်းတွေက ဆင်းတယ်။ Jack Ma က တကယ့် စီးပွားရေး နတ်သမီးပုံပြင် Rags to Riches ။ ၁၉၆၄ မှာ တရုတ်နိုင်ငံမှာ ဓာတ်ပုံဆရာ၊ စက်ရုံလုပ်သား မိဘနှစ်ပါးကနေ ဖွားမြင်တယ်။ ဟန်ကျိုးက ကျောင်းသားလေး။ ကျောင်းစာလည်း သူလို ကိုယ်လို။ ၁၉၆၀၊ ၁၉၇၀ လောက်က တရုတ်ဟာ ဆင်းရဲတယ်၊  တံခါးပိတ်ထားတယ်။ တစ်နေ့မှာ ဂျက်မာဟာ နည်းပညာထိပ်သီးသူကြွယ်ကြီး ဖြစ်လာလိမ့်မယ်လို့  ဘယ်လိုမှ မှန်းမရလောက်တဲ့ အခြေအနေတွေပါ။ တခြားသူတွေထက် ဂျက်မာသာတာက အင်္ဂလိပ်စာပဲ။ သူ့မြို့ကို လာလည်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေဆီ သွားသွားပြီး အင်္ဂလိပ်စကားပြော ကျင့်တယ်။  အင်္ဂလိပ်စာကျွမ်းလာတဲ့အခါ ဂျက်မာဟာ အင်္ဂလိပ်စာပြဆရာ ဖြစ်လာတယ်။ အလုပ်ကိစ္စနဲ့ အမေရိကန် ဆီယက်တယ်မြို့ကို  ၁၉၉၅ မှာရောက်တဲ့အခါ အင်တာနက်နဲ့ ပထမဦးဆုံး စတွေ့ရတယ်။ အင်တာနက်ထဲမှာ ‘beer’လို့ ရိုက်ရှာကြည့်တဲ့အခါ ‘Chinese beer’ လုံးဝမတွေ့ရဘူး။ ‘China’ ရိုက်ထည့်ပြန်တော့လည်း ဘာမှ မပေါ်လာပြန်ဘူး။ ဒါနဲ့ပဲ တရုတ်နိုင်ငံအကြောင်း Website တစ်ခုလုပ်ဖို့ စဉ်းစားရာက တရုတ်ကုမ္ပဏီတွေကို ကမ္ဘာနဲ့ မိတ်ဆက်ပေးတဲ့ Chinapages.com ပေါ်လာတယ်။ အင်တာနက်အကြောင်း ကြားတောင် မကြားဖူးတဲ့ တရုတ်မှာ နည်းပညာကုမ္ပဏီထောင်တဲ့ ဂျက်မာကို လူတွေက ‘လူလိမ်’ လို့တောင် ထင်ကြပါတယ်။

ဒီလိုနဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်လာရင်း တရုတ်အစိုးရက နည်းပညာကို ထိန်းလည်းထိန်း၊ ဖွင့်လည်း ဖွင့် လုပ်လိုက်တဲ့အခါ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ဝင်လာတယ်။  ဂျပန်က ဘီလီယံကြွယ်သူဌေး Masayoshi Son နဲ့ ပေါင်းမိတဲ့အခါ Alibaba ဟာ တစ်ဟုန်ထိုး အောင်မြင်လာတယ်။ ၂၀၁၄ မှာ စတော့ဈေးကွက်ကို ပထမဆုံးအကြိမ် ရှယ်ယာထုတ်ရောင်းတဲ့အခါ ဒေါ်လာ ၂၄ ဘီလီယံဖိုးနဲ့ ကမ္ဘာမှာ စံချိန်တင်ခဲ့တယ်။

ကနေ့ ကမ္ဘာမှာ ဂျက်မာဟာ သိပ်ကျော်ကြားနေပြီ။ မြန်မာပြည်မှာလည်း ဂျက်မာပရိသတ် အများကြီး ဟောင်ကောင် ဂျက်မကို အစွဲပြုပြီး သူ့ကို ဂျက်မလို့ ချစ်စနိုးနဲ့ ခေါ်ကြတယ်။ အမေရိကန်သမ္မတ အိုဘားမားကတောင် အင်တာဗျူးရတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ဂျက်မာကို စကားပြောစင်မြင့်တွေပေါ်မှာ တွဲပြီး မြင်ရလေ့ရှိတယ်။ ဂျက်မာရဲ့ လက်စွဲစကားတွေကို ကမ္ဘာအနှံ့ကိုးကားနေကြတယ်။ သူ ကျောင်းဝင်ဖို့ လျှောက်တာ အကြိမ်ကြိမ်ပယ်ချခဲ့တဲ့ ဟားဗတ်တက္ကသိုလ်က သူ့ကို ကျောင်းမှာ လာစကားပြောဖို့ ဖိတ်ရတယ်။

စာရေးသူ Clark က တရုတ်အကြောင်းရော၊ Alibaba ကုမ္ပဏီအကြောင်းရော ကောင်းကောင်းသိတဲ့သူပါ။  Alibaba ကို အကြံပေးခဲ့ဖူးတဲ့ သူ့ဇာတ်လမ်းကလည်း အလီဘာဘာရဲ့ ဇာတ်ကြောင်းကို ပံ့ပိုးပါတယ်။ သူ အလီဘာဘာကို အကြံပေးအတိုင်ပင်ခံလုပ်တုန်းက ကုမ္ပဏီက ငွေကြေးကျပ်တည်းနေတာနဲ့ သူ့ကို ပေးရမယ့် ဉာဏ်ပူဇော်ခကို  အလီဘာဘာရှယ်ယာနဲ့ ချေဖို့ ကမ်းလှမ်းပါတယ်။ Clark က လက်မခံဘဲ ငွေသားပဲ ယူပါတယ်။ သူ့ကို ကမ်းလှမ်းတဲ့  ရှယ်ယာတွေဟာ နောင်မှာ ဒေါ်လာသန်း ၃၀ လောက် တန်ကြေး ရှိလာတာကြောင့် ဒေါ်လာသန်း၃၀ တန် အမှားကျူးလွန်ခဲ့တာလို့ စာအုပ်ထဲမှာ Clark က နောင်တကြီးစွာနဲ့  ရေးထားပါတယ်။

ကမ္ဘာ့ထိပ်တန်း အမေရိကန်အင်တာနက်စီးပွားရေး လုပ်ငန်းကြီးဖြစ်တဲ့ Amazon အကြောင်း ရေးထားတဲ့  Everything Store စာအုပ်နဲ့ Alibaba အကြောင်း  ရေးထားတဲ့စာအုပ် ဘယ်စာအုပ်ကို ဒီတစ်ပတ်ညွှန်းရင်  ကောင်းမလဲလို့ မိတ်ဆွေရင်းတစ်ယောက်ကို အကြံတောင်းတဲ့အခါ မိတ်ဆွေက Alibaba တဲ့။ ဒီလို မိတ်ဆွေက ရွေးလိုက်တာကိုက Alibaba ရောက်နေတဲ့ အဆင့်ကို ပြောပြနေတာလား။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *