ဆေးလိပ်ဂယက်ထသည့်  မီ

ဆရာဝန် စာရေးဆရာမကြီးကြည်အေး ရေးဖွဲ့သီကုံးထားသည့် ‘မီ’ ဝတ္ထုကို ရုပ်ရှင်အဖြစ်ထွက်ပေါ်လာချိန်တွင် ရုပ်ရှင်အနုပညာ၊ ရသစာပေလောကနှင့် ကျန်းမာရေးအသိုင်းအဝိုင်းကြား ငြင်းခုန်မှု ဖြစ်လာသည်။

မီ ဝတ္ထုသည် ၁၉၅၀ ပြည့်နှစ်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဓိကဇာတ်ရုပ်မှာ ကျန်းမာရေးမကောင်းသူ နားလည်ရခက်သည့် မိန်းကလေးဖြစ်ပြီး လောကကြီးကို အရွဲ့တိုက်နေသည့်အလား ထင်မှတ်ရသူ မီ ဖြစ်သည်။

ရုပ်ရှင်ပိုစတာတွင် မီ က စတိုင် ကျကျ ဆေးလိပ်သောက်နေသည့်ဟန်ဖြင့် ကြော်ငြာထားသည်။ ထိုကြော်ငြာမှ စတင်ကာ အငြင်းအခုန်များ ထွက်လာ သည်။

ရုပ်ရှင်ကားတွင် မင်းသမီးက စတိုင် ကျကျ ဆေးလိပ်သောက်သည့် ပြကွက်များစွာ ပါဝင်သဖြင့် လူငယ်များ အတုယူကာ ဆေးလိပ်လိုက်သောက်မည့်ကို စိုးရိမ်ကြကြောင်း ဝေဖန်သူများရှိသည်။

အခြားတစ်ဖက်တွင်လည်း ရုပ်ရှင်ထဲတွင် ဆေးလိပ်သောက်ခြင်းက အနုပညာကို ပုံဖော်ခြင်းသာဖြစ်ပြီး အနုပညာကို အနုပညာဟုသာ ထင်မြင်စေချင်သည်ဟုလည်း ရုပ်ရှင်အနုပညာ အသိုင်းအဝိုင်းနှင့် ရသစာပေ လောသားများက တုံ့ပြန်သည်။

အဆိုပါ ရုပ်ရှင်ဆေးလိပ်သောက်သည့် ဇာတ်ဝင်ခန်းကြောင့် သတင်းစာရှင်းလင်းပွဲလုပ်ရသည့်အထိ ဇာတ်ရှိန် မြင့်တက်လာသည်။ ရန်ကုန်တိုင်း၏ ကျန်းမာရေးသံတမန်က ဆေးလိပ်သောက်ပြကာ သရုပ်ဆောင်သည်ဟူ၍ ကျန်းမာရေးအသိုင်းအဝိုင်းက ဝေဖန်ကြသည်။

Facebook စာမျက်နှာတွင် မီ ရုပ်ရှင်နှင့်ပတ်သက်ပြီး နှစ်ဖက်အငြင်းပွားမှုများဖြစ်ပွားနေသည့်အပေါ် မီ ဇာတ် ရုပ်ကို သရုပ်ဆောင်ရသည့် ရန်ကုန်တိုင်း၏ ကျန်းမာရေးသံတမန်လည်းဖြစ်သူ အကယ်ဒမီ ပိုင်ဖြိုးသုက အောက်ပါအတိုင်း ပြောဆိုသည်။

“သု ဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး။ သုသုရဲ့ ရပ်တည်ချက်က သရုပ်ဆောင်ပါ။ သုသုဘ၀မှာ အရေးအကြီးဆုံးက သုသုသရုပ်ဆောင်တဲ့အခါ ပီပြင်ဖို့က ခေါင်းထဲမှာ အမြဲတမ်း နံပါတ် တစ် ဦးစားပေးပါ”

ပိုင်ဖြိုးသုသည် ဆရာဝန်တစ်ဦးလည်းဖြစ်ကာ သုသု ဟု ပရိသတ်များက ချစ်စနိုးဖြင့် ခေါ်ကြသည်။

ကျန်းမာရေးသံတမန်က အခကြေးငွေယူပြီး ရုပ်ရှင်ဇာတ်ကားတွင် ဆေးလိပ်သောက်ပြကာ ဆေးလိပ်ကုမ္ပဏီများထံမှ ငွေကြေးရခဲ့သည် စသည့်စွပ်စွဲချက်များကို ချေပခြင်းဖြစ်သည်။

Facebook စာမျက်နှာတွင် ဆရာဝန်တစ်ဦးက အဓိကဝေဖန်ခြင်းဖြစ်ပြီး အနုပညာရှင်များ ဆေးလိပ်သောက်ပုံနှင့် ရုပ်ရှင်ကြော်ငြာပိုစတာကို ကန့်ကွက်ကြောင်းလည်း ၎င်းက ရေးသားထားခြင်း ဖြစ်သည်။

မီ ရုပ်ရှင်ဇာတ်ကား မပြသခင် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျန်းမာရေးအသိပညာပေးနေသည့် ဆရာဝန်တစ်ဦးက မီ ရုပ်ရှင်ကြော်ငြာတွင် ဆေးလိပ်သောက်နေသည့်ပုံစံဖြင့် ကြော်ငြာမှုကို ကန့်ကွက်ကြောင်း ရေးသားထားသည်။

ထိုသို့ ရေးသားထားသည်ကိုတွေ့ရှိသဖြင့် မီ ရုပ်ရှင်ထုတ်လုပ်သူများက ကြော်ငြာထားသည့် ရုပ်ရှင်ပိုစတာရှိ မီ လက်ထဲက ဆေးလိပ်ထိပ်နေရာတွင် ဆေးလိပ်မသောက်ရဆိုသည့် သတိပေးစတေကာကို ကပ်လိုက်သည်။

သို့သော်လည်း အပြန်အလှန်အငြင်းပွားမှုကား ပြီးမသွားပေ။ ယင်းနောက်ပိုင်းတွင်လည်း ဆေးလိပ်သောက်သည့် အကြောင်း၊ သတိပေးစတေကာအကြောင်း နှင့်ပတ်သက်ပြီး Facebook စာမျက်နှာတွင် ဝေဖန်သံများ ပြောကြားနေဆဲ ဖြစ်သည်။

မီ ရုပ်ရှင်ကို ထောက်ခံသူများကမူ Facebook  တွင် ဆေးလိပ်သောက်သည့် ဓာတ်ပုံများက အတူတူ ရပ်တည်ကြောင်း ပြသကြသည်။ အပြန်အလှန် ဝေဖန်ကြမှုကြောင့် ရုပ်ရှင်ဇာတ်ကားမှာလည်း လူစိတ်ဝင်စားမှု ပိုမိုမြင့်တက်ခဲ့သည်။

စွယ်စုံရ အနုပညာရှင် ဦးဝင်းဖေကမူ မီဝတ္ထုသည် ရသစာပေအမျိုးအစားဖြစ်သည့် အားလျော်စွာ ရုပ်ရှင်ရိုက်ကူးရာတွင်လည်း သူ့ဂုဏ်ကို မပျက်စေဘဲ ရိုက်ကူးရကြောင်း၊ ဒါရိုက်တာသည် ဝတ္ထုထဲက မူရင်းအရသာကို ထိမိအောင် ရိုက်နိုင်ခဲ့ကြောင်း မှတ်ချက်ပေးသည်။

“သူတို့က ရသစာပေဆိုတာ တန်ဖိုးထားတယ်။ သူတို့က လေးစားရမယ့်ကိစ္စကို အလုပ်နဲ့ ပြတယ်။ နေရာ၊ ဒေသ အမူအယာ၊ ဓာတ်ပုံတွေ၊ အသံတွေ အကုန်လုံးက မြန်မာရုပ်ရှင်ဆိုတဲ့ ရုပ်ရှင်အနုပညာတစ်ရပ်ကို ကမ္ဘာ့အဆင့်ထိ ရာခိုင်နှုန်း ၈၀ ထိ ရောက်သွားအောင် ကြိုးပမ်းနိုင်တာကို တွေ့ရတယ်” ဟု ဒါရိုက်တာ အကယ်ဒမီ ဦးဝင်းဖေက ပြောဆိုသည်။

အနုပညာ ဖန်တီးရာတွင် ကာလဒေသ အားလျော်စွာ ညီညွတ်အောင် ပြင်ဆင်သတ်မှတ်ပြီး ပုံဖော်ရကြောင်း ၎င်းက ဆိုသည်။

ဥပမာအနေနှင့် ကျောက်ခေတ်ကို အခြေခံရေးထားသည့် စာပေ သို့မဟုတ် ရုပ်ရှင်တစ်ခုဆိုလျှင် မယဉ်ကျေးသည့်၊ အဝတ်အစားမဲ့သည့် ပုံစံမျိုးဖြင့် ရိုက်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အဲဒါကို မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းအပါအဝင် လူတော်တော်များများက ပြဿနာလုပ် ဝေဖန်နေတယ်။ ဒါမျိုးကို မယောင်ရာဆီလူးတယ်။ ဒီလိုစဉ်းစားပြီးတော့လုပ်တာ ဒီလိုလုပ်တဲ့ ပုဂ္ဂိုလ်နဲ့ ဌာနက နည်းပါလိမ့်မယ်။ လူနည်းစု ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း အသံကတော့ တော်တော်ကျယ်တယ်” ဟု ဦးဝင်းဖေက မှတ်ချက်ပေးသည်။

မီရုပ်ရှင်ဇာတ်ကားထဲမှ မီက လူကောင်းမဟုတ်သလို လူဆိုးလည်း မဟုတ်ဘဲ စိတ်ဒဏ်ရာ ရထားသည့် နားလည်ရခက်သည့် ဇာတ်ကောင်ဖြစ်သည်။ မီက သူလုပ်ချင်ရာကို လွတ်လွတ်လပ်လပ်လုပ်သည့် စရိုက်ရှိသည်။ အဆုတ် ရောဂါ ခံစားနေသူဖြစ်သော်လည်း ဆေးလိပ်ကိုမူ မနားတမ်းသောက်သည်။

မီရုပ်ရှင်ထဲတွင် ဆေးလိပ်နှင့် အရက်သောက်မှုကြောင့် မကြာခဏချောင်းဆိုခြင်း၊ သွေးအန်သည့် သရုပ်ပြမှု များစွာ ပါဝင်သည်။

“မီ မှာ ဆေးလိပ်သောက်တာပါတယ်။ အဲဒီအတွက် လူငယ်တွေ အတုယူမှားသွားမလားဆိုတာ သုသု ကားရိုက် နေတဲ့ အချိန်မှာ တကယ် မစဉ်းစားမိပါဘူး။ ဘာလို့လဲဆိုတော့ သု စိတ်ထဲမှာ သိတာ ကြည်အေးရဲ့မီဖြစ်ဖို့” ဟု အကယ်ဒမီပိုင်ဖြိုးသုက ပြောဆိုသည်။

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်ကမူ ရုပ်ရှင်ဇာတ်ကားတွင် ဆေးလိပ်သောက်ခန်း ပါဝင်ခြင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချမှတ်ထားသည့် ဆေးလိပ်မသောက်ရသည့် စည်ကမ်းများ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ဆေးလိပ်ကို ဇာတ်လမ်းအရ မင်းသား၊ မင်းသမီးကသောက်တာ။ အဲဒါက ဇာတ်လမ်းအရ၊ ရှပ်ရုင်အရပဲဖြစ် တယ်။ ရုပ်ရှင်ကြည့်တဲ့သူတွေမှာ ဘာမှ ထိခိုက်စရာမရှိပါဘူးလို့ ဆေးလိပ်ကုမ္ပဏီတွေက ကြော်ငြာတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ လုပ်ဆောင်မှုမှာလည်း ဆေးလိပ်သောက်ရန် ကြော်ငြာခြင်းသာ ဖြစ်သဖြင့် တားမြစ်ရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စည်းမျဉ်းချမှတ်ထားကြောင်း ၎င်းက ပြောဆိုသည်။

သို့ရာတွင် မီ ရုပ်ရှင်ကား မစတင်မီ အချိန်တွင် ဆရာဝန်၊ အဆိုတော် နီနီခင်ဇော်ကလည်း ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများအကြောင်း ပြောကြားသည့် အသိပညာပေး ရုပ်သံမှတ်တမ်း ပါဝင်သည်။

မီ ရုပ်ရှင်ကားမှာ ဆေးလိပ်သောက်မှုပြကွက်များကြောင့် သတင်းစာရှင်းလင်း ပွဲလုပ်ပြီး တုံ့ပြန်ရသည်အထိ ဖြစ်ခဲ့သည်။

ပြည်သူ့ကျန်းမာရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် အချို့သောကျန်းမာရေးအသိုင်းအဝိုင်းက Facebook ပေါ်တွင် ဆေးလိပ်နှင့် အရက်သောက်ပြသည့် ဇာတ်ဝင်ခန်းက ငွေရရှိရန်၊ လူငယ်များ အတုယူမှားစေမည်ဆိုသည့် ဝေဖန်မှုပြင်းထန်သဖြင့် ပြည်သူများအထင်လွဲမှားမှု မဖြစ်စေရန် သတင်းစာရှင်းလင်းပွဲလုပ်ရခြင်းဖြစ်ကြောင်း ဒေါက်တာနွယ်ဦးက ဆိုသည်။

ဒေါက်တာနွယ်ဦးက မီရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်၊ အကယ်ဒမီပိုင်ဖြိုးသု၏ မိခင်လည်း ဖြစ်သည်။

မီ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စတင်ရိုက်ကူးခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၏ ကျန်းမာရေး သံတမန်အဖြစ် ၂၀၁၈ ခုနှစ် ဇူလိုင်လမှသာ ခန့်အပ်ခံရခြင်းဖြစ်ကြောင်း ပိုင်ဖြိုးသုက ဆိုသည်။

ဆေးလိပ်သောက်ကာ သရုပ်ဆောင်မှုများကြောင့် ကျန်းမာရေးသံတမန်ခန့်အပ်မှုကို ပြန်လည် ရုပ်သိမ်းသင့်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

“ကျွန်တော်တို့ ခန့်ထားတဲ့ သံတမန်က ဆရာဝန်ပဲ၊ ဒီဝတ္တုကို ရေးတာလည်း ဆရာ ဝန်ပဲ။ ဆရာဝန်တွေက ဘယ်တော့မှ ဆေးလိပ်သောက်တာ ကောင်းတယ်လို့ မရေးဘူး။ ပြီးတော့ ဇာတ်ကားရဲ့ အစမှာ ဆေးလိပ်သောက်တာက ဘယ်လောက်ထိ ဆိုးရွားထိခိုက်စေလဲဆိုပြီး ပညာပေး ဗီဒီယိုပြထားပါတယ်” ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။

ယင်းကြောင့် ကျင့်ဝတ်လိုက်နာပြီးသားဖြစ်ကာ ယင်းဇာတ်ကားမှ ဇာတ်ဝင်ခန်းများကြောင့် ဇာတ်ကားကြည့်ပြီးသည့် လူငယ်များဆေးလိပ်ပင် ပြတ်သွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့ရသစာပေလောကတွင် နာမည်ကြီးသူ ဆရာဝန်စာရေးဆရာမ ဂျူးက မီရုပ်ရှင်ဇာတ်ကားတွင် ဆေးလိပ် သောက်သည့် သရုပ်ဆောင်မှုအခန်းကို အနုပညာအနေဖြင့်သာ မြင်ရန် ဆိုသည်။

“မီ ဆေးလိပ်သောက်ပြရုံနဲ့ နောက်က လူငယ်တွေအတုယူမယ် ဆိုတာကတော့… အဲဒါကတော့ ဖြစ်တော့ ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ ရုပ်ရှင်ထဲမှာ ဆေးလိပ်သောက်လို့ လိုက်သောက်တယ်ဆိုတာ ဖြစ်တောင့် ဖြစ်ခဲပါ။ တစ်သောင်းမှာ တစ်ယောက်လောက် ဖြစ်ချင်လည်း ဖြစ်မှာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

မီရုပ်ရှင်ဇာတ်ကားရိုက်ကူးရာတွင် ဆေးလိပ်သောက်သည့် ဇာတ်ရုပ်များကြောင့် လူငယ်များ အတုယူမည့် အကြောင်းကိုမူ မတွေးမိကြောင်း၊ ဇာတ်လမ်းထဲတွင်လည်း ဆေးလိပ်နှင့် အရက်ကြောင့် လူကျန်းမာရေးအတွက် ပိုကောင်းသွားသည့် ပြကွက်များ မပါကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ဆိုသည်။

“အခုခေတ် လူငယ်တွေအနေနဲ့လည်း အတန်းပညာတွေ တတ်မြောက်ပြီး အသိပညာတွေ မြင့်မားနေပါပြီ။ ဒါကို အတုယူရမှာ မဟုတ်မှန်းလည်း သိနေကြပြီလို့ သုအနေနဲ့ ထင်မြင်မိပါတယ်။ သရုပ်ဆောင်မှုက ကိုယ် သရုပ်ဆောင်တဲ့ ဇာတ်ရုပ်ကို ပီပြင်အောင် လုပ်တာပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။

မီရုပ်ရှင်ဇာတ်ကားအကြောင်း တိတိကျကျပြောရမည်ဆိုပါက ဆေးလိပ်သောက်ကာ ကျန်းမာရေးချို့ယွင်းပြီး နောက်ဆုံးတွင် သေဆုံးသွားခြင်းဖြစ်သည်။ ယင်းကြောင့် ဆေးလိပ်သောက်ခြင်းမှာ မကောင်းသည့်အကြောင်း ရိုက်ကူးထားသည့် ကြော်ငြာဇာတ်ကားမျိုးပင် ဖြစ်နေသေးကြောင်း ဦးဝင်းဖေက ဆိုသည်။

အနုပညာစာပေချစ်မြတ်နိုးသူများနှင့် ကျန်းမာရေးအသိပညာပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကြားတွင် ဝေဖန်မှုများပြင်းထန်နေသည့် မီ ဇာတ်ကားရုပ်ရှင်ထဲမှ ဆေးလိပ်သောက်သည့် ဇာတ်ဝင်ခန်းအတွက် စာရေးဆရာမ ဂျူးက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“အနုပညာကို အနုပညာလိုပဲ ကြည့်စေချင်ပါတယ်”။        ။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *