ရန်ကုန်စက်မှုဇုန်များတွင် KTV ကြီးစိုးနေကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကော်မတီဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် KTV (ကာရာအိုကေဆိုင်) များ ကြီးစိုးနေကြောင်း ရန်ကုန်တိုင်းလွှတ်တော်ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ မြေပြင်ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ နိုဝင်ဘာလ ၁၅ ရက်အထိ စက်မှုဇုန်၁၀ဇုန်တွင် ကွင်းဆင်းစစ်ဆေးမှုများအရ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံနှင့် တောင် ဥက္ကလာပစက်မှုဇုန်တို့တွင်  KTV များ  ဖွင့်လှစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းကော်မတီအဖွင့်ဝင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆိုသည်။

အဆိုပါ စက်မှုဇုန်သုံးခုတွင် KTV  စုစုပေါင်းဆယ်ဂဏန်းဝန်းကျင် ရှိနေကြောင်း ရန်ကုန်တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီထံမှသိရှိရသည်။

စက်မှုလုပ်ငန်းလုပ်ကိုင်ရန်ပေးထားသည့် စက်မှုဇုန်မြေတွင် KTV ဆိုင်များ ဖွင့်လှစ်ခြင်းကို ပြည်ထဲရေးဝန်ကြီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကန့်သတ်ထားသည်။

“မြို့နယ်ထွေ/အုပ်ကနေ စာထုတ်ထားတာ ရှိတယ်။ စက်မှုဇုန်အတွင်းမှာ  KTV တွေ ထောင်ရင် ထောက်ခံချက်မပေးပါနဲ့လို့ ပြောထားတာ ရှိတယ်။ ဇုန်ဥက္ကဋ္ဌတွေကို မေးတော့ သူတို့လည်း ထောက်ခံချက်မပေးဘူးလို့ ပြောတယ်။ သူတို့ဆီကိုလည်း ထောက်ခံချက် လာမတောင်းဘူးလို့ ပြောတယ်”ဟု ရန်ကုန်တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဆိုသည်။

ရန်ကုန်တိုင်းတွင် KTV လုပ်ငန်းပေါင်း ၃၂၆ ခု ရှိပြီး ကာရာအိုကေစက် တစ်လုံးလျှင် သုံးသောင်းကျပ် အခွန်ကောက်ခံလျက်ရှိကြောင်း ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါ်နော်ပန်းသဉ္ဇာမျိုးက လွှတ်တော်တွင် ပြောကြားထားသည်။

စက်မှုဇုန်များတွင် ကျူးကျော်များ၊ KTV ဆိုင်များနှင့် ရေ၊ မီး၊ လမ်း၊ မြောင်းစသည့် အခြေခံအဆောက်အဦ မလုံလောက်သည့် ပြဿနာများ ကြံတွေ့နေရကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒမင်းက ဆိုသည်။

“မြေပြင်အခြေအနေတွေမှာ  KTV ရုံတွေ အများဆုံးဖြစ်နေတာတို့ လူနေအိမ်ခြေတွေ အများကြီးဖြစ်လာတာဆိုတဲ့ စက်မှုဇုန်ရဲ့အင်္ဂါရပ်နဲ့လည်း မညီတော့ဘူး။ ဒီစက်မှုဇုန်တွေအတွက် တာဝန်ခံထားတဲ့ သက်ဆိုင်ရာလူကြီးမင်းများက မြေပြင်ပေါ်ကို ဆင်းမကြည့်လို့ ဒီလိုမျိုး ဖြစ်နေတာလို့ ထင်တယ်”ဟု ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်စန္ဒာမင်းက ဆိုသည်။

ယခင်က စက်မှုဇုန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အိုး/အိမ်)က တာဝန်ယူဆောင်ရွက်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် အိုး/အိမ်ထံမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ လွှဲပြောင်းခဲ့သည်။

“အိုး/အိမ် လိုလို၊ စည်ပင်လိုလိုနဲ့ စက်မှုဇုန် ၂၈ ဇုန်လုံးက တကယ်တမ်းဖွံ့ဖြိုးမှု အရမ်းကို နိမ့်ကျနေတာ တွေ့ရတယ်”ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒမင်းက ဆိုသည်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန်အဟောင်း ၂၈ ဇုန်ကို ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် သမ္မတဦးဝင်မြင့်က ပြောကြားသောကြောင့် ရန်ကုန်တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီသည် စက်မှုဇုန်များကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။    

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *