သာသနာမြေအငြင်းပွားမှု ကယားဝန်ကြီးချုပ် သတိပေးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လဖောင်ရှိုကို ကက်သလစ်ဘုရား ကျောင်းမြေသိမ်းသည်ဆိုသည့် အငြင်းပွားမှုအပါအဝင် ပါတီစည်းကမ်းအရ ငြိစွန်း၍ ခေါ်ယူသတိပေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ခေါ်ယူသတိပေးရာတွင် မယ်စဲ့မြို့ကက်သလစ်သာသနာမြေ အငြင်းပွားမှုလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“ပါတီစည်းကမ်းအရ ငြိစွန်းလို့ပါ။ ဥပဒေကြောင်းအရတော့ ငြိစွန်းတာ မရှိပါဘူး။ ပါတီဝင်တွေအနေနဲ့ လူထုနဲ့ ဆက်ဆံတဲ့ နေရာမှာ ညွှန်ကြားချက်တွေ ရှိပါတယ်။ ဘာတွေ မလုပ်ရဘူးဆိုတာ ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ငြိစွန်းမှုရှိလို့ ခေါ်ယူသတိပေးတာ”ဟု ၎င်းက ဆိုသည်။

ကက်သလစ်သာသနာမြေ ၁၄ ဧကအနက် ဧကဝက်ခန့်ကို ဝန်ကြီးချုပ်က သိမ်းဆည်းထားကြောင်း နိုဝင်ဘာလ ၈ ရက်နေ့က မယ်စဲ့ကက်သလစ်ကျောင်းတော်က ဘုန်းတော်ကြီးနှင့် သာသနာပိုင်များက ရန်ကုန်တွင် သတင်းစာရှင်းလင်းခဲ့သည်။

သတိပေးခံရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်မည်ဟု ယူဆကြောင်း ကက်သလစ်သာသနာပိုင် ဆရာတော်ဦးရစ်ချက်ထွန်းက ပြောကြားသည်။

“ဗိုလ်ချုပ်ရုပ်တုကိစ္စရပ်ပဲ ဖြစ်မလား၊ သာသနာပိုင်မြေပဲ ဖြစ်မလား၊ တခြား ကြောင့်ပဲ ဖြစ်မလား တပ်အပ် မပြောနိုင်ဘူး။ လိုအပ်တာရှိရင် ပါတီက စည်းကမ်းအရ လုပ်ဆောင်တာ ကောင်းပါတယ်” ဟု ၎င်းက ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲပြီးနောက် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဝန်ကြီးချုပ် ကျောင်းတော်သို့ လာရောက်ကာ ကျောင်းတော်က တာဝန်ရှိသူများနှင့် ဆွေးနွေးညှိ နှိုင်းကြောင်း၊ နှစ်ဦးနှစ်ဖက်က မည်သည့်ဆောင်ရွက်ချက်မှ ဆက်လက်မလုပ်ဆောင်ဘဲ NLD ပါတီဗဟိုက လာရောက် စစ်ဆေးဖြေရှင်းမည်ကို စောင့်ဆိုင်းရန် သဘောတူညီခဲ့ကြောင်း ဦးရစ်ချက်ထွန်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ သာသနာမြေကို ဦးအယ်လ်ဖောင်းရှိုဝန်ကြီးချုပ်မဖြစ်ခင် မယ်စဲ့မြို့နယ် လက်ထောက်ပညာရေးမှူး တာဝန်ထမ်းဆောင်စဉ် ၂၀၁၄ ခုနှစ် မေလကတည်းက ခြံ မြေ ပြုလုပ်ရန် နွယ်ပင်များခုတ်ထွင်ရှင်းလင်းပြီး သာသနာအကျိုးဆောင်များက ကန့်ကွက်ခဲ့ကြောင်း အဆိုပါ အကျိုးဆောင်များထံမှ သိရသည်။

ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ၂၀၁၇ ခုနှစ် မေလတွင် သာသနာမြေဧကဝက်ခန့်ပါရှိသော မြေကို ဦးအယ်လ်ဖောင်းရှိုက ဆရာတော်၊ သာသနာ့အကျိုးဆောင်အဖွဲ့များ၊ ဒေသခံကက်သလစ်ဘာသာဝင်များကို တရားဝင်အသိပေးခြင်း၊ သဘောထားတူညီမှုရယူခြင်း မပြုဘဲ မြေပိုင်ဆိုင်မှုဆိုင်ရာ မြေဂရန်စာရွက်စာတမ်းပြုလုပ်ကြောင်း ဆရာတော်ရစ်ချက်သူရထွန်းက ပြောဆိုသည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတော်အကြီးအကဲ၊ NLD ပါတီတာဝန်ရှိသူများထံသို့ စတင်တိုင်ကြားကြောင်း၊ အကြောင်းပြန်ကြားခြင်း မရှိသဖြင့် ဒီဇင်ဘာတွင် ကယားပြည်နယ် NLD ပါတီဥက္ကဋ္ဌမှ တစ်ဆင့် ပြည်ထောင်စုအစိုးရထံ စာဖြင့် တိုင်တန်းခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၈ မတ်လတွင် ထပ်မံတိုင်ကြားရာ ပါတီတာဝန်ရှိသူက ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသည့်အချိန်မှသာ စုံစမ်းစစ်ဆေးပေးမည်ဟု ပါတီဘက်က ပြောဆိုကြောင်း ဦးရစ်ချက်ထွန်းက ဆိုသည်။

“သာသနာကိစ္စဆိုတာထက် တစ်ယောက်နှင့် အများပုံစံမျိုးဖြစ်တဲ့အတွက် အများပြည်သူရဲ့အသံကို နားထောင်ပြီးတော့ လုပ်ဆောင်ပေးမယ်လို့ မျှော်လင့်ရတယ်” ဟု ဆိုသည်။

မြေအငြင်းပွားမှုမှာ လူသိရှင်ကြားကိစ္စရပ်ဖြစ်လာသဖြင့် ပါတီဘက်က တုံ့ပြန်ဆောင်ရွက်မှုများ ရှိလာခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

အောင်ဒွဲလာ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *