သရုပ်ဆောင် မိုးအောင်ရင်အမှု နိုဝင်ဘာ ၂၇ ရက်နေ့ အမိန့်ချမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီခံထားရသည့် သရုပ်ဆောင် မိုးအောင်ရင် အမှု ၂နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် လာမည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ က မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ဝင်များက မိုးအောင်ရင်နေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မိုးအောင်ရင်ကို တွေ့ရှိခဲ့ခြင်းမရှိဘဲ မိုးအောင်ရင်၏ သူငယ်ချင်းနှစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည်။
နေအိမ်အတွင်းရှာဖွေရာ မိုးအောင်ရင်အိပ်သည်ဟုဆိုသော အခန်းအတွင်းရှိ ခုတင်မွေ့ယာပေါ်က ဆေးခြောက် ၃၄ ဒသမ ၃၃ ဂရမ်နှင့် ခုတင်အောက်က ဆေးခြောက် ၁၃၀၀ ဂရမ်ကို သိမ်းဆည်း ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့အပြင် မိုးအောင်ရင်ကို အိုက်စ် မူးယစ်ဆေးဝါးတစ်ဂရမ်နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ ချစ်သူနေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ၎င်းသူငယ်ချင်းနှစ်ဦးကို ပုဒ်မ၁၅/၁၉(က)ဖြင့် စွဲချက်တင်ထားသည်။
မိုးအောင်ရင်ကို စွဲဆိုထားသည့် ပုဒ်မသည် ပြစ်မှုထင်ရှားကြောင်း စီရင်ခံရ ပါက ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ နှစ်အကန့်အသတ်မရှိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြသည်။