မျှော်သူမောသည့် ထွက်ပြေးဘင်္ဂါလီ အပြန်ခရီး

ထွက်ပြေးဘင်္ဂါလီများ ပြန်လက်ခံရေး ဒုတိယအကြိမ်တွင်လည်း အထမမြောက်သေးသည့်အပြင် ဘင်္ဂါလီများ၏ဆန္ဒပြမှုပါ ခံလိုက်ရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂါလီများကို ပထမသုတ်အဖြစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လွှဲပြောင်းပေးမည်ဆိုသဖြင့် ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ကြိုဆိုရန် မောင်တောနယ်စပ်တွင် စောင့်နေခဲ့ကြသည်။ သို့သော်လည်း တစ်ဦးတစ်ယောက်မျှ ပြန်မရောက်လာကြပေ။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား ထွက်ပြေးဘင်္ဂါလီများကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စတင်လွှဲပြောင်းရန် သဘောတူခဲ့သော်လည်း အစီအစဉ်ပျက်သွားသည်။ ယခုတစ်ကြိမ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်ပို့ရန် လုပ်ဆောင်ရာတွင်လည်း ပြန်လာသူမရှိသေးပေ။
ရခိုင်ပြည်နယ်အရေးကို အဓိကကိုင်တွယ်နေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကမူ ထွက်ပြေးဘင်္ဂါလီများ မြန်မာနိုင်ငံသို့ ပြန်မရောက်လာသည့် အကြောင်းအရင်းတစ်ရပ်ကို ဖွင့်ချသည်။

“ပြန်ချင်တယ်ပြောရင် အပြစ်ရှာတယ်။ နှိပ်စက်ညှဉ်းပန်းတယ်။ သတ်ဖြတ်တဲ့အထိ အဲဒီဘက်မှာ လုပ်နေတယ်။ အဲဒီလိုမျိုးတွေကြောင့် ပြန်လာချင်သော်လည်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ဟိုဘက်မှာ ခံစားနေရတယ်” ဟု သတင်းစကားကြားသိရမှုအပေါ် ၎င်းကပြောဆိုသည်။

ဘင်္ဂါလီများကို ပြန်လည်လက်ခံရန် အဆင့်သင့်ဖြစ်နေပြီဟု မြန်မာအစိုးရက အလီလီအခါခါ ပြောဆိုနေသော်လည်း ထွက်ပြေးသွားသူများ ပြန်မရောက်လာခြင်းမှာ မည်သည့်အကြောင်းအရင်းများ ကြောင့်နည်း။

လက်ခံရေး လမ်းစ

ဖေဖော်ဝါရီလက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင်ကျင်းပသည့် ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်ပို့လိုသည့် လူရှစ်ထောင်ကျော်၏စာရင်းကို မြန်မာဘက်သို့ ပေးလိုက်သည်။

ယင်းနောက် မြန်မာဘက်က လက်ခံရန် စိစစ်ပြီးသူ ငါးထောင်ကျော်အနက် ၂၂၆၀ ဦးကို ပထမအသုတ်ခေါ်ယူရန် စီစဉ်ခြင်းဖြစ်သည်။ အောက်တိုဘာလ လကုန်ပိုင်းကာ ဒါကာမြို့တွင်ကျင်းပနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များ ဦးဆောင်သည့် တတိယအကြိမ်ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ပို့ဆောင်ရန် သဘောတူခြင်းဖြစ်သည်။

ကနဦးတွင် ရေလမ်းမှတစ်ဆင့် မောင်တောမြို့နယ် ငါးခူရစခန်းသို့ ပေးပို့ မည်ဟုဆိုပြီး ပို့ဆောင်ရန် နီးကပ်လာချိန်တွင် ကုန်းလမ်းမှတစ်ဆင့် တောင်ပြိုလက်ဝဲစခန်းသို့ ပေးပို့မည်ဟု အကြောင်းကြားလာပြန်သည်။

တောင်ပြိုလက်ဝဲ ချစ်ကြည်ရေးဂိတ်တွင် ပြည်နယ်ဝန်ကြီးနှစ်ဦး ကြိုဆိုရန် စောင့်နေခဲ့ပြီး တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဦးသိန်းဆွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ စောင့်ကြိုနေခဲ့သည်။

ပထမအသုတ်ကို တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းတွင် တစ်ရက်လျှင် လူ ၁၅၀ နှုန်းဖြင့် စတင်လက်ခံရန် စီစဉ်ထား ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် လက်ခံ ရေးစခန်းနှစ်ခုဖြင့် တစ်ရက်လျှင် ၃၀၀ ဦး၊ တစ်ပတ်လျှင် ငါးရက်နှုန်းဖြင့် လက်ခံရန် နှစ်နိုင်ငံသဘောတူထားကြသည်။

ဘင်္ဂလားဒေ့ရှ်ကြောင့်လော

ထွက်ပြေးဘင်္ဂါလီများ ပြန်မလာခြင်းမှာ ဘင်္ဂလားဒေ့ရှ်နှင့်သာ သက်ဆိုင်သည်။

ပြန်လည်လက်ခံရန် မြန်မာဘက်က အဆင်သင့်ဖြစ်နေပြီး နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လက်ခံဖြစ်ခြင်း မဖြစ်ခြင်းမှာ ဘင်္ဂလားဒေ့ရှ်နှင့်သာသက်ဆိုင်သည်ဟု နိုဝင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဝင်းမြတ်အေးက ပြောဆိုထားသည်။

“တစ်ဖက်နိုင်ငံရဲ့ တုံ့ပြန်မှုအပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ဘက်ကတော့ ဘာပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်ရမယ်။ တကယ်လည်း လုပ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြန်လည်လက်ခံရေးအစီအစဉ် အထမမြောက်ခြင်းမှာ နှစ်နိုင်ငံသဘောတူညီချက်အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်၏ အားနည်းချက်ကြောင့်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

မြန်မာသို့ ပြန်ပို့မည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရကပေးပို့သည့်စာရင်းမှာ ပြန်လာလိုသူများ ကိုယ်တိုင်လျှောက်လွှာတွင်ဖြည့်သွင်းခြင်းမဟုတ်သဖြင့် အဆင်မပြေမှု ကြုံရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“တစ်ဖက်နိုင်ငံက နေရပ်စွန့်ခွာသူတွေကို ပြန်လည်စေလွှတ်တဲ့အခါ နေရပ်မပြန်လိုသူတွေကို တွန်းအားပေးစေလွှတ်မယ်ဆိုရင် ပြန်လာမှာမဟုတ်ပါဘူး။ မိမိဆန္ဒအလျောက် ပြန်လာလိုသူကို ဦးစားပေးစေလွှတ်မှသာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေမှာဖြစ်ပါတယ်” ဟု ၎င်းကမှတ်ချက်ပေးသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လုံလုံ ခြုံခြုံနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မည့်အခြေအနေ မြန်မာနိုင်ငံတွင် မရှိသေးသဖြင့် ဒုက္ခသည်များ မပြန်သင့်သေးကြောင်း ထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း UNHCR သဘောတူမှသာ စေလွှတ်မည်ဟု ဆိုထားသည်။

ထွက်ပြေးဘင်္ဂါလီများ မြန်မာနိုင်ငံသို့ ပြန်ရေးလုပ်ငန်းစဉ်တွင် ပြန်လိုသူများကို UNHCR က အင်တာဗျူးမေးမြန်းမှုရှိကြောင်း၊ ယင်းမှာ ဘင်္ဂလားဒေ့ရှ် နှင့် UNHCR တို့ သဘောတူညီထားသည့်အတိုင်း စိစစ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု နားလည်ထားကြောင်း ဦးမြင့်သူက ဆိုသည်။

“တစ်ဖက်ကလည်း စည်းရုံးတာပါနိုင်တယ်။ INGO တွေရဲ့သွေးထိုးလှုံ့ဆော်မှုကြောင့်လည်း ပါနိုင်ပါတယ်။ ပြန်မလာတာကတော့ ကာယကံရှင်တွေရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကျွန်တော်တို့ကတော့ မိမိဆန္ဒအလျောက် ပြန်လာသူအားလုံးကို လက်ခံမှာပါ” ဟု ၎င်းက ဆိုသည်။

မိမိသဘောဆန္ဒအရ ပြန်လာနိုင်အောင် ဘင်္ဂလားဒေ့ရှ်အစိုးရက လုပ်ဆောင်ပေးရမည်ဖြစ်ပြီး လုံလုံခြုံခြုံနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးမှာ မြန်မာအစိုးရက လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်ပို့မည့်စာရင်းကို ပေးပို့လာသဖြင့် လိုက်နာလုပ်ဆောင်ရမည့်ကိစ္စများကို ပြည့်ပြည့်၀၀လုပ်ဆောင်ထားသည်ဟု မျှော်လင့်ကာ စောင့်ကြိုခဲ့သော်လည်း ဖြစ်မလာကြောင်း ၎င်းကဆိုသည်။

ပြန်ပို့မည့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာသံအမတ်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ခေါ်ယူတွေ့ဆုံကာ အတည်ပြုခဲ့သေးကြောင်း၊ ပထမအသုတ်ပို့မည့် လူနှစ်ထောင်ကျော်စာရင်းကို UNHCR သို့ ပေးပို့ထားသည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

UNHCR က စိစစ်ကာ စေလွှတ်မည်ဟု ယူဆသော်လည်း လွှဲပြောင်းခြင်းမရှိကြောင်း၊ ပြန်ပို့ရေးလုပ်ငန်းစဉ်တွင် UNHCR အနေနှင့် ပံ့ပိုးကူညီသင့်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ကျကျနနဆောင်ရွက်ပေးသင့်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

မြန်မာကြောင့်လော

မြန်မာနိုင်ငံသို့ မပြန်သင့်သေးကြောင်း သတိပေးမှုများလည်း ရှိနေသည်။

ဒုက္ခသည်များပြန်လျှင် မြန်မာနိုင်ငံဘက်တွင် လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ ပြန်နေနိုင်မည့်အခြေအနေ မရှိသေးသဖြင့် လက်ခံရေးလုပ်ငန်းစဉ်ကို မစတင်သေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက သတိပေးထားကြသည်။

နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့် စသည့် အခြေခံလူ့အခွင့်အရေးများအတွက် ခိုင်မာသည့်အာမခံချက်များ မရှိသေးသဖြင့် မပြန်သင့်ကြောင်း ၎င်းတို့က ကြေညာချက်အသီးသီး ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြန်ပို့ရေးအစီအစဉ်ကို ဆိုင်းငံ့ထားရန် ယင်းအဖွဲ့များက တောင်းဆိုထားကြသည်။

ပြန်ရမည့်စာရင်းတွင် ပါဝင်သူအချို့သည် မပြန်လိုသဖြင့် အခြားဒုက္ခသည်စခန်းများနှင့် တောထဲတွင်ဝင်ရောက်ပုန်းခိုခြင်းများရှိကြောင်း နိုင်ငံတကာသတင်းမီဒီယာအချို့က ရေးသားကြသည်။

အမေရိကန်၊ ဗြိတိန်တို့ကလည်း ဒုက္ခသည်များ နေရပ်ပြန်ရေးတွင် မြန်မာဘက်က အခြေအနေအဆင်သင့်မဖြစ်၊ မလုံခြုံသေးဟုဆိုကာ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို ရပ်ဆိုင်းရန် ပြောဆိုထားကြသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ဒုက္ခသည်များ နေရပ်သို့ ပြန်မည့်အစီအစဉ်အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ကလည်း အတင်းအကျပ်ပြန်ပို့လျှင် ဆိုးကျိုးများဖြစ်လာနိုင်သည်ဟု သတိပေးထားသည်။

ICG သတိပေးချက်တွင် နေရပ်ပြန်ရေးအစီအစဉ်ကြောင့် ဒုက္ခသည်အချို့ တောထဲတွင် ဝင်ရောက်ပုန်းခိုကြပြီး အနည်းဆုံး လူတစ်ဦးသေကြောင်းကြံစည်ခဲ့ကြောင်း ရေးသားထားသည်။ နေရပ်ပြန်ပို့ ရေးအစီအစဉ်မှာ တရုတ်ဖိအားကြောင့် နှစ်နိုင်ငံလုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ရေးသားထားသေးသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet  ကလည်း မြန်မာအခြေအနေမှာ လုံခြုံစိတ်ချရသည့် အခြေအနေမဟုတ်သေးဘဲ အတင်းအကျပ်ပြန်ပို့လျှင် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရကြောင်း သတိပေးထားသည်။

UNHCR ၏ မဟာမင်းကြီး Filippo Grandi ကလည်း လုံခြုံစိတ်ချရသည့် အခြေအနေရှိမရှိ ဒုက္ခသည်များ ကိုယ်တိုင်နေရပ်ပြန်ကာ သွားရောက်လေ့လာသင့်ပြီး မြန်မာအစိုးရကလည်း ခွင့်ပြုသင့်ကြောင်း ပြောဆိုထားသည်။ ယင်းမှသာ ပြန်သင့်မပြန်သင့် ဒုက္ခသည်များ ဆုံးဖြတ်နိုင်မည်ဟု ဆိုသည်။

ပြန်လည်လက်ခံရေးကို ဖျက်သိမ်းရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီက တောင်းဆိုသည်။ ဒုက္ခသည်များ နေရပ်ပြန်လျှင် နှိပ်စက်အရေးယူမှု ပြန်ခံရနိုင်ပြီး နေရပ်ပြန်ရမည့်သတင်းများကို ဒုက္ခသည်များ ကြားသိရသဖြင့် စိုးရိမ်နေကြောင်း သတိပေးသည်။

ထို့သို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကဖိအားပေးမှု ပြင်းထန်နေချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ စတင်မည့် ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ရပ်ဆိုင်းလိုက်သည်။

ထွက်ပြေးဘင်္ဂါလီဒုက္ခသည်များကလည်း ပြန်ပို့ရေးအစီအစဉ်ကို လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြကြသည်။ နိုင်ငံသားဖြစ်ခွင့်ရမှသာ မြန်မာနိုင်ငံသို့ ပြန်မည်ဆိုသည့် စာသားရေးထားသည့် စာရွက်များကို ကိုင်ဆောင်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။

မြန်မာချေပချက်

နိုင်ငံတကာက ဝေဖန်မှုများကို မြန်မာအစိုးရက မည်သို့တုံ့ပြန်ထားသနည်း။

မြန်မာနိုင်ငံတွင် ဥပဒေဘောင်အတွင်းနေထိုင်လျှင် မလုံခြုံရန် အကြောင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မီဒီယာများမှတစ်ဆင့် တုံ့ပြန်သည်။

“ဥပဒေကျော်လွန်ရင်တော့ Save ဖြစ်ချင်မှဖြစ်မယ်” ဟု ၎င်းကဆိုသည်။

ဥပဒေကို ကိုင်တွယ်ကျင့်သုံးရသည့် အာဏာပိုင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ဥပဒေကိုချိုးဖောက်လျှင် အရေးယူမှုများရှိခဲ့ပြီး လက်ရှိတွင် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် စစ်ဆေးရာတွင် ပေါ်ပေါက်လျှင် ထပ်မံအရေးယူမည်ဟု ၎င်းကပြောဆိုသည်။

NLD အစိုးရသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးနေသည့် အစိုးရဖြစ်ပြီး လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေးကို ကြိုးပမ်းနေသဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးမဖြစ်နိုင်ရန် အကြောင်းအရင်း မရှိကြောင်း ဒေါက်တာဝင်းမြတ်အေးက တုံ့ပြန်သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ နေရပ်ပြန်လိုသူများ ပုံစံဖြည့်ခွင့်မရသည့်အပြင် ခြိမ်းခြောက်ခံရပြီး သတ်ဖြတ်ခံရသည့်အဆင့်ထိပါ ဖြစ်ပွားနေသည်ဟု သတင်းကြားသိနေရကြောင်း ၎င်းက ပြောဆိုသည်။

“ဒီဘက်ကို မယုံလို့ မလာချင်လို့ မဟုတ်ဘူး။ ယုံပြီးလာချင်တဲ့သူတွေ အများကြီးရှိတယ်”

အောက်တိုဘာလကုန်ပိုင်းက သွားရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ဒုက္ခသည်စခန်း၌ ဟိန္ဒူဘာသာဝင် ၄၃၈ ဦးမှာ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လိုသည်ဟု ပြောဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောဆိုသည်။

ယင်းမှာ ဒုက္ခသည်များ မိမိသဘောဆန္ဒအရမဟုတ်ဘဲ အတင်းအကျပ် ပြန်ပို့ခံနေရသည်ဆိုသည့် စွပ်စွဲချက်ကို ချေပခြင်းလည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအနက် သုံးမျိုးခွဲနိုင်သည်ဟု ဦးမြင့်သူက ဆိုသည်။

ပထမတစ်မျိုးမှာ ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် တတိယနိုင်ငံတစ်ခုခုသို့ သွားလိုသော ဥပမာ – ကနေဒါသို့ သွားလိုသူများဖြစ်ပြီး ဒုတိယမှာ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွင် ARSA စည်းရုံးမှုကြောင့် ပါဝင်ခဲ့သူ ရွာသားများဖြစ်ကြောင်း၊ ယင်းဒုက္ခသည်များမှာ မြန်မာသို့ မပြန်လိုသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

တတိယတစ်မျိုးမှာ ရခိုင်ပြည်နယ်တွင် နေအိမ်၊ ဆွေမျိုး၊ လယ်ယာလုပ်ငန်း၊ ငါးဖမ်းစက်လှေပိုင်ဆိုင်သူ၊ စီးပွားရေးလုပ်ငန်းများရှိသော ဘင်္ဂါလီများမှာ နေရပ်ပြန်လိုသည့်ဆန္ဒရှိနေကြောင်း ဦးမြင့်သူက ရှင်းပြသည်။ ပြန်လည်လက်ခံရေးကို ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ပြောဆိုပြီး UNHCR ကိုလည်း ဝေဖန်ထားသည်။

“UNHCR အနေနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီတဲ့နေရာမှာ အမှန်တကယ်ပြန်လိုတဲ့သူတွေကို အတားအဆီးပုံစံမျိုး မဖြစ်သင့်ဘူး”

ပြန်မလာခြင်း အကြောင်းအရင်း

ဘင်္ဂါလီများ ပြန်မလာခြင်းအပေါ် ဝေဖန်မှတ်ချက်ပေးမှု အမျိုးမျိုးရှိနေသည်။

ကုလသမဂ္ဂနှင့် UNHCR တို့၏ ဖိအားပေးသည့် ထုတ်ပြန်ကြေညာချက်များကြောင့် ဘင်္ဂလားဒေ့ရှ်က ပြန်မပို့ခြင်းဖြစ်နိုင်ကြောင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောဆိုသည်။

“ဘင်္ဂလားဒေ့ရှ်အစိုးရအပြင် နိုင်ငံတကာအဖွဲ့တွေက မလုံခြုံဘူး၊ စိတ်မချရဘူးဆိုတဲ့ အမြင်တွေနဲ့ သုံးသပ်ချက်တွေနဲ့ ဖိအားတွေပေးတယ်။ မပို့သင့်ဘူးဆိုတာက ဒုက္ခသည်တွေကိုလည်း သက်ရောက်မှာပေါ့” 

ဘင်္ဂါလီများ ပြန်မလာခြင်းမှာ လုံခြုံဘေးကင်းမှုနှင့် ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်သည့် အခြေအနေမဖြစ်သေး၍ မဟုတ်ဘဲ နိုင်ငံရေးအရ တောင်းဆိုချက်များ မရသေးသဖြင့် မလာခြင်းသာဖြစ်ကြောင်း ၎င်းကဆိုသည်။

“လိုအပ်တာထက် ပိုပြီးတောင်းဆိုနေတာပါ။ ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ နိုင်ငံသားပေးဖို့ဆိုတဲ့အချက်ကို တောင်းဆိုချင်လို့ပါ။ တကယ်တော့ လုံခြုံရေးအကြောင်းပြချက်က အကြောင်းပြချက်သက်သက်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ယင်းသို့တောင်းဆိုချက်မှာ မြန်မာအစိုးရက လွယ်လင့်တကူဖြေရှင်းနိုင်ရန် ခက်ခဲသဖြင့် ဘင်္ဂါလီပြန်ပို့ရေး အစီအစဉ်မှာ ကြန့်ကြာနိုင်ကြောင်း ဦးမောင်မောင်စိုး က ယူဆသည်။

“နိုင်ငံတကာစွက်ဖက်မှုများနေရင်တော့ Delay (နှောင့်နှေး) ဖြစ်မှာပဲ။ ဒါကို နိုင်ငံတကာဖြေရှင်းပုံဖြေရှင်းနည်းက ဖြေရှင်းထာထက်စာရင် ပြဿနာအသစ် ဖန်တီးနေသလို ဖြစ်နေပါတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံဘေးကင်းမှုမရှိဟု အကြောင်းပြချက်များကို လက်မခံသူများရှိသည်။ မောင်တောဒေသအပါအဝင် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ ဆက်လက်နေထိုင်လျက်ရှိပြီး လုံခြုံမှုမရှိလျှင် လက်ရှိနေထိုင်သူများပါ ထွက်ခွာသွားနိုင်သဖြင့် ယင်းအချက်ကို လက်မခံကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီကမူ ကုလသမဂ္ဂ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်သည့် UNHCR နှင့် နိုင်ငံတကာက ကန့်ကွက်မှု၊ ဘင်္ဂါလီများ၏ တောင်းဆိုမှုတို့ကြောင့် ထွက်ပြေးဘင်္ဂါလီ ပြန်ပို့ရေးလုပ်ငန်းစဉ် မဖြစ်မြောက်နိုင်ကြောင်း မှတ်ချက်ပေးသည်။

အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ဘင်္ဂါလီများက အချက်အချို့ကို တောင်းဆိုသည်။

ရိုဟင်ဂျာလူမျိုးအမည်ဖြင့် နိုင်ငံသားပေးရန်၊ မူလကျေးရွာများတွင် ပြန်နေထိုင်ခွင့်ပြုရန်၊ ပိုင်ဆိုင်သည့် လယ်မြေများကို ပြန်ရရန်၊ ဘေးကင်းလုံခြုံမှုအတွက် နိုင်ငံတကာအစောင့်အရှောက်ဖြင့် နေထိုင်ခွင့်ပြုရန်တို့ဖြစ်သည်။

“တောင်းဆိုချက်တွေက လိုက်လျောလို့မရတဲ့ တောင်းဆိုချက်တွေလေ။ တောင်းဆိုချက်တွေပေးမှ ပြန်လာမယ်ဆိုရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး” ဟု ဦးခင်ရီက သုံးသပ်သည်။

ပြန်လာလိုသည့် ဘင်္ဂါလီများမှာလည်း ခြိမ်းခြောက်ခံနေရသည်ဟု ပြောဆိုပြီး ထွက်ပြေးဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ၎င်းက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ပြန်မလာဘူးလို့ သုံးသပ်မိတယ်လေ” 

 

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *