တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပနေချိန် တောင်ကြီးတွင် မိုင်းဗုံးဟုယူဆရသည့် အိတ်တွေ့၊ ဖောက်ခွဲရှင်းလင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပနေချိန် မြို့လယ်နေရာနှစ်ခုတွင် မိုင်းဗုံးဟု ယူဆရသည့် မသင်္ကာဖွယ်ရာအထုပ် နိုဝင်ဘာ လ ၁၆ ရက်နေ့က ဆက်တိုက်တွေ့ပြီး တစ်ခုကို ဖောက်ခွဲဖျက်ဆီးလိုက်ရကြောင်း ရှမ်းပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

တောင်ကြီးမြို့ မြို့မဈေးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် မိုင်းဗုံးထည့်ထားသည်ဟု ယူဆရသည့် အနက်ရောင်လက်ဆွဲအိတ်တစ်လုံးတွေ့ရှိပြီး အန္တရာယ်ဖြစ်မည်စိုးရိမ်သဖြင့် တပ်မတော် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့က ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း ၎င်းကပြောဆိုသည်။

“မသင်္ကာလာလို့၊ မဖွင့်ရဲလို့ အကာအကွယ်ယူပြီးတော့မှ ဖောက်ခွဲလိုက်ရတာပေါ့နော်။ ဖွင့်ရင် ကွဲမှာကြောက်တာကိုး။ သက်ဆိုင်ရာတပ်က အကာအကွယ်ယူပြီးတော့မှ သူတို့ နည်းစနစ်နဲ့ ဖောက်ခွဲလိုက်တာပေါ့” ဟု ဦးစိုင်းရှဲန်တစ်လုံက ဆိုသည်။

ယင်းနောက် အနီးပတ်ဝန်းကျင်ကို လိုက်လံရှာဖွေရာ City Square ဈေးဝယ်စင်တာ ဒုတိယထပ်ရှိ အများသုံးအိမ်သာသို့ သွားသည့်လမ်းတွင်လည်း မသင်္ကာဖွယ်ရာ အိတ်တစ်လုံး ထပ်မံတွေ့ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါစင်တာတွင် တွေ့ရှိသည့်အိတ်မှာ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများမဟုတ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များထံမှ သိရသည်။

ဗုံးပါသည်ဟု မသင်္ကာဖွယ်ရာ အိတ်များတွေ့ရှိသည့် နေရာနှစ်ခုမှာ လမ်းတစ်ခုသာခြားကြောင်း၊ ယင်းသို့တွေ့ရှိသဖြင့် တောင်ကြီးတွင် လုံခြုံရေးတင်းကျပ်လိုက်ပြီး မီးပုံးပျံပွဲတော်တွင်လည်း အဝင်အထွက်များကို သေချာစစ်ဆေးရန် ရဲတပ်ဖွဲ့ကို အစိုးရက ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မိုင်းနဲ့ပတ်သက်တဲ့ ရင်းနှီးတဲ့လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်နိုင်မလား။ အဖွဲ့အစည်းတွေက များတဲ့အခါကျတော့ ဘယ်အဖွဲ့အစည်းဆိုတာတော့ မသိနိုင်ဘူးလေ။ ဘယ်သူက ဘာကြောင့် ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကတော့ မသိဘူးလေ။ လောလောဆယ် ကျွန်တော့်အမြင်ကတော့ ပွဲလန့်အောင်လုပ်တယ်လို့ ယူဆရတာပေါ့ဗျာ” ဟု ဦးစိုင်းရှဲန်တစ်လုံက ဆိုသည်။

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ အဝေရာမီးပုံးပျံကွင်းတွင်လည်း စစ်ဆေးရှာဖွေနေပြီး အဝေရာကွင်းအတွင်း မသင်္ကာဖွယ်ရာ မတွေ့ရကြောင်း အဆိုပါပွဲတော် ကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။

ပွဲတော်သို့ လာရောက်လည်ပတ်သူများ ဘေးကင်းလုံခြုံစွာဖြင့် လည်ပတ်လေ့လာနိုင်ရန် လုံခြုံရေးတိုးမြှင့်ချထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *