ဘင်္ဂါလီများနေရပ်ပြန်မလာသည့်ကိစ္စ မြန်မာဘက်က အာဆီယံခေါင်းဆောင်များ ရပ်တည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများ နိုဝင်ဘာလ ၁၅ ရက်က မြန်မာသို့ ပြန်မလာသည့် ကိစ္စရပ်အပေါ် အာဆီယံခေါင်းဆောင်များသည် စိုးရိမ်မှုဖြစ်ကြသော်လည်း မြန်မာဘက်က ရပ်တည်ကြကြောင်း ထိုင်းအခြေစိုက် The Nation သတင်းဌာနက ရေးသားသည်။

သို့သော်အဆိုပါခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်ကိုမူ ပုဂ္ဂိုလ်ရေးအရ ပြစ်တင်ခဲ့ကြသည်ဟု အဆိုပါသတင်းတွင် ဖော်ပြသည်။

အာဆီယံညီလာခံပြီးနောက် ညီလာခံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ဒုက္ခသည်များ ပထမအသုတ် ပြန်လည်လက်ခံရေးသဘောတူညီခဲ့မှုကို အသိအမှတ်ပြုဖော်ပြခဲ့သည်။

မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားခေါင်းဆောင်များသည် အဆိုပါကိစ္စရပ်အပေါ် ၎င်းတို့၏ သက်ဆိုင်ရာအခန်းကဏ္ဍကို ဖော်ပြခဲ့သည်ဟု ညီလာခံ ဥက္ကဋ္ဌဖြစ်သည့် စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုကို မြန်မာက နားလည်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှုပ်ထွေးတဲ့ အခြေအနေကို ထိထိရောက်ရောက်ဖော်ပြနိုင်ခဲ့ပြီး တိုးတက်မှုတချို့ရဖို့ မြန်မာက အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာလည်း ကျွန်တော်ယုံကြည်ပါတယ်”ဟု စင်ကာပူဝန်ကြီးချုပ်က နိုဝင်ဘာ ၁၅ ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လုံခြုံမှုအာမခံချက် မပေးနိုင်သည့် ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီ(မူရင်းသတင်းတွင် ရိုဟင်ဂျာဟုသုံး) အများစုက ပြန်မသွားလိုကြောင်း ထိုင်းနိုင်ငံရှိ ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဆီရိအလမ်က ပြောဆိုသည်။

မြန်မာအစိုးရ၏ ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို ရိုးသားစွာထောက်ခံကြောင်းနှင့် အာဆီယံမှ လေ့လာသူများအနေနှင့် နောက်ပိုင်းဆက်လက်ဖြစ်ပေါ်မည့်ကိစ္စများကို သွားကြည့်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

အာဆီယံညီလာခံကာလအတွင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာကဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ပေး၍ မရသည့်ကိစ္စကို ကာကွယ်ပေးရန် ကြိုးစားနေသည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

“ရခိုင်ပြည်နယ်အခြေအနေကို ကျွန်တော် ရည်ညွှန်းပြောကြားခဲ့တယ်။ တလွဲလုပ်နေတာတွေကို မှန်မှန်ကန်ကန်လုပ်သင့်တယ်လို့ ကျွန်တော်တို့ တိုက်တွန်းခဲ့ပါတယ်”ဟုမဟာသီယာကညီလာခံ ပြင်ပတွင် မလေးရှားမီဒီယာများသို့ပြောကြားသည်။

မြန်မာ၊ UNHCR နှင့် UNDP တို့ကြား သဘောတူလက်မှတ်ထိုးထားသည့် MoU ကို အပြည့်အဝအကောင်အထည်ဖော်သည်ကို မြင်တွေ့လိုကြောင်း အာဆီယံခေါင်းဆောင်များက ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *