ကကြိုးစုံသည့် သက်ရှိပြတိုက်

အချိန်ကား ၁၉၃၈ ခုနှစ်။ ဘီအိုစီ (Burma Oil Company) ရေနံမြေ အလုပ်သမားများဘ၀သည် အဘက်ဘက်မှ ချွတ်ခြုံကျလျက်ရှိသည်။ နောက်ဆုံးတွင် သခင်ဖိုးလှကြီးဦးဆောင်သော ရေနံမြေလုပ်သားများသည် BOC ကုမ္ပဏီကို အလုပ်သမားအခွင့်အရေးများပေးရန် တောင်းဆိုသည်။ BOC ကုမ္ပဏီက မလိုက်လျောသဖြင့် ၁၃၀၀ ပြည့်ရေနံမြေသပိတ်ကို စတင်သည်။

ရေနံချောင်းနှင့် ချောက်မြို့မှ ရန်ကုန် သို့ ခြေလျင်ချီတက်လာသော ရေနံမြေ လုပ်သားများ၏ သပိတ်သည် ၁၉၃၉ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်သို့ ရောက်ရှိခဲ့ သည်။ ယင်းရေနံမြေမှ အလုပ်သမားများကို BOC ရုံးတွင် အလုပ်ဆင်းနေသည့် ဝန်ထမ်းများကထွက်၍ သပိတ်တားခဲ့သည်။

ပြက္ခဒိန်များ အသစ်လဲချိန်တွင် အဖိနှိပ်ခံ ရေနံမြေလုပ်သားများလည်း မရှိတော့။ မြန်မာ့သမိုင်းတွင် ထင်ကျန်ရစ်သည့် ၁၃၀၀ ပြည့်ရေနံမြေသပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီးလည်း သက်ရှိထင်ရှားမရှိတော့။

ယနေ့အချိန်အထိ သက်ရှိထင်ရှားရှိနေသူက ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ အမှတ် ၆၀၄/၆၀၈ က အဆောက်အအုံပင်ဖြစ်သည်။

လက်ရှိတွင် MOGE (မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း) ရုံးဟောင်းဟု အများခေါ်နေကြသည်။ မကြာမီကာလတွင် ရန်ကုန်မြို့၏ အမျိုးသားစာကြည့်တိုက်ဟူသော အမည်သစ်တစ်ခုတွင်ရန် တာစူနေသည်။

“အဲဒါကြီးက ၂၀၂၀ မတ်လလောက်မှာ ပေါ်ပြီပေါ့။ မြို့နယ်အတွက်လည်း Image (အမြင်) ကြီးတယ်။ နိုင်ငံတကာကလည်း စိတ်ဝင်စားမှုမြင့်မားတယ်” ဟု ပန်းဘဲတန်းမဲဆန္ဒနယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ဆိုသည်။

ရေနံမြေသပိတ်ကို တားဆီးခဲ့သည့်ထိုရုံးမှာ ဦးနေဝင်းအစိုးရလက်ထက်မှသည် မျက်မှောက်ခေတ်တိုင်အောင် ကျရာတာဝန်ကို မညည်းမညူထမ်းဆောင်နေဆဲပင်။

ကွန်ကရစ်ဖြင့် ရေးထိုးထားသည့် အင်္ဂလိပ်အက္ခရာ ၆၀၈ ဆိုသောနံပါတ်ကို ယနေ့တိုင် ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။

ရန်ကုန်မြို့လယ်ရှိ ခေတ်ပေါ်အဆောက်အအုံများကြားတွင် ထုံးဖြူဖြူနှင့် ထိုလေးထပ်အဆောက်အအုံမှာ ကိုလိုနီခေတ်လက်ရာအတိုင်း တည်ရှိနေသေးသည်။

MOGE ရုံးအဆောက်အအုံကို ၁၉၀၈ ခုနှစ်တွင် ဗိသုကာပညာရှင် Robinson နှင့် Mundy တို့က ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ပြီး ယနေ့အချိန်အထိ သက်တမ်း ၁၁၀ နှစ် ရှိပြီဖြစ်သည်။

အဆိုပါအဆောက်အအုံသည် မူလပထမတွင် စကော့တလန်လူမျိုးပိုင် ချည်နှင့် အထည်အလိပ်လုပ်ငန်းလုပ်သည့် Finlay, Fleming & Company ရုံးအဖြစ် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တည်ဆောက်ပြီးမကြာမီ ယင်းအဆောက်အအုံကို ဘီအိုစီ (Burma  Oil Company) က ပြန်လည်ဝယ်ယူခဲ့ ပြီး ဘီအိုစီရုံးချုပ်အခြေစိုက်ရာလည်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် အဆိုပါရုံး၏ ၃၁ လမ်းဘက်အခြမ်းကို စံပြဆေးခန်အဖြစ် ဖွင့်လှစ်ခဲ့သေးသည်။

ထိုမှ ၁၉၆၃ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီကို ပြည်သူပိုင်အဖြစ် လွှဲပြောင်းယူပြီးနောက် အဆောက်အအုံတစ်ခုလုံးကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးချုပ်(MOGE) အဖြစ်၂၀၀၆ ခုနှစ်အထိ အသုံးပြုခဲ့သည်။

အထီးကျန်သူ

အဆိုပါရုံးဌာန နေပြည်တော်သို့ ပြောင်းရွှေ့သွားသည့် ၂၀၀၆ ခုနှစ် နောက်ပိုင်းမှစ၍ ထိုအဆောက်အအုံကို အသုံးပြုသူမရှိ။ ဆယ်စုနှစ်တစ်စုကျော်ကြာ လူသူကင်းမဲ့ အထီးကျန်နေခဲ့သည်။

မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ကြည့်ရှု ပြုပြင်ထိန်းသိမ်းခြင်းမရှိကြောင်း အဆိုပါရုံးဘေးတွင် ရောင်းချသည့်ဈေးသည်များက ဆိုကြသည်။

အဆောက်အအုံဘေးနှစ်ဖက်တွင် လမ်းဘေးထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်ငယ်များ၊ ကွမ်းယာဆိုင်၊ သစ်သီးသည်များကသာ အဖော်ပြုနေရသည်။

“ကြာပြီ။ တော်တော်ကိုကြာနေပြီ။ ၁၅ နှစ်လောက်တော့ရှိနေပြီ။ အခုတော့ ပြင်နေပြီ။ ပြီးခဲ့တဲ့နှစ်လောက်ကမှ စပြင်တာ။ ဘာလုပ်မလဲတော့ မသိဘူး” ဟု  ရုံးဟောင်း၏ခြံဝင်းကို အဖီဆွဲ၍ ကွမ်းယာဆိုင်ဖွင့်လှစ်ထားသည့် ဒေါ်လှိုင်ဦး က ဆိုသည်။

MOGE ရုံးအဖြစ် ဆောင်ရွက်ခဲ့ရာမှ လက်ရှိတွင် အနာဂတ်လူငယ်တို့အတွက် အရေးပါလှသည့် အမျိုးသားစာကြည့်တိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ ပြင်ဆင်မှုလုပ်ငန်းများ စတင်ခဲ့သည်။

သက်တမ်းနှစ်တစ်ရာကျော်နေသည့်အပြင် ဆယ်စုနှစ်ကျော် မပြုမပြင်ဘဲထားသည့်တိုင် ယင်းအဆောက်အအုံမှာ ယနေ့အချိန်အထိ ကြံ့ခိုင်မှု ကောင်းမွန်နေကြောင်း အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဘဆွေက ဆိုသည်။

“အဆောက်အအုံက ဟောင်းတာ သစ်တာနဲ့ မဆိုင်ဘူး။ ရာသီဥတုဒဏ်၊ ငလျင်တွေရော၊ စစ်ဗုံးတွေပါ ကျခဲ့တယ်။ ဘယ်အိမ်တွေ ကျန်ခဲ့လဲ ရွှေတိဂုံတို့၊ မီးရထားရုံး၊ ဝန်ကြီးရုံးတို့ ဘာမှမဖြစ်ဘူး။ အခု RC (သံကူကွန်ကရစ်)ကန်ထရိုက် အိမ်တွေပြိုတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် အဆောက်အအုံအမိုးများ ပျက်စီးခဲ့သည့်အတွက် ပြန်လည်ပြုပြင်ခဲ့ရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံဦးစီးဌာန၊ အဆောက်အအုံအထူးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးစိန်က ဆိုသည်။

ယခု NLD အစိုးရလက်ထက်တွင် ယင်းအဆောက်အအုံကို အမျိုးသားစာကြည့်တိုက်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ်သန်းကိုးထောင်ကျော် အကုန်ကျခံ ပြုပြင်မည်ဖြစ်သည်။

အဆောက်အအုံပြုပြင်ခြင်းကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ၏လမ်းညွှန်မှုဖြင့် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ထံမှသိရသည်။

“အရှင်းဆုံးပြောရရင်တော့ သမိုင်းအရ၊ ဗိသုကာလက်ရာအရ၊ တခြားသော အချက်အလက်များအရ အရေးပါမှုသိပ်များရင် အများဆုံးနေရာက မထိရဆုံး နေရာပဲ” ဟု YHT ဒါရိုက်တာ ဒေါ်မိုးမိုးလွင် က ဆိုသည်။

ကိုလိုနီခေတ်တုန်းက ရှိခဲ့ဖူးသည့် အမိုးခုံးကိုပြန်ထည့်မည်လော။ ဒုတိယစစ်ပြီးကတည်းက အမိုးခုံးမပါသည့် လူများသုံးခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်တိုင် ယခုလက်ရှိပုံစံအတိုင်း ထားမည်လော။

“လူတွေရဲ့ သတ်မှတ်ချက်နဲ့ မြတ်နိုးမှုတွေကို အလေးထားရမယ်” ဟု ဒေါ်မိုးမိုးလွင်က ဆိုသည်။

MOGE ရုံးဟောင်းကို သုံးနှစ်စီမံကိန်းဖြင့် အကြီးစားပြင်ဆင်နေသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်ပိုင်းတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဖြစ် ဖွင့်လှစ်တော့မည်ဖြစ်သည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းအဆောက်အအုံတွင် မကြာမီနှစ်များအတွင်း မြင်တွေ့ရတော့မည်။

စာကြည့်တိုက်ရာဇဝင်

၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဘားနက် အခလွတ် စာကြည့်တိုက်ကို လွှဲပြောင်းလက်ခံခဲ့ပြီး ၁၉၅၂ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် နိုင်ငံတော်စာကြည့်တိုက်အမည်ဖြင့် ရန်ကုန်ဂျူဗလီဟောတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် အမျိုးသားစာကြည့်တိုက်အဖြစ် အမည်ပြောင်းကာ ပန်းဆိုးတန်းလမ်းရှိ အဆောက်အအုံ၊ ရန်ကုန်မြို့တော်ခန်းမ၊ ခြောက်ထပ်ရုံး ၊ တာမွေမြို့နယ် အရှေ့ မြင်းပြိုင်ကွင်းလမ်းနှင့် လေးဒေါင့်ကန်လမ်းရှိ အဆောက်အအုံတို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာလမ်း၊ အမှတ် ၈၅ (က) တွင် ဖွင့်လှစ်ထားသည်။

သမ္မတကြီးထံ ပေးစာ

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ယခင် ဂျူဗလီဟော၊ မြို့တော်ခန်းမ၊ ခြောက်ထပ်ရုံးတို့တွင် ဖွင့်လှစ်ခဲ့စဉ်က လူသုံးများခဲ့ကာ လက်ရှိတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံး၏ အနောက်ဘက်လမ်းကြားလေးတွင် ချောင်ထိုးခံနေရကြောင်း တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးဖြစ်ခဲ့သည့် ဆရာကြီးဦးသော်ကောင်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ မေလ ၁၂ ရက်တွင် စာတစ်စောင်ပို့ခဲ့သည်။

ထိုစာကြောင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပန်းဘဲတန်းမြို့နယ်ရှိ အဆိုပါ MOGE ရုံးကို ကျပ်သန်းကိုးထောင်ကျော်အသုံးပြု ပြုပြင်ကာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဖြစ် ဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“အဟောင်းအနွမ်းတွေဖြုတ်ချပြီး ကြံ့ခိုင်မှုတွေ ပြန်လုပ်ရတာပေါ့။ တစ်ထပ်ချင်း ကြံ့ခိုင်မှုပြန်လုပ်ပြီး ခေတ်မီစာကြည့်တိုက်တစ်တိုက်မှာ ရှိသင့်တဲ့ ဖွဲ့စည်းမှုပုံစံအတိုင်းကို ပြန်ပြီးတော့မှ ဖြည့်ဆည်းမှာပေါ့” ဟု သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က ပြောဆိုသည်။

သုံးနှစ်စီမံကိန်းဖြင့် အကြီးစားပြုပြင်ရန်စီစဉ်ထားပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလနောက်ဆုံးထား၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စတုရန်းပေနှစ်သောင်းကျော်ရှိသည့် MOGE ရုံးဟောင်း လေးထပ်အဆောက်အအုံ ပထမထပ် (မြေညီ) တွင် လူ ၂၅၀ ခန့်ဆံ့သည့် ညီလာခံခန်းမနှင့် စာကြည့်တိုက်ထားရှိမည် ဖြစ်သည်။

ယခင်အမျိုးသားစာကြည့်တိုက်တွင် စာဖတ်သူများကို စာအုပ်များကို ငှားရမ်းလေ့မရှိသော်လည်း MOGE ရုံးဟောင်းနေရာသို့ ပြောင်းရွှေ့ပြီးနောက် ဒစ်ဂျစ်တယ်စာအုပ်ငှားစနစ်ဖြင့် စာအုပ်များကို ငှားရမ်းမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က ပြောဆိုသည်။

“National Library သွားရင် နိုင်ငံတော်မှာရှိတဲ့ ဘယ်သူမဆို လာဖတ်လို့ရတဲ့စာအုပ်ရှိသလို ငှားလို့ရတဲ့ စာအုပ်တွေဆိုပြီး သတ်မှတ်ချက်ရှိတယ်။ များသောအားဖြင့်တော့ ဖတ်လို့ရတယ်။ ငှားလို့ရတဲ့စာအုပ်ကိုတော့ Member (အဖွဲ့ဝင်ကတ်) လုပ်ရမယ်။ ငှားယူလို့ရတယ်။ အရင်တုန်းကတော့ စာကြည့်တိုက်က စာအုပ်ငှားစနစ်မပါဘူး။ ဒီမှာတော့ စာအုပ်ငှားတဲ့စနစ်ပါ ထည့်သွင်းထားတယ်” ဟု ၎င်းက ရှင်းပြသည်။

ဒုတိယအထပ်တွင် လူအယောက်တစ်ရာ တစ်ပြိုင်နက် ကွန်ပျူတာဖြင့် စာပေလေ့လာနိုင်သည့် ကွန်ပျူတာခန်း ထားရှိမည်ဖြစ်ပြီး ပေပုရပိုက်စာများ ဖတ်ရှုနိုင်သည်။ တတိယအထပ်တွင် ကလေးစာကြည့်တိုက် (Children Library) အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ကလေးများအတွက် ပုံပြင်ပြောခန်းများ၊ ကစားနိုင်သည့်နေရာများပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။ အမြင်အာရုံ ချို့တဲ့သူများအတွက် သီးသန့်စာဖတ်ခန်းရှိပြီး ၎င်းတို့အတွက် အထူးပြုလုပ်ထားသည့် လျှောက်လမ်းများ၊ လှေကားများ ထည့်သွင်းတည်ဆောက်ရန် ဒီဇိုင်းရေးဆွဲထားသည်။ အဖွဲ့လိုက် သီးခြားစာဖတ်ခန်းများ၊ ပြင်ပမှ ရက်တိုသင်တန်းပေးနိုင်သည့်အခန်းများ ရှိသည်။

စတုတ္ထအထပ်တွင်မူ (ခေါင်မိုးထပ်တွင်) ကော်ဖီဆိုင်ထည့်သွင်းရန် စီစဉ်ထားပြီး ကော်ဖီသောက်ရင်း စာဖတ်နိုင်ရန် စီစဉ်ထားသည်ဟု ဦးအောင်မြင့်က ဆိုသည်။

လက်ရှိတွင် အကြီးစားပြင်ဆင်မှု စတင်နေသည့်အတွက် အဆောက်အအုံတစ်ခုလုံးကို အစိမ်းရောင်ပလတ်စတစ်များဖြင့် ကာရံထားသည်။

အဆိုပါ အဆောက်အအုံကို ဆင်ဝင်ပေါက်နှစ်ခုဖြင့် ရင်ခွဲပုံစံတည်ဆောက်ထားပြီး ထိုမှတစ်ဆင့် အဆောက်အအုံထဲသို့ ဝင်ရောက်လိုက်သည်နှင့် ပြုပြင်ရေးလုပ်ငန်းများမှ ထွက်ပေါ်လာသည့် အလူမီနီယံဖြတ်စက်အသံ ခပ်စူးစူးက ဆီးကြိုနေသည်။

ဝင်ပေါက်မှ ဝင်ဝင်ချင်းဘယ်ဘက်အခြမ်းတွင် ကိုလိုနီခေတ်လက်ရာအတိုင်း မပျက်စီးသေးသည့် ပန်းဒီဇိုင်းလက်ရမ်းပါသည့် လှေကားရှိသည်။ ထိုအဆောက်အအုံသည် ခေါင်မြင့်ဟောတိုက်ပုံစံ တည်ဆောက်ထားပြီး ဘေးနံရံတစ်ခုလျှင် နှစ်ပေခုနစ်လက်မ ထုထည်ရှိသည်။

လေးထောင့်ကျကျ အဆောက်အအုံ၏ ထောင့်များတွင် အပေါ်သို့တက်ရောက်သည့် လှေကားများ၊ အရေးပေါ်ထွက်ပေါက် အုတ်လှေကားငယ်၊ ကြောင်လိန်လှေကားတို့အပြင် လူလေးယောက်ခန့်သာ စီးနင်းနိုင်သည့် ရှေးဟောင်းလက်ရာ ဓာတ်လှေခါးတို့ကို တွေ့မြင်နိုင်သည်။

ယင်းအဆောက်အအုံတွင် နေ့အလင်းရောင် ကောင်းစွာရရှိနိုင်ရန်အတွက် ပြတင်းပေါက်ကြီးများစွာရှိသည်။ စာကြည့်တိုက်ဖွင့်ရန် ရည်ရွယ်၍ဆောက်ထားလေသလောဟု ထင်မှတ်ရအောင်ပင် ခြောက်ပေကျော်မြင့်သည့် စက်ဝိုင်းခြမ်းသဏ္ဌာန် ပြတင်းပေါက်မှ အလင်းရောင်တို့က အဆောက်အအုံတစ်ခုလုံးကို လင်းထိန်နေစေသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် အသစ်လဲလှယ်ခဲ့ရသည့် ခေါင်မိုးမှလွဲ၍ ကျန်အစိတ်အပိုင်းများမှာ ရှေးမူအတိုင်း ကျန်ရှိခဲ့ကြောင်း အဆောက်အအုံ အထူးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးစိန်က ဆိုသည်။

အမျိုးသားစာကြည့်တိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ရန်အတွက် ကြမ်းခင်းများကို အဓိကထားပြုပြင်ခဲ့ပြီး မီးသတ်စနစ်အတွက် မျက်နှာကြက်တွင် သံငြမ်းဆင်၍ မီးသတ်ပိုက်ပြေးသည့်ပုံစံဖြင့် တည်ဆောက်ထားသည်။

“လှေကားလက်ရမ်းတွေဆို ဒီအတိုင်းပဲထားတယ်။ ပျက်စီးတဲ့အပိုင်းတွေပဲ ပြင်တယ်” ဟု ဒေါ်မျိုးမျိုးစိန်က ဆိုသည်။

အဆောက်အအုံ၏ မျက်နှာစာကို ကိုလိုနီခေတ်အတိုင်း ထုံးဖြူသုတ်ရန် YHT က လမ်းညွှန်ထားကြောင်း ဒေါ်မျိုး မျိုးစိန်က ဆိုသည်။

ဒုတိယကမ္ဘာစစ်ကို မီခဲ့သူ

၁၉၀၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ် ၃၀ ကျော်အကြာတွင် ဒုတိယကမ္ဘာစစ်နှင့် ကြုံလေသည်။

အချိန်ကား ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၃ ရက်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဂျာမနီနိုင်ငံကို စစ်ကြေညာကာ ဒုတိယကမ္ဘာစစ်ကို စတင်ချိန်ဖြစ်သည်။

ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်လူငယ်တို့က ဗြိတိသျှလက်မှ မြန်မာနိုင်ငံကို လွတ်မြောက်ရန် ကြံစည်အားထုတ်ချိန်လည်းဖြစ်သည်။

ဥရောပတွင်အစပြုခဲ့သည့် ဒုတိယကမ္ဘာစစ်သည် ဂျပန်တို့ ကျူးကျော်တိုက်ခိုက်မှုကြောင့် အရှေ့တိုင်းနိုင်ငံများသို့ ကူးစက်ခဲ့လေသည်။ မြန်မာနိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ်ဒဏ်ကို ခံခဲ့ရသည်။ မြန်မာနိုင်ငံနှင့်အတူ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ယနေ့အခေါ် MOGE ရုံးဟောင်းသည်လည်း စစ်ဒဏ်သင့်ခဲ့သည်။

အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်မှသည် စစ်အုပ်ချုပ်ရေးတို့မှ တစ်ဖန် အရပ်သားအစိုးရခေတ်အထိတိုင်မီခဲ့သူ သို့မဟုတ် ဖခင်ဗိုလ်ချုပ်အောင်ဆန်းမှသည် သမီး ဒေါ်အောင်ဆန်းစုကြည်တိုင် မီသူ။

ခေတ်ကာလ အလိုတော်အရ ကကြိုးစုံကခဲ့ရသည့် သက်ရှိပြတိုက်တစ်ခု။

လက်ရှိအချိန်တွင်တော့ ၎င်း ဖိုးသက်ရှည်အဆောက်အအုံသည်ကား အနာဂတ်လူငယ်တို့အတွက် မီးရှူးတန်ဆောင် စာကြည့်တိုက်တည်းဟူသော တာဝန်ကိုထမ်းဆောင်ရန် အကြီးစား ကုသမှုခံနေဆဲ…။ 

 

ပို့ပို့ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *