မီးခိုရောင် ‘ဇုန်’ နှင့် မလွတ်မလပ် ဒီမိုကရေစီ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ စတင်လာခဲ့သော မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်သည် ယခုဆိုလျှင် ခုနစ်နှစ် သက်တမ်းသို့ ရောက်ရှိခဲ့ပြီ။ သို့နှင့် မြန်မာ့ဒီမိုကရေစီသည် မည်မျှခရီး ရောက်ခဲ့ပါသနည်းဟု ပြန်လည်ဆန်းစစ်ကြည့်လိုက်သောအခါ ရောင်နီ ပျပျကိုသာ မြင်နေရသောအခြေအနေမျိုး တွေ့ရသည်။ သို့နှင့်တိုင် ဘယ်လိုရောင်နီမျိုးမှန်းတော့ မသိရသေး။

× × × × ×

ကယ်တင်ရှင်အကြောင်းခြင်းအရာ ခြောက်ပါး

၁၉၉၀ ပြည့်လွန်နှစ်များဆီသို့အရောက်တွင် ကမ္ဘာလုံးချီ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး ပညာရှင်များအကြား ထိတ်ထိတ်ပျာပျာဖြစ်စေသည့် ကောက်ချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ‘ဒီမိုကရက်တိုက်ဇေးရှင်းတတိယလှိုင်းမှာ မီးခိုးရောင်ဇုန် (Gray Zone) ထဲတွင် ရွာလည်နေပြီ’ ဆိုသော ယိုးစွပ်မှုဖြစ်သည်။ ယင်းအဆိုကို တင်လာကြသူတွေကတော့ နာမည်ကျော်ပညာရှင်များဖြစ်သည့် Thomas Carothers   နှင့် Martin Lipset တို့ဖြစ်သည်။ ၎င်းတို့က အဆိုပါ ‘မီးခိုးရောင်ဇုန်’ ၏ ဝိသေသလက္ခဏာရပ်များအဖြစ် အောက်ပါအချက်သုံးချက်ကို တင်ပြသည်။

၁။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မတည်ဆောက်နိုင်ခြင်း
၂။ အားကောင်းခိုင်မာသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ မတည်ဆောက်နိုင်ခြင်း
၃။ ဒီမိုကရေစီ၏ အနည်းပါးဆုံးအခြေအနေကိုပင် ဖန်တီးမပေးနိုင် ခြင်းဟူသော အချက်များဖြစ်သည်။

ဤသည်မှာ သွေးနုသားနုဒီမိုကရေစီနိုင်ငံများ ပိတ်မိနေတတ်သော ရေစိုင်ဝဲတစ်ခုလည်းဖြစ်သည်။ ထိုမှတစ်ဖန် နောက်ပိုင်းနှစ်တွေ ရောက်လာသည့်အခါ တတိယလှိုင်းအတွင်းမှာအကျုံးဝင်ခဲ့သည့် ဝင်ငွေနိမ့်နိုင်ငံများ ၏ ဒီမိုကရေစီသည် တိုတောင်းလှသောသက်တမ်းအတွင်းပင် နောက်ပြန်လည်ခဲ့ကြရသည်ကို တွေ့ခဲ့ရသည်။ သည်မှာပင် ‘ဒီမိုကရေစီဆုတ်ခွာနေခြင်း’ (Democracyrecession) ကို ရင်ဆိုင်နေရပြီဟု ပညာရှင်အများစုက မှတ်ချက်ပေးခဲ့ကြသည်။ သို့ဖြင့်ပင် ‘တတိယဆန့်ကျင်လှိုင်း’ (third   anti-waves ) သို့ ရောက်ခဲ့ပြီဟူသော အကောက်အယူတွေက အုံကြွလာတော့သည်။ တကယ်တမ်းဆိုလျှင် ‘မီးခိုးရောင်ဇုန်’ ဖြစ်စေ၊ ‘ဒီမိုကရေစီဆုတ်ခွာမှု’ ပင်ဖြစ်စေ မဖြေရှင်းနိုင်သော ပြဿနာတော့လည်း မဟုတ်ပါ။ ဤဝဲဂယက်မှ ဖောက်ထွက်နိုင်ဖို့ အရေးကြီးသည့် အခြင်းအရာခြောက်ပါးကို လာရီဒိုင်းမွန်းက ယခုလိုချပြခဲ့သည်။

၁။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ခြင်း
၂။ လူ့အခွင့်အရေးနှင့် လစ်ဘရယ်စံနှုန်းများကို မြှင့်တင်ပေးခြင်း
၃။ တရားဥပဒေစိုးမိုးမှုရှိခြင်း
၎။ တာဝန်ယူမှု တာဝန်ခံမှုရှိသော အစိုးရရှိခြင်း
၅။ အပြန်လှန်ထိန်းကျောင်းမှုစနစ်ကို ခိုင်မာစေခြင်း
၆။ အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာစေခြင်း
ဟူသောကယ်တင်ရှင် အကြောင်းခြင်းရာခြောက်ပါးကို အကြံပြု ခဲ့သည်။သို့နှင့် မီးခိုးရောင် ဇုန်လော …၊ ဆုတ်ခွာမှုလော … ဆိုသည့် မေးခွန်း ကို မိမိတို့၏ပကတိအခြေအနေနှင့် ယှဉ်ထိုးလေ့လာသုံးသပ်ရင်း အဖြေ ကိုရှာကြဖို့သာ ဖြစ်ပါသည်။

မလွတ်မလပ် ဒီမိုကရေစီ

တစ်လောက စာတစ်ပုဒ်ဖတ်လိုက်ရသည်။ နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်သော Fareed Zakaria   ၏ ‘မလွတ်မလပ် ဒီမိုကရေစီ’ (illiberal  democracy) အကြောင်း …။ ၁၉၉၇ နှစ်ထုတ် Foreign  Affairs ဂျာနယ်မှာ ရေးခဲ့ခြင်းဖြစ်သည်။ ဇာခါရိယာ၏ အဆိုအရ ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီတိုးပွားလာသည်နှင့်အမျှ ၎င်းကို ထောက်ခံနေသော ပြည်သူလူထု၏ ‘လွတ်လပ်ခွင့်’ များက တစ်နေ့တခြားပိုပိုပြီးကန့်သတ်ခံလာနေရသည်ဟု ဆိုပါသည်။ အခြေခံဥပဒေဆိုင်ရာ လွတ်လပ်ခွင့်မရှိဘဲ ဒီမိုကရေစီဖော်ဆောင်ခြင်းမှာ အုပ်ချုပ်သူတို့အနေနှင့် နိုင်ငံရေးပြဿနာတွေကို ‘တစ်ပွဲတိုးထုံးမန်း’ မန်း၍ ဖြေရှင်းခြင်းသာဖြစ်ကြောင်း သူက အတိအကျစွပ်စွဲသည်။အခြေခံဥပဒေဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်ကို နှစ်မျိုးခွဲနိုင်သည်။ တစ်မျိုးက အခြေခံဥပဒေ၏ မူရင်းမှာပင် လွတ်လပ်မှုလစ်ဘရယ်စံမရှိ ခြင်းဖြစ်သည်။ နောက်တစ်မျိုးက အခြေခံဥပဒေမှာ လစ်ဘရယ်လွတ်လပ်ခွင့်များ ဖော်ပြပါရှိနေသော်လည်း အသက်မဝင်၊ အုပ်ချုပ်သူများက လျစ်လျူရှုထားခြင်းဖြစ်သည်။ ဖာရိ ဇာခါရိယာကတော့ ၎င်းအခြေအနေ နှစ်ခုလုံးကို ညွှန်းလိုခြင်းပင်ဖြစ်သည်။

ဒီမိုကရေစီဆိုသော်လည်း လစ်ဘရယ်မဆန်သောမလွတ်မလပ် ဒီမိုကရေစီ (illiberal  democracy) နိုင်ငံများတွင် အုပ်ချုပ်သူများ အနေဖြင့် မိမိတို့အာဏာကို (အများစုအမြင်အရ) တရားဝင်ဖြစ်စေဖို့အတွက် ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက်ကိုသာ စိုင်းပြင်လျက်ရှိသည်။ တကယ်ဆိုလျှင် လစ်ဘရယ်လွတ်လပ်ခွင့်များအတွက် ဒီထက်ပိုပြီးအကျယ်အပြန့်ဖြစ်စေဖို့ကိုသာ အားထုတ်လုပ်ဆောင်သင့်သည်ဟု ၎င်းကထောက်ပြသည်။

၁၉၉၀ ပြည့်နှစ်တွင် အီလစ်ဘရယ်နိုင်ငံအရေအတွက်မှာ ဒီမိုကရက်တစ်နိင်ငံအားလုံး၏ ၂၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၁၉၉၂ တွင် ၃၅ရာခိုင်နှုန်းထိဖြစ်လာသည်။ ၁၉၉၇ မှာတော့ ၅၀ ရာခိုင်နှုန်းထိ ရှိလာခဲ့ပြီးဖြစ်သည်။ အကောင်းမြင်သူများကတော့ ဒါသည်ပင် လစ်ဘရယ်ဒီမိုကရေစီသို့သွားသော လမ်းတစ်ထောက်၊ ပြောင်းလဲမှုအဆင့်တစ်ခုဖြစ်သည်ဟု ဆိုကြသည်။ သို့သော် အချို့ကတော့ လက်မခံ။ အဆိုပါအဆင့်သည် ‘ကြားမှတ်တိုင်’ တစ်ခုဖြစ်ခဲ့သည်ဆိုစေဦးတော့ ရှေ့ဆက်သွားနိုင်သလို နောက်ကိုပြန်ရောက်သွားတာမျိုးလည်း ဖြစ်နိုင်ကြောင်း ထောက်ပြကြသည်။ အထူးသဖြင့် ဝင်ငွေနိမ့်နိုင်ငံများ၊ ဒီမိုကရက်တစ်စံနှုန်းများနှင့် အသားမကျနိုင်သောနိုင်ငံများတွင်မူ ရှေ့ဆက်ဖို့ထက် နောက်ပြန်လှည့်သွားဖို့ကသာ ပို၍သေချာနေကြောင်း သတိပေးခဲ့ကြသည်။

လစ်ဘရယ်နှင့် ဒီမိုကရေစီကြားတွင် တင်းမာမှုလည်း ရှိတတ်သည်ဟု The Future of Freedom စာအုပ်မှာ ဖာရိဇာခါရိယာက ပြောခဲ့ပြန်သေးသည်။ ရွေးကောက်ပွဲနှင့်တက်လာတိုင်း လစ်ဘရယ်အစိုးရမဟုတ်ဘဲ ‘ရွေးကောက်ပွဲနှင့်တက်လာသော အော်တိုကရက်'(elected  autocrat) များလည်း ရှိတတ်သည်။ ရွေးကောက်ပွဲနှင့် တက်လာပြီး လူထု၏ လွတ်လပ်ခွင့်ကို အာမမခံနိုင်သော အစိုးရများလည်း ရှိသည်။ ဥပမာ- ရုရှားမှ ‘ပူတင်’၊ ကာဂျစ်စတန်မှ ‘အက်စကာအကာယက်ဖ်၊ အာဂျင်တီးနားမှ ‘ကားလို့စ်မီနမ်’ တို့မှာ လစ်ဘရယ်မဆန်သော အီလစ်ဘရယ်ဒီမိုကရေစီကို ထူထောင်ကြသူများဖြစ်သည်။ ရွေးကောက်ပွဲဒီမိုကရေစီဆိုသည်မှာ ရွေးကောက်ပွဲများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဒီမိုကရက်တစ်အခြေခံအဆောက်အဦများ တည်ဆောက်ထားပြီးဖြစ်သည့် အခြေအနေကိုခေါ်သည်။ လစ်ဘရယ်ဒီမိုကရေစီဆိုသည်ကား ဆိုခဲ့ပါ ဒီမိုကရက်တစ်အခြေခံများအပါအဝင် လူ့အခွင့်အရေးနှင့် ပြည်သူလူထု၏ လွတ်လပ်မှုများ၊ ရပိုင်ခွင့်များကို အာမခံပေးနိုင်သော အခြေအနေမျိုးကို ခေါ်ဆိုသတ်မှတ်ထားခြင်း ဖြစ်ပါသည်။ သို့ဖြင့် ရွေးကောက်ပွဲဒီမိုကရေစီ (Electoral Democracy) ကိုကျော်၍ လူထုလွတ်လပ်ခွင့်ကို အပြည့်အဝအာမခံနိုင်သော လစ်ဘရယ်ဒီမိုကရေစီ (liberal Democracy) ကို ဖော်ဆောင်နိုင်ဖို့လိုသည်။ လာရီဒိုင်းမွန်း၏ ဖော်ပြချက်အရ တတိယလှိုင်းကာလ (၁၉၇၄ – ၂၀၁၀) တွင် ရွေးကောက်ပွဲ ဒီမိုကရေစီရှိပြီးသော နိုင်ငံအရေအတွက်မှာ ကမ္ဘာ့နိုင်ငံများ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိပြီး လစ်ဘရယ်ဒီမိုကရေစီအဆင့်ထိ အောင်မြင်မှုရပြီးသော နိုင်ငံများမှာ ၄၀ ရာခိုင်နှုန်းခန့်သာရှိသည်ဟုဆိုသည်။ ထို့ကြောင့် အထက်တွင်ဆိုခဲ့ပြီးသော ‘ကယ်တင်ရှင်အကြောင်းခြင်းရာ ခြောက်ပါး’ ကိုဖော်ဆောင်ပြီး မီးခိုးရောင်ဇုန်အတွင်းမှ ဖောက်ထွက်ဖို့ အဆိုပြုခဲ့သည်။

နိဂုံးအနေနှင့်ကောက်ချက်ဆွဲရလျှင် မီးခိုးရောင်ဇုန်သည် ဒီမိုကရေစီသို့ ကူးပြောင်းခဲ့သည့်နိုင်ငံများ ဖြတ်သန်းရသည့် ဂိတ်တစ်ခု၊ ကြားမှတ်တိုင်တစ်ခုဖြစ်သည်။ ကြိုးစားလျှင် ရှေ့ရောက်နိုင်သလို အဆင်မသင့်လျှင်လည်း နောက်ပြန်ကျနိုင်သည်။ အထူးသဖြင့် ဝင်ငွေနိမ့်နိုင်ငံများအနေနှင့် အဆိုပါအခြေအနေမျိုးကို အထူးသတိပြုကြဖို့ ဖြစ်သည်။ အန္တရာယ်များလွန်းသည်။ ထို့ကြောင့် ၎င်းဇုန်မှဖောက်ထွက်ဖို့ လုပ်ဆောင်ရမည်။ မလွတ်မလပ်ဒီမိုကရေစီကို လက်မခံဘဲ လစ်ဘရယ်ဘောင်ကို ချဲ့ယူဖို့ကြိုးစားသင့်သည်။ ရွေးကောက်ပွဲဒီမိုကရေစီအဆင့်မှ လစ်ဘရယ်ဒီမိုကရေစီအဆင့်သို့ရောက်ဖို့ လက်ရှိဖွဲ့စည်းပုံပါ အခွင့်အရေးများကို ဖော်ဆောင်ပေးဖို့ ကနဦးလိုအပ်သည်။ အရေးကြီးဆုံးကမူ ဒီမိုကရေစီ၏ အသက်ဖြစ်သော ‘အပြန်အလှန်ထိန်းကျောင်းမှု’ စနစ် အသက်ဝင်လာဖို့ဖြစ်သည်။ သည်မျှဆိုလျှင် ယခုစာစုလည်း ပြည့်စုံပြီထင်ပါသည်။ သည့်ထက်လည်း ပိုမရေးရဲပါ။ အဖမ်းအဆီးများက ကြမ်းလှသည် မဟုတ်ပါလား ။

ရောင်နီပျပျကို မြင်ရသည်။ သို့သော်လည်း မိုးသောက်ရောင်နီလော … ဆည်းဆာရောင်နီလော မသဲကွဲ ။ တစ်ခါတလေ ဆည်းဆာဟု ထင်ရသော်လည်း အလင်းပွင့်တော့မည့် အရုဏ်တက်ချိန် ဖြစ်နေတတ်သလို၊ တစ်ခါတလေ အရုဏ်တက်ရောင်နီဟု ထင်သော်ငြားလည်း မကြာမီမှောင်မိုက်တော့မည့် ဆည်းဆာရောင်နီ ဖြစ်နေတတ်ပြန်သည်။ မြန်မာ့နိုင်ငံရေးရောင်နီသည်ကား အရုဏ်တက် မိုးသောက်ရောင်နီ သာဖြစ်ပါစေကြောင်း ဆုမွန်တောင်းရင်း … ။ 

 

ဝင်းကို

၂၁ – ၁၁ – ၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *