မြန်မာ့ဘဏ်လောကအတွက် ချောဆီ

ချောင်ပိတ်မိနေသော မြန်မာ့ဘဏ်လောက လမ်းပွင့်စေရန် ဗဟိုဘဏ်က တံခါးတစ်ချပ်ထပ်ဖွင့်လိုက်သည်။

ဗဟိုဘဏ်၏ ယခုနောက်ဆုံးလုပ်ဆောင်ချက်သည် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၊ ငွေရေးကြေးရေးဈေးကွက်နှင့် တိုင်းပြည်စီးပွားရေးအတွက် အခွင့်အလမ်းများစွာ ပေါ်ပေါက်စေနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များနှင့် စီးပွားရေးကျွမ်းကျင်သူများက ကြိုဆိုကြသည်။

ပြည်တွင်းတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်ရထားသော နိုင်ငံခြားဘဏ်များသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေးခွင့်နှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပြည်တွင်းဘဏ်များနည်းတူ လုပ်ကိုင်ခွင့်ရသွားပြီ ဖြစ်သည်။

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင် ဘဏ်ဝန်ဆောင်မှုလုပ်ကိုင်ခွင့် သုံးနှစ်ခွဲကျော်ကြာ ကန့်သတ်ထားပြီးနောက်တွင် ယခုလို ဖြေလျှော့ပေးလိုက်ခြင်းဖြစ်သည်။

ဗဟိုဘဏ်သည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားဘဏ် ကိုးခု၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားဘဏ်လေးခုကို ဘဏ်ခွဲဖွင့်ခွင့်ပြုခဲ့သော်လည်း ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ကိုမူ အနည်းငယ်သာ ခွင့်ပြုပေးခဲ့သည်။

ပြည်တွင်းဘဏ်များ၏ တောင်းဆိုချက်နှင့် တိုင်းပြည်စီးပွားရေးအခြေအနေအရ ချက်ချင်းဖွင့်ပေးရန် မလွယ်ကူသည့်အတွက် ယင်းသို့ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ပင် နိုင်ငံခြားဘဏ်များသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသော ပြည်ပလုပ်ငန်းများအတွက်သာ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။

ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ပြည်တွင်းပို့ကုန်လုပ်ငန်းများအတွက် ပို့ကုန်ချေးငွေဖြည့်ဆည်းခြင်းကို နိုင်ငံခြားဘဏ်များ စတင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး တစ်နှစ်နီးပါးအကြာတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အားလုံးအတွက် ချေးငွေဖြည့်ဆည်းခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရလာခြင်း ဖြစ်သည်။

“နိုင်ငံခြားဘဏ်တွေကို အဓိကလုပ်စေချင်တဲ့ ဝန်ဆောင်မှုက နိုင်ငံခြားငွေ လိုအပ်ချက်ကွက်လပ်ကို ဖြည့်ဆည်း ပေးစေချင်တာ”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးစိုးသိန်းက ပြောကြားသည်။

ပြည်တွင်းလုပ်ငန်းများ ကုန်သွယ်ရာတွင် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုနှင့် ပြည်တွင်းဘဏ်များ မဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ယခုလိုခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တံခါးဖွင့်ချိန် စော၏၊ မစော၏

နိုင်ငံခြားဘဏ်များကို ယခုလိုခွင့်ပြုပေးမှုကို အချိန်စောသေးကြောင်း ယူဆသူများရှိသလို နောက်ကျသည်ဟု ရှုမြင်သူများလည်း ရှိသည်။

“ခုလိုဖွင့်ပေးတာ ကောင်းတယ်။ ကြိုဆိုတယ်။ ဒါပေမဲ့ အရမ်းစောနေသေးတယ်လို့ မြင်တယ်”ဟု စီးပွားရေး လုပ်ငန်းများ၏ စာရင်းပိုင်းဆိုင်ရာဝန်ဆောင်မှုပေးနေသော Fast Forward Solution ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ယုယုထွန်းက မှတ်ချက်ပေးသည်။

ပြည်တွင်းလုပ်ငန်းများ၏ လက်ရှိအခြေအနေအရ စာရင်းဇယားထိန်းသိမ်းမှု၊ လုပ်ငန်းလည်ပတ်မှု၊ လုပ်ငန်းစီမံကိန်း စသည့်အချက်များကိုစနစ်တကျလုပ်ဆောင်နိုင်မှု မရှိသေးခြင်းနှင့် ချေးငွေများ အလွယ်တကူရယူကာ ပြန်လည်မပေးဆပ်နိုင်သည့်အခက်အခဲမျိုး ကြုံလာနိုင်ကြောင်း ၎င်းက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် ပြည်တွင်းလုပ်ငန်းအချို့သည် ချေးငွေအာမခံစနစ်ဖြင့် ချေးယူနိုင်သော SME ချေးငွေကို ပြည်တွင်းဘဏ်နှစ်ခု၊ သုံးခုအထိ ချေးယူမှုမျိုး ရှိနေသည်။

“ချေးငွေအာမခံစနစ် (CGI) ကို ဒီဘဏ်မှာ ယူထားပြီးပြီ။ ဒါကို နောက်တစ်ဘဏ်မှာ ထပ်သွားချေးတယ်။ ဟိုဘဏ်က မသိတော့ ချေးငွေထုတ်ပေးလိုက်တယ်။ အဲဒီလိုမျိုး နောက်ဘဏ်တစ်ခုမှာလည်း ထပ်ချေးထားတာတွေ ကိုယ်တိုင်တွေ့ဖူးတယ်”ဟု ဒေါ်ယုယုထွန်းက ဆိုသည်။

ယင်းကွက်လပ်ကို ချေးငွေသတင်း အချက်အလက်ဝန်ဆောင်မှုပေးမည့် ခရက်ဒစ်ဗျူရိုလုပ်ငန်းစတင်ချိန်တွင် ဖြည့်ဆည်းမည်ဖြစ်သည်။

နိုင်ငံခြားဘဏ်များတွင်လည်း ယင်းကဲ့သို့ ဖြစ်ရပ်မျိုး ပေါ်ပေါက်လာနိုင်မည်လားဆိုသည့်အချက်ကိုမူ ဗဟိုဘဏ် တာဝန်ရှိသူများက စိုးရိမ်မှု မရှိပေ။

ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်လျှင် နိုင်ငံခြားဘဏ်များ၏ လိုက်နာဆောင်ရွက်မှုမှာ ပြည်တွင်းဘဏ်များထက် များစွာသာလွန်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူများက ဆိုသည်။

“ပြည်တွင်းဘဏ်တွေထက် နိုင်ငံခြားဘဏ်တွေက ပိုပြီး စည်းစနစ်ရှိတဲ့အတွက် ချေးငွေထုတ်ချေးရာမှာ စိစိစစ်စစ် ထုတ်ချေးမှာဖြစ်လို့ သူတို့ဆီက ချေးငွေရဖို့ ခက်သလို၊ သူတို့ချေးငွေနဲ့ လုပ်မယ့် လုပ်ငန်းတွေဟာလည်း အောင်မြင်နိုင်ခြေအများကြီးရှိပါတယ်”ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

နိုင်ငံခြားဘဏ်များကို ဘဏ်လုပ်ငန်းကဏ္ဍတွင် ပိုမိုပါဝင်လုပ်ကိုင်ခွင့်ရရန် ခွင့်ပြုခြင်းသည် အမှန်တကယ်ဖြစ်သင့်သည်ထက်ပင် နောက်ကျနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖွံဖြိုးမှုနှေးကွေးနေဆဲ ပြည်တွင်း ဘဏ်များကို အချိန်အတိုင်းအတာတစ်ခုထိ အကာအကွယ်ပေးရန်လိုနေသေးကြောင်း စောဒကတက်မှုများရှိသော်လည်း ဗဟိုဘဏ်က ထိုသို့ မသုံးသပ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များ လုပ်ကိုင်ခွင့်ကို ၁၉၉၂ ခုနှစ်မှ စတင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ သက်တမ်းမှာ၂၅နှစ် ကျော်ပြီဖြစ်ရာ ယခုအချိန်တွင် အဆင်သင့်မဖြစ်သေးဆိုသည့် အချက်ကို ဗဟိုဘဏ်တာဝန်ရှိသူများက လက်မခံခြင်းဖြစ်သည်။

“တကယ်က ပြည်တွင်းဘဏ်တွေကို Reform လမ်းကြောင်းပေါ် တွန်းပို့လိုက်တာ၊ သူတို့ကို တွန်းလှဲလိုက်တာ မဟုတ်ဘူး။ မလုပ်ရင် မဖြစ်တော့ဘူးဆိုတဲ့ ပုံစံဖြစ်လာအောင် တွန်းပို့တဲ့ သဘောပါ။ ဒီထက်စောပြီးတောင် ဖွင့်ပေးခဲ့သင့်တာ”ဟုဦးစိုးသိန်းက ဆိုသည်။

 

ပြည်တွင်းဘဏ်များ၏  လက်ရှိအခြေအနေ

ပြည်တွင်းဘဏ်များ၏ ယခုနှစ်အတွင်း ချေးငွေထုတ်ချေးနိုင်မှုပမာဏ သိသိသာသာ လျော့နည်းသွားခြင်းသည်လည်း နိုင်ငံခြားဘဏ်များကို ဈေးကွက်တွင်း ဝင်ရောက်စေရန် တွန်းအားဖြစ်စေခဲ့သည်။

ယမန်နှစ် ဇူလိုင်လက ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သော စည်းမျဉ်းလေးချက်ကြောင့် ဖရိုဖရဲဖြစ်နေသော ပြည်တွင်းဘဏ်လောကတွင် ဂယက်ရိုက်ခဲ့သည်။

စည်းမျဉ်းလိုက်နာမှု အားနည်းခဲ့သည့်အတွက် ဗဟိုဘဏ်၏ စည်းမျဉ်းလေးချက်နှင့် ကိုက်ညီမှုရှိစေရန် ပြည်တွင်းဘဏ်များ အချိန်ယူပြင်ဆင်ရင်း ချေးငွေ ထုတ်ချေးရာတွင် အကန့်အသတ်များ ဖြစ်လာသည်။

“စည်းမျဉ်းလေးချက်ထုတ်ချိန်တုန်းက ကျွန်တော်တို့ဘဏ်တွေရဲ့ ချေးငွေစနစ်နဲ့ လိုက်နာနိုင်မှုအပိုင်းဟာ တော်တော်ကြီး အားနည်းနေသေးတယ်” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဘိုဘိုငယ်က ရှင်းပြသည်။

ပြည်တွင်းဘဏ်အများစုသည် ဘဏ်တည်ထောင်ပြီးနောက် နီးစပ်ရာလုပ်ငန်းနှင့် ဆွေမျိုးသားချင်းလုပ်ငန်းများကိုသာ အဓိကချေးငွေထုတ်ချေးခဲ့သည့် ဈေးကွက်ကျဉ်းမြောင်းသည့်အပြင် ချေးငွေပြန်ဆပ်နိုင်မှုတွင်လည်း အားနည်းချက်များရှိခဲ့ကြောင်း ဦးဘိုဘိုငယ်က ပြောကြားသည်။

“အဓိကက ဘဏ်ထောင်ပြီး ကိုယ့်ဘာသာပြန်ချေးနေတာတွေကို ဖယ်ပစ်ရမယ်။ ကိုယ်နဲ့ ဆက်စပ်နေသူတွေကို ချေးဖို့ မဟုတ်ဘူး။ ကိုယ့်မိန်းမ၊ သားသမီးကို ပြန်ချေးတာတွေ လုပ်လို့မရဘူးဆိုပြီး စည်းမျဉ်းထုတ်ပြီး သတ်မှတ်ချိန်မှာ ပြည်တွင်းဘဏ်တွေအတွက် အပြောင်းအလဲကာလဖြစ်သွားတာပေါ့”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့်ပင် ဗဟိုဘဏ်၏ စည်းမျဉ်း လေးချက်ထုတ်ပြန်ပြီးနောက် တစ်နှစ်ကျော်အတွင်း ပြည်တွင်းဘဏ်များထံမှ ချေးငွေထုတ်ချေးနိုင်သည့် ပမာဏလျော့ကျသွားပြီး ဘဏ်အချင်းချင်း ချေးငွေဈေးကွက် (Interbank Market) တွင် ပိုလျှံအပ်ငွေများပြားကာ Inter bank အတိုးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

ဗဟိုဘဏ်တာဝန်ရှိသူများ၏ ပြောကြားချက်အရဆိုလျှင် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍမှာ ချောင်ပိတ်မိနေကြောင်း ထင်ရှားပြီး ယင်းအတွက် မဖြစ်မနေချောဆီထည့်ရန် လိုအပ်လာခြင်းကြောင့် နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနည်းတူ လုပ်ကိုင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံခြားဘဏ်များသည် ပြည်တွင်းစီးပွားရေးများကို နိုင်ငံခြားငွေဖြင့်သာမက ကျပ်ငွေဖြင့်ပါ ငွေထုတ်ချေးနိုင်မည်ဖြစ်ပြီး ကျပ်ငွေဖြင့် ထုတ်ချေးမည့် ချေးငွေအတွက် အတိုးနှုန်းမှာ ပြည်တွင်းဘဏ်များ နည်းတူပင် ဖြစ်သည်။

ဗဟိုဘဏ်သတ်မှတ်ချက်အရ ချေးငွေအတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း မကျော်လွန်ရန် ကန့်သတ်ထားပြီး နိုင်ငံခြား ဘဏ်များအနေဖြင့် ယင်းနှုန်းထားထက် လျော့နည်းသော နှုန်းတစ်ခုခုဖြင့် ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

ဗဟိုဘဏ်၏ ယခုဖြေလျှော့မှုကြောင့် ပြည်တွင်းလုပ်ငန်းများအနေဖြင့် နိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားငွေဖြင့် အပ်ငွေစာရင်းနှင့် စာရင်းရှင်ဘဏ်စာရင်းတို့ ဖွင့်လှစ်ကာ လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကျပ်ငွေဖြင့်မူ စာရင်းသေအပ်နှံမှုကို ခွင့်မပြုထားပေ။

ချောဆီကို ဘယ်လိုသုံးမလဲ

ပြည်တွင်းဘဏ်ဈေးကွက်သို့ နိုင်ငံခြားဘဏ်များ ဝင်ရောက်လာသည့်အတွက် နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားသော မြန်မာ့စီးပွားရေးကို များစွာအထောက်အကူပြုနိုင်သည့်အပြင် ငွေလဲနှုန်းတည်ငြိမ်မှုလည်း ပိုရှိလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကျွမ်းကျင်ပညာရှင် ဦးစံသိန်းက ဆိုသည်။

“ပြည်တွင်းလုပ်ငန်းတွေအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ ငွေကြေး အရင်းအနှီးရရှိနိုင်မှုဆိုတဲ့ ကွက်လပ်ကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းနိုင်မယ်။ ငွေလဲနှုန်းအပေါ် သက်ရောက်နေတဲ့ ဖိအားကိုလည်း လျော့စေမယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

သို့သော် ယင်းချောဆီမှာ သုံးတတ်သူအတွက်သာ ဆေး ဖြစ်သည်။

နိုင်ငံခြားဘဏ်များထံမှ ချေးငွေရရှိနိုင်ရန်မှာ ပြည်တွင်းဘဏ်များထက် ဆယ်ဆ ပိုခက်ကြောင်း ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးစိုးသိန်းက ဆိုသည်။

“လိုအပ်တဲ့ ငွေအရင်းအနှီးချေးငွေ ရဖို့ဆိုရင် သေသေချာချာပြင်ဆင်ပြီးတော့ စီးပွားရေးကို စီးပွားရေးနဲ့ တူအောင် လုပ်နေဖို့က အဓိကအရေးကြီးဖြစ်တယ်”ဟု ပြည်တွင်းလုပ်ငန်းများကို ၎င်းက သတိပေးစကားဆိုသည်။

ငွေကြေးအရင်းအနှီးနည်းပါးခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ နည်းပညာ နောက်ကျကျန်ခြင်း၊ လုပ်ငန်းတွင် ထိန်းသိမ်းထားရှိရမည့် စာရင်းစစ်၊ စာရင်းကိုင်စံနှုန်းအားနည်းခြင်းနှင့် လုပ်ငန်းစီမံချက် အနာဂတ်စီမံကိန်းစနစ်တကျရေးဆွဲထားမှု မရှိခြင်းတို့သည် ပြည်တွင်းလုပ်ငန်းအများစု၏ အဓိကစိန်ခေါ်မှုများ ဖြစ်နေသည်။

“ကျွန်တော်တို့ SME တွေမှာ အဲဒါတွေနဲ့ ပတ်သက်လို့ အရမ်းအားနည်းနေသေးတယ်။ သင်တန်းတွေ၊ ပညာပေး လုပ်ငန်းတွေ လုပ်နေပေမယ့် လုပ်ငန်းတွေဘက်ကလည်း ကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ လိုတယ်” ဟု ဦးစံသိန်းက ဆိုသည်။

ပြည်တွင်းတွင် ဘဏ်ခွဲဖွင့်ခွင့်ရထားသော နိုင်ငံခြားဘဏ်များအပြင် အသေးစားနှင့် အလတ်စားလုပ်ငန်း အထူးပြုဘဏ်များကိုလည်း ဘဏ်ခွဲ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးနိုင်လျှင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် ပိုကောင်းနိုင်ကြောင်း ၎င်းက အကြံပြုသည်။

“SME အထူးပြုဘဏ်တွေ ကျတော့ ဒီလုပ်ငန်းတွေရဲ့ သဘောသဘာဝကို ပိုနားလည်တယ်။ ဒီတော့ ချေးငွေရနိုင်မယ့် နည်းလမ်းတွေကို ပိုစဉ်းစားလုပ်ကိုင်ပေးနိုင်မယ်”ဟု ၎င်းက ပြောသည်။

မြန်မာ့ဘဏ်လောက အရွေ့

ငွေပိုရှိသူနှင့် ငွေလိုသူအကြားချိတ်ဆက်ပေးရန်မှာ ဘဏ်တစ်ခု၏ အဓိကတာဝန်ဖြစ်သော်လည်း အမှန် တကယ်လိုအပ်နေသူများထံသို့ ထိထိရောက်ရောက်ငွေကြေးထောက်ပံ့မှု မပေးနိုင်သေးသော မြန်မာ့ဘဏ်ဈေးကွက် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ဆိုကြသည်။

“အခုလိုဖွင့်ပေးလိုက်တာ အရမ်းကောင်းတယ်။ ပြည်တွင်းလုပ်ငန်းတွေ အတွက် လိုအပ်နေတဲ့ ငွေကြေးအရင်းအနှီးရနိုင်မယ့် နောက်ထပ်ရင်းမြစ်တစ်ခု တိုးလာတယ်။ ကိုယ့်ဘက်က စနစ်တကျ လုပ်ကိုင်ထားဖို့လိုတယ်”ဟု ပြည်တွင်းလုပ်ငန်းရှင် ဦးဝေဖြိုးက မှတ်ချက်ပေးသည်။

အများပြည်သူအပ်နှံငွေများဖြင့် လက်တစ်ဆုပ်စာလုပ်ငန်းများကို ချေးငွေထုတ်ချေးနေသည့် မြန်မာ့ဘဏ်လောကဈေးကွက်အရွေ့ကို လာမည့်နှစ်တွင် စတင်မြင်တွေ့ရတော့မည်။

ပြည်တွင်းဘဏ်များအနေနှင့်မူ အင်အားကြီးမားသည့် ပြိုင်ဘက်နှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ပြည်တွင်းဘဏ်တွေရဲ့ လုပ်ဆောင်ချက်ကို ဒီထက် ပိုအားထုတ်စေချင်တာ။ ပြိုင်ဆိုင်မှုဝင်လာမှ တကယ်အလုပ်လုပ်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်”ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဘိုဘိုငယ်က ဆိုသည်။

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *