တိုက်မြိုင်လည်က ဥယျာဉ်

ဆေးများကွာကျပြီး ချေးအလိမ်းလိမ်းတက်နေသည့် နံရံများပေါ်တွင် ဆေးရောင်စုံပန်းချီကားများ အစားထိုး ဝင်လာသည်။  နံရံထက်တွင် ကလေးများအကြိုက် ကာတွန်းဇာတ်ကောင်များထဲမှ ဇာတ်လိုက်ပုံများ၊ ရှုခင်းပုံများကို ဆေးခြယ်ထားသည်။

ရန်ကုန်မြို့အတွင်းရှိ တိုက်တန်းများ၏ နောက်ဖေးလမ်းကြားတွင် စွန့်ပစ်အမှိုက်များဖြင့် ပြည့်နေသည်ကို ရှင်းလင်းကာ အပန်းဖြေအနားယူစရာ၊ ကလေးများ ကစားရာနေရာဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။ ထိုနေရာများ စဉ်ဆက်မပြတ်သန့်ရှင်းရန်လည်း လိုအပ်သည်။

လက်ရှိတွင်အမှိုက်များကို ရှင်းလင်းထားသည့် နောက်ဖေးလမ်းကြားဥယျာဉ် အချို့တွင် အိမ်သုံးအမှိုက်များ၊ ပလတ်စတစ်အမှိုက်များဖြင့် ပြည့်နေသည်။ မိုးတွင်းကာလအတွင်း၏ အကြွင်းအကျန်ရေညှိများကြောင့် ဆေးခြယ်ထားသည့် နံရံများမှ ဆေးပန်းချီများ ပျက်ပြယ်ကုန်သည်။ အမှိုက်များ ပွလျက်ရှိသည်။

“နောက်ဖေးလမ်းကြားဥယျာဉ် စည်းကမ်းတော့ထားတာပေါ့နော်။ အမှိုက်ပစ်ချခြင်း၊ မချခြင်းက ရပ်ကွက်နေ ပြည်သူတွေနဲ့ ဆိုင်တယ်။ တချို့နေရာတွေမှာ ရှိပါသေးတယ်။ အခုထက်ထိ ပစ်ချနေတုန်း”ဟု ကျောက်တံတားမြို့နယ်အမှတ်(၂)တိုင်း လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြလှစံက ဆိုသည်။

လက်ရှိတွင် ၃၁လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား (အလယ်ဘလောက်) ရှိရှေးဟောင်းဓာတ်ပုံများ ပြသထားသည့် နောက်ဖေးလမ်းကြားဥယျာဉ်တွင် မိုးကာလအကြွင်းအကျန် ရေညှိများ၊ ရေဆိုးများ၊ ပလတ်စတစ်အမှိုက်စများနှင့် မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများ ပြန့်ကျဲနေသည်။

ထိုသို့ အမှိုက်တိုအမှိုက်စများအပြင် နှုတ်သီးချွန်ချွန်ကိုယ်ထည်၀၀အမွေး ထောင်ထောင်ဖြင့် ကြွက်များက ဟိုဟိုဒီဒီ ပြေးလွှားနေသည်။

ယင်းနေရာကို ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နေ့က ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ထိုနေရာတွင် ရှေးဟောင်းဓာတ်ပုံ ၂၀၀ နီးပါးချိတ်ဆွဲကာ အလှဆင်ထားသည်။ အင်္ဂလိပ်ခေတ်အတွင်းရှိ မြန်မာနိုင်ငံ၏ ရှုခင်းပုံများ၊ လွတ်လပ်ရေးရပြီးခေတ် ပုံများနှင့် ယခုခေတ် ပုံများကို ချိတ်ဆွဲထားသည်။

သစ်ဆွဲနေသည့် ဆင်ပုံ၊ ရေနံမြေပုံ၊ ယခင်ကဆေးလိပ်ကြော်ငြာပုံများလည်း  ချိတ်ဆွဲထားသည်။

သို့သော်လည်း ၂၇လမ်း (အောက်ဘလောက်) နေရာတွင် အမှိုက်များရှင်းလင်းပြီး နောက်ဖေးလမ်းကြားဥယျာဉ်  ပြုလုပ်ပြီးနောက်ပိုင်းတွင် တိုက်ခန်းများမှ အမှိုက်များ စွန့်ပစ်ထားကြောင်း ယင်းနေရာရှိ ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများကို ငွေဒဏ်ရိုက်ခြင်းထက် ကြိမ်ဒဏ်၊ ထောင်ဒဏ်ဖြင့် ဒဏ်ရိုက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြို့တွင်း ခြောက်မြို့နယ် (Downtown) ဖြစ်သည့် ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်တို့တွင် နောက်ဖေးလမ်းကြားများ ရှင်းလင်း ထားသည်။ ယင်းသို့ အမှိုက်များရှင်းလင်းပြီး နောက်ဖေးလမ်းကြားဥယျာဉ်အဖြစ် ဖန်တီးထားသည့်နေရာ ခြောက်ခုရှိပြီ ဖြစ်သည်။

“အဓိကကတော့ ရည်ရွယ်ချက်ကောင်းဖို့ပါပဲ။ နောက်ဖေးလမ်းကြားဥယျာဉ်လို့ ပြောထားတယ်။ ရှေးဟောင်းဓာတ်ပုံတွေ ချိတ်ဆွဲထားတယ်။ သာမန် လူတစ်ယောက်ကြည့်ရင် ဒါက ဘာဆိုင်လို့လဲ။ လမ်းကြားက လမ်းကြားပေါ့။ ဘာဥယျာဉ်ဖြစ်စရာလိုလဲဆိုပြီးပြောရင် မှားသွားလိမ့်မယ်။ သူ့ရဲ့ နောက်ကွယ်မှာ ဒါကို တန်ဖိုးထားတတ်ရင် နေရာကိုလည်း တန်ဖိုးထားတတ်လာမယ်”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် မဟာဗန္ဒုလပန်းခြံလမ်းနှင့် ၃၅လမ်းကြားရှိ အထပ်မြင့် တိုက်များ၏ နောက်ဖေးလမ်းကြားသည် အိမ်သုံးစွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်အမှိုက်များ၊ မီးဖိုချောင်သုံး အကြွင်းအကျန်အမှိုက်များဖြင့် ပြည့်နှက်နေသည့်လမ်း ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမှိုက်သိမ်းယာဉ်ကို နောက်ဖေးလမ်းကြားထဲအထိရပ်ကာ အမှိုက်များကို ရှင်းလင်းရကြောင်း ၃၄လမ်းတွင် နေထိုင်သူဦးဖုန်းကျော်မြင့်က ပြောကြားသည်။

“အရင်ကဆိုရင် ခြောက်လလောက်နဲ့ ပစ်ထားတဲ့အမှိုက်က ဒူးလောက်ရောက်တယ်။အခု အမှိုက်တွေ ပစ်မချထားတော့ဘူး။ ၉၉ရာခိုင်းနှုန်းလောက်ကို မရှိတော့တာ”ဟု ဦးဖုန်းကျော်မြင့်က ဆိုသည်။

ရန်ကုန်အစိုးရသစ်လက်ထက်တွင် နောက်ဖေးလမ်းကြား အမှိုက်မပစ်ရေးစီမံချက်အဖြစ် ဥယျာဉ်ငယ်များတည်ဆောက်ခြင်း ဖြစ်သည်။ နောက်ဖေးလမ်းကြားကို ပြောင်းလဲရန် ၂၀၁၆ ခုနှစ်အတွင်းက စတင်ကြိုးစားခဲ့ခြင်းဖြစ်သည်။ ရပ်ကွက်နေ ပြည်သူများကို နောက်ဖေးလမ်းကြားတွင် အမှိုက်မချရန် နှိုးဆော်ရသည်။ စည်းကမ်းချက်သတိပေးစာများ ကပ်ထားသည်။

“နောက်ဘေးလမ်းကြားလုပ်မယ် ဆိုကတည်းက အမှိုက်မပစ်တော့တာ။ တစ်နှစ်အတွင်းမှာ အမူအကျင့်တွေ ပြောင်းသွားတယ်”ဟု ကျောက်တံတားမြို့နယ် အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သော ဦးဖုန်းကျော်မြင့်က ဆိုသည်။

ယင်းသို့ စွန့်ပစ်ပစ္စည်းအမှိုက်များဖြင့် ပြည့်နှက်နေသည့်နေရာကို တစ်နှစ်အတွင်း ပြောင်းလဲလိုက်နိုင်သည်။ အဆိုပါနေရာသည် ရပ်ကွက်နှစ်ခုကြားတွင်ရှိသည့်အတွက် ကော်မတီတစ်ခုဖွဲ့ထားပြီး အမှိုက်ရှင်းလင်းရေး လုပ်ဆောင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်တွင် နောက်ဖေးလမ်းကြားများ သန့်ရှင်းရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒို့အိမ် (NGO) နှင့် အခြားသောလူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းကာ လုပ်ဆောင်ကြသည်။ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ ၂၇လမ်း နောက်ဖေးလမ်းကြားကို ပထမဦးဆုံးသော နောက်ဖေးလမ်းကြားဥယျာဉ်အဖြစ် ပြောင်းလဲခဲ့သည်။

ယင်းနောက်ပိုင်းတွင် နောက်ဖေးလမ်းကြားဥယျာဉ်များကို ဖန်တီးလာကာ ယခုလက်ရှိတွင် ခြောက်ခုရှိပြီ ဖြစ်သည်။ သို့ရာတွင် နောက်ဖေးလမ်းကြားဥယျာဉ် ပြုလုပ်ထားသည့် နေရာများတွင်သာမက အခြားနေရာများတွင်လည်း အမှိုက်စွန့်ပစ်မှုများ ရှိနေဆဲ။

လက်ရှိတွင် အမှိုက်များထပ်မံစွန့်ပစ်ထားမှုကြောင့် နောက်ဖေးလမ်းကြား ဥယျာဉ်ပြုလုပ်ထားသည့် အချို့နေရာနှင့် ကျန်သည့်နေရာများတွင် အမှိုက်များဖြင့် ပြည့်နှက်နေပေသည်။

စွန့်ပစ်အမှိုက်များဖြင့် ပြည့်ကြပ်နေသည့် နောက်ဖေးလမ်းကြားများထဲမှ ပန်းဘဲတန်းမြို့နယ်ရှိ ၂၇ လမ်း၊ ၃၂ လမ်းနှင့် ၃၁ လမ်း၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း၊၂၉လမ်းနှင့် ရွှေဘုံသာလမ်း၊ ၃၉လမ်းနှင့် ဆိပ်ကမ်းသာလမ်း၊ ၃၅လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း၊ ၄၁ လမ်းနှင့် ၄၂လမ်းကြားတို့တွင် အပန်းဖြေနေရာများ ရရှိရန် နောက်ဖေးလမ်းကြားဥယျာဉ်အဖြစ် ပြင်ဆင်ထားသည်။

ယင်းထို့ထဲမှ ကျောက်တံတားမြို့နယ်ရှိ ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်းပိုင်းရှိ နောက်ဖေးလမ်းကြားဥယျာဉ်တွင် ရပ်ကွက်နေသူများက အမှိုက်ချခြင်း မရှိသော်လည်း တစ်လတစ်ခါ သန့်ရှင်းရေးပြုလုပ်ကြောင်း ဒေါ်မြလှစံက ဆိုသည်။

“တတ်နိုင်သမျှတော့ အမှိုက်မပစ်ဖို့အတွက် သတိပေးတာပေါ့ကွယ်။ အသိပေးတာတွေ လုပ်ပါတယ်။ ဥယျာဉ်က လိုအပ်ချက်တွေ ရှိပါသေးတယ်။ ဖြည့်စွက်ဦးမှာ။ မကြာမကြာလည်း သန့်ရှင်းရေး ဝင်လုပ်တယ်။ လမ်းကြားလေးကတော့ သန့်နေတာပေါ့”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၃၀ ရှိ ရပ်ကွက်ပေါင်း ၇၁ ရပ်ကွက်တွင် အမှိုက်ထုပ်ကောက်အမှိုက်သိမ်းစနစ်ကို ဆောင်ရွက်နေကာ ခေတ်မီအမှိုက်သိမ်းစနစ်ပြောင်းလဲရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၅၀၀ ခန့် နေ့စဉ်သိမ်းဆည်းနေရကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်နောက်ပိုင်းတွင် တိုက်ခန်း နောက်ဖေးလမ်းကြားရှိအမှိုက်များ ကင်းစင်ရေး စတင်ပြုလုပ်ခဲ့သည်။ အလွယ်တကူအမှိုက်ပစ်ချသည့်အမူအကျင့်ကို  ပြောင်းလဲရမည် ဖြစ်သည်။ ပြောင်းလဲနိုင်သူများလည်း ရှိသည်။

“အမှိုက်ရှင်းလင်းရေး လုပ်တယ်။ စည်းကမ်းလိုက်နာတာပေါ့။ တစ်နှစ်အတွင်းမှာ အမူအကျင့်တွေ ပြောင်းသွားတယ်”ဟု ကျောက်တံတားမြို့နယ်အမှတ်(၂) ရပ်ကွက်ချုပ်ရေးမှူးဦးဖုန်းကျော်မြင့်က ဆိုသည်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *