နာမည်တစ်ခု တည်ဆောက်ဖို့

ဒီနေ့ခေတ်မှာ Branding ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်ပြောလာကြပါတယ်။ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ကလည်း ဒါကို အဓိကထားလုပ်ဆောင်လာကြတယ်။ ဒီဆောင်းပါးမှာတော့ လူတစ်ဦးချင်းအနေနဲ့ Personal Brand တစ်ခုတည်ဆောက်ဖို့ လိုအပ်တဲ့အကြောင်းကို ဆွေးနွေးချင်ပါတယ်။

၁။Brand နဲ့ Branding

Facebook ၊ Google ၊ Amazon ၊ Starbuck ၊ Nike စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေ အများကြီးရှိတယ်။ ဒီတံဆိပ်တွေကို တွေ့လိုက်တာနဲ့ ဘာမှရှင်းပြနေစရာမလိုဘူး၊ ဘာဆိုတာ ကျွန်တော်တို့ တန်းသိတယ်။ အဲဒီလိုလုပ်ငန်းတွေမှာ အမှတ်တံဆိပ်ဆိုတာရှိသလိုပဲ ကျွန်တော်တို့လူတွေမှာလည်း အမှတ်တံဆိပ်ဆိုတာရှိတယ်။ ပုံရိပ်ဆိုတာ ရှိတယ်။ တံဆိပ်တစ်ခုကိုမြင်တာနဲ့ ဒါကဘာလဲဆိုတာ တန်းသိသလို၊ ကျွန်တော်တို့ကို မြင်လိုက်တာနဲ့ ကျွန်တော်တို့နာမည် ကြားလိုက်တာနဲ့လည်း လူတွေရဲ့ စိတ်ထဲမှာ ဒီလူဟာ ဘယ်လိုလူစားလဲဆိုတာမျိုး ပေါ်လာတယ်။ စေ့စပ်သေချာတာလား၊ ယုံကြည်ရသူလား၊ အချိန်ဆွဲတတ်သူလား၊ မရိုးသားသူလား၊ ကြွားတတ်သူလား စသဖြင့်ပေါ့။ ဒီပုံရိပ်အကောင်းအဆိုးပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေ ကွာခြားလာကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် Brand ဆိုတာ ကိုယ့်နာမည်ကြားလိုက်တာနဲ့ လူတွေရဲ့ရင်ထဲမှာ ပေါ်လာတဲ့ပုံရိပ်ကို ခေါ်တာဖြစ်ပြီး Branding ဆိုတာကတော့ အဲဒီပုံရိပ်ကိုကောင်းအောင်၊ ကိုယ်မြင်စေချင်တဲ့အတိုင်း သူတို့မြင်လာအောင် လုပ်နိုင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။

၂။ ဘာလို့အရေးကြီးသလဲ

ဒီနေ့ခေတ်ကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြပါဆို Hyper- competition လို့ပြောရမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုလွန်ကဲလာခြင်းပေါ့။ နယ်ပယ်တိုင်းမှာ ကြည့်လိုက်ရင်လည်း အပြိုင်အဆိုင်တွေ သိပ်များလာတာကို တွေ့ရမယ်။ အရင်က မင်းသား၊ မင်းသမီးဆို လက်ချိုးရေလို့ရတယ်။ ခု မရတော့ဘူး။ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ဆိုတာ အရင်က လက်တစ်ဆုပ်စာလူတစ်စုသာ အခွင့်အရေးရနိုင်တာမျိုး။ ခုတော့ ဘာအကန့်အသတ်မှမရှိတော့ဘဲ ဖြစ်လာတယ်။ စာရေးဆရာတွေ၊ အဆိုတော်တွေ၊ မော်ဒယ်လ်တွေ၊ အခမ်းအနား တင်ဆက်သူတွေ၊ MBA ရထားသူတွေ စသဖြင့် နယ်ပယ်တိုင်းမှာ ပြိုင်ဆိုင်ရတာတွေ များလာတယ်။

အဲဒီတော့ အဲ့လောက်များပြားလှတဲ့လူတွေထဲမှာ ရှင်သန်နိုင်ဖို့ ဘာလိုလဲ။ ကိုယ်က အဆိုတော်တစ်ယောက်ဆို အဆိုတော်လောကနဲ့ ပတ်သက်ပြီး လိုအပ်လို့စဉ်းစားလိုက်တဲ့အခါ လူတွေရဲ့ ခေါင်းထဲပေါ်လာတဲ့ ၁ ၂ ၃ ထဲ ကိုယ်ပါနေဖို့လိုတယ်။ ကိုယ်က ဝန်ထမ်းရေးရာကျွမ်းကျင်သူ (HR Professional) တစ်ယောက်ဆို၊ လုပ်ငန်းရှင်တွေက သူတို့အလုပ်မှာ HR နဲ့ ပတ်သက်လို့ လိုအပ်လာတိုင်း စဉ်းစားလိုက်တဲ့အခါ ခေါင်းထဲ ထိပ်ဆုံးကပေါ်လာတဲ့ ၁ ၂ ၃ ထဲ ပါနေဖို့လိုတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် Branding သေချာလုပ်ထားဖို့၊ နာမည်တစ်ခုတည်ဆောက်ထားဖို့ဟာ သိပ်အရေးကြီးလာတယ်။

ခုနကပြောခဲ့သလို ဒီခေတ်မှာ အပြိုင်အဆိုင်တွေကများလာတဲ့အတွက် အောင်မြင်ဖို့ လိုအပ်ချက်တွေကလည်း များလာတယ်။ အရင်က အဆိုတော်ဆို သီချင်းဆိုတာ ကောင်းရင်ရပြီ။ ဒီနေ့ခေတ်ကျ သီချင်းဆိုတာအပြင် ကတတ်ဖို့၊ Performance တွေ လုပ်တတ်ဖို့၊ ဖက်ရှင်က ခေတ်နောက်ကျမနေဖို့၊ ပရိသတ်နဲ့ ဆက်ဆံတတ်တဲ့ပညာ (Public  Relation Skill) ကောင်းဖို့ စတာတွေပါ လိုအပ်လာတယ်။ မဟုတ်ရင် ဒီဘက်ခေတ်မှာ ယှဉ်ပြိုင်နိုင်ဖို့ရာ ခက်လာတယ်။ ခုပြောနေတဲ့ Branding ဆိုတာလည်း အဲ့လိုပဲ။ ခုခေတ်မှာ အောင်မြင်နိုင်ဖို့ ရှိထားရတော့မယ့် လိုအပ်ချက်အသစ်တစ်ခုလည်း ဖြစ်ပါတယ်။

၃။ Branding လုပ်တဲ့အခါ သတိထားသင့်တဲ့ အချက်များ

နံပါတ်တစ် – လူသိမခံချင်လို့ မရပါ။

ကျွန်တော့်တစ်ဦးတည်းသဘောအရဆို သူတစ်ပါးကို ကူညီပြီး ကျေးဇူးတင်မခံချင်လို့ သူကူညီကြောင်း ပေးမသိတတ်တာ၊ အလှူလုပ် တဲ့အခါ အရပ်တကာလည် ကြွားမနေတာ၊ သူ့အောင်မြင်မှုတွေကို ကြွားဝါမနေဘဲ နှိမ့်ချပြီး နေတတ်တာ၊ အဲ့လိုလူတွေကိုတွေ့ရင် သိပ်သဘောကျတယ်။ တအားလည်း လေးစားပါတယ်။ ဒါပေမဲ့ Branding လုပ်ချင်ရင်တော့ အဲဒါတွေက သိပ်အဆင်မပြေပါဘူး။

မြင်သာအောင် ပရဟိတနဲ့ နမူနာပေးပါမယ်။ ကျွန်တော်က ပရဟိတတွေလုပ်တယ်။ နိုင်သလောက်လှူတယ် တန်းတယ်။ ဒါပေမဲ့ လူသိမခံဘူးဆိုပါတော့။ တကယ်လို့များ ကျွန်တော်တစ်ယောက်တည်းအားနဲ့မရတော့ဘဲ တခြားသူတွေရဲ့ အလှူငွေတွေ၊ ပူးပေါင်းပါဝင်မှုတွေ လိုအပ်လာပြီဆိုတဲ့အခါမှ ထပြီး အလှူခံရင်၊ ပါဝင်ပေးဖို့ဖိတ်ခေါ်ရင် တော်ရုံလူက ပူးပေါင်းတော့မှာ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော့်ကို ယုံကြည်ဖို့ရာ မသေချာလို့ပါ။ အကယ်၍ ကျွန်တော်သာ ကိုယ့်ရဲ့ပရဟိတလုပ်ဆောင်မှုတွေအတွက် Branding သေချာလုပ်ခဲ့မယ်၊ လူတွေက ကျွန်တော့်ကို သတိထားမိနေမယ်၊ ယုံလည်း ယုံကြည်နေကြတယ်ဆိုရင် တစ်ခုခု ကြီးကြီးမားမား ကူညီချင်တိုင်း ကျွန်တော့်နောက်ကနေ ယုံယုံကြည်ကြည်နဲ့ ငွေအား၊ လူအား ပံ့ပိုးပေးမယ့်သူတွေ အများကြီးရှိနေတော့မှာပါ။ ဒါဆို ကျွန်တော့်ရဲ့ ပရဟိတလုပ်ငန်းတွေလည်း ပိုအောင်မြင်တာပေါ့၊ ပိုထိရောက် ပိုကျယ်ပြန့်တာပေါ့။ ဒါကြောင့် လူမသိ သူမသိ Low  Profile နေတာဟာ သဘောကျစရာကောင်းပေမယ့် နာမည်တစ်ခုကို တည်ဆောက်ပြီး လူတွေအပေါ်လွှမ်းမိုးချင်တယ်ဆိုရင်တော့ ကိုယ့်အကြောင်း၊ ကိုယ့်လုပ်ရပ်တွေကို ချပြနိုင်ဖို့လိုပါတယ်။

နံပါတ်နှစ် – တကယ်မရှိတာတွေ လျှောက်ကြွားနေတာလည်း မဟုတ်ပါ။

Low  Profile နဲ့ နေတာ အဆင်မပြေဘူးဆိုလို့ ကိုယ့်မှာတကယ်မရှိတာတွေကို ရှိတယ်ပြော၊ တကယ်မဖြစ်တာတွေကို ဖြစ်တယ်ပြောပြီး လိမ်ညာခိုင်းတာလည်း မဟုတ်ပါဘူး။ အဲဒီလိုပဲ၊ ရှိတော့ရှိတယ်၊ ဒါပေမဲ့ ရှိတာထက် ပိုပိုသာသာပြောပြီး ကိုယ်တော်ကြောင်း တတ်ကြောင်းတွေပဲ ကြွားနေတာကလည်း Branding မဟုတ်ပါဘူး။

တကယ်တော့ Brand ဆိုတာ ကိုယ့်နာမည်ကြားလိုက်တာနဲ့ လူတွေရဲ့ စိတ်ထဲပေါ်လာတဲ့ပုံရိပ်ဖြစ်လို့ အဲဒီလိုပုံရိပ်ကောင်းလိုချင်တယ်ဆိုရင် ကိုယ့်ရဲ့လုပ်ရပ်၊ အတွေးအကြံ၊ အပြောအဆိုတွေကိုလည်း ကောင်းအောင်လုပ်ဖို့ လိုပါတယ်။ ကိုယ်က မတော်ဘဲ သူတို့စိတ်ထဲမှာ တော်တယ်ဆိုတဲ့ ပုံရိပ်ပေါ်လာမှာ မဟုတ်ဘူး။ ကိုယ်က စိတ်ကောင်းမရှိဘဲ၊ မကူညီတတ်ဘဲ၊ အလုပ်လုပ်တာ မသေချာဘဲ၊ အချိန်မတိကျဘဲ လူတွေရဲ့ စိတ်ထဲမှာ အဲဒီလိုပုံရိပ်တွေ သွားပေါ်စေချင်လို့ မရပါဘူး။ ဒါကြောင့် Branding လုပ်တယ်၊ နာမည်တည်ဆောက်တယ်ဆိုတာ တစ်နည်းအားဖြင့်ပြောရရင် ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ခြင်းပါပဲ။ ကိုယ်တကယ်ဖြစ်နေတဲ့အတိုင်းပဲ ကိုယ့်ပုံရိပ်ကပေါ်လာမှာပါ။ တစ်ခုလေးပိုလာတာကတော့ အဲဒါတွေကို လူသိအောင် လှလှပပလေးတင်ဆက်ပြသနိုင်ဖို့ပါပဲ။

နံပါတ်သုံး – လူတွေရဲ့ အထင်အမြင်ကို ဂရုစိုက်သင့်သလောက် စိုက်ပါ။

လူတကာက ချစ်အောင် ခင်အောင် ကြိုက်အောင် ကြိုးစားနေလို့လည်း ဘယ်လိုမှ မဖြစ်နိုင်သလို၊ ဘယ်သူဘယ်လိုထင်ထင် ဂရုမစိုက်ဘူး၊ နေချင်သလိုနေမယ်ဆိုတာကလည်း Branding ကောင်းကောင်း လုပ်ချင်သူအတွက်ဆို အဆင်မပြေပါဘူး။ ဥပမာ – ထားပါတော့၊ ကျွန်တော် ဘားတစ်ခုမှာ အရက်ခွက်မြှောက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook မှာ တင်လိုက်တယ်ဆိုပါစို့။ မြင်လိုက်ရသူတွေက ဘယ်လိုထင်မလဲ။ ကျွန်တော် အရက်သောက်တတ်တယ်ပဲ ထင်သွားမှာပဲ။ ကျွန်တော်က ဘုရားမှာ Check-in ဝင်တယ်ဆိုလည်း ဘယ်သူကမှ ကျွန်တော် ဘုရားကို တကယ်ရောက်နေမနေ လာမစစ်ပါဘူး။ ‘တကယ်’ လို့ပဲ ထင်လိုက်ကြတာပဲ။

ဟုတ်တော့ဟုတ်တယ်၊ Facebook ဆိုတာ Virtual world  ကြီးပဲ၊ ဒီအပေါ်မှာ မြင်ရသမျှအကုန်လုံး မှန်ကန်တယ်လို့တော့ ယူဆလို့ မရဘူး။ ဒါပေမဲ့ တော်တော်များများက ‘တကယ်’ လို့ ယူဆနေကြတယ် ဆိုတာကိုလည်း ငြင်းလို့မရဘူး။ ဒါကြောင့် Facebook ဆိုတာ အတုအယောင်လောကကြီးပါ၊ ဟန်ဆောင်နေကြတာပါဆိုတဲ့ အယူအဆနဲ့ တင်ချင်ရာတင်၊ ပြောချင်ရာပြော လုပ်လိုက်ရင် ကိုယ့်ရဲ့နာမည်ကို တစ်စုံတစ်ရာ ထိခိုက်နိုင်ပါတယ်။ အဲဒီလိုတွေတင်ခဲ့ပြီးမှ မဟုတ်ပါဘူးလို့ လိုက်ပြောရတာ သိပ်ခက်ပါတယ်။

ဒီနေ့ခေတ်လို လူမှုကွန်ရက်တွေ အသုံးများလာတဲ့အချိန်မှာ ဒါက ပိုလို့အရေးကြီးလာပါတယ်။ ဘာလို့ဆိုတော့ လူတွေဟာ ဒီလူမှုကွန်ရက်ပေါ်မှာ ကိုယ်သေချာမသိလည်း သိပ်ကိုမှ အဆုံးအဖြတ်ပေးတတ်ကြလွန်းလို့ပါ။ ဂရုမစိုက်တတ်တာ ကောင်းပေမယ့် စိုက်သင့်သလောက်လည်း စိုက်ဖို့လိုမယ်ထင်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ဒီနေ့ခေတ်လို အပြိုင်အဆိုင်များလာတဲ့အချိန်မှာ Personal brand တစ်ခုတည်ဆောက်ထားဖို့ဟာ အရေးကြီးလာပါတယ်။ ဒီအတွက် သတိထားသင့်တာလေးတွေကို ဆွေးနွေးခဲ့တာပါ။ မှတ်ထားပါ။ Brand ဆိုတာ ကိုယ်ကပြောတဲ့ ကိုယ့်အကြောင်း မဟုတ်ပါဘူး။ သူများကပြောတဲ့ ကိုယ့်အကြောင်းကသာ ကိုယ့်ရဲ့ပုံရိပ်ဖြစ်ပါတယ်။ အဲဒီလို သူများကပြောတဲ့ ကိုယ့်အကြောင်း လှလှပပလေးဖြစ်နေအောင် တည်ဆောက်တာကိုတော့ Branding လို့ ခေါ်ပါတယ်။

 

ဒေါက်တာ ဖြိုးသီဟ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *