ရွှေဘုံပေါ်က ငရဲပန်း

Photo - Internet

ရန်ကုန်မြို့ ညရှုခင်းတွင် လူငယ်အများအပြားကို အတွေ့နိုင်ဆုံးနေရာမှာ EDM ပွဲများပင်ဖြစ်သည်။

ထိုပွဲများတွင် ရန်ကုန်၏ အထက်တန်းစား၊ အလယ်အလတ်တန်းစား မိသားစုများမှ ပေါက်ဖွားလာသည့် လူငယ်အများအပြားကို တွေ့နိုင်သည်။

လျှပ်စစ်ဂီတကို နာမည်ကျော် DJ များဖြင့် ဖျော်ဖြေလေ့ရှိသော ထိုပွဲများတွင် လူငယ်အများစုမှာ ကခုန်ပျော်ပါးလေ့ရှိကြသည်။

ထိုပွဲသို့ ရောက်လာသော လူငယ်အချို့၏ လည်ပင်းတွင် ရှူဆေးဘူးကလေးများ ဆွဲထားသည်ကို သေချာကြည့်လျှင် သတိထားမိနိုင်သည်။

အဆိုပါရှူဆေးဘူးလေးများသည် အဘယ်အရာနည်း။

ဘယ်အရာမျှမဟုတ်ပါ။ ရိုးရိုးသာမန် ရှူဆေးဘူးကလေးပင် ဖြစ်ပါသည်။

သို့သော် … ထိုရှူဆေးဘူးလေး လည်ပင်းတွင် ဆွဲထားရခြင်းအကြောင်းအရင်းတော့ ရှိပါသည်။

“E ချထားပြီးရင် … အဲဒီရှူဆေးလေး ရှူပေးရတယ်။ အာနိသင်ကိုထိန်းတယ်ပေါ့။ ညီမတို့အခေါ်တော့ ကာလာတင်တယ်ခေါ်တာ” 
ဟု အသက် (၂၁) နှစ်အရွယ် မအိ (အမည်လွှဲ) က ပြောပြသည်။

Ecstasy ခေါ် E ဆိုသည်မှာ ဘိန်းဖြူ၊ ဆေးခြောက်၊ WY တို့နောက် လူငယ်များကြား ရေပန်းစားလာသည့် နောက်ဆုံးပေါ် မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်သည်။

ရေပန်းစားလာသည်ဆိုသော်လည်း လူတိုင်းနီးပါးမသုံးနိုင်ဘဲ အထက်တန်းလွှာ လူတန်းစားသာ သုံးစွဲနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် Ecstasy တစ်ပြားလျှင် မြန်မာကျပ်ငွေ တစ်သိန်းဝန်းကျင် ပေါက်ဈေးရှိသောကြောင့် ဖြစ်သည်။

Ecstasy ကို ခေါင်းခါဆေးဟုလည်း ခေါ်ကြသည်။

အဆိုပါဆေး သုံးစွဲပြီးသည့်အခါ တီးလုံးသံများကို နားထဲတွင် ပိုမိုခံစားလာမိစေပြီး စည်းချက်အလိုက် ခေါင်းကို ယိမ်းခါတတ်သည့်အတွက် ခေါင်းခါဆေးဟု ခေါ်ကြခြင်းဖြစ်သည်ဟုလည်း သုံးစွဲဖူးသူများထံမှ သိရသည်။

ဆေးသုံးစွဲရာတွင်လည်း ဘိန်းဖြူ၊ WY တို့ကဲ့သို့ အကူပစ္စည်းများဖြင့် အလုပ်ရှုပ်ခြင်းမရှိဘဲ သာမန်ဆေးသောက်သကဲ့သို့ ပါးစပ်တွင် ငုံထားရုံ၊ မြိုချရုံဖြင့်လည်းကောင်း၊ Coke ကဲ့သို့ အအေးဘူးများတွင် ရောစပ်ခြင်းဖြင့်လည်းကောင်း အဆင်ပြေသဖြင့် လူငယ်အများစုက ကြိုက်နှစ်သက်ကြခြင်းဖြစ်သည်။

Ecstasy ခေါ် ခေါင်းခါဆေးသည် မြန်မာပြည်တွင်းသို့ ရောက်ရှိနေသည်မှာ ယခုမှ မဟုတ်။

လွန်ခဲ့သော ဆယ်နှစ် ၂၀၀၈ ခုနှစ် ဝန်းကျင်က လူကုံထံအသိုင်းအဝိုင်းများ၊ ဖျော်ဖြေရေးအနုပညာရှင် အသိုင်းအဝိုင်းများတွင် ခေါင်းခါဆေးသည် နာမည်ကျော်ပြီးသားဖြစ်သည်။

၂၀၀၈ ခုနှစ်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၏သား၊ သန်းကြွယ်သူဌေးတစ်ဦးနှင့် နာမည်ကျော်သရုပ်ဆောင်များ ပါဝင်ပတ်သက်နေသည့် မူးယစ်ဆေးဝါးဖမ်းဆီးမှုတစ်ခုတွင် Ecstasy ခေါ် ခေါင်းခါဆေးများ ဖမ်းမိခဲ့ပြီး တစ်နိုင်ငံလုံး ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်ကပင် တစ်ပြားလျှင် ရှစ်သောင်းကျပ်နှုန်းပေါက်သဖြင့် ဈေးနှုန်းအရ သာမန်လူတန်းစားများ လိုက်မမီနိုင်ခြင်းဖြစ်သည်။

Ecstasy ကို ပြည်တွင်းတွင် ပြုလုပ်နိုင်ခြင်းမရှိဘဲ ပြည်ပမှ မှာယူတင်သွင်းရခြင်းဖြစ်သဖြင့် ဝယ်ယူဈေးမှာလည်း မြင့်မားရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးစန်းလွင်က ဆိုသည်။

“နယ်စပ်တွေကနေ မြန်မာပြည်တွင်း နည်းအမျိုးမျိုးနဲ့ ဝင်တာရှိတယ်။ ပင်လယ်ရေကြောင်းဆို ကော့သောင်းဘက်က ဝင်တာရှိတယ်။ ၂၀၁၄ တုန်းက ကော့သောင်းနားက ပင်လယ်ပြင်မှာ Ecstasy တွေ သန်းနဲ့ချီတင်လာတဲ့ စက်လှေတစ်စီးကို မြန်မာ့ရေတပ်နဲ့ မူးယစ်အထူးအဖွဲ့က ဖမ်းမိဖူးတယ်။ မြန်မာနိုင်ငံထဲ ခိုးသွင်းလာပြီး မြန်မာကတစ်ဆင့် မလေးရှား၊ စင်ကာပူဘက်ကို အများဆုံးပို့ကြတယ်။ သူက ကမ္ဘာ့ဈေးကွက်မှာလည်း ဈေးကောင်းတယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ပြည်ပသွင်းကုန်မူးယစ်ဆေးဝါးဖြစ်သည့် Ecstasy သည် မြန်မာပြည်တွင်းသို့ ပုံစံမျိုးစုံဖြင့် ဝင်ရောက်နေရာ နောက်ဆုံးပေါ်ဝင်ရောက်သည့်ပုံစံမှာ အွန်လိုင်းမှတစ်ဆင့် မှာယူခြင်းဖြစ်သည်။

“သမီးတို့ သုံးတယ်ဆိုတာ EDM ပွဲတွေရှိမှ သူငယ်ချင်းတွေက ပြန်မျှလို့ပါ။ သူတို့ဆီက သိရတာတော့ ရောင်းတဲ့လူ သက်သက်ရှိတယ်။ ဒီဆေးက အွန်လိုင်းကနေတစ်ဆင့် နိုင်ငံခြားကိုမှာရတာလို့ ပြောပါတယ်” ဟု မအိက ဆိုသည်။

Ecstasy အပါအဝင် မူးယစ်ဆေးများကို ရောင်းဝယ်သည့် လျှို့ဝှက်အွန်လိုင်းစတိုးများသည် နိုင်ငံတကာတွင် ခေတ်စားလျက်ရှိနေပေသည်။

၎င်းတို့သည် ကမ္ဘာအနှံ့အပြားမှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးပေးမည့် ကိုယ်စားလှယ်များထံသို့ တရားဝင် ရေကြောင်း၊ လေကြောင်းများမှ ပါဆယ်များဖြင့်လည်းကောင်း၊ အမြန်ချောပို့စနစ်များမှလည်းကောင်း တစ်ဆင့် ပို့ဆောင်လျက်ရှိသည်။

အွန်လိုင်းမှ ချိတ်ဆက်ပြီး ပြည်တွင်းသို့ပို့ဆောင်ပေးသည့်စနစ်ကား မြန်မာနိုင်ငံတွင်လည်း ရှိနေပြီဖြစ်ကြောင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက် နေ့က ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိလာသည့် စာအိတ်တစ်အိတ်အတွင်းမှ Ecstasy ဆေးပြား ၉၅၀ ပြား ဖမ်းမိသည့်အမှုက သက်သေခံလျက်ရှိသည်။

အဆိုပါအမှုတွင် ပါဝင်သူ ရဲမင်း (၃၅) နှစ်ကို စစ်မေးရာ ရဲမင်းမှာ Mr. Bas  Dijers ဆိုသူအမည်ဖြင့် MailAccount ဖွင့်ထားပြီး Internet Website မှတစ်ဆင့် Ecstasy ဆေးပြားများ မှာယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရှိရသည်။

ထိုအခြေအနေများကို ကြည့်ခြင်း ဖြင့် ခေါင်းခါဆေးခေါ် Ecstasy သည် မြန်မာပြည်တွင် ဈေးကွက်တစ်ခု ခိုင်ခိုင်မာမာ ယူထားပြီဖြစ်ကြောင်း သိနိုင်သည်။

Ecstasy သည် ဆေးလုံးပုံစံ၊ ဆေးပြားပုံစံ ၊ အမှုန့်ပုံစံအမျိုးမျိုးဖြင့်လာသည်။ ရှူဆေး၊ စားဆေးအဖြစ်သာမက ထိုးဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။

“ပွဲထဲဝင်ခါနီး တစ်ဖဲ့လောက်ငုံပြီး ဝါးစားလိုက်တယ်။ တစ်လုံးကို သုံးလေးယောက်စာ ဖဲ့လို့ရတယ်။ တီးလုံးသံတွေ ကြားထဲမှာပဲ စိတ်က နစ်နေတယ်။ အရမ်းပျော်ဖို့ကောင်းလို့ သုံးမိတာ။ ကိုယ်က တစ်ခါတလေဆိုတော့ ဘာမှမဖြစ်လောက်ပါဘူး” ဟု မအိက သူ့အတွေ့အကြုံကို ပြောပြသည်။

Ecstasy သည် စတင်ထုတ်လုပ်စဉ်က စိတ်ကျရောဂါရှင်များကို ကုသရန်ဖြစ်ပြီး ဆေးပညာအရ MDMA (3,4- methylenedioxy-N-methylam-phetamine) ဟု အသိများကြသည်။

ဆေးသုတေသီများ၏ တွေ့ရှိချက်အရ ယနေ့ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချနေသည့် ထိုဆေးများမှာ MDMA အစစ်မဟုတ်တော့ဘဲ အခြားအရာများ ရောနှောပါဝင်လာကြောင်း သိရသည်။

“Ecstasy ကို Mandy (မင်န်ဒီ) လို့လဲခေါ်တယ်။ Molly (မော်လီ) လို့ လည်း ခေါ်ကြတယ်။ ဆေးအစွမ်းက ဗဟိုအာရုံကြောစနစ်ကို သက်ရောက်တယ်။ အကောင်းတွေချည်း ထင်မြင်ခံစားရမယ်။ ဒီအချက်ကိုလိုချင်လို့ ဆေးတလွဲသုံးကြတာဖြစ်မယ်။ တစ်ချိန်တည်းမှာ နှလုံးခုန် မြန်လာမယ်။ သွေးဖိအား တက်လာမယ်။ သွေးကြောတွေကျဉ်းမယ်။ ချွေးထွက်မယ်။ တချို့ဆေးအရောတွေကနေ ဆောက်တည်ရာမရ ဖြစ်မယ်။ စိတ်ဖောက်ပြန်မယ်။ တက်မယ်။ နောက်ပိုင်းမှာ စိတ်ကျရောဂါ ဝင်လာမယ်၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လည်ပင်းကြီး- ဟော်မုန်းများရောဂါ၊ မျက်စိ-ရေတိမ် ရောဂါ ရှိနေသူတွေသုံးရင် သူများထက် ဆိုးတယ်။ Asocarboxazid, Trany-lcypromine, Phenelzine ဆေး သောက်နေသူတွေနဲ့ အရက်သမားတွေက လုံးဝမသုံးသင့်ကြဘူး” ဟု ကျန်းမာရေးဆောင်းပါးများ ရေးသားနေသည့် ဆရာဝန်ဖြစ်သူ ဒေါက်တာတင့်ဆွေက ဆိုသည်။

Ecstasy သည် ရန်ကုန်၊ မန္တလေး မြို့ကြီးများရှိ ငွေကြေးချမ်းသာသော လူငယ်အသိုက်အဝန်းကြားတွင် ဆယ်စုနှစ် တစ်စုကျော်ကြာ ပေါ်ပြူလာဖြစ်နေချေပြီ။

ရန်ကုန်ဗဟိုစာတိုက်ကြီးသို့ပင် စာအိတ်ဖြင့်ပို့လာသည့် ဆေးပြားများသည်လည်းကောင်း၊ ကော့သောင်းမှဝင်လာသည့် သန်းနှင့်ချီသည့် ဆေးပြားများသည်လည်းကောင်း မြန်မာပြည်တွင်း သုံးစွဲသူများအတွက်လော သို့မဟုတ် မြန်မာပြည်သည် ခရီးတစ်ထောက်ဖြစ်နေသည်လောကမူ စဉ်းစားစရာဖြစ်သည်။

“ဘယ်ကနေ ဘယ်လောက်ဝင်ပြီး ဘယ်ကို ဘယ်လောက်ပြန်ထွက်သွားတယ်ဆိုတာ သိဖို့ခဲယဉ်းတယ်။ သယ်လာတဲ့အချိန်၊ ပို့လိုက်တဲ့အချိန်မျိုးဆို စစ်ရတာ၊ ဖမ်းရတာလွယ်တယ်။ ပြီးတော့ ဒီလောက်ဈေးကြီးတာကို ရောင်းတဲ့အသိုင်းအဝိုင်း၊ သုံးတဲ့အသိုင်းအဝိုင်းကလည်း တကယ့်တောင့်တင်းတဲ့အသိုင်းအဝိုင်းက လူတွေဖြစ်နေတော့ သူတို့ဆီ ဝင်ရောက်ရှာဖွေဖို့ မိဖို့ဆိုတာကတော့ သိတဲ့အတိုင်း ခက်ခဲတုန်းပဲ” ဟု မူးယစ်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ဆိုသည်။

တစ်ပြားလျှင် မြန်မာငွေ တစ်သိန်းကျော်တန် မူးယစ်ဆေး။ E ခေါ် ခေါင်းခါဆေး ခေါ် Ecstasy သည် လူကုံထံအသိုက်အဝန်းများ ကျင်လည်ကျက်စားရာ ရွှေဘုံပေါ်မှ ငရဲပန်းတစ်ပွင့်ဟုပင် နာမည်ပေးရတော့မည်ဖြစ်သည်။ 

 

ပိုင်စ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *